ဘော့စ်က ငါ့ မရလို့ ရူးသွားခဲ့ပြီ
Vol. 48 Ch. 709
နံနက်စာ စားပြီးနောက် နှစ်ယောက်မှာ ပစ္စည်းများ သိမ်းပြု၍ အလုပ်ကိုယ်စီသို့ ထွက်လာခဲ့ကြ၏။
လင်းရီ ကုမ္ပဏီကို ရောက်တော့ ဟော်ယွမ်ယွမ်၏ ရုံးခန်း တံခါးအား ကန်ကျောက်၍ ဖွင့်လိုက်သည်။သို့သော်လည်း အထဲတွင် မည်သူကမျှ ရှိမနေချေ။
“ ဘော့စ်လင်း… ရောက်လာပြီလားရှင့်…”
ပြောလိုက်သူကတော့ ဟော်ယွမ်ယွမ်၏ အတွင်းရေးမှူး ဖြစ်သူပင်။
“ အင်း ... ဟော်ယွမ်ယွမ် ဘယ်သွားခဲ့လဲ…”
“ အခု ရင်းနှီးမြုပ်နှံမှုအကြောင်း ဆွေးနွေးနေကြတာလေ… ဒါရိုက်တာဟော်နဲ့ ဒါရိုက်တာထျန်က အစည်းဝေးခန်းထဲမှာပါရှင့်… သွားခေါ်ပေးရမလားမသိဘူး…”
လင်းရီ ခေါင်းခါရမ်းလိုက်ပြီး “ မလိုဘူး… သူတို့အလုပ် သူတို့ လုပ်ပါစေ….”
“ နားလည်ပါပြီ …”
လင်းရီ လှည့်ထွက်လာပြီး ချီရှန်းကျောက် ရုံးခန်းဘက်သို့ ဦးတည်လိုက်၏။
ရုံးခန်းထဲတွင်တော့ ချီရှန်းကျောက်အပြင် ဆံပင်ဂုတ်ဝဲနှင့် အမျိုးသမီးတစ်ယောက် ရှိနေလေသည်။ မှင်သက်ဖွယ် အလှတရားတို့ မရှိသော်ငြား မျက်စိပဒါသတော့ ရှိလှ၏။
လင်းရီ ဝင်ရောက်လာသည့် အချိန်၌ သူမက ချီရှန်းကျောက်ကို ရေနွေးကြမ်း ကမ်းပေးနေသည်။
လင်းရီ သူမကို မှတ်မိ၏။ သူမက ကျန်းမင်ဖြစ်ပြီး ဖောင်ဒေးရှင်းဌာန၏ မန်နေဂျာတစ်ယောက်ပင်။
“ ဘော့စ်လင်း…!”
လင်းရီဝင်လာသည်ကိုမြင်တော့ နှစ်ယောက်မှာ သူခိုးလူမိသွားသကဲ့သို့ အနည်းငယ် ကိုးရို့ကားယား ဖြစ်သွားခဲ့ပြီး မတ်တပ်ရပ် နှုတ်ဆက်လိုက်ကြ၏။
“ ချီကြီး … မဆိုးဘူးပဲ… ဌာနမန်နေဂျာတောင် မင်းကို လက်ဖက်ရည် ကမ်းပေးရတယ်ဆိုတော့…” လင်းရီ ရယ်သွမ်းလိုက်ပြီး “ ဒီလိုလုပ်… ငါ HR ဌာနကို ပြောပြီးတော့ သူ့ကို မင်းရဲ့ စီနီယာ လက်ထောက် လုပ်ခိုင်းလိုက်မယ်လေ…”
“ မလိုပါဘူးဗျာ.. မလိုပါဘူး…” ချီရှန်းကျောက် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး “ ဒီတိုင်း လက်ဖက်ရည်လေးပါ… တခြား ဘာအဓိပ္ပာယ်မှ မရှိပါဘူး…”
သို့နှင့် ချီရှန်းကျောက် ကျန်းမင်ကို ကြည့်လိုက်ပြီး “ လုပ်စရာရှိတာ သွားလုပ်တော့…”
“ ဘော့စ်လင်း… ဒါရိုက်တာချီ… ခွင့်ပြုပါဦးရှင့်…”
ကျန်းမင် သူမ ခေါင်းကို ငုံ့လျက်ပြောလိုက်ပြီး ဆက်လက်နေထိုင်ဖို့ရာ ရှက်ရွံ့နေလေသည်။
လင်းရီ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွှတ်သွားခဲ့၏။ သူ အနှီ ကျောက်တုံးခေါင်း ချီရှန်းကျောက်အတွက် ပျော်ရွှင်ပေးရမည်လော.. သို့မဟုတ် ဒေါသထွက်ပေးရမည်လော ဆိုတာ မသိတော့ချေ။
'ယွမ်ယွမ် … မင်းလည်း ငကြောက်.. တကယ်လို့ မင်းသာ နည်းနည်းလေး လက်သွက်လိုက်မယ်ဆိုရင် ချီကြီးက မင်းအပိုင် ဖြစ်လာမှာပဲ မဟုတ်ဘူးလား….'
' ပြီးတော့ ဒီကောင်ကလည်း တကယ့်ကို သောက်ပိန်းရယ်…'
စိတ်ထဲတွင် ထိုသို့ ကျိန်ဆဲလိုက်သော်လည်း လင်းရီ အာသာမပြေ။ ထို့ကြောင့် သူ့ဖုန်းကို ထုတ်လိုက်ပြီး ဟော်ယွမ်ယွမ်ထံ ဝီချက်မှတစ်ဆင့် စာပို့လိုက်၏။
“ ဘာမှတော့မဟုတ်ဘူး… မင်းကတော့ သေပြီ…”
ဟော်ယွမ်ယွမ် “???”
‘ ငါဘာလဲ လုပ်မိလို့…’
“ ဘော့စ်… ကျွန်တော်တို့ မိုဘိုင်းဖုန်း စီးပွားရေးမှာ အတိုင်းအတာတစ်ခု အထိတော့ တာရောက်နေပြီ… ကျွန်တော်တို့ စက်ရုံ အသေးစားလေး တစ်ခုတွေ့ထားတယ်.. ဒါပေမယ့် အနည်းအကျဉ်းလောက်လေးပဲ ထုတ်လုပ်နိုင်မှာ… တိုက်ဆိုင်ချင်တော့ ကျွန်တော်တို့ကလည်း လူတိုင်း သက်နိုင်မယ့် ဖုန်းတွေ ထုတ်မှာဆိုတော့ ဘော့စ်ရဲ့ လိုအပ်ချက်နဲ့ လုံးဝကိုက်ညီပါတယ်….”
“ ဘယ်လောက်ပေးလိုက်ရလဲ….”
“ သန်းရှစ်ဆယ်ပါဘော့စ်…”
“ ဟမ်… စက်ရုံ အသေးစားလေးက အဲ့လောက်တောင် ပေးရတယ်လား….”
“တစ်ဖက်သူက လျော့ပေးဖို့ ငြင်းဆန်နေတော့…………..”
“ အဆင်ပြေပါတယ်… သူ့အစား အပြစ်ခံပေးမနေနဲ့… ယွမ်ယွမ်လို စေးနှဲတဲ့သူက အကြောင်းပြချက်မရှိပဲနဲ့ အဲ့လောက် ပိုက်ဆံအများကြီး သုံးမှာ မဟုတ်ဘူး….”
“ အဲ့ဒါက…”
ချီရှန်းကျောက် တခဏမျှ ချီတုံချတုံ ဖြစ်သွားခဲ့၏။
ဘော့စ်က တကယ့်ကို ရှေ့ရေး ကြိုမြင်နေတာပဲ…
“ ယွမ်ယွမ်ပြောတာတော့ သူဌေးရဲ့ သားလေးက အရမ်းချောတော့ ဈေးမဆစ်ချင်တော့တာတဲ့…”
“ ဖက်ခ်…”
လင်းရီ ဖုန်းထုတ်လိုက်ပြီး ဟော်ယွမ်ယွမ်ထံ စာပြန်ပို့လိုက်၏။ “ သောက်ရူး… မင်း တစ်သက်လုံး လင်မရပါစေနဲ့…”
ဟော်ယွမ်ယွမ် “ ??? “
‘ ငါဘယ်သူ့ကို အပြစ်ပြုမိလို့လဲ ‘
အစည်းအဝေးခန်းထဲတွင် ဟော်ယွမ်ယွမ်မှ သူမနှင့် လင်းရီတို့ စကားဝိုင်းကို စခရင်ရှော့ခ်ရိုက်ပြီး ဝီချက်ပေါ်သို့ ယခုလိုရေးပြီး တင်လိုက်၏။
“ ငါ့သူဌေးက ငါ့ကို မရနိုင်လို့ ရူးသွားခဲ့ပြီ….”
ရုံးခန်းထဲတွင်တော့ ချီရှန်းကျောက်မှ သူ၏ လတ်တလော လုပ်ငန်းဆောင်တာများကို လင်းရီထံ တင်ပြနေလေသည်။
လုံရှင်း၏ မားကတ်တင်းပလန်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ပြီးမြောက်ဖို့ရန်အတွက် အနည်းဆုံး တစ်ပတ်မှ လဝက်ခန့်အထိသာ လိုအပ်တော့သည်။
ဟောင်ကောင်ရှိ အစီအစဉ်ကလည်း တရွေ့ရွေ့နှင့် ဖွံဖြိုးတိုးတက်နေသည်။
အရာအားလုံးက သူ့လမ်းကြောင်းနှင့်သူ ရှိနေကြ၏။
ချလပ်….
ချီရှန်းကျောက်၏ ရုံးခန်းတံခါး ပွင့်ဟလာခဲ့ပြီး ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့ ဝင်လာခဲ့ကြသည်။
“ သူဌေး.. ရှင်က ဘာသဘောလဲ… “ ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ကျွန်မတို့ စီးပွားရေး ကိစ္စ ဆွေးနွေးနေတာကို ဘာလို့ လာငေါက်နေတာ…”
ထျန်းရန် ဘေးတွင် ရပ်နေပြီး ဟော်ယွမ်ယွမ်အား လက်မထောင်ပြလိုက်၏။
ဒါရိုက်တာဟော်က အတော်ဆုံးပဲ…
“ ငေါက်ရုံတင်မကသေးဘူး.. မင်းကို သေတဲ့အထိ ဖင်ဆောင့်ကန်ပစ်ချင်နေတာ.. ငါမင်းကို ဒီလောက်ထိ အခွင့်ကောင်းပေးထားတာတောင်မှ မင်းက အသုံးကို မကျဘူး..”
“ ဟမ်… ရှင်က ဘာအခွင့်အရေးတွေ ပေးထားလို့…”
ဟော်ယွမ်ယွမ် မကျေမနပ် ဖြစ်သွားခဲ့၏။ သူမ ခုရက်ပိုင်းတွေမှာ ဒီလောက်ထိ အလုပ်ကြိုးစားနေတာကို….
“ ဥက္ကဌလင်း… ဒါက ကျွန်မတို့ ခုနလေးတင် ဆွေးနွေးခဲ့တဲ့ ရင်းနှီးမြုပ်နှံမှု အစီအစဉ်ပါရှင့်… တစ်ချက်လောက် ကြည့်ကြည့်ဦးမလား….”
ထျန်းရန် အစမ်းသဘော မေးမြန်းလိုက်သည်။
အကယ်၍ လင်းရီသာ ကုမ္ပဏီ၌ ရှိမနေပါက သူမ ကိုယ်တိုင် ဆုံးဖြတ်ချက် ချ၍ ရလေသည်။
သို့သော်လည်း ယခုတော့ ဘော့စ်ကိုယ်တိုင် ရောက်နေသောကြောင့် ဘော့စ်၏ သဘောထားအား မေးမြန်းရမည်ဖြစ်၏။
“ ဒါက ဘာကြီးလဲ… Dou yu အတွက် ရင်းနှီးမြုပ်နှံမှုလား..”
“ ဒါက ကုမ္ပဏီရဲ့ အနာဂတ်အတွက်လေ….လူထုရဲ့ အာရုံကို ဒီနည်းလမ်းနဲ့ လွှဲလိုက်တာက ပိုပြီး အဆင်ပြေတယ်..”
“ အထဲက စာတွေတော့ ငါမဖတ်တော့ဘူး.. မင်းတို့ပဲ စီစဉ်လိုက်….”
လင်းရီ အနှီကိစ္စအား များစွာ အာရုံ ထားမနေချေ။ ညွှန်ကြားမှု တစ်ချို့ ပေးပြီးနောက် သုတေသန စင်တာသို့ ဦးတည်လိုက်၏။
“ ရှောင်ရီ… မင်းရောက်လာပြီပဲ…”
လင်းရီ ဝင်လာသည်ကို မြင်တော့ ရှန်းထျန်းကျိုးမှ အပြုံးလေးဖြင့် ကြိုဆိုလိုက်၏။ လုရင်းကလည်း ဘေးတွင် ရှိနေလေသည်။
“ ဒါရိုက်တာရှန်း … သုတေသန လုပ်ငန်းတွေက အဆင်ပြေရဲ့လား.. ရန်ပုံငွေကော လောက်တယ်မလား…”
“ လောက်တယ်…” ရှန်းထျန်းကျိုး ပြောလိုက်ပြီး “ မင်း တလောတုန်းက လွှဲထားပေးတဲ့ ဘီလီယမ် ၃၀ က အချိန်တစ်ခုလောက်အထိတော့ ထိန်းထားနိုင်သေးတယ်..”
“ ကောင်းတာပေါ့…” လင်းရီ ပြောလိုက်ပြီး “ ပိုက်ဆံနဲ့ ပတ်သက်လာရင် တစ်ပြားနှစ်ပြား ခွာမနေနဲ့.. ရဲရဲသာသုံးပစ်… တကယ်လို့ အဆုံးမှာ ဘာမှ မရလိုက်ဘူးဆိုရင်တောင် အဆင်ပြေတယ်… ဖိအားရှိသလိုမျိုး ခံစားမနေနဲ့…”
“ ငါက ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်နိုင်မှာ…. မင်းက ဒီလောက်ထိ ပိုက်ဆံတွေ ထောက်ပံ့ပေးထားတာကို ဘာမှ မလုပ်နိုင်ဘူးဆိုရင် အရမ်းကြီး စော်ကားရာ ကျသွားမှာပေါ့…”
ရှန်းထျန်းကျိုးမှာ လင်းရီ၏ ပံ့ပိုးပေးမှုများအတွက် အတော်လေး သဘောကျမိနေသည်။ သူက အရင်တုန်းက ပေးခဲ့သည့် ကတိများအတိုင်း ရန်ပုံငွေ အကန့်အသတ်မဲ့နှင့် လွတ်လပ်မှုများကို ခွင့်ပြုပေးထားသည်။
ထို့ကြောင့် သူ၏ လက်ရှိနေရာ၌ ဘဝကို အတော်လေး နှစ်ခြိုက်နေတော့၏။
“ ဒါရိုက်တာရှန်း … ခု လီတိုဂရပ်ဖီစက် အခြေအနေကကော ဘယ်လိုရှိလဲ… အဆင်ပြေတယ်မလား…”
“ သွားစို့.. ဒီနေရာက စကားပြောလို့ မကောင်းသေးဘူး…” ရှန်းထျန်းကျိုး လင်းရီ၏ ပခုံးကို ပုတ်လိုက်ပြီး သုတေသန အပြင်ဘက်သို့ ခေါ်လာခဲ့ကာ ဘေးနားရှိ လှေကားထစ်များပေါ်တွင် ထိုင်လိုက်ကြသည်။
ရှန်းထျန်းကျိုး စီးကရက် နှစ်လိပ် ထုတ်လိုက်ပြီး လင်းရီထံ ကမ်းပေးလိုက်၏။ ထို့နောက် ကိုယ်စီ မီးခြစ်ခြစ်၍ အဝေးသို့ ရှုမျှော်ကြည့်နေကြလေသည်။
လုရင်းကတော့ အနောက်တွင် ရပ်နေပြီး ယောက်ျားလေးများ၏ အပြုအမူအကြောင်း စူးစမ်းနေရင်း 'ဒါက ဒီတိုင်းလှေကားထစ်လေးပဲ မဟုတ်ဘူးလား.. ဘာလို့ စတားဘက်ခ် ရောက်နေသလိုမျိုး လုပ်နေကြတာ…'
“ ငါတို့က အခု လီတိုဂရပ်ဖီစက်ရဲ့ ပုံရိပ်အမြင်ကွာခြားမှု ပြဿနာကို ကျော်လွှားဖို့ ကြိုးစားနေတာ.. ဒါကလည်း ငါ စိတ်အား ထက်သန်နေတဲ့ အရာပဲ…” ရှန်းထျန်းကျိုး ပြောလိုက်ပြီး “ တကယ်လို့ ငါတို့သာ ဒီရဲ့ နည်းပညာကို ပိုင်ဆိုင်သွားခဲ့မယ်ဆိုရင် ကမ္ဘာပေါ်က အကောင်းဆုံး နည်းပညာကို ဟွာရှက ပိုင်ဆိုင်သွားပြီ… တူညီတဲ့ အစိတ်အပိုင်းတွေနဲ့ ထုတ်လုပ်မှုအောက်မှာ ဆိုရင်တောင် ငါတို့ ထုတ်လုပ်တဲ့ လီတိုဂရပ်ဖီစက်က ကမ္ဘာ့အကောင်းဆုံး ဖြစ်နေမှာ…. ဒါပေမယ့် တစ်ယောက်တည်း ထုတ်လုပ်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး… ကမ္ဘာတစ်ဝှမ်းက လူတွေနဲ့ ပူးပေါင်းမှရမှာ….”
လင်းရီ သဘောတူညီစွာ ဖြင့် ခေါင်းညိမ့်ပြလိုက်၏။
“ ကောင်းပြီ.. ဒါရိုက်တာရှန်း အဆင်ပြေသလိုသာ ဆက်လုပ်ဗျာ…… တကယ်လို့ ပြဿနာ တစ်စုံတစ်ရာတွေ့ရင် ကျွန်တော့်ကို ပြောပြဖို့ မမေ့နဲ့…”
ရှန်းထျန်းကျိုး ပခုံးတွန့်လိုက်ပြီး “ တစ်ခုတည်းသော ပြဿနာက Cymer ရဲ့ အလင်းအရင်းအမြစ်ပဲ… “
“ အဲ့ကိစ္စ ကျွန်တော့်ကို လွှဲထားလိုက်… ကျွန်တော် ကြည့်စီစဉ်လိုက်မယ်…”
“ အင်း... အဲ့ဒါကလွဲရင် တခြား ဘာပြဿနာမှတော့ မရှိပါဘူး…” ရှန်းထျန်းကျိုး ပြောလိုက်ပြီး “ စကားမစပ် ငါမင်းကို တင်ပြစရာတစ်ချို့ရှိတယ်… ရောက်တုန်းရောက်ခိုက် တစ်ခါတည်း လက်မှတ်ထိုးသွားလိုက်ပေါ့…”
“ အဲ့လိုလည်း ရတယ်လေ….”
စင်တာသို့ ပြန်ဝင်လာပြီးနောက် လင်းရီ လတ်တလော သုတေသနများ၏ အစီရင်ခံစာများအား လက်မှတ်ထိုးလေသည်။
ကလင် ကလင် ကလင်
လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ အမည်မသိ နံပါတ်တစ်ခုပင်။
“ မျက်နှာဖုံး အစ်ကိုကြီးလား မသိဘူး…”
“ ကျုပ်ပါပဲ… ဘယ်သူလဲမသိဘူး….”
“ ကျွန်မက Dou yu ရဲ့ မားကတ်တင်း ဒါရိုက်တာ လီလင်းပါ… … အရင်တုန်းက ကျွန်မတို့ ဖုန်းထဲမှာ တစ်ခေါက် စကားပြောဖူးသေးတယ်လေ… ခု ကျွန်မ ကျိုးဟိုင်ရောက်နေပြီ… စာချုပ်ကိစ္စအကြောင်းလေး စကားပြောကြရအောင်လားလို့….”