← Chapters

ကျုပ်က တကယ်ကြီး မစ္စတာလင်းလောက် မတော်ဘူး…

Vol. 48 Ch. 715

ကျုပ်က တကယ်ကြီး မစ္စတာလင်းလောက် မတော်ဘူး…

Vol. 48 Ch. 715

လီချူးဟန် မျက်မှောင်ကြုတ်မိလိုက်၏။

တခြား လူများက ဆေးပညာဆိုင်ရာ မေးခွန်းများ မေးနေစဉ် ထိုအကောင်က အဘယ်ကြောင့် ဝီချက် လာအပ်နေရသနည်း။

“ ကျွန်မ………” လီချူးဟန် စကားမဆုံးသေးခင် ပြောလိုက်သူက လင်းရီဖြစ်နေကြောင်း သူမ သတိထားမိလိုက်၏။

သူမ၏ အမူအရာမှာ ရုတ်ချည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့ပြီး သူမ လင်းရီကို ယခုလို နေရာမျိုးတွင် ပြန်တွေ့နိုင်လိမ့်မည်လို့ ထင်မထားခဲ့ချေ။

ချောင်ရှင်း ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး နှစ်ယောက်အား ပြုံးလျက် ကြည့်‌နေလိုက်၏။

အစ်ကိုရီကတော့ မိန်းမကျမ်း အရမ်းကြေတာပဲ…

ဘယ်အမျိုးသမီးမှ သူ့ရဲ့ ဆွဲဆောင်မှုတွေကို ခံနိုင်ရည် မရှိကြဘူး…

လင်းရီ ဝင်ရောက်လာသည်ကို မြင်တော့ အမျိုးသမီး ဆရာဝန်များအားလုံး လှည့်ကြည့်လိုက်ကြသည်။ အများစုမှာ အသက်ကြီးရင့်နေကြပြီး ဖြစ်သော်လည်း အလှရသကို ရှုစားသည့် နေရာ၌ အသက်ကွာဟချက်က ကိန်းဂဏန်းတစ်ခုမျှပင်။

မလှမ်းမကမ်းတွင် ရပ်နေသည့် ရန်စီလည်း လင်းရီကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်၏။

သူမ ထိုလူ၏ နောက်ကျောနှင့် အသံကို လွန်စွာ ရင်းနှီးနေပြီး တစ်နေရာရာ၌ တွေ့ဖူးသည့်နှယ်ပင်။

ရုတ်တရက်ဆိုသလို ရန်စီ တပ်ခရိုင် ဒေသ၌ တွေ့ခဲ့သည့် စထွင်မာအမျိုးသားအား အမှတ်ရသွားခဲ့၏။

သူမ ရင်းနှီးသလို ခံစားနေရတာ မထူးဆန်းတော့ပါဘူး…လက်စသတ်တော့ သူ ဖြစ်နေတာကိုး…

တစ်ချိန်တည်းတွင် လီချူးဟန်လည်း သူမဖုန်းအား ထုတ်လိုက်ပြီး လင်းရီနှင့် စကန်ဖတ်နေ ဟန်ဆောင်လိုက်၏။ သို့မှသာ မည်သူကမျှ သူမနောက် ဆက်မလိုက်ကြတော့ပေမည်။

“ ဒီည ညစာစားဖို့ အားတယ်မလား…”

“ အွန်း… အားတယ်…”လီချူးဟန် တုံ့ဆိုင်းခြင်း မရှိ ခေါင်းညိမ့်လိုက်၏။

ထိုမြင်ကွင်းကို မြင်သည့် ဆရာဝန် အမျိုးသားတိုင်းမှ မနာလိုဖြစ်လွန်း၍ အူများ စိမ်းပုပ်သွားခဲ့ကြသည်။

ဒီငနဲက ဘယ်ဂျောင်ဂလောင်(ချုံကြိုချုံကြား )ကနေ လာခဲ့တာ..

ပြီးတော့ သူနဲ့ စကားပြောနေတဲ့ တစ်ယောက်ကလည်း ဟွာရှန်းဆေးရုံမှာ အေးတိအေးစက်နဲ့ အရမ်းချေတယ်ဆိုပြီး နာမည်ကြီးနေတဲ့ ဒါရိုက်တာလီ မဟုတ်ဘူးလား… အဲ့လိုလူမျိုးက ဘာလို့ လွယ်လွယ်ကူကူနဲ့ ဝီချက်အပ်လိုက်ရတာလဲ…

နောက်ပြီး သူနဲ့ ညစာစားဖို့တောင် သဘောတူလိုက်သေးတယ်….?

တကယ်လို့ သူတို့သာ နည်းနည်းလေး ပိုပြီး သတ္တိရှိခဲ့မယ်ဆိုရင် အဲ့ဒီအခွင့်အရေးကို ရတဲ့သူက သူတို့ ဖြစ်သွားမှာ မဟုတ်ဘူးလား…

“ အမ်.... ဟိုလေ ဒါရိုက်တာလီ… ကျုပ်လည်း ဝီချက်အပ်လို့ရမလား…” ဒေါက်တာ တစ်ဦးမှ ဖုန်းလေးကိုင်လျက် ရောက်လာခဲ့ပြီး “ အဆင်ပြေရင် ညစာ တစ်နပ်လောက်ပါ လိုက်ကျွေးချင်လို့….”

“ ကျွန်မ ဒီရက်ပိုင်း အလုပ်တွေ အရမ်းများနေတယ်… မအားဘူး…”

ဖူး……

ချောင်ရှင်း ကြိတ်ရယ်မောလိုက်၏။

ကိုယ့်အဆင့်ကိုယ်ကို သိစမ်းပါ…ဆေးပညာမှာပဲဖြစ်ဖြစ်၊ ရုပ်ရည်မှာပဲဖြစ်ဖြစ် ရှင်က အစ်ကိုရီနဲ့ အဝေးကြီးပဲ..

ဒါရိုက်တာလီရဲ့ ဝီချက်အကောင့်ကို ရဖို့ အဲ့လောက် လွယ်မယ်များ ထင်နေလား….

လင်းရီ ပခုံးတွန့်လိုက်ပြီး ခနဲ့သည့် လေသံဖြင့် “ စိတ်တောင်မကောင်းဘူး…”

အရပ်ရှည်သည့်လူမှ ဘေးတွင် မခံချိမခံသာ ဖြစ်စွာနှင့် မတ်တပ်ရပ်နေရင်း တီးတိုးရေရွတ်လိုက်၏။ “ ရုပ်ချောတာက အဲ့လောက်ထိ အထင်ကြီးစရာ ကောင်းနေလို့လား…”

လင်းရီ လီချူးဟန်ကို ကြည့်လိုက်ပြီး “ ခုပြန်တော့မလား…”

“ အွန်း-အွန်း…”

“ ချူးဟန်… ဒါမင်း သူငယ်ချင်းလား…” လင်းရီနှင့် လီချူးဟန်တို့ ထွက်ခွာတော့မည့် အချိန်တွင် ဆံပင်အတိုနှင့် အမျိုးသားတစ်ဦးမှ သူတို့ထံ ရောက်လာခဲ့လေသည်။ ထိုသူက ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားကာ ယုံကြည်မှု ပြည့်နေသည့် ခြေလှမ်းတို့ဖြင့် လင်းရီရှေ့ ရောက်လာခဲ့၏။

“ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းလေ…”

“ လုပ်ဖော်ကိုင်ဖက်ဟောင်းလား..”

လီချူးဟန် ထူးမခြားနားစွာ ခေါင်းညိမ့်လိုက်ပြီး “ ခုတော့ အလုပ်ထွက်လိုက်ပြီ…”

“ အိုး… နားလည်ပြီ…”

ဆံပင်အတိုနှင့် အမျိုးသားမှ ခေါင်းညိမ့်လိုက်ပြီး သူ့လက်ကို လင်းရီထံ ဆန့်တန်းကာ “ ဟယ်လို.. ငါက ရန်ကျင်း အမျိုးသား ဆေးကောလိပ် နှလုံးဌာနရဲ့ ဒါရိုက်တာ ဖူချောင်းရန်ပါ… အရင်တုန်းက ချူးဟန်နဲ့ အတန်းဖော်သူငယ်ချင်းတွေလေ….”

“ ငါကလည်း ဟွာရှန်းဆေးရုံမှာ ချူးဟန်ရဲ့ လက်ထောက်ဒါရိုက်တာ ဖြစ်ခဲ့တာလေ…”

“ ဒါက….”

ဖူချောင်းရန် ရပ်တန့်လိုက်ပြီး လင်းရီမှ ထိုသို့ ပြောလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

ထိုအခိုက်အတန့်တွင်တော့ အခန်းထဲရှိ လူတိုင်းက ဖူချောင်းရန်အပေါ် အာရုံစိုက်နေကြသည်။

ဟွာရှရှိ ထိပ်တန်းဆေးရုံ တစ်ခုတွင် လက်ထောက် ဒါရိုက်တာ ဖြစ်လာသူတစ်ဦး၏ စကေးများအား မည်သို့မျှ လျှော့တွက်၍ မရချေ။ ထို့ပြင် ထိုသူက ငယ်ရွယ်ပြီး ရုပ်ဆင်းအင်္ဂါလည်း တင့်တယ်လှပေသည်။ ယင်းက ရှားပါးလွန်းလှ၏။

“ နင်တို့ လက်ချာ ဆက်နားထောင်လိုက်ကြဦး… ငါတို့ သွားတော့မယ်…”

လီချူးဟန် သူမပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး လင်းရီနှင့်အတူ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ သူမနှင့် ချောင်ရှင်းအတွက်တော့ လင်းရီနှင့် အတူ တစ်ခုခုသွားစားသည်က ဤနေရာတွင် ရပ်နေသည်ထက် ပိုမို ကောင်းမွန်သည်။

“ ပြန်တော့မလို့လား.. ခနနေကျရင် ငါတို့ ပစ္စည်းအသုံးပြုပုံတွေ ကြည့်ရတော့မှာလေ…”

“ ငါဒီက ပစ္စည်းတွေ အကုန်လုံးကို ဘယ်လိုသုံးရမလဲဆိုတာ သိပြီးသားပဲ.. ဒါကြောင့်မို့ မနေတော့ဘူး…” လီချူးဟန် ပေါ့ပါးစွာ ငြင်းလိုက်၏။

“ နေပါဦး... ငါတို့ ခုလေးတင် နှလုံးအစားထိုး ကုသတာကို ခန္ဓာကိုယ်က ဘာလို့ ငြင်းဆန်နေလဲ ဆိုတာကို ဆွေးနွေးကြတာ မဟုတ်ဘူးလား… ငါခုလေးတင် မစ္စတာ မစ်လာနဲ့ စကားပြောလာခဲ့တာ အဖြေက ငါ့ကို တော်တော်လေး စိတ်အားတက်စေတယ်…. အဲ့တာ မင်းနဲ့ ပြန်ပြီး ဆွေးနွေးကြည့်မလို့…”

“ မလိုပါဘူး… ငါနောက်မှ လင်းရီ ကိုမေးလိုက်တော့မယ်…” လီချူးဟန်ပြောလိုက်ပြီး “ သူက သေချာပေါက် အဲ့မေးခွန်းကို ဖြေပေးနိုင်မှာပဲ….”

“ သူက မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း မဟုတ်ဘူးလား… နောက်ပြီး နှုတ်တောင် ထွက်ထားပြီးပြီဆိုတော့ ဘယ်လိုလုပ်ပြီး မင်းလိုချင်တဲ့ အဖြေကို ပေးနိုင်မှာ….”

“ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေက ဒီကိစ္စ ဆွေးနွေးလို့ မရဘူးလား….”

ဖူချောင်းရန် လင်းရီကို ကြည့်လိုက်ပြီး “ မစ်စတာလင်းက အခု ဘယ်မှ အလုပ်လုပ်နေတာလဲ မသိဘူး…”

ဖူကျောင်းရန်မှ လင်းရီ၏ အထောက်အထားကို အတော်လေး သိချင်နေမိသည်။ အကယ်၍ သူသာ ကြီးမားသည့် နိုင်ငံတကာ‌ ဆေးရုံတွင် အလုပ်လုပ်နေမည် ဆိုပါက သူပြောနိုင်တာ ဘာမျှ မရှိသော်လည်း ထိုသူက ငယ်ရွယ်လွန်းလှကာ ကမ္ဘာ့အဆင့်မှီဆေးရုံများတွင် အလုပ်လုပ်နိုင်ရန် အရည်အချင်း လုံလောက်ဦးမည် မဟုတ်သေးချေ။ ထို့ကြောင့် ဖြစ်နိုင်ချေကား နည်းပါးလှ၏။

“ ငါလား…” လင်းရီ ပြောလိုက်ပြီး “ ခု စထွင်မာလုပ်နေတာလေ…”

“ စထွင်မာ….”

လင်းရီဘယ်သူလဲ ဆိုတာကို သိရှိပြီးနောက် အခန်းထဲရှိ လူတိုင်း အံ့အားသင့်သွားကြတော့၏။

ဆရာဝန်က အလုပ်ထွက်ပြီးတော့ စထွင်မာလုပ်နေတယ်… ကွာဟချက်က နည်းနည်းလေး…. မဟုတ်ဘူး ဆိုင်ကို မဆိုင်သလားလို့…

ဟွာရှန်းဆေးရုံမှာ ဆရာဝန် ဖြစ်နိုင်ရင်ကိုပဲ အံ့ဩဖို့ကောင်းနေပြီကို ဘာလို့ လူရိုသေ ရှင်ရိုသေ မရှိတဲ့ စထွင်မာ အလုပ်ကိုမှ အလုပ်ပါ နှုတ်ထွက်ပြီးတော့ လုပ်နေရတာ…

သူဆရာဝန် လုပ်တုန်းက ဆရာဝန် ကျင့်ဝတ်နဲ့ မညီလို့ တစ်သက်တာ ထုတ်ပယ်ခံလိုက်ရတာများလား….

အဲ့တာ ဖြစ်နိုင်လောက်တယ်….

ဖူချောင်းရန် မျက်ရည်ကျအောင် ရယ်မောလိုက်ပြီး “ ချူးဟန်… ဟားဟား…. မင်းရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းကြီးက ခု စထွင်မာ လုပ်နေတယ်တဲ့… တကယ်လို့ မင်းသူနဲ့ ဒီကိစ္စ ဆွေးနွေးမယ်ဆိုရင် အဲ့ကောင် ဘာမှန်းတောင် သိမှာ မဟုတ်ဘူး…”

“ လင်းရီက အရမ်းတော်တဲ့ နှလုံးခွဲစိတ်ဆရာဝန်.. ပြီးတော့ သူ့ရဲ့ ဆေးအသိပညာတွေက ငါ့ထက်ပိုပြီး ထူးချွန်တယ်… သူနဲ့ ဒီမေးခွန်းတွေ ဆွေးနွေးတာလောက်ကတော့ သေချာပေါက် ပြဿနာ ရှိမှာ မဟုတ်ဘူး…”

“ ဒါပေမယ့် သူက မစ္စတာ မစ်လာနဲ့တော့ မယှဉ်နိုင်ဘူးလေ… ဟုတ်တယ်မလား…” ဖူချောင်းရန် ပြောလိုက်ပြီး “ ငါ ခုလေးတင် မစ္စတာ မစ်လာနဲ့ ပြဿနာရဲ့ အတိမ်အနက်ကို သေချာဆွေးနွေးပြီးတော့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အဖြေကို ရလာခဲ့ပြီးပြီ… ငါတော့ သူနဲ့ ဆွေးနွေးစရာ မလိုတော့ဘူးထင်တာပဲ…”

“ ဘာတွေ လာပြောနေတာ…” လင်းရီ ပြောလိုက်ပြီး “ မင်း ကြွားလုံး ထုတ်ချင်တယ်ဆိုလည်း ကိုယ့်ဘာကိုယ်ပဲ ကြွားလုံးထုတ်နေ.. ငါ့ကိုတော့ ခုတုံးလုပ်ပြီး ကြွားလုံး မထုတ်နဲ့….”

“ မစ္စတာလင်းကတော့ နားလည်မှု လွဲနေပါပြီ… အဲ့လိုမျိုးဖြစ်ဖို့ မရည်ရွယ်ပါဘူး…. ကျုပ်က ဒီတိုင်း ထောက်ပြနေတာလေ….” ဖူချောင်းရန် ပြောလိုက်ပြီး “ဘာလို့လဲ... အမှန်တရားတွေက နားဝင်သိပ်ခါးနေလို့လား…”

“ အမှန်အတိုင်း ပြောရရင် “ လင်းရီ မစ်လာကို ညွှန်ပြလိုက်ပြီး “ သူတောင် ငါနဲ့ ယှဉ်ဖို့ အဆင့်မမှီသေးဘူး… မင်းက ဘာကောင်မို့လဲ…”

ထိုစကားလုံးများအား ကြားပြီးပြီးချင်း အခန်းထဲရှိ လူတိုင်း ကျွတ်စီညံသွားခဲ့ကြသည်။သူတို့အားလုံး အထင်သေးပြီး လက်မခံနိုင်သည့် အကြည့်တို့ဖြင့် လင်းရီအား ကြည့်လိုက်ကြ၏။

မစ္စတာ မစ်လာဆိုတာ ဆေးပညာ နိုဗယ်ဆုရထားတဲ့ သူလေ..

သူက မစ္စတာမစ်လာကို သူ့အောက်နိမ့်တယ်ဆိုပြီး ပြောလိုက်တယ်လား… ဒီကောင်က မောင်းထုတ်ခံချင်နေတာလားပဲ….

ရန်စီ သူမ ရင်ဘက်ရှေ့ လက်ကိုပိုက်လျက် အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

ယခုလေးတင် သူမ စိတ်ထဲရှိ မရေရာသည့် မေးခွန်းများက ပျောက်ကွယ်သွားခဲ့ချေပြီ။ သူ၏ လေသံက ထိုစထွင်မာ အမျိုးသားနှင့် တစ်ထေရာတည်းပင်။ ကမ္ဘာပေါ်တွင် အသံဆင်တူအောင် လုပ်ပြီး ပြောနိုင်သည်က အင်မတန်ရှား၏။

တစ်ခဏမျှကြာအောင် အံ့အားသင့်ပြီးနောက် လူတိုင်း၏ အကြည့်များက မစ်လာထံ ရောက်ရှိသွားခဲ့လေသည်။ သူတို့အားလုံး ထိုလေကြွားသည့် ငနဲအား မစ်လာမှ မောင်းထုတ်ရန် တိတ်တဆိတ် မျှော်လင့်နေကြ၏။

ဆေးသိပ္ပံပညာရပ်တွင် စည်းမျဉ်းစည်းကမ်းက တင်းကြပ်လွန်းလှပြီး ပေါက်တတ်ကရ ပြောသူများအတွက် အခန်းကဏ္ဍ မရှိချေ။

သို့သော်လည်း မျှော်လင့်မထားစွာဖြင့် မစ်လာမှ ပခုံးတွန့်ရုံမျှသာ တွန့်လိုက်ပြီး “ မင်းတို့ရှေ့ ရပ်နေတဲ့ သူက မစ္စတာလင်းပဲ…ပြီးတော့ ဒီရဲ့ သုတေသန စင်တာရဲ့ ခေါင်းဆောင်တစ်ဦးလို့ ပြောလို့ရတယ်… သူ့ရဲ့ ဆေးပညာအောင်မြင်မှုတွေက မင်းတို့ ထင်တာထက်ကို ပိုပြီးတော့ မြင့်မားတယ်.. ငါက မစ္စတာလင်းလောက် မတော်ဘူးဆိုတာ အမှန်ပဲ…”

All Chapters