ဒီနှစ်ယောက်ကိုကော ယောင်းမလို့ ခေါ်ရမလား..
Vol. 48 Ch. 716
မစ်လာ၏ စကားလုံးများက ရောက်ရှိနေကြသည့် လူတိုင်းကို ကြက်သေသေသွားစေသည်။
၎င်းတို့အားလုံး မျက်လုံးပြူး မျက်ဆံပြူးဖြင့် မယုံကြည်နိုင်ဖြစ်နေကြ၏။
“ မစ်… မစ္စတာမစ်လာ… ခင်များ ဘာလိုက်တယ်… သူ့ရဲ့ အရည်အချင်းတွေက ခင်များထက် ပိုသာနေတယ်ဟုတ်လား…”
မစ်လာ ပခုံးတွန့်လိုက်ပြီး “ နားကြားမမှားဘူး… သူ့ရဲ့ စွမ်းရည်တွေက တကယ်ကြီး ငါ့အထက်မှာရှိတယ်… ပြီးတော့ ဒီရဲ့ သုတေသန စင်တာကို တည်ထောင်ထားတယ်ဆိုတာကလည်း မစ္စတာလင်းကြောင့်ပဲ… ဆိုတော့ သူ့အရည်အချင်းတွေကို မေးခွန်းထုတ်စရာမလိုဘူး… သံသယမရှိကြနဲ့…”
ဤတစ်ကြိမ်တွင်တော့ လီချူးဟန်နှင့် ချောင်ရှင်းတို့ အပါအဝင် ဓာတ်ခွဲခန်းထဲရှိ လူတိုင်း မှင်တက်သွားခဲ့ကြတော့၏။
သူမတို့ လင်းရီ မည်မျှ ဩဇာကြီးမားကြောင်း နားလည်ထားသော်လည်း ဤစင်တာက သူနှင့် ဆက်နွယ်နေလိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။
လင်းရီက သိုသိုသိပ်သိပ်နဲ့ ဘာတွေလဲ လုပ်နေတာ…
သူက ဆေးသုတေသနဲ့ ဖွံ့ဖြိုးရေး စင်တာကိုတောင်မှ တိတ်တဆိတ် တည်ထောင်လိုက်သေးတယ်ပေါ့…!
ရန်စီလည်း အံ့အားသင့်သွားခဲ့၏။
သူမရှေ့ရှိ လူက မျက်နှာဖုံး အစ်ကိုကြီးဖြစ်ကြောင်း သေချာနေသော်လည်း ထိုကဲ့သို့သောသူမျိုးတွင် အံ့မခန်း ဆေးပညာအရည်အချင်းများ ရှိနေကြောင်းကိုတော့ သူမ မည်သို့မျှ မယုံကြည်နိုင်ချေ။
ရန်စီ၏ စိတ်ထဲတွင် မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားခဲ့၏။
သူက ဒီလောက်ထိ စွမ်းပကား ကြီးမားနေတာကို ဘာလို့ စထွင်မာ လုပ်နေသေးလဲ…
လင်းရီ လီချူးဟန်၏ ခါးအား ပွေ့ဖက်လိုက်ပြီး ဘဝင်ခိုက်နေသည့် မျက်နှာထားဖြင့် “ ချူးဟန်....မင်း အတန်းဖော်က နည်းနည်းလေး အဆံချောင်နေသလိုပဲ… ဒီကောင် ဆေးကျောင်းကို ဘယ်လိုအောင်ပြီး ရောက်လာခဲ့မှန်းတောင် မသိဘူး… လျစ်လျူရှုထားလိုက်….”
လင်းရီမှ သူမကို လူရှေ့သူရှေ့တွင် ခါးဖက်လိုက်သောကြောင့် လီချူးဟန် ရှက်ရွံ့သွားခဲ့၏။ သို့သော်လည်း သူမ မရုန်းကန်ခဲ့။ တိတ်ဆိတ်စွာ ခေါင်းငြိမ့်ရင်းဖြင့် လင်းရီနှင့်အတူ ထွက်ခွာသွားခဲ့လေသည်။
လီချူးဟန်၏ ရှက်ရွံ့နေသည့် ပုံစံကို မြင်တော့ ဖူချောင်းရန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ အမူအရာမှာတော့ ဘီလူး သံပုရာခြမ်း ကိုက်ထားသည့် ရုပ်ဖြစ်နေတော့သည်။
သုံးယောက်သား ဓာတ်ခွဲခန်း အပြင်ဘက်သို့ ထွက်လာခဲ့ပြီး တိုက်ဆိုင်စွာဖြင့် ချိန်ရန်နှင့် ကျန်သူများလည်း အခြား ဓာတ်ခွဲခန်းထဲမှ ထွက်လာခဲ့ကြလေသည်။
“ အစ်ကိုရီ.. မပြန်သေးဘူးလား…” ချောင်ရှင်း မေးမြန်းလိုက်၏။
“အင်း... ဟိုဘက်ခန်းမှာ လက်ချာနားထောင်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိသေးတယ်… သူမကို ခဏလောက် စောင့်ကြတာပေါ့..”
“ အွန်း…ရတယ်လေ “
လင်းရီ လီချူးဟန်အား ကြည့်လိုက်ပြီး “ ငါမရှိတုန်း ဘာလို့ ဝလာခဲ့တာ… ခါးနားမှာ အဆီတွေမှ အများကြီးပဲ…”
“ ဟင်... တကယ်လား…” လီချူးဟန် အနည်းငယ် ပျာပန်းခတ်သွားခဲ့ပြီး “ ငါ ဒီရက်ပိုင်း ဆေးရုံမှာ အလုပ်များနေလို့ ဘာမှတောင် သိပ်မစားဖြစ်တာကို ဘယ်လိုလုပ်ပြီး ဝလာခဲ့တာလဲ…”
လင်းရီ ရယ်မောလိုက်ပြီး” ငါက ဒီတိုင်း စနေတာလေ…”
လီချူးဟန် ပါးနီရဲသွားခဲ့ပြီး မကျေမနပ်ဖြစ်ကာ ပါးဖောင်းထားလိုက်၏။ သူမ၏ အူကြောင်ကြောင် အမူအရာလေးက အတော်လေး ချစ်စဖွယ် ကောင်းနေတော့သည်။
ထိုအခိုက်အတန့်တွင် ဖူချောင်းရန်လည်း ဓာတ်ခွဲခန်းထဲမှ ထွက်လာခဲ့လေသည်။
လင်းရီ ထင်ထားသည်က သူ လီချူးဟန်ကို လာတွေ့သည်ပင်။သို့သော် မျှော်လင့်မထားစွာဖြင့် ဆန့်ကျင်ဘက်သို့ လမ်းလျှောက်သွားခဲ့ပြီး
“ ရန်ရန် .. ပြီးပြီလား… ပြီးရင် ထမင်းသွားစားကြစို့…”
“ အစ်ကိုချောင်..”
ကူနန်ကျစ်းနှင့် လီကျစ်မုန့်တို့ ဖူချောင်းရန်အား နှုတ်ဆက်လိုက်ကြ၏။
“ သွားစို့… အစ်ကို ဒီတစ်ခေါက် လက်ချာတန်းကနေ ဗဟုသုတေတွေ အများကြီးပဲ ရလိုက်တယ်… မင်းတို့ကို ပြန်ပြီး ပြောပြပေးမယ်…”
၎င်းကို မြင်တော့ လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။
ဖူချောင်းရန်နှင့် ချိန်ရန်မှာ အချင်းချင်းသိနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
ဖူချောင်းရန်မှာ ယခင်က ချိန်ရန်တို့ကျောင်းသို့ မိန့်ခွန်းပြောရန် တစ်ခါ ရောက်လာခဲ့ဖူးလေသည်။ ထိုစဉ်က ဆေးရုံဒါရိုက်တာမှာ ချိန်ရန်၏ အထောက်အထားကို သူ့အား ပြောပြခဲ့၏။ သို့နှင့် သူကြိုးစားပမ်းစားနှင့် နည်းလမ်းရှာဖွေ၍ ချိန်ရန်ထံ ဝီချက်အပ်နိုင်ခဲ့သည်။ သို့သော်လည်း ချိန်ရန်မှာ သူနှင့် သာမန်အတိုင်းပဲ ပြောဆိုဆက်ဆံကာ အခြား ဘာရည်ရွယ်ချက်တို့မျှ ရှိမနေချေ။ ဖူချောင်းရန်ကသာလျှင် ချိန်ရန်နှင့် နီးကပ်နိုင်ရန်အတွက် အခွင့်အလမ်းများကို ဆက်တိုက် ဖန်တီး ယူနေရ၏။
“ အစ်ကိုချောင် ကျွန်မ မဆာသေးဘူး… နောက်မှ ဆက်ပြောကြတာပေါ့…”
ချိန်ရန် သူမဖုန်းအား ကိုင်ထားပြီး ဆက်ကလိနေလိုက်သည်။
“ ကောင်းပြီလေ.. ဒါဆိုလည်း နောက်မှပေါ့…” ဖူချောင်းရန် မျက်နှာလို မျက်နှာရ လေသံဖြင့် ပြောလိုက်ပြီး “ တကယ်လို့ ဗိုက်ဆာရင် ပြောနော်… အစ်ကိုက ကျိုးဟိုင်ကို ခနခန ရောက်ဖူးတော့ ဒီဒေသ စားစရာတွေ နဲ့ ရင်းနှီးတယ်… စားချင်တယ်ဆို လိုက်ပို့ပေးမယ်…”
“ အိုး.. ကျေးဇူးပါ…”
ချောင်ရှင်း ဖူချောင်းရန်အား အထင်မြင်သေးစွာဖြင့် ကြည့်လိုက်၏။
“ ဒီလူကမှ ဖော်လံဖား စစ်စစ်… ခုနလေးတင် လက်ချာခန်းထဲမှာတုန်းက ဒါရိုက်တာလီနား ဝီချက်အပ်ချင်နေတယ်… ခု နောက်မိန်းကလေးတစ်ယောက်ကို မြှူဆွယ်ချင်နေပြန်ပြီ…. အွက်.. သူ့အကြောင်းတွေးရုံနဲ့ အန်တောင် အန်ချင်လာသလိုပဲ…”
“ ဟဲ့ ရှင်းရှင်း.. နင် အဲ့လို မပြောရဘူးလေ…. သူ့ဘာသူ ဘာကောင်ကြီးပဲ ဖြစ်နေဖြစ်နေ သူများ နောက်ကွယ်မှာ မကောင်းကြောင်းပြောတာကတော့ ရိုင်းတယ်…” လီချူးဟန် ပြောလိုက်၏။
“ အွန်းပါ… သူက အရမ်းကို စက်ဆုပ်ဖို့ ကောင်းလွန်းလို့…” ချောင်ရှင်း ပြောလိုက်ပြီး “ အဲ့မိန်းကလေးက လှတယ်ဆိုရင်တောင် သူ့ပစ္စည်းတွေက ဒါရိုက်တာလီလောက်လည်း မရှိပဲနဲ့ကို… အဲ့ဖူချောင်းရန်လို့ ခေါ်တဲ့သူက တကယ်ပဲ ဘာရသ မှကို မရှိဘူး….”
“ ရှင်းရှင်း.. အဲ့ကောင် ဘာလို့ အဲ့ဒီမိန်းကလေးနား အရမ်းကပ်နေလဲ မင်းသိလား…” လင်းရီ ပြုံလိုက်၏။
“ အမ်… အဲ့မိန်းကလေးက ထူးခြားနေလို့လား…”
“ ထူးခြားနေတာက အဲ့ကောင်မလေးအဖေပဲ… ဆေးပညာ အသိုင်းအဝိုင်းက လူတိုင်း အဲ့ကောင်မလေး လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးချင်နေကြတဲ့ သူချည်းပဲ..”
“ တကယ် .. မဖြစ်နိုင်လိုက်တာ.. သူ့အဖေက အဲ့လောက်တောင် လွှမ်းမိုးနိုင်စွမ်း ရှိတယ်လား….”
“ အင်း…”
“ ထူးဆန်းတယ်…” ချောင်ရှင်း ပြောလိုက်ပြီး “ နေစမ်းပါဦး… အစ်ကိုရီကကော သူ့အဖေ အဲ့လောက်ထိ ဩဇာကြီးမှန်း ဘယ်လိုသိနေတာ…”
“ ဘာလို့ဆို ငါ ခုလေးတင် သူ့အဖေနဲ့ ထမင်းအတူ စားလာခဲ့တာလေ.. ငါတို့သုံးယောက် စောင့်နေတဲ့သူကလည်း အဲ့ကောင်မလေးပဲ…
ချောင်ရှင်းသွေးအန်လု နီးပါး ဖြစ်သွားခဲ့ပြီး “ အစ်ကိုရီက အရမ်းအထင်ကြီးဖို့ ကောင်းတာပဲ…”
“ အစ်ကိုရီ 666 “
ချိန်ရန်မှ သူမဖုန်းအား ဆက်ကလိနေသည်ကို မြင်တော့ လင်းရီ သူမအား လက်ဝှေ့ယမ်းပြလိုက်ပြီး “ ဝေ့….! ဖုန်းကြီးပဲ ကလိမနေနဲ့… မဟုတ်ရင် နံရံနဲ့ ဝင်တိုက်မိတော့မယ်…”
ချိန်ရန် ဘာမှ မပြောနိုင်သေးခင် ဖူကျောင်းရန်မှ လင်းရီအား ကြည့်လိုက်ပြီး “ ဟျောင့်… မင်း ဘာတွေ လျှောက်အော်နေတာ… ဒါက အများပြည်သူနေရာကွ… လူလို နားမလည်ဘူးလား…”
လင်းရီ ဖူချောင်းရန်အား ဆွံ့အစွာ ကြည့်လိုက်ပြီး “ ငါက စေတနာနဲ့ သတိပေးနေတာကို မင်းနဲ့ ဘာဆိုင်လို့ လာပြီး စိတ်တိုနေတာ…”
“ သူမ ဘေးမှာ ငါတစ်ယောက်လုံး ရှိတယ်.... မင်း သတိပေးနေဖို့ မလိုဘူး… မင်းကိုယ်မင်း သောက်ရမ်း စိတ်ရှုပ်ဖို့ ကောင်းတယ်လို့ မထင်ဘူးလား…”
“ ကျွန်မရဲ့ အစ်ကိုရီကို အဲ့လို စကားမျိုးပြောဖို့ ရှင့်ကို ဘယ်သူ သင်ပေးလိုက်တာ..” ချိန်ရန် အေးစက်စွာဖြင့် ဆိုလိုက်သည်။
အပြင်လူများ ရှိနေသောကြောင့် ချိန်ရန် 'အစ်ကို' ဟုသာ ခေါင်းစဉ်တပ်လိုက်၏။ အခြားအပြင်လူများ မရှိချိန်တွင်တော့ ' ခဲအို' ဟု ခေါ်လိုက်ပေမည်။
“ အာ… အစ်ကိုရီ…” ဖူချောင်းရန် ကြက်သေသေသွားခဲ့ပြီး “ မင်းတို့နှစ်ယောက်က အချင်းချင်း သိကြတယ်လား…”
“ သူက ကျွန်မ အစ်ကိုပဲ… ရှင် ဘာထပ်ပြီး ပြောချင်သေးလဲ…” ချိန်ရန် ပြောလိုက်ပြီး “ ကျေးဇူးပြုပြီး ကိုယ့်ကိစ္စကိုယ်လုပ်ပါ… သူများတွေကိစ္စ လိုက်ဝင်စွက်မနေနဲ့…”
“ ဟားဟား………”
ဖြတ်သွားဖြတ်လာများမှ မနေနိုင်ပဲ ဝါးလုံးကွဲ ဟားတိုက် ရယ်မောလိုက်ကြ၏။
ဒီလူရဲ့ အခြေအနေက သနားတော့ သနားစရာပဲ…
မိန်းကလေးရှေ့မှာ အာရုံစူးစိုက်ခံချင်နေတာကို သူ အာရုံစူးစိုက်ခံချင်နေတဲ့ မိန်းကလေးက သူများနဲ့ ပါသွားတယ်…
ပိုဆိုးတာက အရင်လူနဲ့ တစ်ယောက်တည်း ဖြစ်နေတာပဲ…
ကျွတ် ကျွတ်.... သနားစရာလေး...
ဖူချောင်းရန် ဘေးတွင် ကိုးရိုးကားရား ရပ်နေရင်း သူ့မျက်နှာ ဘယ်နား ဖွက်ထားရကောင်းနိုးနိုး ဖြစ်နေလေသည်။
“ အစ်ကိုလင်းက ဘာလို့ ဒီရောက်လာတာ…”
“ ဒီကို ကိစ္စရှိလို့ လာခဲ့တာလေ… မင်းကိုလည်း လာရှာရင်းပေါ့…”
ချိန်ရန် လီချူးဟန်နှင့် ချောင်ရှင်းအား သံသယ မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး “ ဒါနဲ့ ဒီ မမ နှစ်ယောက်ကိုက ဘယ်လိုခေါ်ရမှာ… ယောင်းမတွေလား…”
“ ဒီတစ်ယောက်ကိုပဲ ယောင်းမလို့ ခေါ်လိုက်….” လင်းရီ လီချူးဟန်အား ပွေ့ဖက်ရင်း ပြောလိုက်၏။
“ အွန်း အွန်း.. ငါက အများဆုံး အိမ်ဖော်လောက်ပဲ ဖြစ်နိုင်တာ…” ချောင်ရှင်း အပြုံးလေးဖြင့် ပြောလိုက်၏။
“ ဟီးဟီး.. ဒါဆို တို့က တူတူပဲပေါ့…” ချိန်ရန်မှ ပြောလိုက်ပြီး “ အစ်ကိုလင်း အလုပ်ပြီးပြီးလား… ပြီးရင် တစ်ခုခုသွားစားကြစို့လေ… ညီမ ဗိုက်အရမ်း ဆာနေပြီ….”
“ ခုနကပြောတော့ မဆာသေးဘူးဆို…”
“ အဲ့တာက သူများနဲ့မို့လေ… အဲ့ကောင်နဲ့ စကားကို မပြောချင်တာ… တကယ်တည်း ... သူများ ပြောချင်မှန်းမသိ မပြောချင်မှန်း မသိနဲ့... အလိုက်ကန်းဆိုးကို မသိဘူး...”
‘ အာ…’
ထိုစဉ် ထွက်ခွာတော့မည့် ဖူချောင်းရန်မှာ ရုတ်ချည်း ခြေလှမ်းများ ရပ်တန့်သွားခဲ့ရ၏။
ပွင့်ပွင့်လင်းလင်း ပြောတာကတော့ ဟုတ်ပါပြီ...
ဒါပေမယ့် ငါ့ရှေ့ပေါ်တင်ကြီးတော့ အဲ့လို မပြောနဲ့လေ...
ခုဟာက အနာပေးပြီး ဆားနဲ့ သိပ်နေသလိုပဲ…