သံတမန် အသေးစားလေး
Vol. 48 Ch. 713
နေ့လည်ပိုင်းတွင် အခြား လုပ်စရာ ကိစ္စများ မရှိသောကြောင့် လင်းရီ ကျိုကျုံးဗီလာသို့ ပြန်၍ ချစ်ပ် 3.0 အတွက် အလုပ်ပြန်စလိုက်သည်။
ဒါရိုက်တာရှန်း၏ သုတေသနက အချိန်မရွေး အောင်မြင်သွားနိုင်လေသည်။ ထို့ကြောင့် သူ့ဘက်ခြမ်းရှိ လုပ်စရာရှိသည်များကို ပြီးမြောက်အောင် လုပ်ဆောင်ထားပြီး လီတိုဂရပ်ဖီစက် တိုးတက်မှုဖြစ်စဉ်အား နှောင့်နှေးစေ၍ မဖြစ်ချေ။
ကလင် ကလင် ကလင်
လင်းရီ ဖုန်းသံမြည်လာခဲ့၏။ လျန်ရူရွှယ်မှ ဆက်သွယ်လာခဲ့ခြင်းပင်။
“ ငါ့ကို ဖုန်းခေါ်ဝံ့သေးတယ်ပေါ့…”
“ ဟမ်… ငါက ဘာကိစ္စ မခေါ်ရဲစရာ အကြောင်း ရှိရမှာ…”
“ သတိထားနေနော်… ဒီက ဇိမ်ခံတာတောင် မပြီးသေးဘူး.. တစ်ဝက်လောက်နဲ့ အပြင်ထုတ်ခံလိုက်ရလို့ စိတ်က သိပ်ကြည်နေတာ မဟုတ်ဘူး...”
“ အပိုတွေ လာမပြောနဲ့… အဲ့ဒီ ဟွာချင်းရေကန် ပြန်စဖွင့်ပါပြီဆိုကတည်းက နင်အဲ့ဒီကိုသွားရင် ငါနှောင့်ယှက်ဖူးလို့လား…”
“ ဒါဆို မနေ့ကကျ ဘာလို့ နှောင့်ယှက်တာ…”
“ ရန်ရန် နင့်ဆီကနေ မကောင်းတဲ့အကျင့်တွေ ကူးသွားမှာဆိုးလို့လေ…. နင်က ပြန်မေးဝံ့သေးတယ်ပေါ့….”
“ ဘာမှားနေလို့… လူ့သက်တမ်းက ဆယ်စုနှစ် အနည်းငယ်လောက်ပဲ ရှိတာ… လူဖြစ်တခိုက်လေးတော အကုန်လုပ်ဖူးသွားရမယ်လေ… ပြီးတော့ ငါတို့ သွားတဲ့နေရာကလည်း ဒီတိုင်း အနှိပ်နဲ့ ရေပူစမ်းကိုပဲ…အဲ့တာက ဘာဖြစ်နေလို့…”
“ ကျယ်ကျယ်ပြောစမ်း… ငါခု ဖုန်းစပီကာ ဖွင့်ထားတယ်… အန်ကယ်ချိန်ကလည်း ငါ့ဘေးမှာ ရှိနေတာနော်… သူ့သမီး နင်နဲ့ ဘာတွေလုပ်နေလဲဆိုတာ အန်ကယ်ချိန်လည်း သိသွားတာပေါ့…”
“ သေစမ်း… မင်းက ဘာလို့ သူနဲ့ အတူရှိနေတာ…”
“ ဒီမနက် စင်တာမှာ ဖဲကြိုးဖြတ်ပွဲရှိတယ်လေ… ပွဲပြီးတော့ အန်ကယ်ချိန်နဲ့ ငါနဲ့ အတူပြန်လာခဲ့တာ…” လျန်ရူရွှယ် ပြောလိုက်ပြီး “ နင်အခု အားလား… အားရင် လာခဲ့စမ်းပါ… အန်ကယ်ချိန်က နင်နဲ့အတူ နေ့လည်စာ စားချင်လို့တဲ့….”
“ ကောင်းပြီလေ… မင်းတို့ အခုဘယ်မှာ…”
“ ရုံးကန်သင်းမှာ….”
“ ရုံးကန်သင်းမှာကြီးလား… ဘာလို့တုန်း…. ငါ့ရဲ့ ပန်နီဆူလာဟိုတယ်မှာ သွားစားကြမယ်လေ…”
“ အပိုတွေ လုပ်မနေနဲ့… နင်သာ အမြန်ရောက်အောင် လာခဲ့… အန်ကယ်က နင့်ကို စောင့်နေတာ….”
“ အိုကေ…”
လင်းရီ စကားပြောရန် စိတ်မဝင်စားသော်လည်း ရန်ရန်၏ အဖေကိုတော့ မတွေ့လို့ မကောင်းပေ။ သို့နှင့် ကားကို လျန်ရူရွှယ်၏ ရုံးခန်းသို့ ဦးတည်ကာ ချိန်ရွှင့်ကျယ်နှင့် တွေ့ဆုံရန် ကန်သင်းသို့ ထွက်လာခဲ့လိုက်သည်။
ချိန်ရွှင့်ကျယ်၏ သွင်ပြင်သဏ္ဌာန်မှာ လင်းရီ စိတ်ကူးထားသည်နှင့် တစ်ထပ်တည်းပင်။ သူက မဝမပိန် အနေတော် ခန္ဓာကိုယ်အချိုးအစားနှင့် မျက်မှန်တပ်ဆင်ထားပြီး ဆံပင်ကိုလည်း လူကြီးလူကောင်းပုံစံ ညှပ်ထားလေသည်။ ကြည့်လိုက်သည်နှင့် ခင်မင်ဖို့ကောင်းသည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။
“ မင်းက လင်းရီဖြစ်ရမယ်… နာမည်ကြားဖူးတာတော့ ကြာနေပြီ… ခုမှပဲ လူကိုယ်တိုင် မြင်ဖူးတော့တယ်…”
လင်းရီကို မြင်တော့ ချိန်ရွှင့်ကျယ် လက်ဆန့်တန်း၍ နှုတ်ဆက်လိုက်သည်။
“ ဟဲလို ဒါရိုက်တာချိန်….”
“ ဒါရိုက်တာချိန်….? မင်းက ငါ့ကို အပြင်လူလို ဆက်ဆံနေတာပဲကွ…”
“ မဟုတ်တာ…” လင်းရီ ရယ်မောလိုက်ပြီး “ ကျွန်တော်က ဒီတိုင်း စီးပွားရေးသမားလေ…ပြီးတော့ နေရာတိုင်းက နားတွေရှိတယ်…. ဘယ်လိုမျိုး ရုတ်တရက် စွပ်စွဲမှုမျိုးကိုပဲ ဖြစ်ဖြစ် ရှောင်ရှားရမယ်လေ….”
“ဟားဟား…” ချိန်ရွှင့်ကျယ် ပြုံးလိုက်ပြီး “ ကောင်လေး.. မင်းက အတော်လေး သိထားတာပဲကွ… မပူနဲ့… ဒီမှာ ဘယ်အပြင်လူမှလည်း မရှိဘူး… မီလိလေးခေါ်သလို အန်ကယ်ချိန်လို့ ခေါ်လို့ရတယ်…”
“ ဒါဆိုလည်း အန်ကယ်ပေါ့ဗျာ….”
“ လုပ်စမ်းပါ.. အဲ့မှာပဲ ရပ်မနေနဲ့…. အရင်ဆုံး စားရအောင်…”
“ အိုကေ…”
ထမင်းစားသည့် နေရာမှာ ကန်သင်းရှိ စားဖိုမှူးမှ သီးသန့်မီးဖိုဆောင် လုပ်ထားသည့် အခန်းတစ်ခန်းပင်။
အပြင်အဆင်မှာ အံ့မခန်း မဖြစ်နေသော်လည်း အရသာတော့ အတော်လေး ကောင်းလှ၏။
“ ဘာလို့ ရန်ရန်ကို မမြင်မိတာ…” လင်းရီ ထိုင်ချပြီးနောက် မေးလိုက်၏။
“ သုတေသန စင်တာက ဒီနေ့မှ စဖွင့်တာလေ… ဒါကြောင့်မို့ ဒီနားတစ်ဝက်မှာ စားသောက်ဆိုင်တွေ လိုက်ရှာနေတာ.. အဲ့တာကြောင့် ငါတို့နဲ့ မလိုက်ခဲ့တာပဲ….” လျန်ရူရွှယ်မှ ပြောလိုက်၏။
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ဘာမျှ ဆက်မပြောချေ။
“ စကားမစပ် ငါမင်းကို ပေးစရာရှိသေးတယ်…”
သို့နှင့် ချိန်ရွှင့်ကျယ် အညိုရောင်ဖိုင်အိတ်အား လင်းရီထံ ကမ်းပေးလိုက်၏။
“ ဟမ်… ဒါကဘာကြီးလဲ…”
“ မင်းဖွင့်ကြည့်ရင် သိလိမ့်မယ်…”
သို့နှင့် လင်းရီ ဖိုင်အိတ်ကို ဖွင့်ကြည့်လိုက်တော့ အနီရောင် အိုင်ဒီတစ်ခုအား မြင်တွေ့လိုက်ရလေသည်။
“ အမ်.. ဗဟို ဆေးအဖွဲ့အစည်းရဲ့ အထွေထွေ အတွင်းရေးမှူး… “
“ အဲ့တာက ရာထူးတစ်ခုပဲ…” ချိန်ရွှင့်ကျယ် ပြောလိုက်ပြီး “ မင်းက ဟွာရှအတွက် ဒီလောက်ထိ လုပ်ပေးထားတာကို ငါ့ဘက်က ဘာမှ ပြန်ပြီးပေးစရာလည်း မရှိတော့ ဒါမျိုး စီစဉ်လိုက်တာပဲ… ရာထူးဆိုပေမယ့် အမည်ခံ သပ်သပ်တော့ မဟုတ်ဘူးကွ.. သူ့မှာ စစ်မှန်တဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ ရှိတယ်.. ဒါပေမယ့် ထမ်းဆောင်စရာ တာဝန်တော့ မရှိဘူး… ဒီတော့ မင်းရဲ့ အချိန်တွေကိုလည်း ဖြုန်းစရာ မလိုတော့ဘူးပေါ့…”
မူလကတော့ ချိန်ရွှင့်ကျယ်မှ လင်းရီ၏ နာမည်ဂုဏ်သတင်း တိုးတက်စေရန်အတွက် လူသိရှင်ကြား အပ်နှင်းချင်ပါသော်လည်း ရှန်းရှူးရီကြောင့် ယခုလို တိုးတိုးတိတ်တိတ်ပေးလိုက်ရခြင်းပင်။
သူ့လက်ထဲရှိ အိုင်ဒီကို ကြည့်ရင်း ချိန်ရွှင့်ကျယ်မှာ အတော်လေး ရိုးသားသည်ဟု လင်းရီခံစားလိုက်ရ၏။
မည်သို့ပင်ဆိုစေ ဤသည်က အစစ်မှန် အာဏာရှိသည့် အထောက်အထားတစ်ခုပင်။
“ ကျေးဇူးပါ အန်ကယ်…”
“ မလိုပါဘူး… မင်းနဲ့ ထိုက်တန်လို့ ရတာကိုပဲ… မင်းလုပ်ပေးခဲ့တာတွေနဲ့ ယှဉ်လိုက်ရင် ဒါတွေက ဘာမှတောင် မဟုတ်သေးဘူး…” ချိန်ရွှင့်ကျယ် ပြောလိုက်ပြီး “ စကားမစပ် မင်းရဲ့ စီးပွားရေး လုပ်ငန်းတွေက အခု အင်တာနက်နဲ့ နည်းပညာနယ်ပယ်ကို အာရုံစိုက်နေတာမလား… ဆေးဝါးပစ္စည်းတွေဘက် ကိုင်းဆန့်ဖို့ အစီအစဉ်ကော မရှိဘူးလား….”
“ အန်ကယ်ချိန်က ကျွန်တော့်ကို ဆေးဝါး နယ်ပယ်ထဲ ဝင်ရောက်စေချင်လို့လား….”
ချိန်ရွှင့်ကျယ် မကွယ်ဝှက်တမ်း ခေါင်းညိမ့်လိုက်ပြီး “ မင်းရဲ့ စွမ်းရည်က အရမ်းကို အရေးပါတယ်.. ပြီးတာ့ ငါကလည်း မင်းကို ပံ့ပိုးပေးလို့ရတယ်… ဆိုတော့ လုပ်ငန်းစမယ်ဆို ခုချိန်လုပ်ရင် အကောင်းဆုံးပဲ… နောက် နှစ်အနည်းငယ်လောက် ကြာရင် ငါက ပင်စင်ယူတော့မှာ… အဲ့ဒီအချိန်ကျရင် အထက်အကြီးအကဲတွေက မင်းကို ဆက်ပြီး ပံ့ပိုးနေဦးမလားဆိုတာ ငါလည်း မပြောတတ်ဘူး….”
လင်းရီအနည်းငယ် စိတ်ခံစားသွားရ၏။ လူတစ်ယောက်က အဆင့်တစ်ခုသို့ ရောက်လျှင် သူတို့ ပိုက်ဆံ မလိုချင်သည့် တိုင်အောင် တစ်စုံတစ်ယောက် အိတ်ကပ်ထဲသို့ အတင်းထိုးထည့်ပေးတတ်ကြလေသည်။
စကားပုံများအတိုင်း ချမ်းသာသူတို့က ပို၍ ချမ်းသာလာပြီး နွမ်းပါးသူတို့က ပို၍ နွမ်းပါးသွားကြ၏။
“ ဟားဟား… ကျွန်တော် စဉ်းစားလိုက်ပါဦးမယ်…”
လင်းရီ၏ အဖြေက လျန်ရူရွှယ် ခန့်မှန်းထားသည့် အတိုင်းပင်။ ထိုအကောင်က သာမန်လူများနှင့် ခြားနားစွာ ပိုက်ဆံအား မက်မောမနေချေ။
“ မင်းက မလုပ်ချင်ဘူးပေါ့…” လင်းရီမှ စကားအလှနှင့် ငြင်းပယ်သွားကြောင်း ချိန်ရွှင့်ကျယ်နားလည်သော်လည်း သူ ဒေါသမထွက်ချေ။
“ အန်ကယ်ချိန်က ကျွန်တော်ကောင်းဖို့ လုပ်နေတယ်ဆိုတာ နားလည်ပါတယ်.. ဒါပေမယ့် ကျွန်တော့်မှာက အချိန်မရှိတာ ခက်တာပဲ…” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော့်ရဲ့ အချိန်တွေကို ဆေးဝါးသုတေသနပိုင်းမှာပဲ မြုပ်နှံထားလို့ မဖြစ်ဘူး… တကယ်လို့ ကျွန်တော့်ရဲ့ လုပ်ငန်းတွေကို တခြားသူတွေနဲ့ လက်လွှဲထားလိုက်မယ်ဆိုရင် ကမ္ဘာ့အဆင့်မှီ ကုမ္ပဏီကြီး တစ်ခုအဖြစ် ကြီးထွားလာဖို့က အင်မတန်ခက်ခဲလိမ့်မယ်…”
လင်းရီ တစ်ခဏမျှ ရပ်တန့်လိုက်ပြီးနောက် “ ဒုတိယအနေနဲ့ အပင်မြင့်လေ လေတိုက်လေ ဆိုသလိုပဲ… လူတိုင်းက ဝေဖန်ဖို့ မျက်လုံး ဒေါက်ထောက်ကြည့်နေကြမှာကို ကျွန်တော် မလိုချင်ဘူး… လောလောဆယ် အချိန်တစ်ခု လောက်အထိတော့ လီတိုဂရပ်ဖီစက် လုပ်ရင်းနဲ့ပဲ ကိုယ့်ကိုယ်ကို ညှင်းပန်းလိုက်ဦးမယ်….”
“ သွားပြောမနေနဲ့ အန်ကယ်ချိန် .. လင်းရီက သူများနဲ့မတူဘူး… တကယ်လို့ သူ့ကို ရုံးခန်းထဲမှာပဲ ဖင်ငြိမ်အောင် ထိုင်ခိုင်းမယ်ဆိုရင် နှစ်ရက်နဲ့တင် ဖျားသွားလိမ့်မယ်..” လျန်ရူရွှယ်မှ ပြေရာပြေကြောင်း ဝင်ပြောပြလိုက်၏။
“ ကျွတ် .. မင်းငါ့ကို ကောင်းကောင်းနားလည်နေတာပဲ…”
လင်းရီ ပြုံးလိုက်ပြီး “ ကျွန်တော်က အချိန်တစ်ခုလောက်အထိ လုပ်ဖို့အစီအစဉ် မရှိသေးဘူး ဆိုပေမယ့် သုတေသန စင်တာရဲ့ အနာဂတ် ဆေးဝါးသုတေသနတွေအတွက် ပြဿနာကြုံရင် ကျွန်တော်လည်း လက်ပိုက်ကြည့်နေဖို့ အစီအစဉ်ဖို့မရှိပါဘူး… ကုမ္ပဏီ အသစ် တည်ထောင်လိုက်တာထက် ရှိရင်းစွဲ လူယုံတွေ မွေးတာက ပိုကောင်းတယ်… မဟုတ်ရင် ရှယ်ယာရှင် အသစ်တွေနဲ့ ရှုပ်ထွေးပြီးတော့ သေချာပေါက် ကောင်းတော့မှာ မဟုတ်ဘူး…”
“ မဆိုးဘူး ကောင်လေး… မင်းက ငယ်ငယ်လေး ရှိသေးတာကို အများကြီး ကြိုမြင် ကြိုသိနေတော့တာပဲ…” ချိန်ရွှင့်ကျယ် မှတ်ချက်ပြုလိုက်ပြီး “ အဲ့လိုဆိုမှတော့ ငါမင်းတို့ကို တွန်းအားမပေးတော့ဘူး.. တကယ်လို့ မင်းစိတ်ပြောင်းသွားရင်တော့ ငါ့ဆီ အချိန်မရွေး ဖုန်းဆက်လိုက်ကွာ….”
“ ဟုတ်ကဲ့.. ကျေးဇူးပါ အန်ကယ်ချိန်…”
“ စကားမစပ်… သုတေသန စင်တာမှာ သွေးပျော်ဝင်ဆေး ဖန်တီးနေတာ အောင်မြင်နေပြီတဲ့… မင်း အဲ့အကြောင်း သိပြီးပြီလား…”
“ ကျွန်တော်အရင်တစ်ခေါက်ရောက်ကတည်းကနေကြားတာ…” လင်းရီ ပြောလိုက်ပြီး “ကျွန်တော့်ဘက်က အထွေထွေ ဖော်မြူလာကိုတောင် စီစဉ်ပြီးသွားပြီ… လက်တွေ့စမ်းသပ်ပြီး သက်သေပြတဲ့ လုပ်ငန်းစဉ်ကိုတော့ အသင်းက လူတွေကိုပဲ ကိုင်တွယ်ခိုင်းလိုက်တော့မယ်…”
“ အဲ့လောက်တောင် မြန်တယ်လား…”
“ အင်း... ဒီရဲ့ ဆေးဝါးက ရှားပါးရောဂါ ကုသဆေးတွေနဲ့ ကွဲပြားတယ်လေ… ကိုးကားစရာ အချက်အလက်တွေမှ အများကြီးပဲ… ဒါကြောင့်မို့ အချိန်ဘယ်လောက်မှ မပေးရတာ…”
“ ကြားရတာ မင်္ဂလာရှိလိုက်တာ…” ချိန်ရွှင့်ကျယ်ပြောလိုက်ပြီး “ အဲ့ဒီရဲ့ သွေးပျော်ဝင်တဲ့ဆေးတွေက ဈေးကွက်ထဲမှာ တန်ဖိုးက မြင့်မားပြီးတော့ ဆေးရဲ့ အကျိုးသက်ရောက်မှုကလည်း အကန့်အသတ်နဲ့.. ငါတို့ဘက်က ဈေးကွက်ကို လှုပ်ခါနိုင်ဖို့အတွက် ဆေးဝါးအသစ်တွေ လိုအပ်တယ်….”
“ အဲ့တာဆို အန်ကယ်.. ခု စားပြီးရင် သမီးနဲ့ လင်းရီတို့ သုတေသနစင်တာကို သွားပြီး စီစဉ်လိုက်မယ်လေ…”
လင်းရီ လျန်ရူရွှယ်အား ကြည့်လိုက်၏။
သူမက ငါ့ကိုယ်စား သဘောတူလိုက်တယ်လား….
တကယ့်ကို သံတမန် အသေးစားလေးပဲ…