အလင်းအမှောင်ဓားနှင့် ကောင်းကင်မျက်လုံး
Vol. 006 Ch. 549
“သတိထား…” ရီဖူရှင်းက တိုးညင်းစွာ ပြောသည်။ ဓားကျေးရွာမှ တန်ခိုးရှင်များကား အလွန် အားကောင်းသည်။ ယခု ရောက်ရှိနေသော အဆင့်က ပိုမို အားကောင်းရမည်။
ရီဝူချင်းက ခေါင်းညိတ်ကာ ရှေ့ကို လျှောက်သွားသည်။ လူတိုင်းက လက်တစ်ဖက်ပြတ် ဓားသမားကို ကြည့်ကြသည်။ သူ့အား ဤအချိန်ထိတောင် ရောက်ရှိစေနိုင်အောင် မည်သို့သော ထူးခြားသော အရည်အချင်းများ ရှိသည်ကို ဘယ်သူမှ မသိကြပေ။
“ယန်နန်… ဓားကျေးရွာက အဋ္ဌမအတန်းအစား နိုဘယ်…”
“ရီဝူချင်း… နဝမ အတန်းအစား နိုဘယ်…”
“လက်ပြတ်တဲ့လူက အရင်စပါ…” ယန်နန်က ပြုံးရောင်သန်းလျက် ပြောသည်။ ယန်နန်အား လူအများအပြားက အံ့အားသင့်စွာ ကြည့်ကြသည်။ လက်ပြတ်ဟု ရည်ညွှန်းသော စကားက အမှန်ပင် ရိုင်းစိုင်းကြမ်းတမ်း သော်လည်း ယန်နန်က အပြုံးမပျက် ပြောဆိုသည်။ သူတို့အကြား အငြိုးအတေးမရှိဘဲ ဤသို့ ယန်နန်က မပြောဆိုနိုင်။
အာရုဏ်လမ်းမှ လူများမူကား ယန်နန်၏ အငြိုးအတေးကို သိကြသည်။ ရီဝူချင်းက ဓားပျံမြို့ ရှေးဟောင်းနယ်မြေကို သူတို့ထံမှ လုယက်ခဲ့သောကြောင့် ဖြစ်သည်။
ရီဖူရှင်းနှင့် ယူချင်းတို့၏ မျက်နှာများက အေးစက် သွားကြသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်မှအေးစက်သော အငွေ့အသက်များပင် ထွက်ပေါ် လာနေသည်။
ရီဝူချင်း၏လက် အဘယ်ကြောင့် ပြတ်တောက် ခဲ့ရသည်ကို သူတို့ ယနေ့တိုင် မမေ့နိုင်သေးပေ။
သို့သော် ရီဝူချင်းမူကား တည်ငြိမ်နေသည်။ သူက ထိုစကားကို စိတ်ထဲ ထားဟန်ပင် မရပေ။ သူက လက်တစ်ဖက်ပြတ်သည့် လူတစ်ယောက် ဖြစ်သည်ကို ယခင်ကတည်းက လက်ခံထားခဲ့ပြီး ဖြစ်သည်။ တန်ခိုးရှင်များက စိတ်ကို လေ့ကျင့်ခြင်းဖြစ်ရာ လက်ပြတ်ခြင်းက သူ့အတွက် အမှန်တကယ်အားဖြင့် သိပ်အရေးမပါတော့ပေ။
ဓားအသိများ ရီဝူချင်းကို စတင် စီးဆင်းလာကာ သူကိုယ်တိုင်က ဓားတစ်လက် ဖြစ်သွားဟန် ရသည်။ ထို့နောက်တွင် ထောင်ပေါင်းများစွာသော ဓားများ ပတ်ဝန်းကျင်၌ ဖြစ်ပေါ်လာကာ ရီဝူချင်းအား လှည့်ပတ်ကြသည်။
ရီဝူချင်းက ရှေ့ကို လက်ညှိုးထိုးသည်တွင် ထောင်ပေါင်း များစွာသော ဓားများက ယန်နန်ထံ မိုးသီး မိုးပေါက်များပမာ ကျဆင်းလာသည်။
ယန်နန်က ရီဝူချင်းကို ကြည့်သည်။ ရီဝူချင်းက သူ့ရှေ့တွင် ဓားစွမ်းရည်ကို ပြသလိုသည်လား။
ယန်နန်၏နောက်တွင် အလင်းတစ်ခုနှင့်အတူ ဧရာမ ဓားကြီးတစ်လက် ဖြစ်ပေါ်လာသည်။ ချက်ချင်းပင် ကြီးမား ခန့်ထည်သော ဓားစွမ်းအင်က ပတ်ဝန်းကျင် တစ်ခုလုံးကို ခြုံလွှမ်းသွားသည်။ ဧရာမဓားကြီးက တုန်ယင်လာကာ ဓားအားလှိုင်းမျာကို ထုတ်လွှတ်လျက် ကောင်းကင်မှ ကျဆင်းလာသည်။
နတ်ဓားကိုးလက်ထဲမှ အဆုံးမဲ့ မဟာနတ်ဓားဖြစ်သည်။ ချက်ချင်းပင် ရီဝူချင်း၏ ဓားများအားလုံး လေဟာနယ်ထဲ ရပ်တန့်သွားဟန် ရသည်။
သူတို့နှစ်ယောက်လုံးက ဓားသမားများ ဖြစ်ကြသည်။ ယန်နန်က အဋ္ဌမအတန်းအစား နိုဘယ်ဖြစ်ကာ ရီဝူချင်းကား နဝမအတန်းအစား နိုဘယ်ဖြစ်သည်။ တန်ခိုးအဆင့် ပိုမိုမြင့်မားသော ယန်နန်၏ဓားအသိက ပိုမို၍ သန့်စင်သည် ပြောရမည်။ သို့သော်လည်း ရီဝူချင်းထံမှ ထွက်ပေါ်လာသော ဓားစွမ်းအားများက ရပ်တန့်ခြင်း မရှိပေ။ ကောင်းကင်တွင် ပိုမိုပြင်းထန် အားကောင်းသော ဓားမုန်တိုင်းတစ်ခု ထန်လာသည်။ သူက တော်ဝင်ကျဲနန်းတော် ရှန့်ထိုတန်ခိုးရှင်၏ အမွေအနှစ်ကို လက်ခံရရှိထားရာ သူ့ဓားပညာကလည်း အားနည်းသည် မဟုတ်ပေ။
ရုတ်တရက် ကောင်းကင်မှ မရေမတွက်နိုင်သော ဓားများက အစီအစဉ်တကျ စုစည်းကာ တစ်နေရာတည်းကို သွားရောက် ထွင်းဖောက် ကြသည်တွင် ဧရာမဓားကြီး အနီးမှ အလင်း အရံအတားနှင့် တွေ့ဆုံသည်။
သတ္တုချင်း ထိရိုက်သံ အဆက်မပြတ် ထွက်ပေါ်လာကာ မကြာခင် ဧရာမဓားကြီး၏ အလင်းအရံအတားတွင် အက်ကွဲကြောင်းများ စတင် ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် အလယ်မှ အပေါက်တစ်ခု ဖြစ်သွားကာ စူးရှသော အသံများနှင်အတူ ဓားများက ဧရာမဓားကြီးကို ထွင်းဖောက် သွားကြသည်။ နောက်ဆုံးတွင် အဆုံးမဲ့ မဟာနတ်ဓားက အပိုင်းအပိုင်းအစစ ဖြစ်သွားကာ လေထုထဲ ပျောက်ကွယ် သွားကြသည်။
ယန်နန်က ရီဝူချင်းကို အေးစက်စွာ ကြည့်သည်။ သူကား အားနည်းခြင်း မရှိဟု ယန်နန်က တွေးမိသည်။ ထို့နောက် ယန်နန်က ကောင်းကင်ထဲကို ထိုးတက်သွားကာ ဓားစွမ်းအင်များကို စုစည်းလိုက်သည်။ ထိုအခိုက်တွင် သူကိုယ်တိုင်ကလည်း ဓားတစ်လက် ဖြစ်သွားသည်။ သူ့နောက်တွင် နောက်ထပ် ဓားတစ်လက် ဖြစ်ပေါ်လာ၏။ ဓားက လေဟာနယ်ကို ခွင်းလျက် လျှပ်စီးတန်းအလား ရီဝူချင်းထံကိုး တိုးဝင် လာပြန်သည်။ ဓားကား မြန်လွန်းရကား သာမန်မျက်လုံးဖြင့် ကြည့်ပါက အလင်းတန်းတစ်ခု အနေဖြင့်သာ မြင်ရသည်။
ထိုဓားကား နတ်ဓားကိုးလက်မှ အလင်းဓား ဖြစ်သည်။
ထိုအခိုက်တွင် အလွန် လင်းလက် တောက်ပသော ဓားအသိတစ်ခု ရီဝူချင်း၏နဖူးမှ ထွက်ပေါ်လာကာ မြန်ဆန်စွာဖြင့် သူ့ထံကို တိုးဝင်လာသော ဓားအလင်းတန်းသို့ ပြေးဝင်သွားသည်။ မျက်လုံး ကျိန်းမတတ် အလင်းပေါက်ကွဲမှု တစ်ခုနှင့်အတူ နောက်ထပ် မမြင်ရသော ဓားတစ်လက်က ဆက်လက် ဆင်းသက်လာသည်။ ရီဝူချင်းက အန္တရာယ်၏ အငွေ့အသက်ကို ခံစားမိသည်တွင် ချက်ချင်း နောက်ဆုတ်သည်။ သူရပ်နေရာတွင် ပုံရိပ်ယောင်တစ်ခု ကျန်ရစ်ခဲ့ကာ ရီဝူချင်းက နောက်တစ်နေရာတွင် ပေါ်လာသည်။ ရီဝူချင်းက ရပ်နေရာ လေဟာနယ်ကို တစ်စုံတစ်ခု ဖြတ်သန်း သွားသည်ကို အားလုံးက ခံစားကြရသည်။
ပွတ်ကာသီကာ လွဲသွားသည်။ လူတိုင်းက စိတ်လှုပ်ရှား သွားကြသည်။
“ဓားကျေးရွာနဲ့ နတ်ဓားကိုးလက်ထဲမှာ အလင်းဓားနဲ့ အမှောင်ဓားက တွဲရက်ပဲ… အလင်းဓားကို မြင်ရပေမဲ့ အမှောင်ဓားကို မမြင်ရဘူး… ယန်နန်က ဒီဓားကိုလည်း လေ့ကျင့်အောင်မြင် ထားမယ်လို့ မတွေးမိဘူး… ဒါကို လေ့ကျင့်နိုင်သူ အရမ်းရှားတယ်…” ထိုမြင်ကွင်းကို ကြည့်ကာ တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲ တစ်ယောက်က ပြောသည်။
“မင်းက လက်တစ်ဖက် ပြတ်နေတာကို ကျေးဇူးတင်သင့်တယ်…” ယန်နန်က လက်မောင်းအိုး အင်္ကျီစပြတ်တောက် သွားသော ရီဝူချင်းကို ကြည့်သည်။
“ဝူချင်း…” ရီဖူရှင်းက စိုးရိမ်သွားသည်။ ရီဝူချင်း၏စိတ်ကို သူသိသည်။ ဤသို့သော အခြေအနေတွင် ဝူချင်းက မည်သည့်နည်းနှင့်မှ အရှုံးပေးမည် မဟုတ်ပေ။ သူက အရှုံးပေးရမည့်အစား အသက် အသေခံမည့်လူမျိုး ဖြစ်သည်။ ထို့အပြင် ယန်နန်ကား အန္တရာယ်ရှိသည်။
ထိုအခိုက်တွင် ရီဝူချင်းက ယန်နန်ကို ကြည့်သည်။ ယန်နန်၏လက်ညှိုးတွင် ဓားအသိတစ်ခု စီးဆင်းနေသည်ကို မြင်သည်တွင် သူက မျက်လုံးကို မှိတ်လိုက်သည်။
အလင်းဓားကို မြင်နိုင်သော်လည်း အမှောင်ဓားကိုမူကား မမြင်နိုင်။ ဓားပညာအပေါ် သူ၏နားလည်မှုဖြင့် ရီဝူချင်းက အမှောင်ဓားကို ရှာမတွေ့နိုင်။ ယခု သူ၏မျက်လုံးများက အသုံးမဝင်မှတော့ မျက်လုံးကို မှိတ်ကာ သူ၏အာရုံခံစားမှုကိုသာ စူးစိုက် ထားလိုက်သည်။
“ကြည့်ရတာ မင်းက မျက်လုံးကိုလည်း မလိုချင်တော့ဘူး ထင်တယ်…” ယန်နန်က နှာခေါင်းရှုံ့သည်။ သို့သော်လည်း မဆုံးနိုင်သော ဓားစွမ်းအင်များ စီးဆင်းလျက် ရီဝူချင်းက သူ့ထံကို ပြေးဝင်လာသည်ကို မြင်ရသည်။
ယန်နန်က သူ၏လက်ညှိုးကို ကောင်းကင်သို့ ထိုးသည်။ ချက်ချင်းပင် ဧရာမ ဓားကြီးတစ်လက်က ရီဝူချင်းထံကို ကျဆင်းလာပြန်သည်။ ရီဝူချင်းက ဓားစွမ်းအင်များကို စုစည်းလျက် ကောင်းကင်ထက်ကို ခုန်တက်သည်။ သို့သော်လည်း ယန်နန်ကလည်း လေထဲမှ ရီဝူချင်းထံကို ပျံတက်သွားသည်။
ဓားသမားများ၏ တိုက်ပွဲကား ပုံမှန်အားဖြင့် အလွန် အန္တရာယ် များပေသည်။ ဓားတစ်ချက်က အဆုံးအဖြတ် ဖြစ်သွားနိုင်သည်။ သို့သော်လည်း ရီဝူချင်းတွင် အကြောက်တရား မရှိပေ။
ရီဝူချင်း၏ ဓားစွမ်းအင်က ဧရာမဓားကြီးနှင့် တွေ့ဆုံကာ ပေါက်ကွဲသည်။ တစ်ဖက်တွင် ယန်နန်၏ရှေ့၌ များစွာသော ဓားများ ဖြစ်ပေါ်လာသည်။ သူက လက်ညှိုးကို ညွှန်လိုက်သည်တွင် ဓားများက အလင်းတန်းများ အဖြစ် ရီဝူချင်းထံ ပြေးဝင် သွားကြသည်။
ရီဝူချင်းက သူ့လက်ကို ဝှေ့ယမ်း လိုက်သည်တွင် ဓားကွန်ချာတစ်ခု ချက်ချင်း ဖြစ်ပေါ်လာကာ ထိုဓားများထံကို ပြေးဝင် ရင်ဆိုင်သည်။ သို့သော် ရီဝူချင်းက နောက်ထပ် အန္တရာယ် အငွေ့အသက် တစ်ခုကို ခံစားရပြန်သည်။ ထိုအခိုက်တွင် ရီဝူချင်း၏ အာရုံထဲ၌ လောကတစ်ခုလုံး နှေးကွေးသွားကာ အချိန်က ရပ်တန့်သွားဟန် ရသည်။ သည်တစ်ခေါက်တွင်ကား ဓားတစ်လက်မျှသာ မဟုတ်ပေ။ ဓားသုံးလက်က သူ၏ပြေးပေါက်များ အားလုံးကို ပိတ်ဆို့ကာ တိုးဝင်လာသည်။
ရီဝူချင်းထံမှ အလွန် လင်းလက် တောက်ပမှု တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်က ရှေ့ကို တိုးဝင်သွားသော အချိန်တွင်ပင် သူ၏ခန္ဓာကိုယ်က ဓားဖြစ်သွားသည်။ သူ၏ ဓားနှလုံးသားတို့က တစ်ခုတည်း ပေါင်းစပ်သွားကာ ပြီးပြည့်စုံသော ဓားခန္ဓာကိုယ် ဖြစ်လာသည်။
ဝှီး... ချလွင်...
အမှောင်ဓားက ရီဝူချင်း၏ ခန္ဓာကိုယ်ကို အတိုင်းသား ဖြတ်သန်းသွားပြီး တစ်ဖက်မှ ဓားနှစ်လက်ဖြင့် သွားရောက် ထိတွေ့ပေါက်ကွဲကာ လေထဲ ပျောက်ကွယ် သွားသည်။ တစ်ဖက်တွင် ရီဝူချင်းက သူနှင့် ရန်နန်အကြား ပိုမိုနီးကပ်သော နေရာတစ်ခုသို့ တိုးကပ် လာနိုင်ခဲ့သည်။
“သူ ရှောင်လိုက်တယ်...” စွမ်းအားမြင့် တန်ခိုးရှင်များက ရီဝူချင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ သူတို့၏တန်ခိုးအဆင့်ဖြင့် ရီဝူချင်း ဘာလုပ်လိုက်သည်ကို အားလုံးက သိမြင်ကြသည်။
ယန်နန် မျက်မှောင်ကြုတ် လိုက်သည်။ သို့သော် သူက အလေးထားဟန် မရပေ။ သူ့လက်ညှိုးတွင် အားကောင်းသော ဓားအသိက စုစည်းနေဆဲ ဖြစ်သည်။ သို့သော် ရုတ်တရက် သူ့ရှေ့ကို ရောက်လာသော ရီဝူချင်းက မျက်လုံးကို ဖွင့်လိုက်သည်။ သူ၏မျက်လုံးများက ဓားတစ်လက်လို စူးရှလင်းလက် နေသည်။ ထိုအခိုက်တွင် အလွန် လင်းလက် ထက်ရှသော ဓားတစ်လက်က သူ့လည်မျိုကို ဦးတည်လာသည်ဟု ယန်နန်က မြင်သည်။ သူက နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက လက်ဆန့်တန်း လိုက်သည်တွင် ဓားတစ်လက် ဖြစ်ပေါ်လာကာ သူ့ထံ ဦးတည်လာသော ဓားကို ဖြတ်တောက်သည်။ သို့သော် သူ၏တိုက်ခိုက်မှုက လွဲချော်သွားသည်။ ချက်ချင်း အန္တရာယ်၏ အငွေ့အသက်ကို ယန်နန်က ခံစားရသည်။ ရီဝူချင်း၏ဓားကား ပုံရိပ်ယောင်တစ်ခု ဖြစ်သည်။
လေထဲကို ခုန်တက်ကာ ယန်နန်က နောက်ဆုတ်ရန် ကြိုးစားသည်။ အားကောင်းသော ဓားအသိက သူ့ရှေ့တွင် အရံအတား တစ်ခုအနေဖြင့် ကာကွယ်သည်။ ထို့နောက် သူ့ထံကို ဓားတစ်လက် ရောက်လာကာ အရံအတားဖြင့် ထိရိုက်ပြီး ပျက်စီးသွားသည်။ အကယ်၍ သူသာ အနည်းငယ် နောက်ကျခဲ့ပါက သေသွားပြီဖြစ်သည်။ သူ ပထမမြင်ခဲ့သည်ကား ပုံရိပ်ယောင်ဓားသာ ဖြစ်သည် တကယ့်ဓားချက်က နောက်မှ လိုက်ပါလာသည်။
ရုတ်တရက် ယန်နန်က နောက်ထပ် ဓားနှစ်လက် သူ့ထံကို ပြေးဝင်လာသည်ကို မြင်သည်။ ယန်နန်က ဓားသင်္ကေတတစ်ခု ပြုလုပ်သည်တွင် အားကောင်းသော ဓားကွန်ချာတစ်ခု ပေါ်လာကာသည်။ ရီဝူချင်း၏ဓားက ရောက်ရှိလာသည်။ ဒုတိယ ဓားချက်ကား ပထမ ဓားချက်ထက်ပင် မြန်ဆန်သည်။ သို့သော် ယန်နန် မြင်နေရသည်များက ပုံရိပ်ယောင်များသာ ဖြစ်သည်။
ဓားချက်က သူ့အား ဖြတ်တောက် သွားသော်လည်း အမှန်တကယ်တမ်း အားဖြင့် ရောက်လာခြင်း မရှိပေ။
အမှန်ပင် ကောင်းကင်မျက်လုံး ဓားပညာက ပုံရိပ်ယောင် ဓားသိုင်းတစ်မျိုး ဖြစ်သည်။ ထို့အပြင် ရီဝူချင်းက သူ၏ကောင်းကင်မျက်လုံး ဓားပညာကို ရှန့်ထိုတန်ခိုးရှင်၏ ဓားအမွေဖြင့် ပေါင်းစပ် ထားခဲ့သည်။ ယခုတွင် ထောင်ပေါင်း များစွာသော ဓားများ စတင် ဖြစ်ပေါ်လာသည်။
ထိုအခိုက်တွင် ယန်နန်၏မျက်နှာက ပြာနှမ်းသွားသည်။ မည်သည့်ဓားက အတု မည်သည့်ဓားက အစစ်မှန်း သူ မခွဲခြားနိုင်။
ယန်နန်က လက်ညှိုးကို ညွှန်လိုက်သည်တွင် ထောင်ပေါင်း များစွာသော ဓားများ ဖြစ်ပေါ်လာကာ သူ့အား ရစ်ပတ်ကြသည်။ သူက တိုက်ခိုက်ရန် မကြိုးစားတော့ဘဲ ခုခံရန်ကိုသာ ကြိုးစားတော့သည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်က ထောင်ပေါင်း များစွာသော ဓားများဖြင့် ပြုလုပ်ထားသော ဓားကွန်ချာတစ်ခု ခြုံလွှမ်း သွားသည်။
ရုတ်တရက် သူ့ရှေ့ကို ရီဝူချင်း ရောက်လာသည်။ ကောင်းကင်တွင် မရေမတွက်နိုင်သော ဓားများ အဆက်မပြတ် ဖြစ်ပေါ် လာနေကြသည်။
“တိုက်ခိုက်စမ်း...” ရီဝူချင်းက လက်ညှိုးထိုးသည်တွင် ဓားများ အားလုံးက ဓားကွန်ချာ၏ တစ်နေရာတည်းကို စုစည်းကာ ထွင်းဖောက်ရန် ကြိုးစားကြသည်။ ချက်ချင်းပင် ယန်နန်၏ကွန်ချာ၌ အက်ကွဲကြောင်းများ စတင် ဖြစ်ပေါ် လာတော့သည်။
“ယန်နန်... အရှုံးပေးလိုက်... ” ကွင်း၏ထောင့်တွင် ရပ်နေသော ယန်ချူက အော်ဟစ်သည်။ ဓားသမားများက သူတို့၏ တိုက်ခိုက်ရေး စွမ်းအားများကြောင့် နာမည်ကြီးသည်။ တစ်ဖက်တွင် သူတို့၏ခုခံအားက အလွန် အားနည်း၏။
သည်မတိုင်မီက ယန်နန်က အပေါ်စီးမှ တိုက်ခိုက်နေခြင်း ဖြစ်သော်လည်း ရုတ်တရက် အခြေအနေက ပြောင်းလဲသွားကာ ရီဝူချင်းက အပေါ်စီးကို ရောက်သွားသည်။ ယခု မရေမတွက်နိုင်သော ဓားများက ယန်နန်ကို ထွင်းဖောက်ရန် ကြိုးစားနေကြရာ အနည်းငယ်ကြာလျှင် ယန်နန် ခံနိုင်တော့မည် မဟုတ်သည်ကို သူသိသည်။ ယန်နန်သာ အရှုံးမပေးပါက အသက် သေဆုံးသည်အထိ ဖြစ်သွားနိုင်သည်။
ယန်နန်က ကောင်းကင်ထဲမှ ရီဝူချင်းကို သုန်မှုန်စွာ ကြည့်သည်။ သူ့အနီးမှ ဓားကွန်ချာများက နောက်ဆုံး ပျက်လုပျက်ခင် ဖြစ်လာပြီ။ ထိုစဉ်မှာပင် ရီဝူချင်း၏အနီး၌ ပိုမိုအားကောင်းသော ဓားများ မရေမတွက်နိုင်အောင် ဖြစ်ပေါ် လာကြပြန်သည်။
“ကျပ် အရှုံးပေးတယ်...” ရီဝူချင်းက ဓားများကို မလွှတ်ရသေးမီတွင်ပင် ယန်နန်က အော်ဟစ်လိုက်သည်။ ချက်ချင်းပင် ကောင်းကင် တစ်ခွင်လုံးကို ပြည့်နှက်နေသော ဓားများအားလုံး ပျောက်ကွယ် သွားသည်။
***