အခန်း (၇၃၈)
Vol. 53 Ch. 738
အထက်ဘုံသုံးပါး၏ ကျွမ်းကျင်သူများနှင့် တာအိုပြိုင်ပွဲကို စောင့်ကြည့်နေကြသော တာအိုဘိုးဘေးများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။
ကျင့်ကြံသူအများစုသည် တန့်ဝူယိုပြောလိုက်သော အကြောင်းကို မသိကြပေ။
သို့သော် သူ့စကားကို တွေးကြည့်ရုံဖြင့် အေးစက်မှုကို ခံစားလိုက်ရသည်။
သူက နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံခဲ့သော်လည်း တခြားလူများ၏အမြင်တွင် ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။
ပိုကျင့်ကြံလေ ပိုအဖိုးတန်လေ ဖြစ်သည်။
“အမှားအယွင်းစကားတွေနဲ့ တခြားလူတွေကို လှည့်စားချင်နေတယ်”
အာကာသထဲတွင် အသံတစ်သံကို ကြားနိုင်သည်။
အစိမ်းရောင်မြစ်တစ်စင်းသည် ပေါ်ထွက်လာခဲ့သည်။
“ရေသခင်”
တန့်ဝူယိုက အော်ဟစ်လိုက်သည်။
မြစ်ရေသည် လှုပ်ရှားနေပြီး ရေလှိုင်းများသည် တန့်ဝူယို၏ခန္ဓာကိုယ်ကို ရစ်ပတ်သွားကြသည်။
တန့်ဝူယို၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူက လက်မြှောက်လိုက်ပြီး ဓားမော့ကို ဟန်မူယဲ့ဆီသို့ ပစ်ပေးသည်။
ဟန်မူယဲ့က ဓားမော့ကို ဖမ်းယူလိုက်ပြီး မြစ်ကို ကြည့်သည်။
မြစ်သည် ဆက်လက်လှုပ်ရှားနေသည်။ တန့်ဝူယိုက ပျောက်ကွယ်သွားခဲ့သည်။
ရှေးခေတ်ကျင့်ကြံသူဖြစ်သော အင်မော်တယ်ကမ္ဘာမှ ပြန်ရောက်လာသည့် ဓားလမ်းစဉ်၏ ကျွမ်းကျင်သူတစ်ဦးသည် မြစ်၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
မြစ်ရေသည် လှိုင်းလုံးများကို ဖန်တီးပြီး ဟန်မူယဲ့ကို ဖိချလိုက်သည်။
ရှေးခေတ်၏ မဟာပုဂ္ဂိုလ်ကြီးတစ်ဦးသည် လှုပ်ရှားလာသည်။
ထိုရေလှိုင်းများကို ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။
ထိုအရာသည် အချိန်နှင့် တည်နေရာ၏ စွမ်းအား ဖြစ်သည်။ ထိုမြစ်သည် ရှေးခေတ်ကတည်းက တည်ရှိလာခဲ့သည်။
ထိုမြစ်၏ ဝါးမြိုခြင်းကို ခံရမည်ဆိုလျှင် အချိန်မြစ်ထဲမှ ပယ်ဖျက်ခံလိုက်ရပြီး ဤလောကတွင် တည်ရှိတော့မည်မဟုတ်ပေ။
အချိန်နှင့် တည်နေရာစွမ်းအားကို အမှန်တကယ် နားလည်ထားသော ကျွမ်းကျင်သူကသာ ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်နိုင်သည်။
ဤလောကတွင် ထိုရေလှိုင်းများကို ခုခံနိုင်သောလူသည် သိပ်မရှိပေ။ ဟန်မူယဲ့က ထိုရေလှိုင်းများကို မတားဆီးနိုင်ပေ။
ရှေးခေတ်၏ မဟာပုဂ္ဂိုလ်ကြီးသည် လှုပ်ရှားလိုက်သောအခါတွင် အစွမ်းကုန်ထုတ်သုံးထားသည်။
ပါရမီရှင်၏ မာနနှင့် လှည့်ကွက်များသည် အသုံးမဝင်တော့ပေ။ အားလုံးသည် ပျောက်ကွယ်သွားရမည်။
ထိုအချိန်တွင် လူတိုင်းက ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
“ရေသခင်”
ဟန်မူယဲ့က ရေလှိုင်းများကို ကြည့်လိုက်ပြီး မျက်လုံးများက တောက်ပလာကြသည်။
ရေသခင်သည် ရှေးခေတ်အချိန်ကတည်းက ရေဓာတ်စွမ်းအားကို ထိန်းချုပ်ထားခဲ့သည်။ သူက နတ်ဘုရားခုံရုံးခေတ်တွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို နားလည်ခဲ့ပြီး ဤလောက၏ ကံကြမ္မာနှင့် ဆက်သွယ်နေသော မဟာပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။
ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အဆုံးမရှိသော ဓားအလင်းများကို ထုတ်ဖော်သည်။
သူက လက်ထဲတွင် ဓားဆေးလုံးတစ်လုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
သူက ဓားချီများကို ဓားဆေးလုံးထဲသို့ ထည့်သွင်းလိုက်သည်။ ဓားအလင်းသည် သူ့စိတ်ထဲတွင် ပေါ်လာသည်။
ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများသည် သူ့ပတ်ဝန်းကျင်တွင် ပေါ်လာပြီး ဘန်းခနဲ ပေါက်ကွဲသွားကြသည်။
“ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ အကြီးအကဲယွမ်ထျန်း”
ဟန်မူယဲ့၏ စိတ်ထဲတွင် ဓားရှည်သည် ကောင်းကင်ထက်မှ ကျဆင်းလာသည်။
ထိုဓားအလင်းသည် ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ဓားအလင်းနှင့် ပေါင်းစပ်သွားပြီး ရှေ့တွင်ရှိနေသော မြစ်ကို ခုတ်ချသည်။
ဓားဘုရင် ယွမ်ထျန်း ....
ဓားဘုရင်ဟု သိကြသော ရှေးခေတ်အချိန်၏ မဟာပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။
ယခင်က သူသည် ကောင်းကင်နှင့်မြေကြီးကို ဓားတစ်ချက်ဖြင့် ထိုးခွဲပြီး အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားခဲ့သည်။
ကောင်းကင်သစ်ပင်၏ သစ်ကိုင်းကို ဖြတ်တောက်ပြီး မြက်ရိတ်တံအဖြစ် သန့်စင်ခဲ့သောလူကလည်း သူပင် ဖြစ်သည်။
သူက ဓားပညာနှင့် ပန်းပဲပညာတွင် အလွန်ကျွမ်းကျင်သည်။
ဟန်မူယဲ့က ယန်ယင်၏ ဓားဆေးလုံးကို ရရှိခဲ့သောအချိန်တွင် မူလဝိညာဉ်အား ဖျက်ဆီးနိုင်သော ဓားဘုရင်ယွမ်ထျန်း၏ ဓားချက်ကို အမြဲ လေ့လာနေခဲ့သည်။
အချိန်နှင့် တည်နေရာစွမ်းအားကို သယ်ဆောင်ထားသော ထိုဓားချက်ကြောင့် ဟန်မူယဲ့၏ တိုက်ခိုက်နိုင်စွမ်းက အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
ထိုဓားချက်သည် အချိန်ကို ကျော်လွန်နေသည်။
သူ၏ မူလဝိညာဉ်က ပျက်စီးသွားသော အချိန်တိုင်းတွင် ပြန်လည်ကောင်းမွန်လာလိမ့်မည်။
ထိုဓားသည် အချိန်နှင့် တည်နေရာကို ကျော်ဖြတ်ပြီး မရေမတွက်နိုင်သော နှစ်သောင်းချီအကွာမှ ရောက်လာခဲ့သည်။
ထိုဓားချက်က တည်နေရာကိုလည်း ကျော်လွန်နိုင်သည်။ ဟန်မူယဲ့က ထိုအချက်ကို သတိထားမိသည်။
ဥပမာအားဖြင့် ယခုအချိန်တွင် ဖြစ်သည်။
ဟန်မူယဲ့က ထူးခြားဆန်းကြယ်သော အလင်းကို ထုတ်လွှတ်၍ လက်ထဲတွင်ရှိသောဓားဖြင့် လွှဲခုတ်သည်။ သူ့ရှေ့တွင်ရှိနေသော လေဟာနယ်သည် အက်ကွဲသွားခဲ့သည်။
သူ့ဘေးတွင်ရှိနေသော ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများ အားလုံးသည် ကြေမွသွားကြသည်။
အဆုံးမရှိသော စွမ်းအားများသည် စုစည်းလာကြပြီး သူ့ခန္ဓာကိုယ်တွင်ရှိသော ချီစွမ်းအင်အလင်းကို မြင့်တက်လာစေသည်။
ဓားအလင်းသည် အလွန်တောက်ပနေသည်။
ဓားအလင်းသည် လေဟာနယ်ကို ထိုးဖောက်ပြီး ကြည်လင်နေသော မြစ်ကို နှစ်ပိုင်းခွဲပစ်လိုက်သည်။
မြစ်သည် ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း လွတ်မြောက်ရန် မတတ်နိုင်ခဲ့ပေ။
ရှေးခေတ်နတ်ဘုရားခုံရုံး၏ ရုပ်သေးရုပ်ဖြစ်သော ရှေးခေတ်၏ ဓားကျွမ်းကျင်သူတစ်ဦးကို ဝါးမြိုခဲ့သည့် မြစ်သည် ထိုဓားချက်ကြောင့် နှစ်ပိုင်းပြတ်သွားခဲ့သည်။
‘အဲဒီဓားချက်က ဘာလဲ’
ထိုဓားချက်သည် အဆုံးမရှိသောတည်နေရာကို ထိုးဖောက်ပြီး လေဟာနယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
အာကာသထဲတွင် ထိတ်လန့်နေသောအော်သံကို ကြားနိုင်သည်။
“ယွမ်ထျန်း၊ မင်းက မသေသေးဘူးပဲ ....”
“ဝီ”
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားအလင်းသည် တုန်ခါနေသည်။ အေးစက်နေသော ဓားသွားသည် ပေတစ်ရာရှည်လျားသော ဓားအလင်းစက်ကွင်းကို ထုတ်ပေးနေသည်။
“သေရမှာလား။ မင်းတို့လို ငပျော့လေးတွေ သေသွားရင်တောင် ငါက သေမှာမဟုတ်ဘူး”
နက်ရှိုင်းသောအသံသည် အာကာသထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ဓားဘုရင် ယွမ်ထျန်း ....
ဟန်မူယဲ့၏ မျက်လုံးထဲတွင်ရှိသော ချီစွမ်းအင်အလင်းသည် တဖျပ်ဖျပ်လက်သွားသည်။
ဓားဘုရင်ယွမ်ထျန်း၏အသံ ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲပြီး အင်မော်တယ်ကမ္ဘာသို့ တက်သွားခဲ့သော ဓားနတ်ဘုရား ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ထွက်ပေါ်လာသော အသံသည် အစစ်အမှန်ဓားနတ်ဘုရား၏အသံ မဟုတ်ပေ။
ရေလှိုင်းများသည် တုန်ခါသွားကြသည်။ ရေသခင်သည် အလွန်ထိတ်လန့်နေပုံပေါ်ပြီး လေဟာနယ်အတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ယခုအချိန်အထိ ပေါ်မလာသေးသော တခြားမဟာပုဂ္ဂိုလ်ကြီးများကလည်း တိုက်ရိုက် ပျောက်ကွယ်သွားကြပုံပေါ်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တိုက်ခိုက်နေသော အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်သည် ဖရိုဖရဲဖြစ်နေလျက် ပြန်လည်ဆုတ်ခွာသွားရသည်။
တန့်ဝူယိုက ကျဆုံးသွားသောကြောင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် ခေါင်းဆောင်မရှိတော့ပေ။
တန့်ဝူယိုက လူတိုင်းအား ဖိနှိပ်ထားနိုင်သော နတ်ဘုရားခုံရုံး၏ ရုပ်သေးရုပ်ကို ပိုင်ဆိုင်သည်။
သို့သော် ယခုအချိန်တွင် တန့်ဝူယိုက ကျဆုံးသွားသည်။ ရုပ်သေးရုပ်ကလည်း ဝါးမြိုခံလိုက်ရသည်။ ထို့ကြောင့် အထက်ဘုံသုံးပါး၏ ကျွမ်းကျင်သူများကို မဖိနှိပ်နိုင်တော့ပေ။
သို့သော် ထိုကိစ္စများကို မည်သူမှ ဂရုမစိုက်ကြပေ။ လူတိုင်းက ထိတ်လန့်နေပြီး အချိန်တစ်ခုကြာသည်အထိ အသိဝင်မလာကြပေ။
ရှေးခေတ်၏ မဟာကျင့်ကြံသူများ ပေါ်ထွက်လာခြင်း၊ တာအိုပြိုင်ပွဲသည် အင်မော်တယ်တက်လှမ်းစင်မြင့်နှင့် ပတ်သတ်နေခြင်း၊ ဤကမ္ဘာ၏ အထက်တွင်ရှိနေသော အင်မော်တယ်ကမ္ဘာ၊ အင်မော်တယ်ကမ္ဘာနှင့် ပတ်သတ်သော သတင်းအမျိုးမျိုးတို့သည် လူတိုင်း၏စိတ်ကို ရှုပ်ထွေးသွားစေခဲ့ကြသည်။
ထိုသတင်းများသည် စိတ်နှလုံးကို ထိတ်လန့်သွားစေပြီး ကျင့်ကြံသူအများအပြား၏ ယုံကြည်ချက်သည် ပျက်စီးလုနီးပါး ဖြစ်နေကြသည်။
ဤလောကတွင် နတ်ဘုရားဘုရင်များသည် အသန်မာဆုံး မဟုတ်ကြပေ။ ရေသခင်ကဲ့သို့ မဟာပုဂ္ဂိုလ်ကြီးများလည်း ရှိနေကြသေးသည်။
ထို့အပြင် ရုပ်သေးရုပ်၏ ပြောစကားအရ အင်မော်တယ်တက်လှမ်းစင်မြင့်မှတစ်ဆင့် အင်မော်တယ်ကမ္ဘာသို့ ရောက်သွားလျှင် လူတိုင်းသည် ဝိညာဉ်သတ္တုနှင့် ဝိညာဉ်ဆေးပင်များအဖြစ် အသုံးချခံရလိမ့်မည်။
‘ရှေးခေတ်ကျင့်ကြံသူတွေက အင်မော်တယ်ကမ္ဘာကို ရောက်သွားရင် တစ်ခါမှ ပြန်မလာကြတော့ဘူး မဟုတ်လား’
‘အင်မော်တယ်ကမ္ဘာနဲ့ ဒီကမ္ဘာက ဆက်သွယ်မှုပြတ်တောက်သွားလို့ ရှေးခေတ်နတ်ဘုရားခုံရုံးက ပျက်စီးသွားတယ်လို့ ပြောကြတာ မဟုတ်ဘူးလား’
သတင်းအချက်အလက် အမျိုးမျိုးကြောင့် အမှန်နှင့်အမှားကို ခွဲခြားရန် မလွယ်တော့ပေ။ သို့သော် သတင်းတစ်ခုချင်းစီသည် ယခင်က နားလည်ထားသော ကိစ္စများကို ပြောင်းပြန်ဖြစ်သွားစေသည်။
‘ဘယ်သူက လိမ်ပြောနေတာလဲ’
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကောင်းကင်သည် ဖြည်းဖြည်းချင်း ပြန်ပိတ်သွားသည်။
အက်ကွဲနေသော ကောင်းကင်နှင့်မြေကြီးသည် ပြန်လည်ကောင်းမွန်သွားကြသည်။
ဟန်မူယဲ့က လေထုထဲတွင် ရပ်နေပြီး တည်ငြိမ်သောမျက်နှာထားဖြင့် ရှေ့သို့ကြည့်သည်။
သူ့လက်ထဲတွင် နတ်ဘုရားခုံရုံး၏ ရုပ်သေးရုပ်ဖြစ်သော ဝမ်ကျန့်ဝူပေးခဲ့သည့် ဓားမော့ကို ကိုင်ထားသည်။
ထိုဓားမော့ထဲတွင် ဝမ်ကျန့်ဝူ၏ ကျင့်ကြံခြင်းအမွေအနှစ်အပြင် အတွေ့အကြုံများလည်း ရှိနေကြသည်။ အင်မော်တယ်အသွင်ပြောင်းရေကန်တွင် နှစ်တစ်ထောင်ကြာအောင် လေ့ကျင့်ခဲ့သော အချိန်ကိုလည်း မြင်ရသည်။ အဆုံးတွင် သူက ရုပ်သေးရုပ်အဖြစ် သန့်စင်ခံလိုက်ရသည်။
ဝမ်ကျန့်ဝူက အင်မော်တယ်အသွင်ပြောင်းရေကန်တွင် ဓားမော့တာအိုနှင့်ပတ်သတ်၍ ပြိုင်ဘက်ကင်းခဲ့သည်။
သို့သော် သူက ချီစွမ်းအင်ကျင့်ကြံခြင်းကို လက်လျော့ရန် ဆန္ဒမရှိပေ။ အဆုံးတွင် နှစ်တစ်ထောင်ကျော်လွန်သွားပြီး ဧရာမလက်တစ်စုံသည် သူ့ကို ဖမ်းဆီး၍ ရုပ်သေးရုပ်ထဲတွင် တိုက်ရိုက် ပေါင်းစည်းခဲ့သည်။ ထို့နောက် နတ်ဘုရားခုံရုံး၏ အစောင့်အရှောက်အဖြစ် ဤလောကသို့ ပို့လိုက်သည်။
သူနှင့်အတူ တခြားလောကများသို့ အစောင့်အရှောက်ရုပ်သေးရုပ်အဖြစ် အပို့ခံလိုက်ရသော တခြားလူများလည်း ရှိနေကြသည်။ သူက တိုက်ဆိုင်စွာဖြင့် ဤလောကသို့ ပြန်ရောက်လာခဲ့သည်။
ဓားနှင့် အင်မော်တယ်ရတနာအမျိုးမျိုးအား သန့်စင်ရာတွင် ကျွမ်းကျင်သောဂိုဏ်းများသည် အင်မော်တယ်ကမ္ဘာတွင် ရှိနေကြသည်။ ထို့အပြင် ရုပ်သေးရုပ်ကို ဖန်တီးနိုင်သော ဂိုဏ်းများလည်း ရှိကြသည်။ သတ်ဖြတ်မှုနှင့် စစ်ပွဲများကြောင့် ကျော်ကြားကြသော သွေးစစ်ပွဲဂိုဏ်းနှင့် တူညီသည့် ဂိုဏ်းများလည်း ရှိနေသည်။
အင်မော်တယ်အသွင်ပြောင်းရေကန် ၁၈ကန်ကို ထိုဂိုဏ်းများက တစ်လှည့်စီ စောင့်ကြပ်ပြီး မကုန်ဆုံးနိုင်သော လူသားအရင်းအမြစ်များကို ရရှိနေကြသည်။
ကံကောင်းစွာဖြင့် ဤလောကနှင့် ဆက်သွယ်နေသော အင်မော်တယ်တက်လှမ်းစင်မြင့်အား ချိပ်ပိတ်လိုက်ခြင်းသည် အင်မော်တယ်ကမ္ဘာအတွက် ကိစ္စကြီးတစ်ခု မဟုတ်ပေ။
အသွင်ပြောင်းရေကန်တစ်ခုသည် ရာချီ၊ ထောင်ချီသော ကမ္ဘာများနှင့် ချိတ်ဆက်နေသည်။ ထို့ကြောင့် ကမ္ဘာတစ်ခု၊ နှစ်ခုခန့်နှင့် အဆက်အသွယ်ပြတ်သွားခြင်းသည် ပုံမှန်ပင် ဖြစ်သည်။
ဓားမော့ထဲတွင်ရှိသော အချက်အလက်များကို ဟန်မူယဲ့က မြင်ဖူးထားသည်။
အင်မော်တယ်ကမ္ဘာ၏ ရတနာထဲတွင်လည်း ထိုမြင်ကွင်းများကို မြင်ခဲ့သည်။
ဥပမာအနေဖြင့် သစ်သားနတ်ဘုရား၏ကိုယ်တွင် စိုက်ဝင်နေသော သွေးစစ်ပွဲဂိုဏ်းမှ ကျွမ်းကျင်သူ၏လှံရှည် ဖြစ်သည်။
“အမတ်ချုပ်ကြီးဟန်၊ အင်မော်တယ်ဝိညာဉ်စစ်တပ်က ယာယီဆုတ်ခွာသွားပေမဲ့ လက်လျော့မှာမဟုတ်ပါဘူး”
ဟန်မူယဲ့က ရှုဝေ၏အသံကို ကြားလိုက်ရသည်။
သူ့မျက်လုံးများက တောက်ပနေပြီး တီးတိုးပြောလိုက်သည်။
“ရှေ့တန်းကို အမိန့်ပို့ပြီးပါပြီ။ အင်မော်တယ်ဝိညာဉ်ကြယ်က မဟာကျင့်ကြံသူကြီးနှစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး ....”
“တကယ်လို့ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို မထိန်းသိမ်းနိုင်တော့ဘူးဆိုရင်တောင် ရွှေ့ပြောင်းလို့ရပါတယ်”
အရိပ်နတ်ဘုရားဘုရင် ကျောက်ကျန့်ဟယ်နှင့် ဟွမ်ခြောက်သည် အင်မော်တယ်ဝိညာဉ်ကြယ်တွင် လှုပ်ရှားနေကြသည်။ သူတို့က အလွန်အားကောင်းသော ရတနာများကိုလည်း ပိုင်ဆိုင်ထားကြသည်။
သူတို့၏ တိုက်ခိုက်မှုကို မည်သူမှ မတားဆီးနိုင်ပေ။
အင်မော်တယ်ဝိညာဉ်ကြယ် ပျက်စီးသွားခဲ့လျှင် အင်မော်တယ်ဝိညာဉ်စစ်တပ်ကလည်း အလိုလျောက် ပြိုကွဲသွားလိမ့်မည်။