နောက်တစ်ခေါက် လုပ်ပါဦး
Vol. 85 Ch. 1171
" ဘယ်သူလဲကွ " ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်သွား၏။ သူသည် ထွက်ပြေးရန် ကြိုးစားလိုက်ပါသော်လည်း အချည်းနှီးပင်။ အသက်ရှူကြိမ် အနည်းငယ်ခန့်အကြာတွင် ထို ဆွဲငင်အားများ ပြန်လည် ပေါ်ပေါက်လာသဖြင့် သူသည် အော်ပြောလိုက်၏။
" ငါ မင်းကို မြင်ရတယ်နော်။ ဟွန်း။ လက်စသတ်တော့ မင်းကိုးကွ "
အုန်း...
သူသည် နောက်ထပ်တစ်ခေါက်ထပ်၍ ဆောင့်ဆွဲခံလိုက်ရ၏။
" အရှက်မရှိတဲ့ကောင်။ မင်း သတ္တိရှိရင် အပြင်ထွက်ခဲ့လေ "
အုန်း...
နောက်ထပ်တစ်ခေါက် ထပ်၍ ဆောင့်ဆွဲခံလိုက်ရပြန်သည်။
ဝမ်ပေါင်လဲ့မှာ ရူးသွပ်လုမတတ် ခံစားနေရပြီဖြစ်သည်။ အချိန်တိုလေးအတွင်းတွင် သူသည် အကြိမ်နှစ်ဆယ်ကျော် ဆောင့်ဆွဲခံခဲ့ရ၏။ သူ၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးထဲတွင်လည်း အက်ကွဲကြောင်းများပေါ်ပေါက်လာပြီး ၎င်းမှာ ပျက်စီးသွားတော့မည်ပုံ ပေါက်နေပြီဖြစ်သည်။ ထို့ကြောင့် သူ ရောက်သွားသည့်ကမ္ဘာကြီးထဲ၌ နေသားတကျဖြစ်နေပြီဖြစ်သည့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် ကြောက်ရွံ့တုန်လှုပ်သွားရ၏။
ထိုအချိန်တွင် အမှောင်မြစ်ထဲရှိ ဘုရားကျောင်းထဲ၌ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ မျက်ဝန်းများ စူးရှတောက်ပနေသည်။ သူမသည် ခေါင်းငုံ့ကာ လက်တစ်ဖက်ဖြင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏ ဦးခေါင်းအား ဆောင့်ဆွဲနေ၏။ သူမသည် အော်ဟစ်ကာ တစ်ကြိမ်ပြီးတစ်ကြိမ် အားစိုက်၍ ဆောင့်ဆွဲနေသည်...
ဆယ်ကြိမ်၊ အကြိမ်နှစ်ဆယ်... နောက်ဆုံး နှစ်ဆယ့်ခုနစ်ကြိမ်မြောက်တွင် အုန်းခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ သို့သော် ဝမ်ပေါင်လဲ့၏ ဦးခေါင်းမှာ ပြုတ်ထွက်လာခြင်းမရှိဘဲ သူ အသွင်ပြောင်းလဲသွားရာမှ ပေါ်ပေါက်လာသည့် ရုပ်သေးရုပ်မှာ ထိန်းချုပ်မှုများအောက်မှ လွတ်မြောက်သွားသည့်ပုံပင်။ ၎င်းမှာ သဘာဝစည်းမျဥ်းဥပဒေသ အချို့၏ လမ်းညွှန်ပေးမှုများဖြင့် နောက်သို့ ရုတ်တရက် ထွက်ပြေးဆုတ်ခွာသွားသဖြင့် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ လက်ထဲ၌ မရှိတော့ပေ။ ၎င်းမှာ နဂိုမူလနေရာသို့ ပြန်ရောက်သွားပြီးနောက် တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်လုံးများပြန်ပွင့်လာ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သတိပြန်ရလာသည်။
ထိုအခါ လကမ္ဘာပေါ်၌ဖြစ်ပျက်ခဲ့သည့် မှတ်ဉာဏ်များမှာ သူ၏ အသိစိတ်ထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။ ဝမ်ပေါင်လဲ့မှာ ထို ကျောချမ်းဖွယ်ရာ အတုအယောင် ကမ္ဘာကြီးထဲသို့ရောက်သွားသည်ကို ရိပ်မိလိုက်သည်နှင့် မျက်စိမျက်နှာပျက်သွား၏။ ထို့ကြောင့် သူသည် နောက်သို့ ချက်ချင်းထွက်ပြေးဆုတ်ခွာသွားပြီး သူ၏ ခန္ဓာကိုယ်အား ကြည့်ရှုစစ်ဆေးလိုက်၏။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် မယုံသင်္ကာဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
သူသည် ဘေးမသီရန်ခမ ရှိနေဆဲပင်။ သို့သော် သူ၏ လည်ပင်းမှာ အနည်းငယ် နာကျင်နေသောကြောင့် သူသည် ခေါင်းမော့ကြည့်လိုက်၏။ ထိုအခါ သူသည် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး သူ့အား မျက်လုံးနီကြီးဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
သူမသည် အမျက်ချောင်းချောင်းထွက်ကာ လက်မခံနိုင်လောက်အောင်ဖြစ်နေသည့်ပုံ ပေါက်နေ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ ရပ်တန့်သွားရပြီး နောက်သို့ ထပ်၍ ဆုတ်ခွာသွားလိုက်၏။ သူသည် တာအိုဂါထာတော်အား ရွတ်ဖတ်ကာ သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးအား အသုံးပြုရန် တွေးလိုက်ပါသော်လည်း ခဏအကြာတွင် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ မျက်ဝန်းများထဲ၌ အနက်ရောင် အလင်းရောင်များ တောက်ပသွား၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာလည်း ပြန်လည်တောင့်တင်းသွားပြီး သူ၏ မျက်ဝန်းများထဲ၌ ရီဝေဝေဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာပြန်သည်။ ထို့နောက် သူသည် ရုပ်သေးရုပ်တစ်ရုပ်အဖြစ် ပြန်လည် ပြောင်းလဲသွားသည်။ ယခုအကြိမ်တွင်မူ သူသည် သူ၏ နဂိုမူလနေရာဆီသို့ ပြန်သွားခြင်းမရှိဘဲ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ ရှေ့သို့ ရောက်သွား၏။
ထို အမျိုးသမီးမှာ အခြားရုပ်သေးရုပ်များကိုပင် ကြည့်နေခြင်းမရှိပေ။ ရုပ်သေးရုပ်တစ်ရုပ် အလင်းရောင်များ ထုတ်လွှတ်နေလျှင်တောင် သူမသည် ၎င်းအား လျစ်လျူရှုလိုက်သည်သာဖြစ်သည်။ သူမသည် ဝမ်ပေါင်လဲ့၏ ရုပ်သေးရုပ်ကိုသာ စိုက်ကြည့်နေပြီး ၎င်း အရောင်တောက်ပလာမည့်အချိန်ကို စောင့်ဆိုင်းနေ၏။
သူမ ထိုသို့စောင့်ဆိုင်းနေစဉ် ဝမ်ပေါင်လဲ့မှာ အခြား ပုံရိပ်ယောင် ကမ္ဘာတစ်ခုထဲသို့ ပြန်ရောက်သွား၏။ ၎င်းမှာ နတ်ဆိုးမျက်လုံးကြယ်အဖွဲ့အစည်းဖြစ်သည်။ ဝမ်ပေါင်လဲ့၏ နောက်တွင်မူ စစ်သင်္ဘောအမြောက်အမြားမှာ သူ့အား လိုက်လံဖမ်းဆီးနေကြ၏။ ၎င်းတို့အား ဦးဆောင်လာသည့်သူမှာ အမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူမသည် နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ဖြစ်ပေသည်။ သူမသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့ဆီသို့ ချဉ်းကပ်လာနေပြီ ဖြစ်သည်။
ထိုအခါ အဝေးသို့ထွက်ပြေးနေသည့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ဆွံ့အမှင်တက်သွား၏။ ထို့နောက် သူသည် အာရုံအပြည့် ပြန်စိုက်လိုက်သည်။ သူသည် အရှိန်ကုန်မြှင့်တင်၍ ထွက်ပြေးနေသည့်တိုင်အောင် သူ့အား လိုက်လံဖမ်းဆီးနေသည့်သူမှာ သူ၏ အနီးသို့ တဖြည်းဖြည်းနှင့် ကပ်လာဆဲပင်။
" တောက်ကွာ။ ငါ့ရဲ့ပစ္စည်းတွေကို လုယူသွားတာ သူတို့လေ " ဝမ်ပေါင်လဲ့မှာ ထို ပုံရိပ်ယောင် ကမ္ဘာထဲ၌ အာရုံများနစ်မျောသွားပြီး နှလုံးသားထဲ၌ မုန်းတီးစိတ်များဖြင့် ပြည့်နှက်သွား၏။ ထိုအချိန်တွင် အာကာသကောင်းကင်ကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားပြီး သူ၏ ပတ်ပတ်လည်၌ အားကောင်းသော ဆွဲငင်အားတစ်မျိုး စုဝေးလာသည်။ ၎င်းတို့မှာ သူ၏ လည်ပင်းပေါ်သို့ ကျရောက်သွားသဖြင့် လက်ကြီးနှစ်ဖက်မှာ သူ၏ လည်ပင်းအား ဆောင့်ဆွဲနေသကဲ့သို့ပင်။
ထိုဆွဲငင်အားမှာ အားကောင်းပါသော်လည်း သူ၏ ဦးခေါင်းမှာ ပြုတ်ထွက်သွားခြင်းမရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်သွား၏။
" ဒီခံစားချက်ကြီးကို ရင်းရင်းနှီးနှီး သိနေသလိုပဲ "
ထိုအချိန်တွင် အမှောင်မြစ်ထဲရှိ ဘုရားကျောင်းထဲ၌ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ ခေါင်းမော့ကာ ဒေါသတကြီး အော်ဟစ်မြည်တမ်းလိုက်၏။ သူမသည် ရဲရဲနေနေသည့် မျက်ဝန်းများဖြင့် ထိုင်နေရာမှ မတ်တတ်ထလာသည်။ ထို့နောက် သူမသည် အစွမ်းကုန်ထုတ်ကာ သူမ၏ လက်နှစ်ဖက်ဖြင့် ဝမ်ပေါင်လဲ့၏ ဦးခေါင်းအား ဆွဲဖြုတ်နိုင်ရန် ကြိုးစားလိုက်၏။ သူသည် သူမ၏ လက်ထဲ၌ အနက်ရောင် သစ်သားပျဥ်ပြားတစ်ချပ်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားနေပြီ ဖြစ်သည်။
သို့သော် သူမသည် မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ထို အနက်ရောင်သစ်သားပျဥ်ပြားလေးအား ဘာမှမလုပ်နိုင်ဘဲဖြစ်နေရ၏။ အဘယ်ကြောင့်ဆိုသော် သူမ အသုံးပြုနေသည့် နတ်ဘုရားစွမ်းရည်မှာ အသက်၏ ရင်းမြစ်အပေါ် အကျိုးသက်ရောက်နိုင်စွမ်းမရှိဘဲ ဝိညာဉ်၏ ရင်းမြစ်ပေါ်တွင်သာ အကျိုးသက်ရောက်နိုင်စွမ်းရှိသောကြောင့်ပင်။ ယခုတွင် ဝမ်ပေါင်လဲ့၏ ဝိညာဉ်ရင်းမြစ်မှာ လွင့်ပါးပျောက်ကွယ်သွားလောက်ပြီ ဖြစ်ပါသော်လည်း သူ၏ အသက်ရင်းမြစ်မှာမူ...
အမှောင်မြစ်ကြီး ခန်းခြောက်သွားလျှင်တောင် ဝမ်ပေါင်လဲ့၏ အနက်ရောင် သစ်သားပျဉ်ပြားလေးမှာ ဆက်ရှိနေဦးမည်သာဖြစ်သည်။ ထို အနက်ရောင် သစ်သားပျဥ်ပြားလေးထဲ၌ မွေးဖွားလာခဲ့သည့် ဝိညာဉ်သာလျှင် ပျောက်ကွယ်သွားမည်ဖြစ်သည်။
ယခုတွင် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ ဆက်လက်အော်ဟစ်နေဆဲပင်။ သူမသည် တစ်ကြိမ်ပြီးတစ်ကြိမ် ကြိုးစားခဲ့သဖြင့် ပုံရိပ်ယောင် ကမ္ဘာထဲသို့ရောက်သွားခဲ့သည့် ဝမ်ပေါင်လဲ့မှာလည်း တစ်ကြိမ်ပြီးတစ်ကြိမ် ဆောင့်ဆွဲခံနေသည့်အလား ခံစားခဲ့ရ၏။ နောက်ဆုံးတွင် သူသည် ရီဝေဝေဖြစ်နေရာမှ မျက်ဝန်းများထဲ၌ ရုန်းကန်မှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ထို အရိပ်အယောင်များမှာ တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာပြီး နောက်ဆုံးတွင် သူ၏ မျက်ဝန်းများမှာ လုံးဝ ကြည်လင် ပြတ်သားသွား၏။
" ဟင် " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဘေးသို့ ဆတ်ခနဲလှည့်ကာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထိုအခါ မှတ်ဉာဏ်များမှာ သူ၏ အသိစိတ်ထဲ၌ ချက်ချင်း ပြန်လည်ပေါ်ပေါက်လာသည်။ သူသည် အမှောင်မြစ်ထဲရှိ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး နေထိုင်နေသော ဘုရားကျောင်းထဲတွင် ရှိနေခဲ့ခြင်းဖြစ်ကြောင်း ပြန်၍ သတိရသွားသည်။
" အဲတာဆိုရင် ငါ အခုရောက်နေတဲ့နေရာက..." ထို့ကြောင့် သူသည် မျက်ဝန်းများ ဝင်းလက်စွာတောက်ပသွား၏။ ထို့နောက် သူသည် တွေဝေနေခြင်းမရှိဘဲ သူ၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ သူ၏ လည်ပင်းထဲ၌ နာကျင်မှုများ ခံစားလိုက်ရပြီး သူရောက်သွားသည့် ကမ္ဘာကြီးမှာလည်း ပျက်စီးသွား၏။
၎င်းမှာ တစ်စုံတစ်ယောက်က သူ့အား ရိုက်နှက်လိုက်သဖြင့် ခံစားရသည့် နာကျင်မှုမျိုးဖြစ်ပေသည်။ ထို နာကျင်မှုမှာ သိပ်၍ မပြင်းထန်ပါသော်လည်း ကမ္ဘာကြီးမှာ အရင်ဆုံး ပျက်စီးသွား၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သတိပြန်ရလာပြီး နောက်သို့ ဆုတ်ခွာသွားသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ ရှေ့ရှိ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးကိုလည်း မြင်လိုက်ရသေးသည်။ သူမသည် တစ်ကိုယ်လုံး နီမြန်းနေပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည် သူ၏ ပတ်ပတ်လည်၌ သစ်သားရုပ်သေးရုပ် တစ်ဒါဇင်ကျော် ရှိနေသေးသည်ကိုလည်း မြင်လိုက်ရသေးသည်။ ၎င်းတို့မှာ အလင်းရောင်များ ထုတ်လွှတ်နေကြသည့်တိုင်အောင် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ လျစ်လျူရှုခြင်းကိုခံထားရ၏.... ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ အထူးအဆန်း ဖြစ်သွားရသည်။ ထိုအချိန်တွင် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ သူမ၏ ပညာရပ်အား နောက်ထပ်တစ်ကြိမ်ထပ်၍ အသုံးပြုလိုက်သဖြင့် ဝမ်ပေါင်လဲ့၏ အမြင်အာရုံမှာလည်း မှုန်ဝါးဝါး ဖြစ်သွားရပြန်သည်။ သူ၏ အမြင်အာရုံ ပြန်လည်ကြည်လင်ပြတ်သားသွားချိန်တွင် သူသည် ကြယ်သုဿာန်ထဲသို့ ပြန်ရောက်သွား၏။
ဝမ်ပေါင်လဲ့နှင့် အခြားပါရမီရှင်များမှာ သူတို့ သတ်ဖြတ်ခဲ့ကြသည့် ကျင့်ကြံသူများ၏ လက်မှ ထွက်ပြေးနေကြ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ခြေလှမ်းအနည်းငယ်ခန့်သာ ပြေးလွှားရသေးပါသော်လည်း ရုတ်တရက်ဆိုသလို ရပ်တန့်သွားသည်။ ထို့နောက် သူ၏ မျက်ဝန်းများထဲ၌ ရုန်းကန်မှုအရိပ်အယောင်များ ပေါ်ပေါက်လာပြီး
တစ်အောင့်ခန့်အကြာတွင် သူသည် ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။
ယခုအကြိမ်တွင်မူ သူသည် ပထမ နှစ်ကြိမ်တုန်းက အတွေ့အကြုံများကြောင့် လက်ရှိ အခြေအနေအား ချက်ချင်းရိပ်မိသွား၏။ ထိုအချိန်တွင် ဆွဲငင်အားများမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ ဆင်းသက်လာပြန်သည်။ ဝမ်ပေါင်လဲ့မှာမူ ၎င်းတို့အား အာရုံစိုက်နေခြင်းမရှိဘဲ သူ၏ လည်ပင်းကို ကုက်ကာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် စဉ်းစားတွေးတောလိုက်သည်။
" အဲဒီမိန်းမ ကြည့်ရတာ တော်တော် တုံးအတဲ့ပုံပဲ "
" ဒီ ပုံရိပ်ယောင်ကမ္ဘာတွေရဲ့ စွမ်းအားတွေက ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မှာမဟုတ်ဘူး "
" ဒါပေမဲ့... စိတ်ဝင်စားစရာပဲ။ ဒီ ပုံရိပ်ယောင်တွေက ငါ့ရဲ့ မှတ်ဉာဏ်တွေကို ပြန်ပြီးတော့ဖော်ပြနိုင်သလို ငါ့ရဲ့ အတိတ်ဘဝတွေပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိတယ်။ အဲဒါဆိုရင်... ငါ့ရဲ့ အတိတ်ဘဝတွေကိုရော ပုံရိပ်ယောင်ကမ္ဘာတစ်ခုအဖြစ် ဖန်တီးပေးနိုင်မလားမသိဘူး "
" အဲတာဆို... ငါ့ရဲ့ အတိတ်ဘဝတွေထဲကို နောက်ထပ်တစ်ကြိမ် ပြန်သွားခွင့်ရှိသွားမှာ။ ငါ ရှာမတွေ့ခဲ့တဲ့ မှတ်ဉာဏ်တွေကိုတောင် ပြန်ပြီးတော့ ရှာတွေ့ရင် တွေ့နိုင်လောက်တယ် " ဝမ်ပေါင်လဲ့မှာ အကြံကောင်းတစ်ခု ရသွား၏။ သူသည် သူ၏အကြံမှာ အလုပ်ဖြစ်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားခြင်းမရှိပါသော်လည်း မျှော်လင့်ချက်အချို့ ရှိနေဆဲပင်။ ထို့ကြောင့် သူသည် သူရောက်နေသည့် ပုံရိပ်ယောင်ကမ္ဘာထဲ၌ မျှော်လင့်တကြီးဖြင့် လှည့်လည်သွားလာရင်း အရာအားလုံးကို လိုက်လံကြည့်ရှုလိုက်၏။ သူသည် ထိုသို့ လှည့်လည်သွားလာနေရင်း သက်ပြင်းများချနေသလို သူ၏ လည်ပင်းမှာလည်း အကြိမ်သုံးဆယ်ကျော် ဆောင့်ဆွဲခံခဲ့ရသည်။
ဝမ်ပေါင်လဲ့မှာ ထို ခံစားချက်အား ကျင့်သားရနေပြီဖြစ်သည်။ ထို့အပြင် ဆွဲငင်အားများ ပေါက်လာသည့်အချိန်တိုင်း သူသည် သက်သောင့်သက်သာရှိစေရန် သူ၏ ခန္ဓာကိုယ်အနေအထားကိုပင် လိုသလို ပြုပြင်ပြောင်းလဲခဲ့သေးသည်။ ထိုသို့ဖြင့် နောက်ဆုံးတွင် အုန်းခနဲ မြည်သံကြီးတစ်သံနှင့်အတူ ထိုကမ္ဘာကြီးမှာ ပျက်စီးသွား၏။
ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့မှာ သတိပြန်ရလာသည်နှင့် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားခြင်းမရှိဘဲ မလှုပ်မယှက်ရပ်ကာ သူ့အား မျက်လုံးနီကြီးဖြင့် စိုက်ကြည့်နေသည့် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးအား မျှော်လင့်တကြီးဖြင့် ပြန်ကြည့်နေလိုက်သည်။
ထိုအမျိုးသမီးမှာ ဝမ်ပေါင်လဲ့၏ ရန်စမှုကြောင့် အမျက်ချောင်းချောင်း ထွက်သွားသည့်ပုံပင်။ ခဏအကြာတွင် သူမသည် အသံကုန်အော်ဟစ်ကာ သူမ၏ ပညာရပ်အား ထပ်၍ အသုံးပြုလိုက်ပြန်သည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာလည်း သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း ရှိနေခဲ့သည့် မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲသို့ ပျော်ရွှင်မြူးထူးစွာ ပြန်ရောက်သွားသည်...
ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ ပစ္စုပ္ပန်သို့ ပြန်ရောက်လာပြီး... သူ၏ အတိတ်ဘဝထဲမှ ရှင်းဟော့နက်ဘုရားမျိုးနွယ်စု၏ ကမ္ဘာကြီးထဲသို့ တစ်ဖန်ပြန်လည် ဝင်ရောက်သွားပြန်သည်...
ထို့နောက် နတ်ဆိုးဓား၏ ကမ္ဘာ၊ မုန်းတီးစိတ်များဖြင့် ပြည့်နှက်နေသည့် ကျင့်ကြံသူ၏ ကမ္ဘာ၊ ဖုတ်ကောင်များရှိနေသည့် ကမ္ဘာနှင့် သမင်ဖြူလေးရှိနေသည့် ကမ္ဘာများထဲသို့လည်း ပြန်ရောက်သွား၏...
ဝမ်ပေါင်လဲ့မှာ အနီရောင်ဝတ်ရုံနှင့်အမျိုးသမီး၏ နတ်ဘုရားစွမ်းရည်ကြောင့် အံ့သြတုန်လှုပ်နေရပြီ ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူ၏ နှလုံးသားထဲရှိ မျှော်လင့်ချက်များမှာ ပိုမိုကြီးထွားလာ၏။
" တကယ် ဖြစ်နိုင်မလား မသိဘူး "
ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေ၏။ ထို့ကြောင့် သူသည် သတိပြန်ရလာသည်နှင့် အသက်ရှူသံများ လေးလံနေသည့် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးအား အရောင်တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ဆိုလိုက်တော့သည်။
" နောက်ထပ်တစ်ခေါက် လုပ်ပါဦး "
အနီရောင်ဝတ်ရုံနှင့်အမျိုးသမီးမှာမူ ခေါင်းမော့ကာ အသံကုန်အော်ဟစ်လိုက်ပြီး သူမ၏ ပညာရပ်အား နောက်ထပ်တစ်ကြိမ် ထပ်၍ အသုံးပြုတော့မည်လား သူမ၏ ညာဘက်လက်ကို မြှောက်လိုက်၏။ သို့သော် သူမသည် ချက်ချင်းဆိုသလိုပင် တွေဝေတုံ့ဆိုင်းသွားသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိုးရိမ်တကြီးဖြစ်သွားရ၏။ ခဏအကြာတွင် သူသည် မျက်လုံးပင့်ကာ မထီမဲ့မြင် မျက်နှာအမူအရာဖြင့် ပြုံးလိုက်၏။ ထို့နောက် သူသည် ထိုနေရာမှ ထွက်ခွာသွားတော့မည့်အလား အဝေးသို့ ပျံသန်းသွားလိုက်သည်။
ထိုအခါ အနီရောင်ဝတ်ရုံနှင့်အမျိုးသမီး၏ မျက်ဝန်းမှာ စူးရှတောက်ပသွားပြန်သည်။ ထို့နောက် သူမသည် သူမ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း... သူ သွားချင်နေသည့် ပုံရိပ်ယောင်ကမ္ဘာထဲသို့ ပျော်ပျော်ရွှင်ရွှင် ဝင်ရောက်သွားတော့သည်။