← Chapters

ဖုတ်ကောင်

Vol. 9 Ch. 5

ဖုတ်ကောင်

Vol. 9 Ch. 5

အန်နာပိုလစ်မြို့ရဲ့လူပြတ်တဲ့ လမ်းတစ်လမ်းမှာ လီဆာက လမ်းလျှောက်နေတယ်။ လမ်းက ကားတစ်စီးပဲ ဖြတ်မောင်းလို့ရရုံကျယ်တဲ့ ကားလမ်းအသေးဖြစ်ပြီး အနားမှာလူနေအိမ်ကျဲပါးပါတယ်။ အိမ်တချို့ရှိပေမဲ့ တချို့နေရာတွေက မြေကွက်တွေအတိုင်းဖြစ်ပြီး ခြုံနွယ်တွေနဲ့ ပြည့်နှက်လို့ပါ။

"အဲဒီအငွေ့အသက်က ဒီအနီးအနားဝန်းကျင်မှာ ပိုပြီးပြင်းထန်လာတာပဲ။" လီဆာရဲ့မျက်လုံးတွေက ဒေါင်လိုက်ဖြစ်နေပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေတယ်။သူ့မျက်လုံးတွေကနေတစ်ဆင့် သာမန်လူတွေမမြင်နိုင်တဲ့ အနက်ရောင်နဲ့ခရမ်းရောင်ရောယှက်နေတဲ့ အခိုးအငွေ့တချို့ကို သူသတိထားမိနေတာကြာပြီ။

"ကောင်မလေး၊ လမ်းကြားတွေထဲ တစ်ယောက်တည်း လမ်းလျှောက်နေတာလား။ လူပြတ်တယ်နော်၊ သတိလည်းထားဦး။"

လမ်းဆုံတစ်ခုကိုရောက်တော့ အိမ်အပြင်မှာ ပလက်စတစ်ခုံချပြီး ထိုင်နေတဲ့ မုတ်ဆိတ်မွှေးပသိုင်းမွှေးတွေအပြည့်နဲ့ အသက်လေးဆယ်လောက်ရှိသူတစ်ယောက်နဲ့မိန်းမဝဝကြီးစုံတွဲကို လီဆာတွေ့တယ်။ ဒီလူရဲ့အိမ်က တစ်ထပ်အိမ်ဖြစ်ပြီး အိမ်တစ်ခြမ်းကို ကားပြင်ဆိုင်ဖွင့်ထားတာ။ ကလေးလေးနှစ်ယောက်လည်း သူတို့အိမ်ရှေ့မှာ ဘောလုံးကစားနေတာတွေ့တော့ လီဆာ ပြုံးလိုက်မိတယ်။

'ပျော်စရာကောင်းလိုက်မယ့် မိသားစုလေး။' လီဆာ တွေးလိုက်မိတယ်။ အဲဒီမိသားစုကို သူမနာလိုဖြစ်မိတာအမှန်ပဲ။ သူလည်းသာမန်မိသားစုဘဝကို လိုချင်ပေမဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် အဝေးကြီးမှာ။

'ဟင်...' လီဆာက အဲဲဒီမိသားစုကြောင့် သတိလွတ်သွားတဲ့တစ်ခနမှာ လေထုထဲက ဆိုးယုတ်ခြင်းအငွေ့အသက်တွေ ရုတ်တရက်တိုးလာတာ သတိမထားခဲ့မိဘူး။ သူသတိဝင်လာတဲ့အချိန်ရောက်တော့ လေထုတစ်ခုလုံးအငွေ့အသက်တွေနဲ့ပြည့်နှက်နေပြီး မွန်းကျပ်သွားစေနိုင်တဲ့အထိဖြစ်နေပါပြီ။

"ရန်သူ၊ ချေမှုန်းပစ်။" စက်ရုပ်ဆန်ဆန် လူတစ်စုက လမ်းဆုံတစ်နေရာကနေ လျှောက်ဝင်လာပြီးတော့ လီဆာရှေ့မှာရပ်လိုက်တယ်။ သူတို့ဆီက အတက်အကျမရှိတဲ့ လေသံထွက်ပေါ်လာပြီးတဲ့နောက် လူအရေခွံတွေကွာကျသွားပြီး နက်မှောင်တဲ့ပိုးကောင်အခွံမာကိုစမြင်ရတယ်။ အနက်ရောင်ပိုးတောင်မာမျိုးစိတ်ပါ။

"အားလုံးပြေးကြတော့။" လီဆာက လူတစ်ဝက်ပုံစံကို ပြောင်းလိုက်ရင်း အနားမှာရှိနေတဲ့ မိသားစုကို အော်ဟစ်သတိပေးလိုက်တယ်။ အိမ်ရှေ့ကမိသားစုကလည်း ရုတ်တရက်ပိုးကောင်တွေပေါ်လာတာကြောင့် အံ့အားသင့်နေပေမဲ့ လီဆာရဲ့သတိပေးချက်ကြောင့် သတိဝင်လာပြီး ကလေးတွေကိုဆွဲပြီးနေရာကနေ ဆန့်ကျင်ဘက်ကိုထွက်ပြေးတယ်။

"သတ်..." အနက်ရောင်ပိုးတောင်မာတွေက သူတို့ရဲ့ကျောကုန်းက လက်တံတွေကိုဆွဲဖြုတ် ဓားလိုကိုင်ပြီး လီဆာဆီကို ပြေးဝင်လာတယ်။ လီဆာကလည်း နဂါးလက်သည်းတွေနဲ့အမြီးကို အသင့်ပြင်လိုက်ပြီး ပြန်တိုက်ခိုက်လေရဲ့။

"ဟား..." လီဆာက ပထမဆုံးသူ့ဆီကို ပြေးလာတဲ့ ပိုးကောင်ရဲ့မျက်နှာကို လက်သည်းနဲ့ကုတ်ချလိုက်ပြီး ဒုတိယနဲ့တတိယကောင်ကို ဘယ်ညာဝိုက်ကန်ချက်နဲ့မိတ်ဆက်ပေးလိုက်တယ်။ စတုတ္ထတစ်ကောင်ကိုတော့ အမြီးနဲ့ရိုက်ထုတ်လိုက်လေရဲ့။

"နင်တို့က လူများပေမဲ့ ဘာမှမဟုတ်တဲ့ ငချွတ်လေးတွေပါ။" လီဆာက ပြောလိုက်တယ်။ ရန်သူက တစ်ဒါဇင်ကျော်ပေမဲ့ သူအေးအေးဆေးဆေး ကိုင်တွယ်လို့ရသေးတယ်။

"ရန်သူ၊ ချေမှုန်းပစ်။' ဒါပေမဲ့ လီဆာအသက်ဝအောင် မရှုရသေးခင် ပျံသန်းနေတဲ့ နကျယ်ကောင်ဒါဇင်ဝက်လောက် ထပ်ရောက်လာပြန်တယ်။ ပြီးတော့ သူသေလောက်ပြီလို့ ယူဆထားတဲ့ ရိုက်နှက်ခံထားရတဲ့ ပိုးကောင်တွေကလည်း မြေပေါ်ကနေပြီး ပုံသဏ္ဍာန်ပျက်ယွင်းနေတဲ့ ပုံစံမျိုးနဲ့ ပြန်ထလာကြတယ်။

'မဖြစ်နိုင်တာ၊ ဒီလောက်ထိခိုက်ထားတာကို ဘာလို့အဲဒီပိုးကောင်က မသေသေးတာလဲ။' လီဆာက ပြန်ထလာတဲ့ ပိုးကောင်တွေထဲက ဇက်ကျိုးနေတဲ့ ပိုးကောင်ကိုကြည့်လိုက်တယ်။ ဆိုးယုတ်ခြင်း အငွေ့အသက်တွေက ပိုပိုပြီးပြင်းထန်လာပြီ။ နကျယ်ကောင်အုပ်နဲ့ပြန်ထလာတဲ့ ပိုးတောင်မာနက်အုပ်စုက လီဆာကို ထပ်ပြီးဝိုင်းရံတိုက်ခိုက်တယ်။

"ကြည့်ရတာ အားကုန်ဖျက်ဆီးပစ်မှရမယ်ထင်တယ်။" လီဆာက သူ့ခန္ဓာကိုယ်က ကြွက်သားတွေကို အားကုန်ညှစ်လိုက်ပြီး နောက်တစ်ကြိမ်တိုက်ခိုက်လိုက်ပြန်တယ်။ ပိုးကောင်တွေအားလုံး လဲကျသွားလို့ သူစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပေမဲ့ မကြာခင်မှာပဲ။

"အား...." ကလေးတစ်ယောက်ရဲ့ကြောက်လန့်တကြီးအော်သံနဲ့ "ကယ်ကြပါ။"ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အသံထွက်ပေါ်လာတယ်။ အသံကြားရာကို လှည့်ကြည့်တော့ အစောပိုင်းက မိသားစုက သူ့ဆီကို ပြန်ပြေးလာနေပြီး သူတို့နောက်မှာ ငွေရောင်သံကွင်းဆက်တွေရှိတဲ့ သစ်ဆွေးပိုးကောင်တွေလိုက်လာနေတယ်။ ပြီးတော့ ဆိုးယုတ်ခြင်းအငွေ့အသက်က ပိုဆိုးလာနေပြီ။

"မဟုတ်မှလွဲရော..." တစ်ကိုယ်လုံးစုတ်ပြတ်နေတာတောင် ပြန်ထလာဖို့ ကြိုးစားနေသေးတဲ့ ပိုးကောင်တွေကို လီဆာထပ်ကြည့်လိုက်တယ်။ ဆိုးယုတ်ခြင်းအငွေ့အသက်က ဒီပိုးကောင်တွေနားမှာ ရစ်ဝဲနေတာ။ပြီးတော့ ဒီပိုးကောင်တွေက သာမန်ပိုးကောင်တွေလိုမျိုး သေခြင်းတရားနဲ့နာကျင်မှုကို ကြောက်ရွံကြပုံမပေါ်ဘူး။

ဝီ... ဝီ... ဝီ... နောက်ထပ်ယင်ကောင်အမျိုးအစား ပိုးကောင်တွေလည်း ပျံသန်းရောက်ရှိလာပြီး လီဆာအနားမှာ ပိုးကောင်အရေအတွက်က ရာချီနေပါပြီ။ လီဆာက ကူရာမဲ့နေတဲ့ မိသားစုကို ကာကွယ်ပေးနေရင်းကနေ အခြေအနေကို သုံးသပ်လိုက်တယ်။

'ဒီအတိုင်းဆိုရင် ဒီပိုးကောင်အုပ်ကိုဖျက်ဆီးဖို့က တစ်နည်းပဲရှိတော့တယ်။ ငါ့ရဲ့နဂါးပြာလေမုန်တိုင်းနဲ့ တစ်စစီဖြစ်သွားအောင်လုပ်မှရမယ်။ ဒါပေမဲ့...' လီဆာက သူကာကွယ်ပေးနေရတဲ့ မိသားစုကို ထပ်ပြီးကြည့်လိုက်ပြန်တယ်။ 'အဲဒီလိုလုပ်ရင် နဂါးပြာရဲ့လေမုန်တိုင်းထဲ ဒီမိသားစုလည်း ပါသွားနိုင်ခြေရှိတယ်။'

လီဆာက အခုလိုတွေးနေပေမဲ့ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပါ။ အတွေးလွန်နေတဲ့ လီဆာရဲ့ပခုံးပေါ်ကို ယင်ကောင်နှစ်ယောက်ရဲ့လက်သီးတွေကျလာတဲ့အတွက် နောက်ကိုဆုတ်ပေးလိုက်ရတယ်။ နောက်က နကျယ်ကောင်နှစ်ကောင်က ကလေးတွေကို အန္တရာယ်ပေးဖို့ကြိုးစားလို့ နကျယ်ကောင်တွေကို သူတိုက်ထုတ်ရပြန်တယ်။ ဒါပေမဲ့ လက်တံကိုဓားလိုသုံးနေတဲ့ ပိုးတောင်မာနက်တွေကို လွှတ်ပေးထားသလို ဖြစ်တာကြောင့် ကျောကုန်းပေါ်ကို လက်တံတွေကျလာပြီး သွေးတွေပန်းထွက်လာတယ်။ ဆိုးယုတ်ခြင်းအငွေ့အသက်ကြောင့် ဒဏ်ရာတွေကချက်ချင်းပြန်မကောင်းလာတဲ့အတွက် နာကျင်မှုကြောင့် လီဆာအံ့ကြိတ်ထားလိုက်ရပါပြီ။

'ငါဘာလုပ်ရမလဲ၊ စဥ်းစားစမ်း။' လီဆာက နာကျင်မှုကို တောင့်ခံထားရင်းနဲ့ တွေးလိုက်တယ်။ ဒီကိစ္စကို မြန်မြန်အပြတ်မဖြတ်ရင် သူရောဟိိုမိသားစုအတွက်ပါ အန္တရာယ်များပါတယ်။

....

"နားလည်ပြီ၊ ဒီတော့ လီဆာကိုတိုက်ခိုက်နေတာ သာမန်ပိုးကောင်တွေမဟုတ်ဘူး။ ရေဂင်ထိန်းချုပ်ထားတဲ့ ဖုတ်ကောင်တွေဖြစ်နိုင်တယ်ပေါ့။"

လီဆာပိုးကောင်တွေနဲ့တိုက်ခိုက်နေချိန်မှာ အေမီနဲ့မက်ဒါနာက တိုက်ပွဲဝင်ချပ်ဝတ်အပြည့်အစုံနဲ့ လီဆာသတိမထားမိအောင် ကောင်းကင်အမြင့်မှာရပ်နေကြတယ်။

"ဟုတ်ပါတယ် မမလေးရှင့်၊ ရေဂင်က ယာမီရဲ့နှလုံးသားနဲ့ပေါင်းစပ်ထားတာမလို့ တဖြည်းဖြည်းနဲ့ ယာမီရဲ့အစွမ်းတွေကို နားလည်သဘောပေါက်လာမှာပဲ။ လီဆာက သူ့ကိုခြေရာခံပြီးလိုက်နေမှန်းသိလို့ အခုလိုလမ်းလွှဲခေါ်ပြီး လုပ်ကြံတာဖြစ်ပါလိမ့်မယ်။"

အေမီက စစ်နတ်သမီးဝတ်စုံကို ဝတ်ဆင်ထားပြီး ပျံသန်းနေရင်းကနေ မက်ဒါနာကို ရှင်းပြလိုက်တယ်။ အခုထိန်းချုပ်ခံပိုးကောင်တွေရဲ့အပြုအမူက ပုံမှန်မဟုတ်ဘဲ လီဆာကို ပုံစံမပြောင်းနိုင်အောင် ဖိအားပေးပြီး သတ်ဖို့ကြိုးစားနေကြတာပါ။ အခုသူတို့ကြည့်နေရင်းနဲ့ကို လီဆာရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေများလာပြီ။

....

"သေကြစမ်း။" လီဆာက နကျယ်ကောင်နှစ်ကောင်ကို လည်ပင်းကနေဖမ်းချုပ်ပြီး ခြေပြင်ပေါ်ကို ကိုင်ဆောင့်ပစ်လိုက်တယ်။

ဘုန်း....

ပိုးကောင်တွေရဲ့ခန္ဓာကိုယ်တစ်ခုလုံး ကျိုးပဲ့ကုန်ပြီး ပြန်မထနိုင်တော့ဘူး။ ဒါတောင်မှ သူတို့ရဲ့လှုပ်နိုင်နေသေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ လီဆာကိုရန်ပြုဖို့ ကြိုးစားနေကြတုန်းပဲ။ လီဆာက နားချိန်ရတုန်း အသက်ကိုဝအောင်ရှုနေတယ်။ သူ့ကိုယ်ပေါ်က အဝတ်အစားတွေမှာ သူကိုယ်တိုင်ရဲ့သွေးတွေနဲ့ပိုးကောင်တွေရဲ့သွေးရည်ကြည်တွေစွန်းထင်းနေပြီး မနှစ်မြို့ရွယ်ရာပါပဲ။

"ရန်သူကို သတ်ပစ်။"

"ဟမ်..." ရုတ်တရက် လီဆာက သူ့နားနားကနေပြီး ထွက်ပေါ်လာတဲ့ စကားသံကြောင့် ထိတ်လန့်သွားတယ်။ မကြာခင်မှာပဲ သူ့နံကြားကနေ ဆစ်ခနဲနာကျင်မှုကို ခံစားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ S rank အနီရောင်ကျိုင်းကောင်မျိုးကွဲခေါင်းဆောင်တစ်ကောင်က သူ့အနားမှာရောက်နေတာ တွေ့လိုက်ရတယ်။ သိပ်ကိုခြေသံလုံပြီး ကြောက်စရာကောင်းတဲ့ လက်တံထိုးသွင်းတိုက်ခိုက်မှုကို အသုံးပြုခဲ့တာပါ။ လီဆာမှာ တုံ့ပြန်ချိန်တောင် မရလိုက်ဘူး။

"မမကြီး" လီဆာကာကွယ်ပေးနေတဲ့ ကလေးတွေထဲကတစ်ယောက်က အလန့်တကြားထအော်တယ်။ သူတို့မိသားစုတစ်ခုလုံး ခြေမကိုင်မိလက်မကိုင်မိဖြစ်နေကြပြီ။

"ရပါတယ်၊ ဒါက ဘာမှမဖြစ်ပါဘူး။" လီဆာက ပြောလိုက်ပြီး ပိုးကောင်မျိုးကွဲရဲ့လက်တံကို သူ့လက်သည်းနဲ့ရိုက်ပြီး ဖြတ်ထုတ်ပစ်လိုက်တယ်။ ကျိုင်းကောင်နီကလည်း နောက်ကိုပြန်ခုန်ဆုတ်သွားတယ်။

"ဒါက တော်တော်နာတာပဲ။" လီဆာက သူ့နံကြားမှာ စိုက်ဝင်နေတဲ့ လက်တံကို ဆွဲနှုတ်လိုက်တယ်။ ဆိုးယုတ်ခြင်းအငွေ့အသက်ကြောင့် ဒဏ်ရာတွေ ပြန်မကောင်းလာဘူး။ သွေးတွေဝေါခနဲစီးကျလာပြီး အမြင်တွေတောင် ဝေဝါးသွားပေမဲ့ မနှုတ်ဘဲထားရင်လည်း ဆိုးယုတ်ခြင်းအငွေ့အသက်က သူ့ကိုဆက်ပြီးတိုက်စားနေမှာမလို့ ဉာဏ်မရှိရာကျပါတယ်။ အဲဒီအစား သူက ဒဏ်ရာရထားတဲ့နေရာက ကြွက်သားတွေကိုဖိညှစ်လိုက်ပြီး သွေးကြောတွေကိုဖိအားပေးပိတ်ပစ်ဖို့ကြိုးစားတယ်။

'ငါနဂါးပုံစံပြောင်းပြီး ဖောက်ထွက်သင့်လား၊ မဟုတ်သေးဘူး။ အဲဒါဆိုရင် ဟိုမိသားစုကိုရော ဘယ်လိုလုပ်မှာလဲ။ နေပါဦး...'

လီဆာက တစ်ခုခုမူမမှန်နေတာကို သတိထားမိသွားတယ်။ 'ရန်သူက ဘာလို့ငါ့ကိုပဲ မဲတိုက်ခိုက်နေပြီး အဲဒီမိသားစုကိုကျ တကယ်အနာတရမဖြစ်အောင် ဘာလို့မလုပ်တာလဲ။' အဲဒီမိသားစုက တိုက်ခိုက်ခံနေရပေမဲ့ ပိုးကောင်တွေက သူတို့ကိုတကယ်တိုက်ခိုက်ဖို့

အားထုတ်မနေဘူးဆိုတာ သတိထားမိသွားတယ်။

'မဟုတ်မှလွဲရော။' လီဆာက မကောင်းတဲ့ကိစ္စတစ်ခုကို တွေးမိသွားပြီး အဲဒီမိသားစုကို နောက်တစ်ခါပြန်ကြည့်လိုက်တယ်။ ဒီတစ်ခါတော့ အဲဒီမိသားစုရဲ့တုံ့ပြန်မှုတွေက သဘာဝမကျဘဲ အရုပ်ဆန်နေသလိုပဲ။ နောက်ပြီး သူအာရုံခံမိနေတဲ့ အငွေ့အသက်က ပိုးကောင်တွေမရှိခင်ကတည်းက လမ်းကြားထဲမှာရှိနေတာ။

"ဂါး...." ကျိုင်းကောင်အနီက လီဆာတစ်ခုခုမလုပ်နိုင်ခင် ထပ်ပြီးပြေးဝင်လာပြန်တယ်။ ဒီတစ်ခါလီဆာက အရင်ထက်ပိုမြန်မြန်တုံ့ပြန်နိုင်ခဲ့ပြီး ကျိုင်းကောင်ရဲ့မျက်နှာကို လက်သည်းနဲ့ဖမ်းကုပ်လိုက်နိုင်တယ်။ ပိုးကောင်ရဲ့မျက်နှာတစ်ခြမ်း ပဲ့ကျသွားပေမဲ့ ပိုးကောင်က လီဆာရဲ့ပခုံးကို လက်တံထိုးသွင်းလိုက်နိုင်ပြိး လီဆာကနာကျင်မှုကြောင့် နောက်ဆုတ်သွားရချိန် သူကရှေ့ဆက်တိုးလာနေပါတယ်။

....

"ကြည့်ရတာ လီဆာက ဒီတိုက်ပွဲကိုဖြေရှင်းနိုင်ဖို့အတော်လေးနီးစပ်နေပြီ။ အဲဒီမိသားစုက တကယ့်လူတွေမဟုတ်မှန်း သူသတိထားမိနေပြီ။"

မက်ဒါနာက ဒီစကားကိုကြားတော့ ခေါင်းခါလိုက်ပြီးသူ့ဒဏ္ဍာရီလာဓားကို ကျောပေါ်ကနေဖြုတ်လိုက်ပါတယ်။ အခုဓားရဲ့လက်ကိုင်မှာ ရတနာနှစ်လုံးမြုပ်ထားပြီး တစ်ခုက အနီရောင်ကျောက်မျက်ဖြစ်ကာ နောက်တစ်ခုက ငွေရောင်တောက်နေတဲ့ ကျောက်မျက်ဖြစ်ပါတယ်။

"သူ့ဘာသာ ဒီတိုက်ပွဲကို အဆုံးသတ်ခွင့်ပေးလို့မဖြစ်ဘူး။ ဒီလိုမှမဟုတ်ရင် သူငါ့ကိုအထင်ကြီးလာအောင်လုပ်မယ့်ဗျူဟာက ဘယ်လိုလုပ်အောင်မြင်တော့မှာလဲ။"

မက်ဒါနာစကားပြောနေတဲ့အချိန်မှာပဲ ငွေရောင်ကျောက်က စပြီးအသက်ဝင်လာကာ ဓားက ငွေရောင်မိုးကြိုးလျှပ်စီးတွေနဲ့ စတင်တောက်ပလာတယ်။ အေမီက မက်ဒါနာကျားဖြူကိုထုတ်သုံးဖို့လုပ်နေတာတွေ့တော့ သတိပေးလိုက်ပါပြီ။

"မမလေး၊ ဒီရန်သူပမာဏက စေဘာစတိန်းကိုသုံးရုံနဲ့တင် အဆင်ပြေမယ့်ကိစ္စပါ။" အေမီက အနက်ရောင်သေတ္တာကို ထိုးပေးလိုက်ပေမဲ့ မက်ဒါနာက ခေါင်းခါလိုက်တယ်။

"မဟုတ်ဘူး၊ လူတစ်ယောက်ကိုအထင်ကြီးစေချင်ရင် ကိုယ့်မှာရှိတဲ့ အကောင်းဆုံးအရာကို ထုတ်ပြရတယ်။" မက်ဒါနာစကားဆုံးတာနဲ့ ငွေရောင်စစ်သည်ရဲ့ခန္ဓာကိုယ်က လျှပ်စီးကြောင်းတွေအဖြစ်ပြောင်းလဲသွားတယ်။

[Booster Form: Baihu Master]

ဘုန်း....

လျှပ်စီးကြောင်းကြီးက လီဆာနဲ့ပိုးကောင်တွေတိုက်နေတဲ့ နေရာပေါ်ကို ပြုတ်ကျသွားပြီး လမ်းဆုံမှာရှိနေတဲ့ ကွန်ကရစ်လမ်းတွေနဲ့အနီးအနားက ဆင်ခြေဖုံးအိမ်တွေကို တောက်လျှောက်ပျက်စီးသွားစေတယ်။

ပိုးကောင်တွေလည်း လွင့်ပျံထွက်ကုန်ပြီး လီဆာက ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ အဖြူရောင်လူရိပ်ကို ကြည့်လိုက်ပါတယ်။

ခေါင်းပိုင်းက ကျားဖြူတစ်ကောင်ရဲ့သတ္တုနဲ့သွန်းလုပ်ထားတဲ့ မျက်နှာဖုံးခေါင်းစွပ်နဲ့တူတယ်။ ပခုံးပိုင်းကတော့ သံချပ်ကာအကော့ဖြစ်ပြီး ရင်ဘတ်မှာထပ်ပြီး ကျားဖြူတစ်ကောင်ရဲ့ခေါင်းကိုထွင်းထုထားပါတယ်။ ခါးပတ်နေရမှာတော့ ထူးဆန်းတဲ့ ပုလဲလုံးလို အမြုတေရှိပြီး အဲဒီအမြုတေမှာ ငွေရောင်လျှပ်စီးတွေစီးဆင်းနေတယ်။ လက်နှစ်ဖက်က ပုံမှန်ငွေရောင်စစ်သည်ထက်ကြီးပြီး လက်ဝှေ့အိတ်စွပ်ထားသလိုမျိုးထင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျားဖြူစစ်သည်ပုံစံရဲ့အဓိကလက်နက်က ဓားမဟုတ်ဘဲ အဲဒီလက်တွေဖြစ်နေလို့ပါ။

"လီဆာ၊ ငါနင့်ကို လာကူတာ။" မက်ဒါနာက ပြောလိုက်ပြီး ဓားကိုကျောပေါ်ပြန်တင်ကာ အနီးဆုံးမှာရှိနေတဲ့ ပိုးကောင်တစ်ကောင်ကို လက်သီးနဲ့ထိုးချလိုက်တယ်။

ဘုန်း....

လက်သီးက ပိုးကောင်ကိုထိတာနဲ့ ငွေရောင်လျှပ်စီးတွေက ပိုးကောင်ကိုဖုံးအုပ်သွားပြီး ပိုးကောင်ရဲ့ခန္ဓာကိုယ်က အလုံးစုံပေါက်ကွဲသွားတယ်။ ဒါကြောင့် ပြန်ထလာမှာမပူရတော့ဘူး။ ကျားဖြူစစ်သည်က ဒီလောက်နဲ့မရပ်သေးဘဲ ပိုးကောင်အုပ်ကြားကိုပြေးဝင်ကာ တစ်ကောင်ပြီးတစ်ကောင် လိုက်ဖျက်ဆီးပစ်တယ်။ အဲဒီနောက်တော့ လီဆာရှေ့ကိုရောက်လာပြီး မျိုးကွဲခေါင်းဆောင်ကိုပါ ဖျက်ဆီးပစ်လိုက်တယ်။

ဂျိန်း....

ဘောင်း....

လီဆာက ပိုးကောင်မျိုးကွဲ သူ့မျက်စိရှေ့မှာတင် ကျားဖြူရဲ့လက်သီးချက်ကြောင့် ပေါက်ကွဲထွက်သွားတာကို ကြည့်နေတယ်။ ဒါပေမဲ့ ကျားဖြူက ပိုးကောင်အားလုံး သတ်ပြီးတာကို မရပ်သေးဘဲ လီဆာကာကွယ်ပေးခဲ့တဲ့ မိသားစုရှေ့မှာ ရပ်လိုက်ပါတယ်။ လီဆာက မက်ဒါနာကိုတားဖို့အတွက် ရှေ့တက်လိုက်ပေမဲ့ နောက်ကျသွားပါပြီ...

"နေဦး၊ သူတို့ကို အခုသတ်လို့မရသေးဘူး။"

ဒါပေမဲ့ မက်ဒါနာကတော့ လီဆာပြောတာကို နားမထောင်ဘဲ လက်ကိုဝေ့ယမ်းကာ အဲဒီမိသားစုကို အပျောက်ဖျောက်ပစ်လိုက်တယ်။

ဘုန်း....

လီဆာကာကွယ်ပေးခဲ့တဲ့ မိသားစုက လီဆာရှေ့မှာတင် ပြာမှုန်အဖြစ်ပျောက်ကွယ်သွားခဲ့တယ်။ မက်ဒါနာကတော့ ဝတ်စုံကို ပြန်ချွတ်လိုက်ပြီး ဒဏ္ဍာရီလာ ဓားကို ကျောမှာဆက်လွယ်ထားတယ်။

"လီဆာ၊ အဲဒီမိသားစုက ရေဂင်ထိန်းချုပ်ထားတဲ့ ဖုတ်ကောင်မိသားစုပဲ။ နင့်ကိုအနှောင့်အယှက်ပေးပြီး ရန်သူတွေကို အနိုင်မတိုက်နိုင်အောင်လုပ်နေတာ။" လီဆာက စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဆီကိုလျှောက်လာနေတာတွေ့တော့ မက်ဒါနာက ရှင်းပြတဲ့အနေနဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ လီဆာကတော့ မက်ဒါနာပြောတာကို လုံးဝနားမထောင်ဘူး။ သူက မက်ဒါနာနားကို ရောက်လာပြီး မက်ဒါနာရဲ့အင်္ကျီကော်လံကိုဆွဲကာ ခြေထောက်နဲ့မြေကြီးလွတ်တဲ့အထိမြှောက်လိုက်တယ်။

"အရူးမကြီး၊ ကျွန်မကို လာမနှောင့်ယှက်ပါနဲ့လို့ ရှင့်ကိုဘယ်နှစ်ခါပြောရမလဲ။"

"လီဆာ၊ လီဆာ... ငါ့အဝတ်တွေပြဲကုန်မယ်ဟဲ့။" မက်ဒါနာက အော်ဟစ်ပြီးသတိပေးပေမဲ့ လီဆာကတော့ မက်ဒါနာကို အနားမှာမပြိုသေးဘဲ ကျန်နေသေးတဲ့ နံရံတစ်ခုနဲ့ကပ်ပြီး ခြိမ်းခြောက်တဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

"ကျွန်မ သူတို့လူမဟုတ်တော့တာကိုသိတယ်။ ဒါပေမဲ့ သူတို့ကိုလေ့လာပြီးတော့ ရေဂင်ဘယ်မှာရှိလဲဆိုတာကို ခန့်မှန်းလို့ရကောင်းရနိုင်တယ်မဟုတ်လား။ ဒါပေမဲ့ ရှင်ဆိုတဲ့အရူးမကြီးက အကုန်လုံးကို သတ်ပစ်လိုက်ပြီ။"

လီဆာက ဒေါသတကြီးနဲ့ မက်ဒါနာကို အားရပါးရ အော်ဟစ်ပြီးတော့မှ ပြန်လွှတ်ပေးလိုက်တယ်။ မက်ဒါနာကိုယ်နဲ့ကပ်ထားခံရတဲ့ နံရံလည်းပြိုကျသွားပြီ။ မက်ဒါနာကတော့ နာကျင်သွားတဲ့ ပခုံးကိုလက်နဲ့ဖျစ်ညှစ်လိုက်ရင်း သက်ပြင်းချပါတယ်။

အေမီကလည်း ကောင်းကင်ပေါ်ကနေ ဆင်းလာပြီးတော့ သူတို့နှစ်ယောက်လုံးကို ဦးညွှတ်ကာ ပြောပါတယ်။ "လီဆာပြောတာမှန်ပါတယ် မမလေး။ ကျွန်မသာ အလုပ်လုပ်နေသေးတဲ့ ရေဂင်ရဲ့ပိုးကောင်တွေကို ရမယ်ဆိုရင် သူ့တည်နေရာကို ပိုပြီးတိတိကျကျ ခန့်မှန်းနိုင်မှာပါ။"

မက်ဒါနာက အေမီပြောတာကို နားထောင်ပြီးတော့ သေချာစဥ်းစားကြည့်တယ်။ မကြာခင်မှာပဲ သူ့ခေါင်းသူခေါက်လိုက်ပြီးတော့ "ဟုတ်သားပဲ၊ ဘာပဲပြောပြော ရေဂင်က ဟိုက်မိုင်းမဟုတ်လား။ ဒီပိုးကောင်တွေကို အဝေးကနေထိန်းချုပ်ဖို့ လူတွေမကြားနိုင်တဲ့ နှုန်းလွန်အသံလှိုင်းတစ်ခုခုကို ထုတ်လွှင့်ရမှာပဲ။ ငါတို့သာ ကြိမ်နှုန်းလှိုင်းသိရင် အဆင်ပြေသွားပြီ။"

အေမီကတော့ မက်ဒါနာကို မျက်လုံးသေကြီးတွေနဲ့ ကြည့်ကာ စိတ်ပျက်နေတဲ့လေသံနဲ့ ပြောလိုက်လေရဲ့။ "မမလေးက လွယ်လွယ်ကူကူသဘောပေါက်နိုင်စွမ်းရှိရဲ့နဲ့ ဘာလို့မစဥ်းစားမဆင်ခြင်ဘဲ လုပ်နေတာလဲ နားမလည်နိုင်တော့ဘူး။"

"တောင်းပန်ပါတယ်နော်၊ လီဆာ။ ငါမဆင်ခြင်ဘဲ လုပ်မိသွားတယ်။ နင်နောက်တစ်ခါ သူတို့ကိုထပ်ရှာဖို့ ကူညီပေးမယ်လေ။"

လီဆာကတော့ မကျေမနပ်နဲ့ မက်ဒါနာကို လက်ပိုက်ကြည့်နေရင်းကနေ သက်ပြင်းချလိုက်တယ်။ "အခုတောင် ကျွန်မသူ့ရှာနေမှန်းသိလို့ ရေဂင်က လုပ်ကြံဖို့ကြိုးစားတာလေ။ နောက်တစ်ခါ ထပ်ရှာဖို့လွယ်ပါ့မလား။"

လီဆာပြောတာ သဘာဝကျတယ်။ ရေဂင်က အခုကိစ္စတစ်ခုခုကို လျှို့ဝှက်ကြံနေတာဖြစ်ပုံရပြီး လီဆာကို လူချင်းမတွေ့ဘဲ ရှင်းထုတ်နိုင်ဖို့ နည်းလမ်းရှာနေတာ။ တကယ်လို့ ငွေရောင်စစ်သည်ပါ သူ့ကိုလိုက်ရှာနေပြီး သူနိုင်ဖို့ခက်သွားပြီမှန်းသိရရင် ဖြစ်နိုင်သမျှ သိုသိုသိပ်သိပ်နေတော့မှာ။ ဒါဆိုရှာဖို့ခက်သွားလိမ့်မယ်။

"ထားတော့၊ ရှင်တို့သူ့ကိုရှာဖို့ ကျွန်မကိုကူညီပေးစရာမလိုဘူး။ ကျွန်မဘာသာ သူတို့အငွေ့အသက်ကို အာရုံခံနိုင်တယ်။ ကျွန်မကိုကူညီချင်ရင် ပိုးကောင်တွေပေါ်လာမှ ကူဖမ်းပေး။"

"ဟင်းဟင်း၊ ဒီတော့ လီဆာက ငါ့ကို ကူညီပေးဖို့တောင်းဆိုလာပြီပေါ့။" မက်ဒါနာကတော့ သူ့ကိုယ်သူ အထင်ကြီးနေတဲ့လေသံနဲ့ ပြောလိုက်တယ်။ အေမီကတော့ မက်ဒါနာကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ လေသံနဲ့ အခုလိုပြောလေရဲ့။

"လီဆာက မမလေးကို ဒီအတိုင်းလွှတ်ထားရင် မမလေးဘာသာသူ့ကိုကူညီဖို့လုပ်ပြီး အနှောင့်အယှက်ထပ်ပေးမှာစိုးလို့ လက်ခံလိုက်တာပါ။ မမလေးအကူအညီကို လိုချင်လို့မဟုတ်ပါဘူးရှင့်။"

All Chapters