အခန်း (၇၃၆)
Vol. 53 Ch. 736
မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော သာမန်လူသားများသည် မည်းနက်နေသော ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ဆုတောင်းနေကြသည်။
ယုံကြည်မှုစွမ်းအားများသည် စုစည်းလာကြသည်။
ရွှေရောင်ချပ်ဝတ် စစ်သူကြီးများ၏ပုံရိပ်သည် ကောင်းကင်ထက်သို့ ပြေးဝင်သွားကြသည်။
ဟန်မူယဲ့သည် ခန်းဆောင်၏ရှေ့တွင်ရှိသော ကျောက်လှေကားတွင် မတ်တပ်ရပ်နေသည်။ သူက ကောင်းကင်ကို လှမ်းကြည့်သည်။
“တန့်ဝူယို၊ အထက်ဘုံသုံးပါးရဲ့ အဓိကအင်အားစုကြီးတွေဖြစ်တဲ့ ယွီလင်တာအိုဂိုဏ်းနဲ့ တိမ်တိုက်ဖြူဘုရားကျောင်း”
တိုက်ခိုက်လိုစိတ်များသည် ဟန်မူယဲ့၏ မျက်လုံးထဲတွင် စုစည်းလာကြသည်။
“အင်မော်တယ်ဝိညာဉ်ကြယ်ကို အစွမ်းကုန်သုံးပြီး ဝိုင်းရံထားဖို့ ရှေ့တန်းကို သတင်းပို့လိုက်ပါ”
“အင်မော်တယ်ရတနာသုံးခုကို အသုံးပြုပြီး ရှေ့တန်းကို ဖိနှိပ်မယ်။ အင်မော်တယ်ရတနာ လှံရှည်နဲ့ ကျောက်စိမ်းနက်ဓားမော့ကို ဖောက်ခွဲပစ်လိုက်ပါ”
“အရိပ်နတ်ဘုရားဘုရင်နဲ့ ကောင်းကင်နင်းခြေ မိစ္ဆာဘုရင်က အတူတူပူးပေါင်းပြီး အင်မော်တယ်ဝိညာဉ်ကြယ်ကို ဖျက်ဆီးပစ်ရမယ်”
“ဟွမ်ကျစ်ဟူက အဆင်ပြေသွားလိမ့်မယ်လို့ အစ်ကိုခြောက်ကို ပြောလိုက်ပါ”
ကောင်းကင်ထက်တွင် ကျဆုံးသွားသော ကျင့်ကြံသူများ၏ ချီစွမ်းအင်အလင်းနှင့်အတူ တိုက်ခိုက်သံများကို ကြားနိုင်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများသည် အသက်စွန့်၍ နံရံတစ်ခုကို ဖန်တီးပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုကို ခုခံနေကြသည်။
အစစ်အမှန်ကျွမ်းကျင်သူများ၏ရှေ့တွင် ကျွမ်းကျင်သူမရှိသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများသည် မခုခံနိုင်ခဲ့ကြပေ။
သူတို့က အသက်စွန့်ထားသော်လည်း ထိုလူများကို နှေးကွေးသွားအောင် မလုပ်နိုင်ပေ။
“ဘုန်း”
မြားတစ်စင်းသည် ကောင်းကင်ကို ထိုးခွဲလိုက်ပြီး ဒါဇင်ချီနေသော သင်္ဘောပျံများကို ပျက်စီးသွားစေခဲ့သည်။
တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောသည် နှစ်ခြမ်းကွဲသွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။
လေဆင်နှာမောင်းနှင့်တူသော အလင်းစီးကြောင်းများကို မြင်နိုင်သည်။ တိုက်ကွက်တစ်ခုကြောင့် ထောင်ချီသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများသည် သေဆုံးသွားကြသည်။
ယခုအချိန်တွင် တာအိုပြိုင်ပွဲ၏ ရက်စက်သောအမှန်တရားသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ပေါ်လာခဲ့သည်။
သေခြင်းရှင်ခြင်းသည် ဖြတ်ပြေးသွားခဲ့သည်။
အဆုံးတွင် ဟန်မူယဲ့၏ တိုက်ခိုက်လိုစိတ်သည် ပေါက်ကွဲထွက်လာပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
မည်သို့ပင် အစီအစဉ်များ ချမှတ်ထားပါစေ တာအိုပြိုင်ပွဲ၏ သေခြင်းရှင်ခြင်းအဆုံးအဖြတ်ကို မတားဆီးနိုင်ပေ။
ဤစစ်ပွဲသည် သေဆုံးခြင်းဖြစ်နေလျှင်ပင် သူက တိုက်ခိုက်ရမည်။
ဟန်မူယဲ့က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး အက်ကွဲနေသော ရွှေရောင်ချပ်ဝတ်နှင့် ဓားတစ်လက်၏အောက်သို့ ရောက်နေသော မင်းသမီးယွင်ကျင်းကို ကယ်တင်လိုက်သည်။
“ကျွန်မက ရှင့်အတွက် ဝတ်စုံရှည်ကိုဝတ်ပြီး အင်မော်တယ်သင်္ဘောပေါ်မှာ သီဆိုကပြဖို့ ဆန္ဒရှိတယ် ....”
“ရှင့်အတွက် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး ကောင်းကင်ထက်မှာလည်း တိုက်ခိုက်နိုင်တယ်”
“ဒါပေမဲ့ ရှင်က ကျွန်မကိုမကြည့်ဘဲ ကျွန်မရဲ့သီချင်းသံကိုလည်း နားမထောင်ခဲ့တာ နှမြောစရာပဲ”
နှုတ်ခမ်းထောင့်တွင် သွေးစွန်းနေသော မင်းသမီးယွင်ကျင်းက ကြေကွဲနေပုံပေါ်သည်။
သက်တော်စောင့်များနှင့် ဝိုင်းရံထားသော ယွင်သွမ့်က အပြင်ဘက်သို့ တိုးထွက်လာခဲ့သည်။ ယွင်ကျင်းက ရှင်သန်နေဆဲဖြစ်သောကြောင့် သူမက စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။
သူမက ဝမ်းနည်းသောမျက်နှာထားဖြင့် တစ်ဖက်သို့ လှည့်ကြည့်သည်။
“ချင်ဖုန်းက သေသွားပြီ”
သူမကို နှစ်ပေါင်းများစွာကြာအောင် ကာကွယ်ပေးခဲ့သော ကုန်းစွန်းချင်ဖုန်းသည် အမြဲ သစ္စာရှိခဲ့သည်။
တော်ဝင်သက်တော်စောင့်များသည် ဧကရာဇ်အတွက် အသက်စွန့်နိုင်ကြသည်။ သူမက ထိုအချက်ကို သိထားသော်လည်း နှစ်ပေါင်းများစွာ အတူရှိလာခဲ့သောကြောင့် ဝမ်းမနည်းဘဲ မနေနိုင်ပေ။
ဟန်မူယဲ့က ယွင်ကျင်းကို ဆေးတစ်လုံးပေးလိုက်ပြီး ယွင်သွမ့်၏ဘေးသို့ ပို့ပေးလိုက်သည်။
“ရှင်၊ ရှင် အသက်ရှင်ရမယ် ....”
မင်းသမီးယွင်ကျင်းက အံကြိတ်ထားပြီး ညင်သာစွာပြောလိုက်သည်။
သူမ၏ဘေးတွင် ယွင်သွမ့်က တစ်ကိုယ်လုံး တုန်ခါသွားပြီး ခေါင်းငုံ့ထားသည်။
ဟန်မူယဲ့၏ မျက်နှာထားက တည်ငြိမ်နေသည်။ သူက ခြေတစ်လှမ်းနှင့် ကောင်းကင်ပေါ်သို့ ရောက်သွားသည်။
သွေးစွန်းနေသော အဖြူရောင်ဝတ်စုံနှင့် ပိုင်စုကျန်းက ဝမ်းနည်းနေသောမျက်နှာထားဖြင့် ခေါင်းမော့ကြည့်သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တိုက်ခိုက်နေကြသော အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကျွမ်းကျင်သူများက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အခြေခံအုတ်မြစ်သည် နိမ့်ပါးနေဆဲဖြစ်သည်။
ကျွမ်းကျင်သူများ သိပ်မရှိကြပေ။
“အကြီးအကဲတန့်ဝူယိုက ငါ့ကိုသတ်ဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ”
ဟန်မူယဲ့က ဖြည်းဖြည်းချင်း ရှေ့တက်လာပြီး တည်ငြိမ်သောမျက်နှာထားဖြင့် ကြည့်လိုက်သည်။
အစိမ်းရောင်တာအိုဝတ်စုံနှင့် တန့်ဝူယိုက ပျံသန်းလာခဲ့သည်။ နတ်ဘုရားခုံရုံး၏ ရုပ်သေးရုပ်သည် သူ့နောက်တွင် ရှိနေသည်။
တန့်ဝူယိုက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ဟန်မူယဲ့၊ မင်းက ငါမြင်ဖူးတဲ့ တစ်ဦးတည်းသော ပါရမီရှင်ပဲ”
“ကျင့်ကြံခြင်းနဲ့ နယ်မြေတစ်ခုကို အုပ်ချုပ်တဲ့နေရာမှာ မင်းရဲ့ ပါရမီနဲ့ စိတ်ထားက တကယ့်ကို ထူးခြားတယ်”
“ဒါပေမဲ့ မင်းက ခေတ်မှားပြီး မွေးလာခဲ့တယ်”
ခေတ်မှားပြီး မွေးလာသည်။
ဟန်မူယဲ့က တန့်ဝူယိုကို ကြည့်လိုက်သည်။
တန့်ဝူယိုက ဟန်မူယဲ့ကို သတ်ရသည့်အတွက် ပျော်ရွှင်နေပုံမပေါ်ပေ။
ဟန်မူယဲ့က ခေတ်မှားပြီး မွေးလာလျှင် သူက မည်သည့်ခေတ်တွင် မွေးဖွားခဲ့သနည်း။
‘ဒီစစ်ပွဲက ငါတို့ မျှော်လင့်ထားတဲ့ စစ်ပွဲမျိုးလား’
ပုံရိပ်များသည် ကောင်းကင်ထက်တွင် ပေါ်လလာကြသည်။
အထက်ဘုံသုံးပါး၏ ကျွမ်းကျင်သူများသည် အေးစက်ပြီး လေးနက်သောမျက်နှာထားဖြင့် စောင့်ကြည့်နေကြသည်။
သူတို့၏အမြင်တွင် ဟန်မူယဲ့နှင့် တန့်ဝူယိုသည် ပြဿနာရှာချင်သော အရေးမပါသည့် ပုရွက်ဆိတ်နှစ်ကောင်သာ ဖြစ်ကြသည်။
သူတို့နှစ်ယောက်သည် သူတို့နှင့် သက်ဆိုင်သော အရာအားလုံးကို ယူသွားကြသည်။
ယနေ့တိုက်ပွဲတွင် ဟန်မူယဲ့သည် သေဆုံးရမည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ကျဆုံးရမည်။
မည်သို့ပင် စီစဉ်ထားပါစေ ဤအခြေအနေကို ပြောင်းလဲရန် မဖြစ်နိုင်ပေ။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ဓားကို ဆင့်ခေါ်သည်။
ခုနစ်ထပ်ဓားစံအိမ်သည် သူ့နောက်တွင် ပေါ်လာခဲ့သည်။
ယခုအချိန်တွင် မည်သို့ပင်ဖြစ်စေ သူ့လက်ထဲတွင်ရှိသော ဓားသည် အထက်ဆုံးဖြစ်သည်။
အခြေအနေသည် ဤသို့ ဖြစ်လာသောကြောင့် သူက သေဆုံးသည်အထိ တိုက်ခိုက်ရမည်။
သူက ကိုယ်ပိုင်စွမ်းအားဖြင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စစ်တပ်ကို ရင်ဆိုင်မည်။
ဟန်မူယဲ့၏နောက်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများသည် ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေကြသည်။
သူတို့၏ကျင့်ကြံဆင့်က လုံလောက်စွာ သန်မာခဲ့လျှင် သေဆုံးသည်အထိ တိုက်ခိုက်ရန် ဆန္ဒရှိသည်။
သို့သော် မဟာကျင့်ကြံသူများ၏ရှေ့တွင် သူတို့က အသက်စွန့်ခဲ့လျှင်လည်း မည်သည့်အရာကိုမှ လုပ်နိုင်မည်မဟုတ်ပေ။
ဤလောကတွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကျွမ်းကျင်သူများကို လူတစ်ယောက်ကသာ တားဆီးနိုင်သည်။
ဟန်မူယဲ့ ....
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန် ဖြစ်သည်။
“ဝီ”
တန့်ဝူယိုက တုံ့ဆိုင်းမနေဘဲ နတ်ဘုရားခုံရုံး၏ ရုပ်သေးရုပ်ကို ထိန်းချုပ်လိုက်ပြီး ဓားရှည်ဖြင့် ခုတ်ချသည်။
ရုပ်သေးရုပ်သည် နတ်ဘုရားခုံရုံး၏ အစောင့်များထက် ပိုမိုသန်မာသည်။ ထိုဓားချက်ကြောင့် မိုင်ထောင်ချီပတ်ဝန်းကျင်သည် အေးခဲသွားခဲ့သည်။
ထိုဓားချက်ကို မတားဆီးနိုင်လျှင် ဟန်မူယဲ့အပြင် နောက်တွင်ရှိနေသော ကျင့်ကြံသူများလည်း သေဆုံးသွားကြလိမ့်မည်။
သူတို့က ဟန်မူယဲ့ကိုသာ သတ်ဖြတ်မည်ဟု ပြောခဲ့သော်လည်း ဟန်မူယဲ့က သေဆုံးသွားခဲ့လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများကိုလည်း ချမ်းသာပေးမည် မဟုတ်ပေ။
ကမ္ဘာတစ်ခု၏ ကျင့်ကြံသူများသည် အနိမ့်အမြင့် အတက်အကျများ အားလုံးကို မျှဝေခံစားရသည်။
ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ဓားရှည်သည် တောက်ပလာသည်။ ခုနစ်ထပ်ဓားစံအိမ်သည် တစ်လွှာပြီးတစ်လွှာ တောက်ပလာခဲ့သည်။
နောက်ထပ် ကိုးထပ်ဓားစံအိမ်တစ်ခုသည်လည်း တောက်ပနေသည်။
သို့သော် ထိုဓားစံအိမ်သည် လေဟာနယ်ထဲတွင် ပုန်းကွယ်နေပြီး ဟန်မူယဲ့ကသာ မြင်နိုင်သည်။
ယခုအချိန်တွင် ဓားစံအိမ်၏ ဓားအလင်းသည် ကြယ်ကောင်းကင်အဖြစ် ပြောင်းလဲသွားသည်။ စံချိန်မီဓား သန်းသုံးဆယ်နှင့် နှစ်တစ်လျှောက် စုစည်းခဲ့သော သိန်းချီနေသည့် ဓားများက စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။
သူက ဤအချိန်အတွက် နှစ်တစ်ရာကြာသည်အထိ ဓားများကို သိမ်းဆည်းထားခဲ့သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားစံအိမ်တွင် ရှိနေသကဲ့သို့ ဖြစ်သည်။ ဓားနည်းစနစ်များကို လေ့ကျင့်ပြီး နှစ်ပေါင်းခြောက်ဆယ် စက်ဝန်းတစ်ခုအကြာတွင် ဓားဆန္ဒကို စုစည်း၍ ကောင်းကင်အဆင့် ကျင့်ကြံသူနှင့် တိုက်ခိုက်နိုင်လိမ့်မည်။
ကျင့်ကြံခြင်းလမ်းစဉ်သည် အတူတူပင် ဖြစ်နေသည်။
ဟန်မူယဲ့က ဓားမြှောက်လိုက်သောအခါတွင် မျက်လုံးများသည် ကြည်လင်နေခဲ့သည်။ အံ့ဖွယ်ကိုးပါးတောင်ခြေတွင် ဝိညာဉ်လိပ်ပြာဓားကို စုစည်း၍ ဖုန်းလင်ဓားဂိုဏ်းကို ခုခံခဲ့သည့်အတိုင်း ဖြစ်သည်။
သူ၏ နှလုံးသားသည် ကျင့်ကြံခြင်းလမ်းစဉ်တစ်လျှောက်တွင် ပြောင်းလဲမသွားခဲ့ပေ။
“ငါ့ ဓားကျင့်ကြံသူတစ်ယောက်ပဲ”
“ငါ့နှလုံးသားထဲမှာ ဓားတစ်လက် ရှိတယ်”
“ငါ့လက်ထဲမှာလည်း ဓားတစ်လက် ရှိတယ်”
“ငါ့ရဲ့ဓားက ....”
ဟန်မူယဲ့၏အသံက ပဲ့တင်ထပ်သွားသည်။ သူက ဓားရှည်ကို ထိုးသွင်းလိုက်ပြီး ပြေးထွက်သွားသည်။
“ငါကာကွယ်ချင်တဲ့ အရာအားလုံးကို ကာကွယ်ဖို့ပဲ”
ဓားတာအိုသည် ဖျက်ဆီးခြင်းနှင့် တည်ဆောက်ခြင်း ဖြစ်သည်။ ဓားသည် အရာအားလုံးကို ဖျက်ဆီးနိုင်သည်။ သို့သော် တည်ဆောက်ခြင်းက မည်သည့်အရာနည်း။
နှလုံးသားထဲတွင်ရှိသောအတွေး၊ နှလုံးသားထဲတွင်ရှိသော ငြိမ်းချမ်းမှုကို ကာကွယ်ရန် ဖြစ်သည်။
သူက ဓားကို ကိုင်ထားသောအချိန်တွင် နှလုံးသားသည် ငြိမ်းချမ်းနေသည်။
သူက ဓားဖြင့် ထိုးလိုက်သောအခါတွင် ဝိညာဉ်သည် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
သူက ဓားနှင့် ပေါင်းစပ်သွားပြီး ဓားတစ်လက်အဖြစ် ပြောင်းလဲနေသည်ဟု ခံစားလိုက်ရသည်။
သူ၏ ဓားဆန္ဒသည် ဝိညာဉ်လိပ်ပြာဓားနှင့် ပေါင်းစပ်သွားပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်လာခဲ့သည်။ သူ၏ မူလဝိညာဉ်ဓားနှင့် ရုပ်ခန္ဓာစွမ်းအားက ထပ်မံပေါင်းစပ်သွားလျှင် သူတော်စင်အဆင့်သို့ ရောက်သွားလိမ့်မည်။
“ခလွမ် ....”
ဓားရှည်သည် ရုပ်သေးရုပ်၏ဓားနှင့် ထိတွေ့သွားပြီး ပဲ့တင်သံ ထွက်လာစေသည်။ တိမ်တိုက်များသည် မိုင်ထောင်ချီအကွာအထိ ရေလှိုင်းမျာသဖွယ် ဖြာထွက်လာပြီး ပြိုကွဲသွားကြသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် တုန်ခါသွားသည်။ စွမ်းအင်အမျိုးမျိုးသည် သွယ်ယှက်နေပြီး ကောင်းကင်ထက်တွင် တောက်ပလာကြသည်။
ဟန်မူယဲ့က ဓားဖြင့် ညွှန်ပြထားပြီး တည်ငြိမ်စွာ ရပ်နေသည်။
နတ်ဘုရားခုံရုံးရုပ်သေးရုပ်၏ မြင့်မားသောခန္ဓာကိုယ်သည် ဆယ်မိုင်အထိ လွင်စင်သွားသည်။
တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများနှင့် အထက်ဘုံသုံးပါးမှ ကျွမ်းကျင်သူများသည် တည်ငြိမ်နေသော ဟန်မူယဲ့ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။
‘ဒီလောကမှာ ဓားတစ်ချက်နဲ့ နတ်ဘုရားခုံရုံးရဲ့ ရုပ်သေးရုပ်ကို နောက်ဆုတ်သွားအောင် လုပ်နိုင်တဲ့လူ တကယ်ပဲ ရှိနေတာလား’
နတ်ဘုရားခုံရုံး၏ ရုပ်သေးရုပ်သည် အင်မော်တယ်ရတနာကို ကိုင်ဆွဲထားပြီး နတ်ဘုရားဘုရင်တစ်ပါးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။
တာအိုပြိုင်ပွဲနယ်မြေသည် ဖိနှိပ်ခံထားရသောကြောင့် သူတော်စင်တစ်ပါး၏ စွမ်းအားကိုသာ ထုတ်ဖော်နိုင်သော်လည်း ရုပ်သေးရုပ်သည် သူတော်စင် အထွတ်အထိပ်အဆင့်၏ စွမ်းအားများကို အသုံးပြုနိုင်သည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်က အရမ်း သန်မာနေပြီလား”
တာအိုဘိုးဘေးတစ်ယောက်က စိတ်လွတ်နေပြီး တီးတိုးရေရွတ်လိုက်သည်။
တာအိုပြိုင်ပွဲ စတင်ချိန်မှ ယခုအချိန်အထိ ဟန်မူယဲ့သည် တစ်ခါတလေတွင် ပျောက်ကွယ်နေတတ်သော်လည်း များသောအားဖြင့် သူတို့၏ စောင့်ကြည့်မှုအောက်တွင်သာ ရှိနေသည်။ သူက နှစ်တစ်ရာအတွင်း၌ လျင်မြန်စွာ တိုးတက်လာခဲ့သည်ဟု ပြောနိုင်သည်။
တခြားတာအိုဘိုးဘေးများက တိတ်ဆိတ်နေကြသည်။
သူတို့၏အမြင်တွင် ဟန်မူယဲ့က တစ်လှမ်းချင်းစီ တိုးတက်လာခဲ့သည်။
ပါရမီရှင်တစ်ယောက်၏ တိုးတက်မှုကို စောင့်ကြည့်ရခြင်းသည် ပျော်ရွှင်ဖွယ်ကောင်းသည်။
“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက ဒီနေ့မှာ သေရလိမ့်မယ် ....”
တာအိုဘိုးဘေးတစ်ယောက်က ခေါင်းခါလိုက်ပြီး နောင်တရနေပုံပေါ်သည်။
သူက ဟန်မူယဲ့၏ သေဆုံးခြင်းကြောင့် နောင်တရမိသည်။