← Chapters

သူက သေချာပေါက် အရမ်း ရုပ်ဆိုးတဲ့သူပဲ ဖြစ်ရမယ်

Vol. 48 Ch. 710

သူက သေချာပေါက် အရမ်း ရုပ်ဆိုးတဲ့သူပဲ ဖြစ်ရမယ်

Vol. 48 Ch. 710

လင်းရီ တစ်ခဏကြာအောင် စဉ်းစားလိုက်ပြီးနောက် “ ဪ.... မှတ်မိပြီ… မှတ်မိပြီ “

“ ‌ဒါဆို ကျွန်မတို့ တစ်နေရာရာမှာ စကားပြောကြမလား… နေ့လည်လည်း ရောက်ပြီဆိုတော့ နေ့လည်စာစားရင်းပေါ့…”

“ ကောင်းပြီလေ… နေရာပြောလိုက်… ကျုပ်လာခဲ့မယ်…”

“ ကျွန်မက ခု စင်ကျူရီ ရိပ်သာလမ်းမှာ… ဒီနား‌လေးမှာ LK လို့ခေါ်တဲ့ အနောက်တိုင်း စားသောက်ဆိုင် တစ်ဆိုင်ရှိတယ်… ရှင်သိလားတော့ မသိဘူး…”

“ သိတယ်… အဲ့မှာ စောင့်နေလိုက်… ခဏနေတွေ့မယ်…”

ဖုန်းချပြီးနောက် လင်းရီ ရှန်းထျန်းကျိုးအား နှုတ်ဆက် စကားဆိုကာ လီလင်းပြောသည့် အနောက်တိုင်း စားသောက်ဆိုင်သို့ ထွက်လာခဲ့လိုက်သည်။ တစ်ချိန်တည်းတွင် နေကာမျက်မှန်နှင့် မျက်နှာဖုံးတပ်ပြီး သူ၏ မျက်နှာအား ဖုံးအုပ်ထားလိုက်လေသည်။

LK စားသောက်ဆိုင်တွင်တော့ လီလင်းနှင့် ကော်ရှစ်ပေါ်တို့မှာ တိတ်ဆိတ်သည့် ထောင့်တစ်နေရာတွင် ထိုင်နေပြီး လင်းရီ ရောက်အလာကို စောင့်မျှော်နေကြ၏။

လီလင်း တစ်ယောက်တည်းက စာချုပ်စာတမ်းကိစ္စများကို ကိုင်တွယ်၍ ရပါသော်လည်း ရင်းနှီးမြုပ်နှံမှု ကိစ္စအကြောင်း ဆွေးနွေးရမည် ဖြစ်သောကြောင့် ကော်ရှစ်ပေါ်ကပါ လိုက်လာခဲ့လေသည်။

“ လင်းယွမ်အုပ်စုက လူတွေနဲ့ စကားပြောရတာ အတော်လေး လွယ်တယ်နော်… ဒီလောက် လွယ်မယ်တောင် မထင်ထားဘူး...” ကော်ရှစ်ပေါ် ပြောလိုက်ပြီး “ပြီးတော့ သူတို့ရဲ့ ဒုဥက္ကဌ နှစ်ယောက်နဲ့ တွေ့ရဖို့ ဆိုတာကလည်း တကယ်ကို ခဲယဉ်းတာ…”

“ အင်း..ကျွန်မလည်း မျှော်လင့်မထားဘူး…” လီလင်း ပြောလိုက်ပြီး “ ကျွန်မတို့ ဒီတစ်ခေါက် လာတယ်ဆိုတာက သူတို့ ရင်းနှီး မြုပ်နှံဖို့ ရည်ရွယ်ချက်ရှိမရှိ လာနားထောင်ဖို့ပဲ… ဒါပေမယ့် တိုက်ရိုက်ကြီး သဘောတူလိုက်လိမ့်မယ်လို့တော့ ထင်မထားဘူး… ဒါက တကယ့်ကို ကောင်းကင်ကနေ ပိုင်မုန့်ကျလာသလိုပဲ…”

“ ဘာပဲဆိုဆို လက်ရှိ လင်းယွမ်အုပ်စုရဲ့ အရွယ်အစားနဲ့ဆိုရင် 678 မီလီယမ်က သမုဒ္ဒရာထဲက ရေတစ်စက်တစ်လိုပဲလေ… သူတို့ လွယ်လွယ်ကူကူနဲ့ ထုတ်လို့ရတဲ့ ပမာဏပေါ့…”

“ အင်း… အရမ်းမှန်တယ်..” လီလင်း ပြောလိုက်ပြီး “ ကျွန်မတို့ ခုနတုန်းက ညှိနှိုင်းတော့ သူတို့ဘက်က မေးခွန်း လေးငါးခုလောက် မေးပြီး တစ်ခါတည်း ပိုက်ဆံချေတော့တာပဲ… တကယ်လို့ တခြား ကုမ္ပဏီတွေတာဆိုရင် ညှိနှိုင်းနေတာနဲ့တင် ဆယ်ရက်ကနေ တစ်လလောက်အထိ ကြာနိုင်တယ်…”

ကော်ရှစ်ပေါ် သူ့လက်များကို ဦးခေါင်းနောက်သို့ ထားရင်း “ ဒါကလည်း ကုမ္ပဏီကြီးတွေနဲ့ ငါတို့ကြားက ကွာဟချက်ပဲလေ… 678 မီလီယမ်ဆိုတာ ငါတို့အတွက် ဧရာမ ပမာဏကြီးဆိုပေမယ့် သူတို့အတွက်ကျ အသေးအမွှားလေးပဲ…”

လီလင်း ခေါင်းညိမ့်လိုက်ပြီး ဆံပင်ကို နောက်သို့ သပ်ရင်းသ “ ခု ရင်းနှီးမြုပ်နှံမှုက အတည်ဖြစ်သွားပြီဆိုတော့ ကျန်တာက အဲ့သူနဲ့ စာချုပ်ချုပ်ဖို့ပဲ… တကယ်လို့ အားလုံးသာ အဆင်ပြေမယ်ဆိုရင် ကျွန်မတို့ ဒီညပဲ ရန်ကျင်းကို ပြန်လို့ရလောက်တယ်…”

“ ဟက်….” ကော်ရှစ်ပေါ် အထင်သေးသည့် မျက်နှာထားနှင့် ဖြစ်သွားခဲ့ပြီး “ ဘော့စ်ချိန်က သူ့ကို မြင့်မြင့်မှန်းထားတာပဲ… သူ့ကို အနည်းဆုံး ပမာဏ ယွမ် ငါးသန်းအထိတောင် ပေးလိုက်တယ်… ငါ့အမြင်မှာတော့ သူက တစ်သန်းတောင် မတန်ချင်ဘူး…”

“ ဒီအချိန် ရောက်နေပြီကို ရှင့်ရဲ့ ဘက်လိုက်တဲ့ အတွေးတွေ စွန့်လွှတ်လိုက်လို့ မရဘူးလား…” လီလင်း ပေါ့ပါးစွာ ပြောလိုက်ပြီး “ ကျွန်မ အမြင်ကို ပြောရမယ်ဆိုရင် မုန့်ကျင်းရန်လို့ ခေါ်တဲ့ စထွင်မာက သူနဲ့ ဘယ်နေရာမှ မယှဉ်နိုင်ဘူး..ဘော့စ်ချိန် သူနဲ့ စာချုပ်ချုပ်ဖို့ ဆုံးဖြတ်လိုက်တာက အကောင်းဆုံး ရွေးချယ်မှုပဲလို့ ထင်တယ်…”

“ ပြီးတော့ သူ့အတွက် ပလတ်ဖောင်းရဲ့ ထိပ်တန်း စထွင်မာဖြစ်ဖို့ သိပ်မလိုလောက်တော့ဘူး… မနေ့တုန်းကလိုပေါ့.... သူက တပ်ခရိုင်ဒေသထဲသွားပြီးတော့ စထွင်းတောင် လုပ်ပြလိုက်သေး..... သာမန်စထွင်မာတွေဆိုရင် အဲ့လိုမျိုးလုပ်ဖို့ဆိုတာ အိပ်မက်ထဲမှာပဲ ဖြစ်နိုင်မယ်… ကျွန်မကတော့ သူ့ရဲ့ အစွမ်းအစတွေကို တထစ်ချ ယုံကြည်ပြီးသားပဲ…”

“ ဒီရက်ပိုင်း သူ့ရဲ့ စထွင်းတွေက အံ့ဩဖို့ ကောင်းတယ်ဆိုတာတော့ ငါလည်း ဝန်ခံပါတယ်… ဒါပေမယ့် ဒီရဲ့ အဟုန်ကို ထိန်းထားနိုင်မယ်ဆိုတာတော့ မယုံဘူး….” ကော်ရှစ်ပေါ် ပြောလိုက်ပြီး “ ပြီးတော့ သူ တစ်ချိန်လုံး အဲ့ဒီ မျက်နှာဖုံးနဲ့ နေကာမျက်မှန်ကြီး ဘာကြောင့် ဝတ်ထားလဲဆိုတာ သံသယ မဖြစ်မိဘူးလား…”

“ အဲ့အကြောင်း ထည့်ပြောနေဖို့ လိုလို့လား… ဒီဘက်ခေတ် စထွင်မာတွေက အကုန်လုံး ဒီပုတ်ထဲက ဒီပဲတွေချည်းပဲလေ… ဒါကမှ သူ့ရဲ့ ကိုယ်ပိုင် ထူးခြားတဲ့ ဝိသေသ လက္ခဏာလို့တောင် ပြောလို့ရတယ်… ကျွန်မကတော့ သဘောကျတယ်…”

“ ဖြစ်နိုင်ပါတယ်… ဒါပေမယ့် သူက အရမ်းရုပ်ဆိုးနေလို့ ဆိုတာလည်း ဖြစ်နိုင်တာပဲလေ… သူ အဲ့လိုမျိုးတွေ ဝတ်ထားတာက သူ့ရဲ့ ရုပ်ဆိုးပန်းဆိုး မျက်နှာကြီးကို ဖုံးကွယ်ဖို့ တမင်သပ်သပ်လုပ်နေတာကော မဖြစ်နိုင်ဘူးလား…” ကော်ရှစ်ပေါ် ပြောလိုက်ပြီး “ တကယ်လို့ ကြည့်ရှုသူတွေသာ သူဘယ်လိုပုံစံရှိလဲ သိသွားခဲ့ရင် ဆက်ပြီး အားပေးနေဦးမှာလားတဲ့….”

“ နောက်ပြီးတော့ ထိပ်တန်း စထွင်မာတွေ အကုန်လုံးရဲ့ supporter အများစုကလည်း မိန်းကလေးတွေချည်းပဲ ..တကယ်လို့ သူက အရမ်းရုပ်ဆိုးနေတဲ့သူဆိုတာ သိသွားခဲ့ရင် ဆက်ပြီးတော့ ပံ့ပိုးနေမှာ မဟုတ်တော့ဘူး… ချောင်ပိလော်လို့ပေါ့… သူမ ဘယ်လိုမျိုး အဆုံးသတ်သွားလဲ မင်းသိပါတယ်….”

“ ကျွန်မတော့ အဲ့ကိစ္စ စိတ်ပူမနေပေါင်… သူက ရုပ်ချောတဲ့ စထွင်မာ မဟုတ်ဘူးဆိုရင်တောင် ကြည့်ရှုသူတွေကို သူ့ content နဲ့ ဆွဲဆောင်နိုင်တယ်… ဆိုတော့ သူ့ရဲ့ ရုပ်ရည်က သူ့ရဲ့ ရေပန်းစားမှုတွေကို အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူး….”

“ မင်းကလည်း လူတွေအကြောင်း မသိတာကျ.. အကုန်လုံးက အပေါ်ယံကို ကြည့်ပြီး ဆုံးဖြတ်ကြသူတွေချည်းပဲလေ…. ယောက်ျားလေးတွေဆိုရင်တောင် ကြည့်မကောင်းတဲ့လူဆိုရင် တာ့တာပဲ…”

“ ရှင်က မကောင်းမြင်စိတ်နဲ့ ကြည့်ပြီး အတ္တဆန်ဆန် တွေးခေါ်နေလို့ အဲ့လိုမျိုး သံသယတွေ ရှိနေတာ… ရှင့်ဘက်က မှန်မှန်ကန်ကန်နဲ့ ချင့်ချိန်ဝေဖန်ကြည့်လိုက်…”

“ ငါက မှန်ကန်ပြီးသား… မင်းသာ စာချုပ်ချုပ်တဲ့ အချိန်ကျရင် သူ့ကို အခွင့်အရေးတွေ အများကြီး မပေးမိစေနဲ့…” ကော်ရှစ်ပေါ် ပြောလိုက်ပြီး “ တကယ်လို့ သူ့ဘက်က သဘောမတူဘူးဆိုလည်း လွှတ်ထားလိုက်… ငါတို့နဲ့ လက်မှတ်ထိုးချင်နေတဲ့ စထွင်မာတွေမှ တစ်ပုံကြီး… သူက အဲ့လောက်ထိလည်း အရေးပါနေတာ မဟုတ်ဘူး….”

“ ဒါကတော့.... စောင့်ကြည့်ကြတာပေါ့…” လီလင်း အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး “ ခနနေကျရင် ရှင့်ဘက်က ရည်မွန်အောင်‌ နေနော်… အရမ်းကြီး စိတ်မရှည်ဖြစ်နေတဲ့ ပုံစံ မပေါက်စေနဲ့… တကယ်လို့ တခြား ပလတ်ဖောင်းကလူတွေသာ သူ့ကို ဆွဲခေါ်သွားမယ်ဆိုရင် ကျွန်မတို့ဘက်က အကျိုးအမြတ်တွေ အများကြီး ဆုံးရှုံးသွားလိမ့်မယ်…”

“ မပူနဲ့… ငါဘာလုပ်နေလဲဆိုတာ ငါသိတယ်…”

သတိပေးစကား ပြောပြီးနာက် လီလင်း နာရီကို တစ်ဖန်ပြန်ကြည့်လိုက်ပြီး လင်းရီ မကြာမီ ရောက်လာတော့မည်ဟု ခံစားလိုက်ရ၏။

မိနစ်အနည်းငယ်ကြာပြီးနောက် လင်းရီ အပြင်ဘက်မှ ဝင်လာသည်ကို မြင်တာ့ လီလင်း မတ်တပ်ရပ်ပြီး လက်ပြလိုက်၏။

“ ဒီမှာ.. ဒီမှာ…. “

တစ်စုံတစ်ယောက်၏ အသံကို ကြားတော့ လင်းရီ အသံလားရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်သောအခါ အပြာရောင် ဂါဝန်နှင့် ဆံပင်ကို မြင်းမြီးပုံစံ ချည်နှောင်ထားသည့် မိန်းကလေး တစ်ယောက်ကို လင်းရီ မြင်တွေ့လိုက်ရသည်။ ကြည့်ရသလောက်တော့ သူမက သူ့အား ဆက်သွယ်လာသည့် လီလင်းဖြစ်ဟန်တူသည်။

သူမ ဘေးရှိ အမျိုးသားကိုတော့ လင်းရီ သိလည်း မသိသလို ထွေထူးလည်း ဂရုစိုက်မနေချေ။

ကော်ရှစ်ပေါ် ဘေးတွင် ထိုင်နေရင်း မေးစေ့ကို တသပ်သပ် လုပ်လျက် လင်းရီအား အကဲခတ်ကြည့်လိုက်၏။ ထို့နောက် သူ့ကိုယ်သူ ရေရွတ်လိုက်ရင်း “ အပြင်မှာ လူကိုယ်တိုင် လာတွေ့နေတာတောင် ဒီလိုမျိုး ဝတ်စားထားတယ်ဆိုတာ့ ဒီကောင်က ဘာလား….”

လီလင်း ကော်ရှစ်ပေါ်အား စိတ်မကျေမနပ် ဖြစ်နေသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်၏။

သူက ဘာလို့ အလကားသပ်သပ်ကြီး အညိုးတေးထားနေရတာ…

စိတ်သဘောထား သေးသိမ်လွန်းတယ်..

ထို့နောက် လင်းရီကို ပြန်ကြည့်ရင်း လီလင်းလည်း အနည်းငယ် ပဟေဠိ ဖြစ်နေလေသည်။

လူချင်း မျက်နှာချင်းဆိုင် တွေ့နေတာကိုတောင်မှ သူက ဘာလို့ အဲ့တာတွေ ဝတ်ထားတုန်းလဲ…

ဒါက နည်းနည်းလေးတော့ မရိုးသားသလိုပဲ…

လင်းရီ လီလင်းထံ လျှောက်လှမ်းလာခဲ့ပြီး အချင်းချင်း လက်ဆွဲနှုတ်ဆက်လိုက်ကြ၏။

“ မျက်နှာဖုံး အစ်ကိုကြီး ထိုင်ပါဦးရှင့်…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ထိုင်ခုံဆွဲ၍ ထိုင်ချလိုက်သည်။

“ မျက်နှာဖုံးအစ်ကိုကြီး… ရှင့်ရဲ့ နာမည် အရင်းက ဘယ်လိုခေါ်လဲ မသိဘူး….”

“ ကျုပ်ရဲ့ မျိုးရိုးနာမည်က လင်း…”

“ မစ္စတာလင်းက မျက်နှာဖုံးတွေ မျက်မှန်တွေ ချွတ်ပေးနိုင်မလား မသိဘူး… အဲ့တာဆို ကျွန်မတို့ အချင်းချင်း စကားပြောရတာ ပိုပြီး အဆင်ပြေသွားမယ် ထင်တယ်... ”

“ မဖြစ်နိုင်ဘူး.. ဒါက ကျုပ်ရဲ့ ကိုယ်ပိုင် စတိုင်.. ကျုပ်ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လွယ်လွယ်နဲ့ ချိုးဖောက်မှာ မဟုတ်ဘူး…”

“ အမ်... မစ္စတာလင်း ... ရှင်ကအခု စထွင်းနေတာလည်း မဟုတ်ဘူးလေ… ပြီးတော့ ရှုထောင့်တစ်ခုကနေ ကြည့်မယ်ဆိုရင် ကျွန်မတို့က ရှင့်ရဲ့ ဘော့စ်လို့တောင် ပြောလို့ရတယ်… ဒီလိုမျိုးကြီး လုပ်ဖို့ လိုအပ်လို့လား..”

“ စည်းမျဉ်းတွေဆိုတာ လိုက်နာဖို့ မဟုတ်ဘူးလား… လွယ်လွယ်ကူကူနဲ့ ချိုးဖောက်လိုက်မယ်ဆိုရင် စည်းမျဥ်းချမှတ်ထားတာ ဘယ်လိုလုပ်ပြီး အဓိပ္ပာယ် ရှိတော့မှာ….”

လီလင်း မသိမသာ မျက်မှောင်ကြုတ်သွားခဲ့ပြီး သူမကိုယ်သူမ‌ တွေးတောလိုက်၏။ “ ဖြစ်နိုင်တာ သူက ကော်ရှစ်ပေါ် ပြောတဲ့အတိုင်း အလွန်အကြူးကြီး ရုပ်ဆိုးနေလို့များလား….”

ဒါပေမယ့် သူ့ရဲ့ ဆံပင်ပုံစံတွေ.. ပခုံးကွင်းကျယ်ကြီးတွေကို ကြည့်ရသလောက်တော့ အလွန်အကျူးကြီးတော့ မဟုတ်လောက်ပါဘူး…

ဧကန္တ အမာရွတ်ကြီး ရှိနေတာများလား….

အင်း… အဲ့တာလည်း ဖြစ်တော့ မဖြစ်နိုင်လောက်ဘူး…

“ ကောင်းပြီလေ… မစ္စတာလင်းက မျက်နှာမပြချင်ဘူးဆိုလည်း သဘောပါ…” ထို့နောက် လီလင်း စားပွဲထိုးအား ခေါ်လိုက်ပြီး “ စားစရာတွေ မှာကြတာပေါ့…”

“ မင်းတို့ ကျွေးမှာဆို‌တော့ မင်းတို့ စားချင်တာသာ မှာလိုက်… “ လင်းရီ ထူးမခြားနား လေသံဖြင့် ပြောလိုက်၏။

သို့နှင့် လီလင်းလည်း အဆင်ပြေသည့် ဟင်းပွဲတစ်ချို့အား မှာလိုက်ပြီး သူမအိတ်ထဲမှ အသင့်ပြင်ထားသည့် စာရွက်စာတမ်းများအား ထုတ်ကာ လင်းရီထံသို့ တွန်းပို့ပေးလိုက်လေသည်။

“ မစ္စတာလင်း… ဒါက ကျွန်မတို့ ပြင်ဆင်ထားတဲ့ စာချုပ်ပါ.. ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ကြည့်ပါဦး…”

လင်းရီ ခြေတင်ချိတ်လိုက်ပြီး စာချုပ်အား လှန်လော ဖတ်ရှုကြည့်လိုက်၏။ ခေတ္တမျှကြာပြီးနောက် သူ မသိမသာ မျက်မှောင်ကြုတ်လိုက်ရင်း “ တစ်လကို နာရီ တစ်ရာကျော် စထွင်းပေးရမယ်လား…”

All Chapters