ပရိသတ်များ
Vol. 20 Ch. 270
မဟာ ဝိညာဥ် စမ်းသပ်ပွဲ စတင်သည်နှင့် သုံးလွှာ ကြယ်တာရာ နယ်မြေ၏ လူငယ် ပါရမီရှင်လေးများမှာ ဖရိုဖရဲ၊ မတည်မြဲသည့် အဖြစ်အပျက်၊ အလှည့်အပြောင်းများထဲသို့ ပစ်ချခံခဲ့ရသည်။ တစ်ချိန်တည်း၌ ကျွင်းနာ ဂြိုဟ်ကျောက်ဖြာကြီးထက်ရှိ အကြီးအကဲများနှင့် ခေါင်းဆောင်များမှာ သူတို့၏ မျိုးဆက်များကို အလင်း မျက်နှာပြင်များမှ တစ်ဆင့် စောင့်ကြည့်နေကြသည်။ ရသမျိုးစုံ အဖုံဖုံဖြင့် တိုက်ပွဲများ အတွင်း ကိုယ်တိုင် ကျရောက်နေသည့် အလား သူတို့၏ အမူအရာများက အဆက်မပြတ် ပြောင်းလဲနေကြပေသည်။
“ဒီပြိုင်ပွဲက ငါထင်ထားတာထက် အများကြီး ပိုပြီး ရက်စက် ကြမ်းတမ်းတာပဲ...”
နဖူးထက်၌ ချိုလိမ်နှစ်ချောင်း ပါသည့် နက်မှောင်သော အသားအရေပိုင်ရှင် နတ်ဆိုး အဘိုးအိုက နောင်တရစွာ ရေရွတ်လိုက်သည်။ မျက်ရည်စ အချို့က သူ့မျက်ဝန်း၌ တွဲခိုနေကာ အသံမှာလည်း မသိမသာလေး တုန်ရီနေ၏။
ဆယ့်ငါးမိနစ်...
စမ်းသပ်ပွဲ စတင်သည့် ဆယ့်ငါးမိနစ် အတွင်းမှာပင် သူ၏ မြေးတပည့်လေးမှာ အဖြူရောင် ကြယ်တာရာ သားရဲနှစ်ကောင်ကို စိန်ခေါ်ကာ ရင်ဆိုင်ခဲ့သည်။ လောကပင်လယ် အဆင့်တွင်သာ ရှိသည့်တိုင် ထိုပါရမီရှင်လေးမှာ သားရဲနှစ်ကောင်ကို လက်ရည်ညီစွာ ရင်ဆိုင်နိုင်ခဲ့ပါသည်။
သို့သော်လည်း ကံကြမ္မာမှာ သူ့အား မျက်နှာသာ မပေးခဲ့။ တတိယမြောက် အဖြူရောင်ကြယ် သားရဲ ဝင်ရောက်လာခြင်းနှင့် အတူ အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။ သူ၏ ခံစစ်များမှာ တစ်စပြီး တစ်စ ယိုယွင်း ပျက်စီးလာကာ နောက်ဆုံး၌ သားရဲများ၏ အစွယ်များအောက်တွင် ရက်ရက်စက်စက် အသက်ပျောက်သွားခဲ့ရသည်။
ကျွင်းနာဂြိုဟ်ပေါ်ရှိ သားရဲအားလုံးက ရက်စက်ကြမ်းကြုတ်ကာ သွေးဆာနေသည်တော့ မဟုတ်ချေ။ သူတို့သည် ဂြိုဟ်ဝင်္ကပါများ၏ ထိန်းချုပ်မှု အောက်၌ ရှိနေကာ ရန်စခြင်း မခံရပါက စတင် တိုက်ခိုက်ခြင်း မပြုရန်ပင် ကန့်သတ်ခံထားသည်။ လူငယ်လေးမှာ ကံမကောင်းခဲ့ခြင်း မဟုတ်ချေ။ မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲခဲ့ခြင်းသာ ဖြစ်ပေသည်။
သားရဲ စမ်းသပ်ပွဲ၏ စည်းမျဥ်းများမှာ တရားမျှတသည်။ မဟုတ်ပါက မဟာဂိုဏ်းကြီး လေးဂိုဏ်းမှာ သူတို့၏ ပါရမီရှင် တပည့်များကို ပြိုင်ပွဲဝင်ခိုင်းလိမ့်မည် မဟုတ်ချေ။ ကံကြမ္မာက ပြိုင်ပွဲတွင် တစ်စုံတစ်ရာ အကျိုးသက်ရောက်ကောင်း သက်ရောက်နိုင်သော်လည်း ခွန်အား၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် နည်းဗျူဟာ သာလျှင် အဓိက ဖြစ်ပေသည်။
“သားရဲ စမ်းသပ်မှုက အကြိုပြင်ဆင်မှုလေး တစ်ခုသာသာပဲ... သူတို့သာ ကိုယ့်အရည်အချင်းထက် ကျော်လွန်တဲ့ စွန့်စားမှုတွေ မလုပ်ဘူး ဆိုရင် နောက်တစ်ဆင့်ကို အသာလေး တက်လှမ်းနိုင်လိမ့်မယ်”
ပိန်ပိန်ပါးပါးနှင့် အဖြူရောင် ဝတ်ဆင်ထားသည့် အယ်ဗန် မှင်စာ မျိုးနွယ် ယောက်ျား တစ်ယောက်က ရေရွတ်လိုက်၏။၊ သူပြောလိုက်သည့် စကားလုံးများက ဘေးနားရှိ လူများ၏ နှလုံးသားများထဲ စိမ့်ဝင်သွားသည်။ သူတို့ သဘောတူလိုက်မိကြ၏။ သားရဲများမှာ လူသားများထက် ပရိယာယ်နှင့် ဗျူဟာ အားနည်းကြသည် ဆိုသော်လည်း ကိုယ်တတ်နိုင်သော အကန့်အသတ်ထက် ကျော်လွန် စိန်ခေါ်မိလျှင် သေခြင်းတရား လမ်းကို မြန်းသွားရလိမ့်မည် ဖြစ်သည်။
အနန္တဧကရာဇ်ဂိုဏ်း၏ တဲနန်းထဲတွင် ချင်းရိုင်သည် တိတ်တဆိတ်နှင့် အလင်း မျက်နှာပြင်ကို ကြည့်နေခဲ့သည်။ သူမ၏ နံဘေးတွင် မဟာ အင်ပါယာ သူတော်စင်များ ဖြစ်ကြသည့် ယောင်ကျန်းနှင့် ကျိချန်းကောင်းတို့ ရှိနေကြသည်။ သူတို့သည်လည်း ကိုယ်ပိုင် အလင်း မျက်နှာပြင်များမှ တစ်ဆင့် သူတို့၏ တိုက်ရိုက် မျိုးဆက်နှင့် တပည့်များကို စောင့်ကြည့်နေကြသည်။
အခြား လူငယ်လေးများနှင့် မတူညီစွာပင် အနန္တဧကရာဇ်ဂိုဏ်း၏ တပည့်များမှာ ပိုမို စည်းကမ်း သေဝပ်ကာ စမ်းသပ်မှုကို အပြည့်အဝ အာရုံစိုက်ထားကြသည်။ သူတို့သည် တဇွတ်ထိုး စိန်ခေါ်တိုက်ခိုက်ခြင်း အစား ဝိညာဥ် ဝင်္ကပါများ၊ အစီအရင်များကို ချမှတ်ကာ ပြန်လည် ဆုတ်ခွာရန်နှင့် ကျင့်ကြံရန် အခြေစိုက် စခန်းများ တည်ဆောက်နေကြသည်။ သူတို့၏ သေသပ်သော လှုပ်ရှားမှုများက အသေးစိတ်ဆန်ကာ နည်းဗျူဟာ ကျနလွန်းသည်။
အကြီးအကဲများနှင့် မဟာ အင်ပါယာ သူတော်စင်များ၏ မျက်နှာထက်တွင် ဂုဏ်ယူမှုများက အစီအရီ နေရာယူနေကြ၏။ စိတ်ရှည်ခြင်းနှင့် သေဝပ်ခြင်းကား အနန္တဧကရာဇ်ဂိုဏ်း အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သည့် အဖိုးအတန်ဆုံး အမွေအနှစ်ပင် ဖြစ်လေသည်။ ဤလူငယ်မျိုးဆက်များနှင့် မဝေးတော့သည့် အနာဂတ် တစ်ချိန်တွင် သူတို့ ကြယ်တာရာ နယ်မြေကို ပြန်လည် အုပ်စိုးနိုင်မှာ သေချာပေသည်။
“ရှုတောင်းက အခြေစိုက် စခန်း ဆောက်ပြီးသွားပြီ... မကြာခင် သားရဲတွေကို ဖမ်းဆီးပြီး အမှတ်တွေ စုဆောင်းနိုင်တော့မယ်... ဉာဏ်ကောင်းလိုက်တဲ့ ကလေး”
ကျိချန်းကောင်းက ဂုဏ်ယူစွာနှင့် မှတ်ချက်ချလိုက်သည်။ ရှုတောင်းသည် ဗန္ဓတ်နတ်ဆိုး တစ်ယောက် ဖြစ်ကာ ကျိချန်းကောင်း၏ တိုက်ရိုက် တပည့်လေးလည်း ဖြစ်သည်။
“ဟဟ... ကျုပ်ရဲ့ ယောင်ဝေ့က ပထမဆုံး သားရဲကိုတောင် ဖမ်းဆီးပြီးသွားပြီဗျ... ခင်ဗျား ရှုတောင်းက နှေးတောင် နေသေး...”
ယောင်ကျန်း၏ မျက်လုံးများမှာ ခရမ်းရောင် မီးတောက်များဖြင့် ရွှင်မြူးစွာ လင်းလက်နေ၏။ ယောင်ဝေ့သည် သူ့သား ဖြစ်ပြီး အလွန် ပါရမီ ထူးချွန်သည်။ ထိုကလေးအား ယောင်ကျန်း အငယ်စားလေးဟုပင် ပြော၍ ရသည်။
အလင်းမျက်နှာပြင်ထဲတွင်မူ ယောင်ဝေ့သည် အဖြူရောင်ကြယ် သားရဲတစ်ကောင်ကို ဖမ်းဆီးကာ အခြေစိုက် စခန်းရှိ ထိန်းချုပ်ခန်းသို့ ယူဆောင်လာသည်။ ကောင်းကင် အုပ်စိုးသူ တစ်ယောက် အနေဖြင့် သူသည် ကြယ်အမှတ် တစ်မှတ်ကို ရရှိခဲ့ပြီ ဖြစ်လေသည်။
ကျိချန်းကောင်းက အေးစက်စက် နှာခေါင်းရှုံ့ လိုက်၏။
“အလျင်လိုတာ ဘာကောင်းလို့လဲ...”
သူ့မျက်လုံးထဲတွင် ရှုတောင်း၏ လှုပ်ရှားမှုများကသာ ပိုမို နည်းဗျူဟာ ကျနကာ ဟာကွက် မရှိအောင် ကောင်းမွန်သည်။
ယောင်ကျန်း ရယ်ရုံသာ ရယ်နေလိုက်၏။ ထိုလူအိုကြီးနှင့် ပြိုင်ငြင်းပါက အဆုံးသတ်၌ သူသာလျှင် ရှုံးနိမ့်ပေလိမ့်မည်။
ချင်းရိုင်မှာ တိတ်ဆိတ်နေ၏။ သူမ၏ မျက်လုံးများက အချစ်ရဆုံး တပည့်လေး တစ်ဖြစ်လည်း မြေးတူမလေးကို စောင့်ကြည့်နေခဲ့သည်။ သည်ကလေးမက ကံသိပ်မကောင်းဟု ပြောလို့ရသည်။ စမ်းသပ်ပွဲ စစချင်းပင် ငွေရောင် ကြယ်သားရဲ တစ်ကောင်၏ ရှေ့သို့ ပို့လွှတ်ခံခဲ့ရသည်။ ကောင်းကင်အုပ်စိုးသူ ကျင့်ကြံခြင်း အခြေခံဖြင့် ငွေရောင် သားရဲကို ရင်ဆိုင်ရခြင်းကား အလွန် အန္တရာယ် များလွန်းသည်။
သို့သော်လည်း ထိုကလေးမက ဖြတ်လတ် လျှင်မြန်ကာ အလွန် ဉာဏ်ကောင်းသည်။ ချက်ချင်းပင် ထွက်ပြေးကာ သားရဲကို မျက်ခြေဖြတ်ရန် ကြိုးပမ်းနေသည်။ သားရဲကြီးမှာ ယခုအချိန်အထိ သူမ နောက်သို့ လိုက်နေဆဲ ဖြစ်သည့်တိုင် အန္တရာယ်ကင်းကင်း လွတ်မြောက်နေဆဲ ဖြစ်ပေသည်။
မဟာ အင်ပါယာ သူတော်စင်များ ကဲ့သို့ပင် အခြား အကြီးအကဲများမှာလည်း ကိုယ်ပိုင် အလင်း မျက်နှာပြင်များမှ တစ်ဆင့် စမ်းသပ်ပွဲဝင်များကို စောင့်ကြည့်နေကြသည်။ ဝင်ရောက် စွက်ဖက်ခြင်း မပြုနိုင်သည့်တိုင် ယခုလို တိုက်ရိုက် စောင့်ကြည့်နေရခြင်းက သူတို့၏ စိုးရိမ်စိတ်များကို အနည်းငယ် လျော့ပါးစေသည်။
တစ်နာရီခန့် ကြာမြင့်ပြီးနောက် ဖန်တီးခြင်း တောင်ထွတ်၏ ကမ္ဘာဗိုလ်ချုပ် တစ်ယောက်က ထအော်လိုက်၏။ သူ၏ အော်သံက လူတိုင်း၏ အာရုံများကို ဆွဲဆောင်သွားကာ မျက်မှောင်များ ကြုတ်လျှက် တုန့်ပြန် လိုက်ကြသည်။ ကမ္ဘာဗိုလ်ချုပ်၏ မျက်လုံးများက ပြူးကျယ်နေကာ လက်များက တစ်စုံတစ်ရာကို ညွှန်ပြရန် ကြိုးစားနေဟန် ရသည်။
“ဝေ့... ဝေ့ဝူ... သူ...”
သူက အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေ၏။ သည်အကြီးအကဲက တပည့်လေး သို့မဟုတ် တိုက်ရိုက် မျိုးဆက် တစ်ယောက်ယောက် သေဆုံးသွားခြင့်ကြောင့် ယခုလို သွေးရူးသွေးတန်း ဖြစ်သွားခြင်း ဖြစ်ရမည်ဟု အခြား အကြီးအကဲများမှာ တွေးလိုက်မိကြသည်။
“သူ... သူ...”
ကမ္ဘာဗိုလ်ချုပ်မှာ မဟာ အင်ပါယာ သူတော်စင်များကို လှမ်းကြည့်ရင်း တစ်စုံတစ်ခုအား ပြောပြရန် ကြိုးပမ်းသေနည်။ ဒေါသကြီးသော ယောင်ကျန်းမှာ စိတ်မရှည်တော့ချေ။ သူက လက်တစ်ဖက်ကို လှုပ်ယမ်းလိုက်ရာ အကြီးအကဲ၏ အရှေ့မှ အလင်း မျက်နှာပြင်က ရွေ့လျားသွား၏။
ဟူး...
တစ်ခဏအတွင်းမှာပင် အလင်း မျက်နှာပြင် အားလုံး မြင်နိုင်သည် အထိ ကြီးမားသွားကာ ဖြစ်ရပ်ဆိုး တစ်ခုကို ထုတ်ဖော် ပြလေတော့သည်။ အကြီးအကဲများမှ အစ... မဟာ အင်ပါယာ သူတော်စင်များ အဆုံး တက်ရောက်လာသူ အားလုံးမှာ ပြသနေသည့် မြင်ကွင်းကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားကြလေတော့၏။
ထိုမြင်ကွင်းအား သတိထားမိသည်က အနန္တဧကရာဇ်ဂိုဏ်း တစ်ခုတည်း မဟုတ်ချေ။ မဟာ ဂိုဏ်းကြီး လေးဂိုဏ်း စလုံး ဖြစ်သည်။
သတိမထားမိပဲ ခံနိုင်ရိုးလား...။ ရွှေကြယ် အဆင့် သားရဲသုံးကောင်နှင့် ကောင်းကင် အုပ်စိုးသူ တစ်ယောက်...။ ထို့အပြင် ထိုကောင်းကင် အုပ်စိုးသူကလည်း အခြားလူ မဟုတ်။
ဝေ့ဝူယင်...
အနာဂတ်တွင် အဂ္ဂိရတ် အင်ပါယာ ကျိန်းသေဖြစ်လာမည့်သူ...
လွန်ခဲ့သည့် နှစ်ပိုင်းအတွင်း ထွက်ပေါ်လာသော ကောလဟလများ အရ ဝေ့ဝူယင်မှာ အဂ္ဂိရတ် လမ်းစဥ်တွင်သာ မက၊ တိုက်ခိုက်ရေးတွင်လည်း အလွန် ထူးချွန်သည်ဟု ဆိုကြသည်။ ထိုအရာက အမှန်ဖြစ်မည်လား သူတို့ သိချင်နေကြသည်။ အကယ်၍ တိုက်ပွဲတွင်သာ အသတ်ခံရသွားပါက ထိုကောလဟလများမှာ ချဲ့ကား ပြောဆိုခြင်းသာ ဖြစ်ပေလိမ့်မည်။
အဂ္ဂိရတ် အစည်းအရုံး၏ တဲနန်းအတွင်းဝယ် ချင်ကူးယွင်မှာ အလင်းမျက်နှာပြင်ကို စူးစိုက် ကြည့်နေခဲ့သည်။ ထာဝရ မင်းသားလေးက သူ့ကိုယ်သူ သည်အခြေအနေ ရောက်အောင် ဆွဲချလိမ့်မည်ဟု သူ ထင်မှတ် မထားခဲ့ချေ။ သို့သော်လည်း ဤသည်မှာ သူ၏ အလားအလာနှင့် အရည်အချင်းကို အကဲဖြတ်ရန် အခွင့်အရေး တစ်ခုတော့ ဖြစ်နေပေသေးသည်။
ချင်ချူးယွင်၏ ဘေးတွင်မူ ငွေရောင် ဇာပုဝါဖြင့် မျက်နှာကို အုပ်ထားသည့် မိန်းကလေး တစ်ဦး ရှိနေ၏။ သူမ၏ ခုနစ်ရောင်ခြယ် မျက်ဝန်းအိမ်မှာ ဇာပုဝါကိုပင် ဖြတ်ကာ တလက်လက်ဖြင့် တောက်ပနေသည်။ ထိုမျက်ဝန်းများမှာလည်း တူညီစွာပင် အလင်း မျက်နှာပြင်ထက်ရှိ ပုံရိပ်ကို စိုက်ကြည့်နေခဲ့လေသည်။
“သူ... သူ သေသွားတော့မှာလား...”
မျက်သုံးလုံး မဟူရာ ကျီးကန်း၏ တိုက်ခိုက်မှုကြောင့် အရှိန်ပြင်းစွာ လွင့်စဥ်သွားသည့် ဝေ့ဝူယင်ကို ကြည့်ရင်း မိန်းကလေး စိုးရိမ် ထိတ်လန့်စွာဖြင့် မေးလိုက်လေ၏။
ရွှေကြယ် သားရဲတစ်ကောင်ချင်းစီမှာ အာကာသ ပဲ့တင်သံ အဆင့်များကို မယှဥ်နိုင်လျှင်ပင် ဝိညာဥ်ဆင်းတုများထက် သာသည်ကတော့ အသေအချာပင် ဖြစ်သည်။ ထိုကဲ့သို့ သားရဲ သုံးကောင် စုပေါင်းနေချိန်တွင် ထာဝရ မင်းသားလေးမှာ ကောင်းကင်အုပ်စိုးသူ တစ်ယောက်မျှသာ ဖြစ်သည်။ ထို့အပြင် သူ့တွင် ဘာဆို ဘာအကာအကွယ် ဝင်္ကပါမှ မရှိ...။
ချင်ချူးယွင်မှာ တည်ငြိမ်ရန် ကြိုးပမ်းနေ၏။ သို့သော်လည်း သူ၏ လက်သီးများကမူ တင်းကြပ်စွာဖြင့် ဆုပ်ကိုင်နေသည်။
“သူ ဒီလောက် လွယ်လွယ် မသေနိုင်ပါဘူး...”
မိန်းကလေးအား နှစ်သိမ့်ရန် ကြိုးပမ်းလိုက်သော်လည်း သူကိုယ်တိုင်၏ အသံကမူ ယုံကြည်ချက် ရှိခြင်းများ ကင်းမဲ့နေသည်။ သည်တိုက်ပွဲတွင် ဝေ့ဝူယင် မတော်တဆ သေသွားလျှင် မည်သို့ လုပ်မည်နည်း။ အဂ္ဂိရတ် အစည်းအရုံးအား နောက်တစ်ဆင့်သို့ တွန်းပို့ရန် နှစ်နှင့်ချီ သူ ကြိုးပမ်းခဲ့သည့် အကြံအစည်အားလုံး သဲထဲရေသွန် ဖြစ်သွားနိုင်သည်။
သူ၏ မျှော်လင့်ချက်များ မှေးမှိန်ခါစ ပြုလာချိန်မှာပင် လက်တစ်ဖက်မှာ အက်ကြောင်းကြားမှ တိုးထွက်ကာ ခန္ဓာကိုယ် တစ်ခုလုံး မထိမခိုက် ထွက်ပေါ်လာခဲ့လေ၏။ ထိုအနီးအနားတွင် မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရသော်လည်း ချင်ကူးယွင်တို့မှာ နည်းနည်းမျှ စိတ်မဝင်စားပါချေ။
ဝေ့ဝူယင်မှာ ထိုမိန်းကလေးကို စကားတစ်ခွန်း နှစ်ခွန်း ပြောပြီးနောက် ရွှေကြယ် သားရဲများဘက် ပြန်လှည့်လိုက်၏။ ထို့နောက်တွင် အလွန် ကြောက်မက်ဖွယ် ကောင်းသည့် အင်အားများမှာ သူ၏ ရင်ဘတ် ရှိရာမှ ပေါက်ကွဲ ထွက်ပေါ်လာကာ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့တော့သည်။
“နေဦး...”
ရုတ်တရက် ချင်ကူးယွင်၏ မျက်လုံးများက ပြူးကျယ်သွားကာ အသက်ရှူသံများပင် ဖရိုဖရဲ ဖြစ်သွားသည်။ စောနက ဝေ့ဝူယင်၏ နှလုံးသားထဲ၌ ရှိနေသည့် ကြယ်တာရာ အမြုတေ ကောက်ကြောင်းကို သူ လှစ်ခနဲ မြင်လိုက်ရသည်။ ကြယ်တာရာ အမြုတေများမှာ ကျင့်ကြံခြင်း နည်းလမ်းပေါ် မူတည်၍ နေရာအမျိုးမျိုး၌ တည်ရှိနိုင်သောကြောင့် သူ့အား အံ့သြစေသည်က တည်နေရာ မဟုတ်သည်ကတော့ သေချာပေသည်။ ဤသို့ဆိုလျှင် အဘယ်နည်း။
“မဖြစ်နိုင်ဘူး... ဒီလောက် ကြီးမားတဲ့ဟာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ...”
ချင်ကူးယွင် ထကာ အော်ဟစ်လိုက်မိ၏။ အမြင်များ မှားသွားတာလားဟု သူ စိတ်ထဲက တွေးလိုက်မိသေးသည်။ သို့သော်လည်း ကြယ်တာရာ အမြုတေ အဆင့်ခြောက် တစ်ယောက်၏ အမြင်အာရုံက မည်ကဲ့သို့ မှားယွင်နိုင်ပါမည်နည်း။
“အဘိုး ဘာဖြစ်လို့လဲ...”
မိန်းကလေး၏ ချိုသာသော အသံလေးကြောင့် ချင်ကူးယွင်၏ အာရုံများမှာ ပြန်လည် စုစည်းလာကာ ဘေးနားသို့ လှည့်ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းများက ခြောက်သွေ့နေကာ တစ်စုံတစ်ရာအား မယုံကြည်နိုင်အောင် ဖြစ်နေပုံ ပေါ်သည်။
“ယဥ်အာ... လောကပင်လယ် အဆင့် တစ်ယောက်ရဲ့ ပျမ်းမျှ ကြယ်တာရာ အမြုတေ အရွယ်အစားက ဘယ်လောက်လဲ”
***