သားရဲစမ်းသပ်ပွဲ
Vol. 20 Ch. 272
ချင်ချူးမူမှာ နေရာတွင်ပင် ကြောင်အရင်း ရပ်နေမိ၏။ အဖြစ်အပျက်များက လျှင်မြန်စွာပင် နေရာယူလာခဲ့ကာ မျက်စိ တစ်မှိတ်အတွင်း လိုလိုမှာပင် ပြီးဆုံးသွားခဲ့သည်။ အရာအားလုံးက အိပ်မက် တစ်ခုလိုပင်။
"ဒါက တကယ် ဖြစ်သွားတာလား…"
ချင်ချူးမူ ကိုယ့်ကိုယ်ကို မေးခွန်းထုတ် လိုက်မိစဉ်မှာပင် တဝှီးဝှီး လေတိုးသံများကို ကြားလိုက်ရ၏။ သူမ အလန့်တကြားနှင့် အနောက်အရပ်ကို လှည့်၍ ကြည့်လိုက်ရာ အနက်ရောင် အရိပ်ကြီး တစ်ခု အရှိန်အဟုန်နှင့် ချည်းကပ်လာသည်ကို တွေ့လိုက်ရ၏။
ထို့နောက် မျက်တောင် သုံးလေးခပ်စာ အတွင်းမှာပင်…
ဘုန်း…
အရိပ်ကြီးမှာ အနီးမဝေးရှိ မြေပြင်ပေါ် ပြင်းထန်စွာ ပြုတ်ကျသွား၏။ အရှိန်ကြောင့် လောကတစ်ခုလုံးကို တုန်ရီ ယိမ်းထိုးသွားရာ ချင်ချူးမူမှာ ကြယ်တာရာ အင်အားကိုပင် ထုတ်လွှတ်လိုက်ရသည်။ ဤသည်က သတိလစ် မေ့မြောနေသည့် မျက်သုံးလုံး မဟူရာ ကျီးကန်းကြီး ဖြစ်ကြောင်း မကြည့်လျှင်ပင် သိနိုင်ပါသည်။
ဝှစ်…
ဝေ့ဝူယင်သည် သူမ နံဘေးသို့ အပြုံးနှင့် ဆင်းသက်လာ၏။ ထို့နောက် သူက ခန္ဓာကိုယ် ထက်ရှိ ဖုန်များကို ခါကျင်းရင်း ပြောလိုက်လေသည်။
"စောင့်နေရတာ နည်းနည်း ကြာသွားပြီလား… ဒီကောင်ကြီးက မူယာမာယာ များနေလို့ မျှော်လင့်ထားတဲ့ အချိန်ထက် နည်းနည်း ပိုကြာသွားတယ်"
ချင်ချူးမူ မြစိမ်းရောင် မျက်လုံးများဖြင့် ဝေ့ဝူယင်ကို သေချာစွာ ကြည့်လိုက်မိ၏။ သူမ လူမမှား…။ အရှေ့ရှိ ချောမော ခန့်ညားသော လူငယ်ကား အမှန်တကယ်ပင် ဝေ့ဝူယင် ဖြစ်ပေသည်။
"ရှင်… ရှင်က အရမ်း အစွမ်းထက်တာပဲ"
အထစ်ထစ် အငေါ့ငေါ့ စကားလုံးများမှာ ချင်ချူးမူ၏ နှုတ်မှ ထွက်ပေါ်လာ၏။
ဝေ့ဝူယင် တည်ငြိမ်စွာပင် ခေါင်းညိတ် လိုက်သည်။
"ဒါပေါ့…နင် မယုံရင် ငါ့လက်မောင်း ကြွက်သားတွေကို ကြည့်ပါလား… တိုင်တောင်တန်းထက်တောင် ပိုကြီးသေးတယ်"
ထို့နောက် သူက အင်္ကျီလက်ကို မ,တင်ကာ ဗလများကို ချင်ချူးမူ မြင်သာအောင် ညှစ်ပြလိုက်သည်။
ချင်ချူးမူမှာ ပထမ၌ ကြောင်,အ သွားသေးသော်လည်း ချက်ချင်းပင် ထကာ ရယ်မောလိုက်သည်။ သူမ ခံစားနေရသော ဖိအား အလွှာများက ချက်ချင်းပင် ပြိုကျသွားကာ ချိုသာသော နေ့သစ်တစ်ခုသို့ ရောက်ရှိသွားသလိုပင် ခံစားလိုက်ရ၏။
ဝေ့ဝူယင်ကလည်း လိုက်လံ ရယ်မောလိုက်သည်။ တစ်ခဏ အတွင်းမှာပင် လူသားနှင့် ဧရာမ တိရစ္ဆာန်ကြီးများ အကြားရှိ တိုက်ပွှဲမှာ လူရွှင်တော်နှင့် ချစ်စရာ မိန်းမပျိုလေးတို့၏ ပေါ့ပေါ့ပါးပါး ရယ်ပွဲ အသွင် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်လေတော့သည်။
...
ဝေ့ဝူယင်နှင့် ချင်ချူးမူတို့မှာ ရယ်ရယ်မောမော စကားပြောနေကြလေ၏။ လတ်တလော၌ သူတို့ နှစ်ယောက်သည် အဖြူရောင် မီးလျှံ ကျား၏ နူးညံ့သော ကျောပြင် သားမွေးများထက်၌ ရှိနေကြခြင်း ဖြစ်သည်။ ချင်ချူးမူ တစ်ယောက် အနည်းငယ် ကြောက်လန့်နေချိန်တွင် ဝေ့ဝူယင်ကမူ တန်ဖိုးကြီး ဇိမ်ခံ ခုတင်တစ်ခု ပေါ်တွင် ရှိနေသည့် အလား သက်တောင့် သက်သာ လှဲလျောင်းနေ၏။
မကြာခင်မှာပင် သူတို့ နှစ်ယောက် မြက်ခင်းပြင် စိမ်းစိမ်း တစ်ခုဆီသို့ ရောက်လာခဲ့သည်။ ကျွင်းနာဂြိုဟ် ကမ်းလှမ်းသည့် အလွန်တရာ လှပလှသော ရှုမြင်ကွင်းမှာ စိတ်များကို သာယာ ကြည်နူးစေနိုင်စွမ်း ရှိလေ၏။ ကောင်းကင်တွင် မျက်သုံးလုံး မဟူရာ ကျီးကန်းတစ်ကောင်မှာ လှည့်ပတ် ပျံသန်းရင်း လမ်းကြောင်းကို ညွှန်ပြနေသယောင် ရှိသည်။ တိုက်တန် တီကောင် မြွေကြီးမှာ ပျောက်ကွယ်နေသော်လည်း သတိရှိသူများမှာမူ မြေအောက်တစ်နေရာရာမှ လှုပ်ရှားမှုတို့အား အာရုံခံစားမိပေလိမ့်မည်။
သတ္တဝါကြီး သုံးကောင် သတိမေ့နေစဥ်တွင်ပင် ဝေ့ဝူယင်သည် သားရဲ ထိန်းချပ်ခြင်း အစီအရင်ကို သူတို့၏ အသိစိတ်ပင်လယ်များထဲ၌ ချမှတ်ခဲ့သည်။ ၎င်းကာ သားရဲများကို ထိန်းချုပ်စေခိုင်းရန် အတွက် အလွန် အသုံးဝင်သော နည်းလမ်း တစ်ခု ဖြစ်ပေသည်။ ဝေ့ဝူယင် ထိုနည်းလမ်းကို အသက်နှင့် တစ်ကိုယ် ပထမဆုံး အကြိမ် အသုံးပြုဖူးခြင်း ဖြစ်သည်။
ဝေ့ဝူယင် ဘဝတွင် သားရဲ နှစ်ကောင်ကိုသာ ပိုင်ဆိုင်ဖူးသည်။ ပထမ တစ်ကောင်က အဖြူရောင် ကြိုးကြာငှက်လေး ပိုင်လင်ပင်...။
ပိုင်လင်မှာ ငယ်ငယ်လေးတည်းက သူ့လက်ပေါ်တွင် ကြီးပြင်းလာသည့် ငှက်ကလေး ဖြစ်သည်။ သူမမှာ စုမေ့ ကဲ့သို့ပင် သူ့အပေါ် အလွန် သံယောဇဥ်ကြီးသည်။ သူ့အဖို့လည်း ပိုင်လင်မှာ သမီးလေး တစ်ယောက် သဖွယ်ပင်။ ထိုကလေး၏ အသိစိတ် ပင်လယ်နှင့် ခန္ဓာကိုယ်ပေါ်၌ ထိန်းချုပ်ခြင်း အစီအရင် ရေးဆွဲရန် ဝေ့ဝူယင် ယောင်၍ပင် မတွေးဖူးခဲ့။
ဒုတိယမြောက် သားရဲက အသေးလေးပိုင် တစ်ဖြစ်လည်း ရှောင်ပိုင် ဖြစ်သည်။ ရှောင်ပိုင်ကို ပိုင်ဆိုင်ခွင့် ရသည့်နေ့က အနန္တဧကရာဇ်ဂိုဏ်းမှာ သူ့ကို ကျောက်ပြားတစ်ခု ပေးခဲ့သည်။ ထိုကျောက်ပြားက အသက် ကျောက်ပြားများနှင့် ဆင်တူကာ ရှောင်ပိုင်၏ သေရေး၊ ရှင်ရေးနှင့် အတွေး ဆန္ဒ အပါအဝင် အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသည်ဟု ဆိုသည်။ သို့သော်လည်း ဝေ့ဝူယင် ထိုကျောက်ပြားလေးကို ယခုအချိန်ထိ ထိပင် မကြည့်ရသေး။
သားရဲ ထိန်းချုပ်ခြင်း နည်းလမ်းကို “သားရဲ” ဟူသော အမည်ဖြင့် ကန့်သတ်ထားသည့်တိုင် အမှန်တကယ်တွင် သက်ရှိတိုင်းအပေါ်၌ အသုံးပြုနိင်သည်။ အချို့ ဧကရာဇ်များသည် တိုက်ပွဲတွင် ရဲရင့်စွာ တိုက်ခိုက်စေရန် အတွက် စစ်သည်များအား ထိုအစီအရင်ဖြင့် မွမ်းမံလေ့ ရှိကြသည်။ သူသေသည်နှင့် ထိုစစ်သည် အားလုံးမှာလည်း လိုက်လံ သေဆုံးရပေလိမ့်မည်။
ဝေ့ဝူယင် သားရဲများကို ထိန်းချုပ်ထားသည် ဆိုသော်လည်း ၎င်းတို့၏ အတွေး ဆန္ဒများကိုမူ လွတ်လပ်စွာပင် ဖော်ထုတ်ခွင့် ပြုထားသည်။ ၎င်းတို့ အနေဖြင့် လုပ်ဆောင်ရန် တစ်ခုတည်းသော အရာက သူ့အပေါ် သစ္စာ စောင့်သိရန်သာ ဖြစ်သည်။ ထို့အပြင် စမ်းသပ်ပွဲကြီး တစ်ခုလုံး ပြီးဆုံးချိန်၌ ၎င်းတို့အား ပြန်လွှတ်ပေးရန်လည်း သူ ဆုံးဖြတ်ထားသည်။ အကယ်၍ ဆန္ဒရှိလျှင်တော့ သူတို့ သူ့ထံပါးတွင် ဆက်လက် နေထိုင်ရန် ခွင့်ပြုရ ပေလိမ့်မည်။
အနန္တဧကရာဇ်ဂိုဏ်း ပြိုင်ပွဲဝင်...
ဝိညာဥ်အမှတ်... ၁၅၀၀
နောက်တစ်ဆင့် တက်ရန် အရည်အချင်း ပြည့်မှီပြီး...
“သားရဲတွေ အပေါ် ထိန်းချုပ်ခြင်း အစီအရင် အသုံးပြုတာကိုလည်း ဖမ်းဆီးတဲ့ အထဲ ထည့်ရေတွက်တယ်ပေါ့... မဆိုးပါဘူး”
ချင်ချူးမူက ဝေ့ဝူယင်၏ ကျောက်စိမ်းပြားလေးကို ကိုင်ရင်း ရေရွတ်လိုက်၏။ ဝေ့ဝူယင်မှာ အဖြူရောင် မီးလျှံကျား၏ ကျောထက်တွင် ပျင်းရိစွာ လှဲလျောင်းနေဆဲ ဖြစ်သည်။ သူ၏ ငွေရောင် မျက်လုံးများကမူ ပြာလဲ့လဲ့ ကောင်းကင် အလွှာကို ငေးမောရင်း ကြည့်နေခဲ့၏။
“အဲဒီလိုပဲ ဖြစ်ပုံရတယ်... ငါ့အထင် ဒီသားရဲ စမ်းသပ်ပွဲမှာ လျှို့ဝှက်ဆန်းကြယ်မှုတွေ အများကြီးရှိလိမ့် ဦးမယ်... အဲဒါကို စည်းမျဉ်းတွေမှာ ယောင်ဝါးဝါးနဲ့ ရှင်းပြထားပေမယ့် တကယ်တမ်း နားလည်ဖို့ အတွက် ဆိုရင်တော့ ပြိုင်ပွဲဝင်တွေရဲ့ ဉာဏ်ရည်အပေါ် အလုပ်ပေးထားတာပဲ”
ချင်ချူးမူမှာ ဝေ့ဝူယင်ကို ကြည့်လိုက်၏။ အနန္တဧကရာဇ်ဂိုဏ်းသည် အရာအားလုံးကို အသေးစိတ် ကျကျ ပြောပြထားခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်နည်း။ သူမ မသိ...။
ဝေ့ဝူယင်က မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။
“ဒီစမ်းသပ်ပွဲရဲ့ အဓိက ရည်ရွယ်ချက်က ဝိညာဥ် အမှတ်တွေ စုစည်းဖို့ မဟုတ်ဘူး... လွတ်မြောက်အောင် ရုန်းကန်ဖို့နဲ့ အင်အားတွေ စုစည်းဖို့ပဲ”
“ရှင်ပြောချင်တာက ဘာလဲ...”
ချင်ချူးမူမှာ ကိုယ့်ကိုယ်ကို ဉာဏ်ရည်ထက်မြက်သူ တစ်ယောက် အဖြစ် ယူဆထားသည့်တိုင် သားရဲ စမ်းသပ်ပွဲ၏ သဘောတရားများကို ထွင်းဖောက် နားလည်နိုင်ခြင်း မရှိပါချေ။ ထိုအရာက နောက်ထပ် စမ်းသပ်မှုများ၊ သို့မဟုတ် အနာဂတ် ကျင့်ကြံခြင်း အလားအလာတို့နှင့် တစ်စုံတစ်ရာ ဆက်စပ်နေမည်လား သူမ တွေးမရခဲ့။
“ဒီနေရာမှာ ထိန်းချုပ်ခံထားရတဲ့ သားရဲတွေနဲ့ ထိန်းချုပ် မခံထားရတဲ့ သားရဲတွေ ရှိတယ်... ဒါပေမဲ့ တကယ့် အချိုးအစားကို ဘယ်သူ သိမှာလဲ... နောက်ပြီး ကိုယ်ထိန်းချုပ်ထားတဲ့ သားရဲတွေကို နောက်စမ်းသပ်ပွဲမှာ ပြန်သုံးလို့ မရဘူးလို့လည်း ဘယ်သူမှ ပြောမထားဘူး... ငါတို့ကို သိထားသမျှက ဒုတိယမြောက် စမ်းသပ်မှုမှာ အချင်းချင်း ယှဥ်ပြိုင်ရမယ် ဆိုတာ တစ်ခုတည်းပဲ ဟုတ်တယ်မလား”
“ငါအထင် ပြောရရင် အခြား ပါရမီရှင်တွေနဲ့ အင်အား စုစည်းတာဟာ အနိုင်ရနိုင်မယ့် နည်းလမ်း မဟုတ်ဘူး... ပထမဆုဖို့ အခွင့်အရေးတောင် ပိုနည်းကောင်း နည်းသွားလိမ့်မယ်... စမ်းသပ်ပွဲ စည်းမျဥ်းအရ သားရဲ တစ်ကောင်ကို သတ်မိရင် အမှတ်ပြန်နုတ်ခံရမယ်... ဒါပေမဲ့ သူတို့ကို ထိန်းချုပ်ပြီး ကိုယ့်အင်အား အဖြစ် စုစည်းနိုင်ရင်တော့ အမှတ်တွေ ရလာလိမ့်မယ်... ဒီမှာတင် ရည်ရွယ်ချက်က အတော် ရှင်းနေပြီ”
ချင်ချူးမူမှာ တစ်ခဏမျှ အတွေးနက်နေ၏။ မကြာခင်မှာပင် သူမ၏ မြစိမ်းရောင် မျက်လုံးများမှာ ဉာဏ်အလင်း ပွင့်လာဟန်နှင့် တဖြည်းဖြည်းချင်း တောက်ပလာသည်။
“ပြိုင်ပွဲရဲ့ စည်းမျဥ်းအရ သားရဲတစ်ကောင်ကို သတ်ရင် အပြစ်ဖြစ်တယ်... အခြား ပြိုင်ပွဲဝင် တစ်ယောက်ကို သတ်ရင်လည်း အပြစ်ဖြစ်တယ်... ဒါပေမဲ့ သားရဲတွေက သားရဲတွကို သတ်ရင်ရော... သားရဲတွေက လူတွေကို သတ်ရင်ရော”
အဖြူရောင် မီးလျှံ ကျားရဲ၏ ကျောထက်တွင် ငယ်ရွယ် ချောမောသော လူငယ် စုံတွဲတစ်တွဲ ရှိနေခဲ့၏။ လူငယ် မျက်လုံးများကို မှိတ်ရင်း ပျင်းပျင်းရိရိ လှဲလျောင်းနေချိန်တွင်... မိန်းမပျိုလေးမှာမူ မတည်ငြိမ်သော အမူအရာနှင့် လူငယ်၏ မျက်နှာကို ကြည့်နေခဲ့သည်။
“ဒီအတိုင်း ဆိုရင် ရှင်ပဲနိုင်တော့မှာ ဟုတ်တယ်မလား”
ချင်ချူးမူ မေးလိုက်၏။ ဝေ့ဝူယင်၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာကာ မြစိမ်းရောင် မျက်ဝန်းများနှင့် ဆုံတွေ့သွားသည်။
ကျွင်းနာဂြိုဟ်ကြီး၏ နောက်ခံ၊ နေဝင် ဆည်းဆာနှင့် အတူ မိန်းကလေးမှာ ပန်းချီကား တစ်ချပ် ကဲ့သို့ လှပနေသည်။ မဟုတ်သေး... သူမမှာ ဂန္တဝင်မြောက် ပန်းချီကားများထက်ပင် ပိုမို လှပပေလိမ့်မည်။
“စမ်းသပ်ပွဲကို ငါဝင်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်က စလို့ အခြား ရလဒ် တစ်ခု ထွက်စရာ အကြောင်း မရှိတော့ဘူး”
ချင်ချူးမူ ပေါ့ပေါ့ပါးပါး ရယ်ရင်း အကြည့်လွှဲလိုက်သည်။ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်တည်းက ရလဒ်က ထွက်ခဲ့ပြီးပြီလား...။ အခြားသူများက ၎င်းကို မာနကြီးသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း ထိုစကားများထဲမှ ပကတိ အမှန်တရားကို သူမ ခံစားနိုင်ပါသည်။
“ငါ့မှာသာ သူ့လို စွမ်းအားမျိုး ရှိခဲ့ရင်...”
ချင်ချူးမူ မထိန်းချုပ်နိုင်ပဲ တွေးလိုက်မိ၏။ ထိုအခိုက်တွင်ပင် ဝေ့ဝူယင်က သူမဘက်သို့ လှည့်ကြည့် ပြုံးပြရင်း မေးလိုက်သည်။
“ချင်ချူးမူ... နင် ငါနဲ့ အတူ ကျင့်ကြံချင်လား”
ရုတ်တရက် မေးခွန်းကြောင့် ချင်ချူးမူ ဆွံ့အသွား၏။ သူမ ဝေ့ဝူယင်ကို ကြည့်လိုက်ရာ တလက်လက် တောက်ပနေသည့် ငွေရောင် မျက်လုံးများနှင့် ဆုံတွေ့သွားသည်။
“အတူကျင့်ကြံဖို့...”
သူမ မရည်ရွယ်ပါပဲ လိုက်လံ ရေရွတ်လိုက်မိ၏။ ထိုရိုးရှင်းသော စကားစုလေးထဲတွင် မရေမတွက်နိုင်သည့် အဓိပ္ပာယ်များ ပါဝင်နေပေသည်။ တဖြည်းဖြည်းတွေးမိသော် တရေးရေး ပေါ်လာ၏။ သည်လိုနှင့် လှပသော ရှက်သွေး ဖျော့ဖျော့လေးမှာ သူမ၏ မျက်နှာထက်တွင် သမ်းလာခဲ့တော့သည်။
ဝေ့ဝူယင် ချင်ချူးမူ၏ အဖြစ်ကို ရိပ်မိလိုက်လေရာ စိတ်ထဲမှ ရယ်မောလိုက်မိသည်။ မိန်းကလေးတို့၏ သဘာဝကတော့ ဘယ်တော့မှ ပြောင်းလဲလိမ့်မည် မဟုတ်ချေ။
***