← Chapters

သားရဲ သုံးကောင်နှင့်

Vol. 20 Ch. 271

သားရဲ သုံးကောင်နှင့်

Vol. 20 Ch. 271

“ယင်အာ... လောကပင်လယ် အဆင့် တစ်ယောက်ရဲ့ ပျမ်းမျှ ကြယ်တာရာ အမြုတေ အရွယ်အစားက ဘယ်လောက်လဲ”

ချင်ကူးယဥ်မှာ ထိုမေးခွန်းနောက်မှ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်သည့်တိုင် အလိုက်သင့် အဖြေပေးရန်သာ ဆုံးဖြတ်လိုက်သည်။

“တစ်မီတာရဲ့ အပုံတစ်သောင်းပုံ တစ်ပုံပါ အဘိုး...”

ထိုအရာက ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော်ပြီးသည့် လောက ပင်လယ် အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ပျမ်းမျှ ကြယ်တာရာ အမြုတေ အရွယ်အစား ဖြစ်သည်။  ထိပ်တန်းဆိုသော ပါရမီရှင်များမှာမူ ထိုထက် မဆိုသလောက်လေး ပိုကြီးကောင်း ကြီးနိုင်သည်။

“ကောင်းကင်အုပ်စိုးသူတွေရဲ့ အမြုတေရော...”

ချင်ကူးယွင်က ဆက်မေးလိုက်၏။

“တစ်မီလီမီတာရဲ့ တစ်ဝက်လောက်ပါ...”

၎င်းက လောကပင်လယ် အဆင့် ကျင့်ကြံသူထက် ငါးဆမျှ ပိုမို ကြီးမားသော အရွယ်အစား ဖြစ်သည်။ ချင်ကူးယဥ်မှာ သိပ်နားမလည်နိုင်သေး...။ အဘိုးက အဘယ်ကြောင့် ရုတ်တရက်ကြီး အရွယ်အစားများကို မေးနေရသနည်း။

“နေဦး... မဟုတ်မှ လွဲရော...”

ချင်ကူးယဥ် တစ်စုံတစ်ရာကို ရိပ်မိသွားဟန်နှင့် အဘိုးဖြစ်သူကို ကြည့်လိုက်၏။

“သူ့ရဲ့ အရွယ်အစားကရော အဘိုး...”

ချင်ကူးယွင် လေကို လေးလေးနက်နက် ရှူသွင်းလိုက်၏။ မျက်လုံးများထဲမှ ထိတ်လန့် တုန်လှုပ်မှုကတော့ ဆက်လက် နေရာယူနေဆဲ ဖြစ်သည်။ နိမ့်ကျသည့် ကျင့်ကြံခြင်း အဆင့်ကြောင့် မိန်းကလေးမှာ ကြယ်တာရာ အမြုတေ အရွယ်အစားကို မြင်နိုင်စွမ်း မရှိသည့်တိုင် သူမတော့ ခြားနားလှပေသည်။

“တစ်စင်တီမီတာ...”

...

ဝေါင်း...

ဝေ့ဝူယင်၏ အသက်ရှူသံတိုင်းက ပြင်းထန်သည့် အင်အားနှင့် အတူ အစစ်အမှန် နဂါးတစ်ကောင်၏ မြင့်မြတ် ထည်ဝါသော ဟိန်းဟောက်သံ သဲ့သဲ့ကို သယ်‌ဆောင်ထားသည်။ တစ်စင်တီမီတာရှိသည့် ကြယ်တာရာ အမြုတေသည် အဆုံးမဲ့ စွမ်းအားတို့ကို ထုတ်လွှတ်ရင်း သူ၏ သွေးသား ခန္ဓာကို နဂါးစွမ်းအားဖြင့် ထုံမွှမ်းနေသည်။ ထိုအခိုက်၌ သူ၏ သဏ္ဌာန်က လောကကို မီးလောင်တိုက် သွင်းပစ်တော့မည့် နဂါးမင်းသား တစ်ပါးနှင့်ပင် တူနေသေး၏။

ပတ်ဝန်းကျင်ရှိ ရွှေကြယ်သားရဲများသည် ဝေ့ဝူယင်ထံပါးမှ ထွက်ပေါ်နေသော ဖိအားများကို ပြန်လည် တွန်းလှန်ရန် အတွက် သူတို့၏ ကိုယ်ပိုင် အရှိန်အဝါများကို တန်ပြန်ထုတ်လွှတ်လိုက်ကြသည်။ ချက်ချင်းပင် လောကြီးမှာ တဖြိုးဖြိုး ဖျောက်ဖျောက် မြည်ဟည်းလာကာ ကြီးမားသည့် ဖိအားလေထဲကြီး အတွင်း ကျဆင်းသွားလေသည်။

ချင်ချူးမူမှာ မျက်နှာတစ်ခုလုံးဖြူရော်သွား၏။ စွမ်းအင်မုန်တိုင်းကြီး၏ အလယ်၌ သူမမှာ စက္ကန့်ပိုင်းမျှ ခုခံနိုင်စွမ်းပင် မရှိပဲ သစ်ရွက် တစ်ရွက်လို လွင့်စင်သွားသည်။ ကံကောင်းထောက်မစွာပင် ဝေ့ဝူယင်သည် ချက်ချင်းပင် နဂါးအင်အားကို ထုတ်လွှတ်ကာ  သူမအား ခပ်လှမ်းလှမ်း တစ်နေရာသို့ ပို့လွှတ်လိုက်လေသည်။

ရွှေကြယ်သားရဲသုံးကောင်မှာ သူမအား နည်းနည်းမျှ သောက်ဂရုမစိုက်...။ သူတို့၏ လက်ရှိ ပစ်မှတ်က ရှေ့ရှိ ငွေ‌‌ရောင် မျက်လုံးများ ပိုင်ရှင်သာ ဖြစ်ပေသည်။

ရား...

အဖြူရောင် မီးလျှံကျားမှာ ပထမဆုံး စတင် လှုပ်ရှားလာ၏။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက လျှပ်စီးတစ်စ အလား ခုန်ဝင်ကာ ဝေ့ဝူယင် အရှေ့သို့ ရောက်ရှိလာသည်။ မီးလျှံ့ တငြီးငြီး တောက်ပနေသည့် ချွန်ထက်လှသော လက်သည်းရှည်များကမူ ဝေ့ဝူယင်၏ ဦးခေါင်းဆီသို့...။

ဝေ့ဝူယင် စိတ်လှုပ်ရှားစွာ ပြုံးလိုက်၏။ သူသည် သားရဲများနှင့် မျက်နှာချင်းဆိုင် သိပ်မတိုက်ခိုက် ဖူးသည့်တိုင် မည်ကဲ့သို့ တုန့်ပြန်ရမည်ကို အကြိမ်ကြိမ် လေ့လာခဲ့ပြီး ဖြစ်သည်။ သူ တည်ငြိမ်စွာပင် ရပ်ရင်း လက်ဝါးအား ဖြန့်ကာ ထိုလက်သည်းများကို ဆုပ်ကိုင်လိုက်သည်။

ခွန်အားအရ ပြောရလျှင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်က အကောင်သေးသည့်တိုင် မီးလျှံကျားထက် အဆင့်ဆင့် သာလွန်၏။ ထို့အပြင် နဂါးဝိညာဥ် ခရာတို၏ ပံ့ပိုးမှုကိုလည်း ရရှိထားသေးရာ သက်လုံပိုင်းမှာ မစဥ်းစားနိုင်လောက်သော အဆင့်တစ်ခုထိ ရောက်ရှိနေသည်။ သူနှင့် ခန္ဓာကိုယ် သီးသန့် ယှဥ်ပြိုင်ရန် ကြိုးစားခြင်းက မိုက်ရူးဆန်ကာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။

“ငါ့အလှည့်ရောက်ပြီ...”

ဝေ့ဝူယင် မီးလျှံကျား၏ လက်သည်းများကို ဆုပ်ကိုင်ရင်း ကောင်းကင်သို့ တဟုန်ထိုး ပျံတက်လိုက်၏။ ကျားမှာ ရုန်းကန်ရန် ကြိုးစားသည့်တိုင် ဘာမှ မတတ်နိုင်ပဲ တန်းလန်းကြီး ပါလာခဲ့သည်။ အမြင့် မီတာသုံးရာခန့်သို့ ရောက်သည်နှင့် ဝေ့ဝူယင်မှာ ထိုသတ္တဝါဆိုးကြီးကို အရှိန်အဟုန်နှင့် မြေကြီးပေါ်  ကိုင်ပေါက် ချလိုက်လေတော့၏။

ဘုန်း...

ကျားကြီးမှာ ခြေကားယား လက်ကားယားဖြင့် မြေပြင်ပေါ် ပြုတ်ကျသွားကာ ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာသည်။ ဘေးနားရှိ သစ်ပင်များမှာ အရှိန်အဟုန်နှင့် ပြတ်ထွက်ကုန်ကာ တုန်ခါမှုကြီးက မိုင်ထောင်ချီ ဂဏန်းကိုပင် ပျံ့နှံ့သွား၏။ တစ်ခဏအတွင်းမှာပင် မီးလျှံကျားကြီးကား မှောက်သွားခဲ့ပြီ ဖြစ်လေသည်။

ဂီး...

မျက်သုံးလုံး မဟူရာ ကျီးကန်းမှာ ကျားရဲ၏ အဖြစ်ဆိုးကို ကြည့်ကာ ထိတ်ထိတ်ပြာပြ ဖြစ်သွား၏။ ချက်ချင်းပင် ၎င်း၏ တြိဂံသဏ္ဌာန် မျက်လုံးများက အရောင်ပြောင်လဲသွားကာ အမှောင်တိုက်ကြီး တစ်ခုမှာ ဝေ့တူယင်၏ အသိစိတ် ပင်လယ် အတွင်း တိုးဝင်လာသည်။ ထိုအရာက စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ဖြစ်ပြီး မျက်သုံးလုံး မဟူရာ ကျီးကန်းမျိုးစိတ်၏ အထင်ရှားဆုံးသော တိုက်ခိုက်ပုံလည်း ဖြစ်သည်။

သို့သော်လည်း ဝေ့ဝူယင် သူ၏ အသိစိတ် ပင်လယ်ကို နဂါးအင်အားဖြင့် အစောကတည်းက ကာကွယ်ပြီးသား ဖြစ်လေသည်။ သူက ကျီးကန်းဆီသို့ မရွေ့လျားမှီ မြေပြင်၌ ယက်ကန်ယက်ကန် ထရန် ကြိုးစားနေသည့် ကျားကြီးဆီ ဆင်းသက်ကာ ဖနှောင့်စာ တစ်ချက် ကျွေးလိုက်သည်။

ထို့နောက် မီတာပေါင်းများစွာ ကြီးမားသည့် ကျားကြီး၏ ဦးခေါင်းထက်၌ ရပ်ရင်း မျက်သုံးလုံး ကျီးကန်းကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးများက ခါတိုင်းကဲ့သို့ပင် ကြည်လင်ကာ ငွေရောင် တလက်လက် တောက်ပနေ၏။  မည်သည့် အနှောက်အယှက်မှ ရှိပုံ မရ...။

ဂီး...

မျက်သုံးလုံး ကျီးကန်းမှာ ထိုအချင်းအရာကို မြင်ရာ ကြောက်ရွံ့ ထိတ်လန့်စွာ တွန်သံတစ်ချက် ပေးလိုက်၏။ ထို့နောက် ၎င်းက အတောင်ပံများက တဖျပ်ဖျပ် ခတ်ရင်း ကောင်းကင် ပထမ အလွှာနှင့် ထိလုနီးပါး အထိ ပျံတက်လိုက်သည်။

ဘုန်း...

ဝေ့ဝူယင် ကျီးကန်းအား ရှင်းလင်းရန် ကောင်းကင်ဆီ လိုက်လံ ပျံတက်လိုက်၏။ ထိုအခိုက်တွင်ပင် ကမ္ဘာမြေပြင်တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ အလွန် ကြီးမားသော ပါးစပ်ကြီး တစ်ခု ထွက်ပေါ်လာသည်။ အလစ်အငိုက်ကို ချောင်းနေသော တိုက်တန် တီကောင် မြွေကြီးကား စတင် တိုက်ခိုက်လိုက်ချေပြီ ဖြစ်လေသည်။

“တကယ် အပုန်းတော်တဲ့ တီကောင်ကြီးပဲ...”

ရုတ်တရက် ဝေ့ဝူယင်၏ အသံက ထွက်ပေါ်လာ၏။ ထိုအသံက သူ ထင်မှတ်ထားသည့် နေရာမှ လာရောက်ခြင်း မဟုတ်ရာ တိုက်တန် တီကောင် မြွေကြီးမှာ သံသယ ဖြစ်သွား၏။ ၎င်း၏ မျက်လုံးများက ရွေ့လျားရင်း ပါးစပ်ဝကို ကြည့်လိုက်ရာ ထိုနေရာတွင် ဘာမှ ရှိမနေသည်ကို တွေ့လိုက်ရသည်။

“ငါက မင်းအပေါ်မှာ တီကောင်ကြီးရဲ့...”

ဝေ့ဝူယင်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ နောက်ဆုံး၌ တိုက်တန် တီကောင် မြွေကြီးမှာ ဝေ့ဝူယင် ရှိနေသည့် နေရာကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုလူသားမှာ သူ၏ ဦးခေါင်းထက်၌ ရှိနေချေသည်။

“မင်းက နှေးရုံတင် မက တုံးလည်း အတော်တုံးတာပဲကွ”

ဝေ့ဝူယင် ခေါင်းခါလိုက်၏။ သူ၏ ပုံစံက တီကောင်စီးရသည့် အတွေ့အကြုံသစ်တွင် အတော်လေး ပျော်မွေ့နေပုံ ရသည်။

ရွှီး...

မြွေကြီးမှာ ဒေါသတကြီးနှင့် တွန့်လိမ်ကာ ခါချရန် ကြိုးစားလိုက်သည်။ ထိုအခိုက်တွင်ပင် ဝေ့ဝူယင်က တဟားဟား ရယ်မောရင်း လက်သီးဆုပ်ကာ ထိုးချလိုက်၏။ နဂါးဟိန်းသံ သဲ့သဲ့နှင့် အတူ တိုက်တန် တီကောင် မြွေကြီးမှာ မီးလျှံကျား ကဲ့သိုပင် မြေပြင်ပေါ် အရှိန်အဟုန်နှင့် ပြန်လည် ပြုတ်ကျသွားသည်။

ဘုန်း...

ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ မြွေကြီးမှာ မြေပြင်တွင် ဆင်းဆင်းကြီး ငြိမ်သက်သွားသည်။ ဝေ့ဝူယင် အတော်လေး ထိတ်လန့်သွား၏။ ထိုကောင်ကြီးသာ သေသွားပါက တစ်မှတ်မှ မရသေးသည့် သူ၏ ကြယ်အမှတ်များ အနုတ်ပြ ခံရလိမ့်မည် ဖြစ်သည်။ သူ ဝိညာဥ် အာရုံကို အလျှင်အမြန် ဖြန့်ကျက်ကာ စစ်ဆေးကြည့်လိုက်၏။ ကံကောင်းထောက်မစွာပင် မြွေကြီးမှာ မသေသေးပဲ သတိလစ်နေခြင်း ဖြစ်ကြောင်း သိလိုက်ရသော အခိုက်တွင်မှ သူ သက်ပြင်းချနိုင်တော့သည်။

“ကဲ... မင်းအလှည့်ရောက်ပြီ...”

နောက်ဆုံး၌ ဝေ့ဝူယင်၏ အကြည့်များက ကောင်းကင်ရှိ မျက်သုံးလုံး မဟူရာ ကျီးကန်းထံသို့ ရွေ့လျားသွား၏။ အမှောက်သိပ်ခံထားရသည့် သားရဲကြီး နှစ်ကောင်ကို ကြည့်ရင်း ကျီးကန်းကြီးမှာ အလွန်အမင်း ထိတ်လန့် တုန်လှုပ်နေခဲ့ပြီ ဖြစ်လေသည်။

ဂီး...

၎င်းက နောက်ဆုံး ကြိုးပမ်းမှု အနေဖြင့် စူးစူးရှရှ အော်ဟစ်လိုက်ရင်း အမှောင်ထုများအား အစွမ်းကုန် ပစ်လွှတ်လိုက်၏။

ဘုန်း...

ကြောက်မက်ဖွယ် အမှောင်ထုလှိုင်းကြီးမှာ သစ်တော တစ်အုပ်လုံးကို ဖုံးလွှမ်းသွားကာ နေအလင်းကိုပင် တိုက်စားသွား၏။ ဝေ့ဝူယင်မှာ တဒင်္ဂမျှ မျက်လုံးကန်းသွားသလို ခံစားလိုက်ရ၏။ အရာအားလုံး ပြန်လည် ကြည်လင် သွားချိန်၌ မျက်သုံးလုံး ကျီကန်းမှ မူလနေရာမှ အစအနပင် ရှာမရအောင်ပင် ‌ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေတော့သည်။

“အထင်ကြီးစရာ ကောင်းလိုက်တဲ့ အရည်အချင်းပဲ... ကြည့်ရတာ မင်းက ဒီစမ်းသပ်မှုရဲ့ အစွမ်းအထက်ဆုံး သားရဲဖြစ်မယ် ထင်တယ်”

ဝေ့ဝူယင် မျက်လုံးများ တောက်ပစွာဖြင့် အနောက်အရပ်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။ ကျီးကန်း ဘယ်‌လောက် မြန်မြန် သူ့ အာရုံမှ မည်ကဲ့သို့ လွတ်နိုင်ပါမည်နည်း။

ဝေ့ဝူယင် သတိလစ် မေ့မြောနေသည့် ရွှေကြယ်အဆင့် သားရဲနှစ်ကောင်ကို လှမ်းကြည့်လိုက်သည်။ လွယ်လွယ်နှင့် ပြန်သတိရလာနိုင်မှာ မဟုတ်ကြောင်း သေချာသော အခါတွင်မှ ချင်ချူးမူဘက်သို့ လှည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်လေ၏။

“ငါခု ပြန်လာခဲ့မယ်”

စကားဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ်က ချင်ချူးမူ၏ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။ မကြာခင် အနောက်ဘက် မိုးကုပ်စက်ဝိုင်း အစွန်းမှလာသည့် တိုက်ခိုက်သံနှင့် အော်ဟစ်သံ သဲ့သဲ့ကိုသာ သူမ ကြားလိုက်ရလေတော့သည်။

***

All Chapters