← Chapters

အခန်း (၇၃၄)

Vol. 53 Ch. 734

အခန်း (၇၃၄)

Vol. 53 Ch. 734

“ဝင်္ကပါအမှတ် ၃,၅၂၀က ရှေ့ကို ရောက်လွန်းနေတယ်။ နောက်ကို မိုင်သုံးထောင်ဆုတ်ရမယ်”

အမျိုးမျိုးသော တွက်ချက်ရေးကိရိယာများကို ရှေ့တွင်ချထားသည့် လူငယ်တစ်ယောက်က နဖူးကို ပွတ်လိုက်ပြီး ရေရွတ်သည်။

သူ့ဘေးတွင် အစေခံတစ်ယောက်က ထိုစကားများကို မှတ်သားထားပြီး တင်ပြလိုက်သည်။

ထိုစာကို အမှတ်အသားပြုလုပ်ပြီး ရှေ့တန်းသို့ တိုက်ရိုက်ပေးပို့လိမ့်မည်။

စစ်တပ်အမိန့်စာ ဖြစ်သည်။

နောက်တန်းတွင် ရှိနေသော ထင်ပေါ်မှုမရှိသည့် အရာရှိများသည် သန်းချီသောစစ်တပ်များ၏ ခေါင်း‌ဆောင် ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားလောက်ပေ။

“ငါတွက်ချက်ပြီးပြီ။ ဘယ်တောင်ပံမှာရှိနေတဲ့ ဝင်္ကပါဆယ့်သုံးခုရဲ့ ရိက္ခာထောက်ပံ့မှုက ဆယ့်နှစ်ရက်အကြာမှာ ပြတ်တောက်သွားလိမ့်မယ်။ ငါတို့က သန်းသုံးဆယ်စစ်သည်တွေကို လက်မလျော့ချင်ရင် ရိက္ခာပို့ပေးရမယ်”

အပြာရောင်ဝတ်စုံနှင့် လူငယ်က စကားပြောလိုက်ပြီး စဉ်းစားနေသည်။

သူ့နောက်တွင်ရှိ‌နေသော အနက်ရောင်ချပ်ဝတ်နှင့် စစ်သည်တစ်ဦးက ရှေ့တက်လာသည်။ သူက အလင်းလွှာကို ကြည့်လိုက်ပြီး စဉ်းစားနေသည်။ ထို့နောက် တစ်ဖက်သို့ လှည့်လိုက်ပြီး ပြောသည်။

“စစ်တပ်ကို စွန့်ပစ်လိုက်ရင် ရှေ့တန်းက အားနည်းသွားလိမ့်မယ်။ နောက်တန်းရဲ့ ရိက္ခာတွေက အချိန်မီ ရောက်မှာမဟုတ်ဘူး”

သူ့စကားကို ကြားရသောအခါတွင် လူငယ်သုံးယောက်က တည်ငြိမ်စွာ ပြောလိုက်ကြသည်။

“စစ်သည်ဆယ်သန်းကို လက်လျော့ပြီး ကျန်တဲ့ စစ်သည်တွေကို ရက်နှစ်ဆယ်အထိ တောင့်ခံထားခိုင်းလိုက်ပါ”

“နောက်တန်းမှာရှိနေတဲ့ သူတော်စင်သုံးပါးက စစ်တပ်ကို ထောက်ပံ့ပေးနိုင်တယ်။ ရိက္ခာပေးဖို့အတွက်လည်း တာဝန်ယူလိမ့်မယ်”

စစ်သည်ဆယ်သန်း၏ ကံကြမ္မာကို အသက်နှစ်ဆယ်အရွယ်ဟု ထင်ရသော လူငယ်သုံးယောက်က ပေါ့ပါးစွာ ပြောလိုက်သည်။

အနက်ရောင်ချပ်ဝတ်နှင့် စစ်သည်က ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။

“ကျေးဇူးပြုပြီး ဆုံးဖြတ်ချက်ချပေးပါ အရှင်မင်းကြီး”

ဆယ့်ငါးမိနစ်အတွင်း၌ အဆိုပြုချက်သုံးခုသည် ဧကရာဇ်ယွင်သွမ့်၏ရှေ့တွင် ရောက်လာကြသည်။

“တော်ဝင်ကျောင်းတော်ရဲ့ ကျောင်းသာ ကျောက်ကျင်းမင်၊ ၂၄နှစ်။ အရှေ့တောင်ပိုင်းရဲ့ တာအိုဂိုဏ်းတွေက ထောက်ခံပေးတဲ့ ကျူးရီကျန့်၊ ၂၈နှစ်။ သမင်ဖြူတောင်တန်းကျောင်းတော်ရဲ့ ကျန်းကျန့် ....”

ယွင်သွမ့်၏ဘေးတွင် မင်းသမီးယွင်ကျင်းက လက်ထဲတွင်ရှိသော စာအုပ်ကို ဖွင့်လိုက်ပြီး မှတ်တမ်းများကို ဖတ်ပြသည်။

“အသက်ဆုံးဆယ်မပြည့်သေးတဲ့ အရာရှိသုံးယောက်က သန်းချီနေတဲ့လူတွေရဲ့ ကံကြမ္မာကို စကားလုံးအနည်းငယ်နဲ့ ဆုံးဖြတ်နိုင်တယ်။ တကယ် ကြောက်ဖို့ကောင်းတယ်”

မင်းသမီးယွင်ကျင်းက စာအုပ်ကို ပိတ်လိုက်ပြီး ညင်သာစွာသက်ပြင်းချ၍ ယွင်သွမ့်ကို ကြည့်သည်။

သူမ၏ စကားအဆုံးတွင် ယွင်သွမ့်က မျက်လုံးမှိတ်လိုက်ပြီး ပြောသည်။

“ရိက္ခာပေးဖို့အတွက် ရှေ့တန်းကို သူတော်စင်ငါးယောက် စေလွှတ်မယ်။ သူတို့က ရှေ့တန်းမှာ ဆက်နေရမယ်”

“အင်မော်တယ်ဝိညာဉ်စစ်သည် ဆယ်သန်းကို သတ်ဖြတ်ရမယ်”

“ဘယ်တောင်ပံမှာရှိတဲ့ စစ်သူကြီးဆယ့်ကိုးယောက်ကို အပြစ်ပေးပြီး သုံးသပ်ခိုင်းမယ်။ သူတို့က သီးသန့်တိုက်ပွဲတွေ မဆင်နွှဲဘဲ ဝိုင်းရံမှုကို ဆက်လုပ်ရမယ်”

သန်းချီသောစစ်သည်များ၏ ကံကြမ္မာသည် တည်ငြိမ်သွားခဲ့သည်။

သူတော်စင်ငါးပါးကို စေလွှတ်လိုက်သည်။

စစ်သူကြီးဆယ့်ကိုးယောက်ကို ဆုပေးဒဏ်ပေး လုပ်ခဲ့သည်။

ယွင်သွမ့်၏ ပြတ်သား‌သောမျက်လုံးများနှင့် ခိုင်မာသောဆုံးဖြတ်ချက်ကို ကြည့်လိုက်ပြီး ယွင်ကျင်းက စကားပြောရန် ပြင်လိုက်သော်လည်း မပြောဖြစ်ခဲ့ပေ။

သူမက ရှုပ်ထွေးနေသော အကြည့်များဖြင့် ခန်းဆောင်၏အပြင်ဘက်သို့ လှမ်းကြည့်သည်။

‘သူက ဘယ်‌ရောက်နေတာလဲ။ အဆုံးအဖြတ်တိုက်ပွဲမှာ ဝင်မပါသေးဘူးလား’

“အစ်မ၊ တာအိုပြိုင်ပွဲရဲ့တိုက်ပွဲမှာ လူတိုင်းပါဝင်နေပေမဲ့ သေခြင်းရှင်ခြင်းရဲ့ အစစ်အမှန်ဆုံးဖြတ်ချက်ကို ကျွမ်းကျင်သူတွေရဲ့ တိုက်ခိုက်မှုနဲ့ပဲ ဆုံးဖြတ်နိုင်မယ်လို့ အမတ်ချုပ်ကြီးဟန်က ပြောခဲ့တယ်”

“ကျွန်မက အရာအားလုံးကို တည်ငြိမ်အောင် ထိန်းသိမ်းထားဖို့ပဲ လိုတယ်။ ကျန်တာကို အမတ်ချုပ်ကြီးဟန်နဲ့ တခြားလူတွေက လုပ်ကြလိမ့်မယ်”

ယွင်သွမ့်က ပြောလိုက်သည်။

သေခြင်းရှင်းခြင်းအတွက် ရုန်းကန်မှု ....

ယွင်ကျင်းက တစ်ကိုယ်လုံး တုန်ခါသွားခဲ့သည်။

....

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အပြင်ဘက်တွင်ရှိသော ကြယ်တစ်စင်းပေါ်တွင် ဟန်မူယဲ့သည် မြင့်မားလှသော အစိမ်းရောင်ကျောက်ဆောင်ပေါ်တွင် ရပ်နေခဲ့သည်။

“မင်းက ငါထင်ထားတာထက် ပိုရဲတင်းတာပဲ”

ဝမ်မော့ရှန်၏အသံကို ကြားနိုင်သည်။

အစိမ်းရောင်ဝတ်စုံနှင့် ဝမ်မော့ရှန်သည် တည်ငြိမ်သော ကျောင်းတော်သားအငွေ့အသက်ကို ထုတ်လွှတ်၍ ရှေ့တက်လာခဲ့သည်။

သူတို့နှစ်ယောက်က အချိန်တစ်ခုကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။

“အသည်းအသန်ဖြစ်နေတဲ့ အခြေအနေကြောင့်သာ မဟုတ်ဘူးဆိုရင် ငါက အပြစ်ကင်းတဲ့ အသက်တွေကို ဝင်ပါစေမှာမဟုတ်ဘူး”

ဝမ်မော့ရှန်က သက်ပြင်းချလိုက်ပြီး ကောင်းကင်ကို ကြည့်သည်။

“တာအိုပြိုင်ပွဲမှာ အပြစ်ကင်းတယ်ဆိုတာမျိုး မရှိပါဘူး”

“အမတ်ချုပ်ကြီးက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို အချိန်အကြာကြီး ‌ထောက်ပံ့ပေးပြီး ကျွန်တော်တို့ကို ရှင်သန်လာစေခဲ့တယ်”

ဝမ်မော့ရှန်က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို နှစ်ပေါင်းများစွာကြာအောင် ကာကွယ်မထားခဲ့လျှင် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ လက်အောက်သို့ ရောက်သွားလိမ့်မည်။

ဝမ်မော့ရှန်က ကျွမ်းကျင်သူများကို ဦးဆောင်၍ လေဟာနယ်ထဲတွင် မတိုက်ခိုက်ခဲ့လျှင် တာအိုပြိုင်ပွဲသည် ဤအခြေအနေအထိ ရောက်လာနိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့က ပြတ်သားသောမျက်လုံးများဖြင့် ဝမ်မော့ရှန်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“အမတ်ချုပ်ကြီး၊ အင်မော်တယ်တက်လှမ်းစင်မြင့်က အစစ်အမှန် ကျွမ်းကျင်သူတွေအတွက် အခွင့်အရေးတစ်ခု ဖြစ်သလို အကျပ်အတည်းတစ်ခုလည်း ဖြစ်တယ်”

“အမတ်ချုပ်ကြီးက ဘာဖြစ်လို့ အဲဒါကို တားချင်နေတာလဲ”

ဝမ်မော့ရှန်က အင်မော်တယ်တက်လှမ်းစင်မြင့်အား ပြန်ဖွင့်မည့်လုပ်ရပ်ကို ခိုင်မာစွာ တားဆီးနေခဲ့သည်။

ထိုအရာသည် သူ၏ အဆင့်အတန်းနှင့် မကိုက်ညီပေ။

သူက မဟာကျင့်ကြံသူကြီးတစ်ယောက် ဖြစ်ပြီး ကောင်းကင်စာရင်း၏ နံပတ်တစ် ဖြစ်သည်။

ထိုလူမျိုးက အင်မော်တယ်ကမ္ဘာသို့ အဘယ်ကြောင့် မသွားချင်သနည်း။

“အင်မော်တယ်တက်လှမ်းစင်မြင့်လား”

ဝမ်မော့ရှန်က ကြေကွဲနေသောမျက်နှာထားဖြင့် တီးတိုးပြောသည်။

“အင်မော်တယ်တက်လှမ်းစင်မြင့်၊ အင်မော်တယ်အသွင်ပြောင်းရေကန်၊ သေခြင်းရှင်ခြင်းအတွက် လောင်းကစားတစ်ခု ....”

“အင်မော်တယ်တက်လှမ်းစင်မြင့်က အင်မော်တယ်ကမ္ဘာရဲ့ ဂိုဏ်းကြီးတွေ လူစုဆောင်းဖို့ လမ်းတစ်ခုထက် မပိုဘူး ....”

သူက ဟန်မူယဲ့ကို ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။

“ငါက ပြန်လည်‌မွေးဖွားလာတဲ့ ဝမ်ချူလို့ သူတို့အားလုံးက ပြောကြတယ်။ မင်းလည်း အဲဒီလိုပဲ ယုံနေတာမဟုတ်လား”

ရှေးခေတ်နတ်ဘုရားခုံရုံး၏ အရာရှိချုပ်ဖြစ်သော ဝမ်ချူသည် နတ်ဘုရားဧကရာဇ်၏ကိုယ်စား နတ်ဘုရားခုံရုံးကို ထိန်းချုပ်သည်။

ဝမ်ချူ၏ ရာထူးအဆင့်အတန်းသည် ရှေးခေတ်နတ်ဘုရားခုံရုံးတွင် ဂုဏ်သိက္ခာအရှိဆုံး ဖြစ်သည်။

ဟန်မူယဲ့က ကြောင်အသွားပြီး အတွေးများက လျင်မြန်စွာ ပြောင်းလဲနေသည်။

‘သူက ဝမ်ချူမဟုတ်ဘူးလား’

သစ်သားနတ်ဘုရားနှင့် မှူးမတ်ကျန့်ယွမ်တို့က ဝမ်မော့ရှန်သည် ဝမ်ချူဖြစ်သည်ဟု ပြောခဲ့ကြသည်။

သူ၏ တွက်ချက်မှုများအရ ဝမ်မော့ရှန်သည် ရှေးခေတ်နတ်ဘုရားခုံရုံး၏ အရာရှိချုပ် ဝမ်ချူ ဖြစ်နိုင်သည်။

သို့သော် သူက ဝမ်ချူ မဟုတ်လျှင် ....

ဟန်မူယဲ့က မျက်လုံးပြူးသွားပြီး တီးတိုးပြောသည်။

“ကောင်းရှောင်ရွှမ်က ဝမ်ချူပဲ”

ကောင်းရှောင်ရွှမ် ....

ကောင်းရှောင်ရွှမ်သည် ဓားကျွမ်းကျင်မှုကိုသာ ထုတ်ပြထားသည်။

သို့သော် သူက အရာအားလုံးကို လျင်မြန်စွာ သင်ယူနိုင်သည်။

ဟန်မူယဲ့က ကောင်းရှောင်ရွှမ်ကို မြင်မိသောအချိန်တွင် ဝမ်မော့ရှန်၏ ဝိညာဉ်အပိုင်းအစတစ်ခုဟုသာ ထင်နေခဲ့သည်။

ဝမ်မော့ရှန်က တာအိုပြိုင်ပွဲတွင် ကျဆုံးသွားခဲ့လျှင် ကောင်းရှောင်ရွှမ်နှင့် ပိုင်ဝူဟန်ကို ခေါ်ထုတ်သွားရန် ဟန်မူယဲ့ကို ပြောခဲ့သည်။

ဝမ်မော့ရှန်က ကိုယ်ပိုင်ဝိညာဉ်အပိုင်းအစကို အဝေးသို့ ပို့ချင်သည်ဟု ဟန်မူယဲ့က ထင်ခဲ့သည်။

သို့သော် ထိုသို့ မဟုတ်ခဲ့ပေ။

ဟန်မူယဲ့က ဝမ်မော့ရှန်ကို ခေါင်းမော့ကြည့်လိုက်ပြီး မျက်လုံးများက တောက်ပသွားခဲ့သည်။

“အမတ်ချုပ်ကြီးက ....”

ဝမ်မော့ရှန်က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ငါကိုယ်တော်က အမြဲတမ်း ဒီမှာရှိနေခဲ့တာပဲ”

ထိုစကားမျိုးကို ဧကရာဇ်များကသာ အသုံးပြုသည်။

ဟန်မူယဲ့၏ရှေ့တွင် ရပ်နေသော လူသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဝမ်မဟုတ်ဘဲ ဧကရာဇ်တစ်ပါး ဖြစ်သည်။

နတ်ဘုရားခုံရုံး၏ နတ်ဘုရားဧကရာဇ် ဖြစ်သည်။

ကောင်းရှောင်ရွှမ်သည် ဝမ်ချူ ဖြစ်သည်။ သူက နတ်ဘုရားဧကရာဇ်ကို တိတ်ဆိတ်စွာ ပြန်လည်မွေးဖွားလာရန် ကူညီပေးခဲ့သည်။

သူက ကိုယ့်ကိုယ်ကိုယ် စတေးပြီး နတ်ဘုရားဧကရာဇ်ကို အခွင့်အရေး ပေးခဲ့သည်။

လောကတွင် နတ်ဘုရားခုံရုံး၏ အိမ်ရှေ့စံဟူ၍ မရှိပေ။ နတ်ဘုရားဧကရာဇ်နှင့် ဝမ်ချူ၏ ပြန်လည်မွေးဖွားခြင်းသာ ရှိသည်။

ထို့ကြောင့် မှူးမတ်ကျန့်ယွမ်က အိမ်ရှေ့စံမင်းသားကို ရှာဖွေရန် ပြောခဲ့သောအချိန်တွင် ပြန်လည်မွေးဖွားလာသော နတ်ဘုရားဧကရာဇ်ကို ညွှန်းဆိုနေခဲ့သည်။

သို့သော် ဝမ်ချူက ကိုယ့်ကိုယ်ကိုယ် စတေး၍ ပြန်လည်မွေးဖွားလာသော နတ်ဘုရားဧကရာဇ်ကို ဖုံးကွယ်ထားလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။ သူတို့အားလုံးက နတ်ဘုရားဧရာဇ်နှင့် ဝမ်ချူတို့ ပြန်လည်ဆုံတွေ့မည့်အချိန်ကို စောင့်နေကြသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ တာအိုပြိုင်ပွဲသည်လည်း ထို့အတူပင် ဖြစ်သည်။ သူတို့က ဝမ်မော့ရှန်ကို ဆွဲချပြီး ပြန်လည်မွေးဖွားလာသော နတ်ဘုရားဧကရာဇ်ကို ဆွဲဆောင်နေကြသည်။

သို့သော် နတ်ဘုရားဧကရာဇ်သည် ဤနေရာတွင် တစ်ချိန်လုံး ရှိနေခဲ့သည်။

“ငါက နတ်ဘုရားခုံရုံးကို နှစ်ပေါင်းသုံးသိန်းကြာအောင် တာဝန်ယူခဲ့တယ်။ ငါက အင်မော်တယ်ကမ္ဘာကို ပြန်မသွားဘဲ ဒီလောကမှာ နေဖို့ စီစဉ်ထားခဲ့တယ်”

“ဒါပေမဲ့ အဲဒါက လူသားကမ္ဘာကို စောင့်ကြပ်ရမယ့် အင်မော်တယ်ကမ္ဘာရဲ့ သံမဏိစည်းမျဉ်းကို ဖောက်ဖျက်နေခဲ့တယ်”

“ငါက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်ဖို့ အစီအစဉ်အမျိုးမျိုးလုပ်ပြီး အင်မော်တယ်ကမ္ဘာနဲ့ လူသားကမ္ဘာကို ခွဲခြားချင်ခဲ့တယ်”

“ဒါပေမဲ့ အရာအားလုံးက အလကားဖြစ်သွားရတယ်”

သူက ဤလောကတွင် နေချင်သောကြောင့် အင်မော်တယ်ကမ္ဘာနှင့်ပတ်သတ်သည့် ကောလဟာလအမျိုးမျိုးကို ပျံ့နှံ့စေခဲ့သည်။

သူက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်ချင်သော‌ကြောင့် အင်မော်တယ်ကမ္ဘာနှင့် ဤကမ္ဘာ၏ ဆန့်ကျင်မှုကို ပိုမိုပြင်းထန်လာစေခဲ့သည်။

လူသားနှလုံးသား ....

ယခုအချိန်တွင် ဟန်မူယဲ့က နားလည်သွားခဲ့သည်။

လူသားလောကတွင် အသန်မာဆုံးအရာသည် ကျင့်ကြံခြင်းမဟုတ်ဘဲ လူသားနှလုံးသား ဖြစ်သည်။

လူသားလောကသည် အလွန်ညှို့ယူနိုင်သည်။

လူသားလောကကို စောင့်ကြပ်နေသော နတ်ဘုရားဧကရာဇ်ကပင် အင်မော်တယ်ကမ္ဘာသို့ ပြန်မသွားချင်တော့ပေ။

“ငါ့ရဲ့အစီအစဉ်က ချို့ယွင်းချက်မရှိဘူး။ ဒါပေမဲ့ လူတွေရဲ့ နှလုံးသားကို မငြိမ်သက်စေခဲ့ဘူး”

“သစ်သားနတ်ဘုရား၊ ရေနတ်ဘုရား၊ နတ်ဘုရားသခင် ချန်မင်နဲ့ ဓားဘုရင်ယွမ်ထျန်းတို့က ဒီလောကကို ဖိနှိပ်နေတဲ့ မဟာပုဂ္ဂိုလ်ကြီးတွေကြောင့် ထိခိုက်သွားရတယ်။ နတ်ဘုရားခုံရုံးက ပျက်စီးသွားခဲ့တယ်”

“ဒါပေမဲ့ အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်နိုင်တဲ့အတွက် ကံကောင်းသွားခဲ့တယ်”

ဝမ်မော့ရှန်၏ မျက်လုံးများက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တောက်ပလာကြသည်။

“ငါက အင်မော်တယ်တက်လှမ်းစင်မြင့်ကို တစ်ကိုယ်ကောင်းစိတ်နဲ့ ချိပ်ပိတ်ခဲ့တာမဟုတ်ဘူး”

“အင်မော်တယ်တက်လှမ်းစင်မြင့်ကို အင်မော်တယ်ကမ္ဘာရဲ့ အင်အားစုအမျိုးမျိုးက ထိန်းချုပ်ထားတယ်”

“ဒီလောကကို စောင့်ကြပ်ပြီး အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်ရမယ့် နောက်ထပ်ဂိုဏ်းက သွေးစစ်ပွဲဂိုဏ်းပဲ”

“သွေးစစ်ပွဲဂိုဏ်းက ကြမ်းတမ်းတဲ့တိုက်ပွဲတွေကြောင့် ကျော်ကြားတယ်။ သူတို့က မရေမတွက်နိုင်တဲ့ သက်ရှိတွေကို ဂရုမစိုက်ဘူး”

ဝမ်မော့ရှန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“တကယ်လို့ သွေးစစ်ပွဲဂိုဏ်းက ဒီလောကကို စောင့်ကြပ်မယ်ဆိုရင် သက်ရှိတွေရဲ့ တစ်ဝက်လောက်က သေဆုံးသွားကြလိမ့်မယ်”

နတ်ဘုရားဧကရာဇ်က ဤလောကကို နှစ်ပေါင်းသုံးသိန်းကြာသည်အထိ စောင့်ကြပ်ခဲ့ပြီး ဤလောကနှင့် ငြိတွယ်နေသည်။

သူက ထွက်မသွားချင်ပေ။ ထို့အပြင် စစ်ပွဲဂိုဏ်းများဆီသို့လည်း လက်လွှဲမပေးချင်ပေ။

ဟန်မူယဲ့က ရှေ့တွင်ရှိနေသော ဝမ်မော့ရှန်ကို ကြည့်လိုက်ပြီး ဆွံ့အသွားသည်။

ဤလောကတွင် မှန်သည်၊ မှားသည်ဟူ၍ မရှိပေ။

ကျင့်ကြံသူများသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ရောက်လာကြသောအခါတွင် အခက်အခဲများကို ကျော်ဖြတ်ခဲ့ရသည်။ သူတို့က ရှေ့ဆက်သွားနိုင်ရန်အတွက် တခြားလူများ၏ အရိုးပေါ်တွင် တက်နင်းခဲ့ကြသည်။

လက်တွင် သွေးမစွန်းသော ကျင့်ကြံသူ မရှိပေ။

လူကောင်းများ ....

လူကောင်းများသည် ကျင့်ကြံခြင်းလောကတွင် ကြာရှည်မခံကြပေ။

ဤလောကကို ဖိနှိပ်ခဲ့သော နတ်ဘုရားဧကရာဇ်သည် လူကောင်းမဟုတ်ပေ။

သစ်သားနတ်ဘုရား၊ မှူးမတ်ကျန့်ယွမ်နှင့် အထက်ဘုံသုံးပါး၏ မဟာပုဂ္ဂိုလ်များသည်လည်း လူကောင်းမဟုတ်ကြပေ။

‘ငါကရော’

ဟန်မူယဲ့က ခေါင်းခါသည်။

သူကလည်း လူကောင်းမဟုတ်ပေ။

သူက ကျင့်ကြံခြင်းလမ်းစဉ်တစ်လျှောက်တွင် မရေမတွက်နိုင်သော သက်ရှိများကို သတ်ဖြတ်ခဲ့သည်။

“အဲဒီတော့ အမတ်ချုပ်ကြီးက ဒီတိုက်ပွဲကို အသုံးချပြီး နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်တော့မှာလား”

ဟန်မူယဲ့က ဝမ်မော့ရှန်ကို ကြည့်သည်။

လူတချို့က အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်ချင်ကြသည်။ တချို့က အင်မော်တယ်တက်လှမ်းစင်မြင့် ပွင့်နေသောအချိန်တွင် ရှေးခေတ်၏ကျင့်ကြံသူများကို မောင်းထုတ်ချင်ကြသည်။ တချို့ကတော့ နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ချင်ကြသည်။

မရေမတွက်နိုင်သော လူများသည် မရေမတွက်နိုင်သော အတွေးများကို ပိုင်ဆိုင်ထားကြသည်။

All Chapters