အခွင့်အရေးကောင်းတစ်ခု
Vol. 85 Ch. 1172
" သူက တကယ်ကို တုံးတာပဲ " ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်နေ၏။ သူသည် ပုံရိပ်ယောင်ကမ္ဘာထဲသို့ ဝင်ရောက်သွားသည်နှင့် ကျင့်သားရနေပြီးသား ဖြစ်သောကြောင့် ချက်ချင်းဆိုသလိုပင် စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားသည်။
သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် အံ့အားသင့်သွားရ၏။
သူ၏ ပတ်ပတ်လည်တွင် သူ၏ အတိတ်ဘဝမှ သမင်ဖြူလေး၏ ကမ္ဘာကြီး ရှိမနေတော့ဘဲ ဟင်းလင်းပြင်ကြီးတစ်ခုသာ ရှိနေ၏။ ၎င်းမှာ မည်းနက်နေပြီး ကြယ်တာရာများနှင့် အငွေ့အသက်များ လုံးဝမရှိပေ။ အမှောင်ထုများနှင့် အအေးဓာတ်များကသာ မျက်စိတစ်ဆုံး နေရာယူထားကြသည်။
" ဒီနေရာကြီးက... " ဝမ်ပေါင်လဲ့မှာ အသိစိတ်ထဲ၌ တုန်ရီသွား၏။ သူသည် ယခုလို ဖြစ်လာလိမ့်မည်ဟု ကြိုတင်မှန်းဆထားခဲ့ပြီးသားဖြစ်ပါသော်လည်း အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ နတ်ဘုရားစွမ်းရည်ကြောင့် အံ့အားသင့်သွားရဆဲပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးဘီဝဲယာအား ချက်ချင်း အကဲခတ်ကြည့်ရှုလိုက်၏။ သူသည် အရင်ဆုံး သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။ သူ သူ၏ အတိတ်ဘဝ၏ မှတ်ဉာဏ်များထဲ၌ မြင်ခဲ့ရသည့်အတိုင်းပင်။ သူသည် အနက်ရောင် သစ်သားပျဥ်ပြားတစ်ချပ် ဖြစ်နေ၏။
အခြားမည်သည့်အရာမှ မရှိပေ။
ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်နေပြီး တစ်ခဏမျှ မလှုပ်မယှက် ငြိမ်သက်နေ၏။ ထို့နောက် သူသည် လက်မလျှော့ချင်သေးသောကြောင့် သူ၏ ဘေးပတ်ဝန်းကျင်အား နောက်ထပ်တစ်ကြိမ်ထပ်၍ အကဲခတ်ကြည့်ရှုလိုက်ပြန်သည်။ သူသည် သူ၏ အတိတ်ဘဝထဲသို့ ပြန်ရောက်သွားခဲ့စဉ်တုန်းက မည်သည့်အရာကိုမှ နားမလည်နိုင်ခဲ့သဖြင့် ယခုလို ပုံရိပ်ယောင် ကမ္ဘာထဲသို့ ရောက်ရှိသွားရသည့်အချက်ကို အလွန်အင်မတန်မှ တန်ဖိုးထားနေသည်။
သို့သော် သူ မည်မျှပင် အကဲခတ်ကြည့်ရှုစေကာမူ ထိုဟင်းလင်းပြင်ကြီးမှာ ထူးဆန်းနေခြင်း မရှိပေ။ ခဏအကြာတွင် သူသည် ဆွဲငင်အားများ ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရ၏။ သို့သော်လည်း သူသည် ၎င်းတို့အား ဂရုစိုက်နေခြင်းတော့မရှိပေ။
ဝမ်ပေါင်လဲ့မှာ အကြိမ်သုံးဆယ်ကျော် ဆောင့်ဆွဲခံလိုက်ရပြီးနောက် သက်ပြင်းချကာ လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူ ဟင်းလင်းပြင်ကြီးထဲ၌ ရှိနေခဲ့သည့် အတိတ်ဘဝများမှာ ထူးခြားနေခြင်း မရှိဟု ခံစားလာရ၏။ ထို့ကြောင့်လည်း သူသည် အခြား ပုံရိပ်ယောင်ကမ္ဘာများထဲသို့ ဆက်သွားရန်သာ မျှော်လင့်နေတော့သည်။
ထိုသို့ဖြင့် သိပ်မကြာခင်တွင် ဆွဲငင်အားများ ထပ်၍ ပေါ်ပေါက်လာပြီး သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် ဟင်းလင်းပြင်ကြီးမှာ စတင်ပျက်စီးလာ၏။ ထို့ကြောင့် ဤ ပုံရိပ်ယောင်ကမ္ဘာကြီးမှာ ပြီးဆုံးသွားတော့မည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က နားလည်လိုက်သည်။ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာလည်း သစ်သားရုပ်သေးရုပ်အား မဖန်တီးနိုင်ခဲ့ပေ။
သို့သော် ဟင်းလင်းပြင်ကြီးထဲ၌ အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီး ထို ပုံရိပ်ယောင်ကမ္ဘာကြီး ပျက်စီးသွားတော့မည့် အချိန်မှာပင် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ အဝေးသို့လှမ်းကြည့်လိုက်သည်။
ထိုအခါ သူသည် ပါးလွှာသည့် အမျှင်အတန်းတစ်ခုကို မသဲမကွဲ မြင်လိုက်ရ၏။ သို့သော် သူ ၎င်းအား သေသေချာချာ မကြည့်ရှုနိုင်ခင်မှာပင် သူ၏ ရှေ့တွင် ရှိနေသည့် ဟင်းလင်းပြင်ကြီးမှာ ပျက်စီးသွားတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း သတိပြန်ရလာပြီး မျက်လုံးများပြန်ပွင့်လာသဖြင့် သူ၏ ရှေ့တွင်ရှိနေသည့် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးအား မြင်လိုက်ရ၏။ သူမသည် အသက်ရှုသံများ လေးလံနေပြီး အမျက်ချောင်းချောင်း ထွက်နေသည့်ပုံပင်။
" ငါ စောစောတုန်းက မြင်လိုက်ရတာ ဘာကြီးလဲ " ဝမ်ပေါင်လဲ့မှာ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးအား ဂရုစိုက်နေခြင်းမရှိဘဲ မျက်မှောင်ကြုတ်ကာ ပြန်လည်မှတ်မိနိုင်ရန် ကြိုးစားကြည့်လိုက်၏။ ထိုအခါ သူ၏ရှေ့တွင် ရှိနေသည့် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ သူမ၏ ဒေါသစိတ်များကို ချုပ်တည်းနိုင်စွမ်း မရှိတော့သည့်ပုံပင်။ ထို့ကြောင့် သူမသည် ဒေါသတကြီးအော်ဟစ်လိုက်၏။
သူမ၏ အော်ဟစ်သံကြောင့် ထိုကမ္ဘာကြီးထဲ၌ လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်လာသဖြင့် အတွေးများထဲ၌ နစ်မျောနေသည့် ဝမ်ပေါင်လဲ့မှာ အာရုံထွေပြားသွားရ၏။ ထို့ကြောင့် သူသည် မကျေမနပ်နှင့် ခေါင်းမော့လာပြီး မျက်မှောင်ကြုတ်ကာ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးအား စိုက်ကြည့်၍ ငေါက်ငမ်းလိုက်တော့သည်။
" တိတ်တိတ်နေစမ်းပါ "
ထို အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ တစ်လုံးတည်းသော မျက်လုံးထဲတွင် ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သူမသည် သူမ၏ ညာဘက်လက်အား ကတုန်ကယင်နှင့် မြှောက်ကာ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်၏။ ထိုအခါ မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ ပုံရိပ်ယောင်ကမ္ဘာထဲသို့ နောက်ထပ်တစ်ကြိမ် ပြန်ရောက်သွားပြန်သည်။
ယခုအကြိမ်တွင်မူ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ ဝမ်ပေါင်လဲ့ ပြောင်းလဲသွားရာမှ ပေါ်ပေါက်လာသည့် သစ်သားရုပ်သေးရုပ်အား ချက်ချင်းလှမ်းဆွဲလိုက်၏။ သို့သော် သူမသည် သူမ၏ လက်ဖြင့် ၎င်း၏ လည်ပင်းအား ဆွဲဖြုတ်နိုင်ရန် ကြိုးစားနေခြင်းမရှိပေ။ ယခုအကြိမ်တွင်မူ သူမသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ထိုရုပ်သေးရုပ်အား သူမ၏ ပါးစပ်ထဲသို့ထည့်ကာ အားပါပါ ကိုက်လိုက်၏။
ထိုအခါ အုန်းခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး ပုံရိပ်ယောင် ကမ္ဘာကြီးထဲသို့ ယခုလေးတင်မှ ရောက်သွားခဲ့သည့် ဝမ်ပေါင်လဲ့မှာ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွား၏။ သူသည် သူ၏ ဘေးဘီဝဲယာအား အကဲမခတ်နိုင်ခင်မှာပင် လည်ပင်းတစ်ခုလုံး ထုံကျဥ်သွားရ၏။ သို့သော် ယခုအကြိမ်တွင်မူ သူသည် ဆောင့်ဆွဲခံနေရသကဲ့သို့ ခံစားနေရခြင်းမဟုတ်ဘဲ ခေါင်းဖြတ်စက်တစ်လုံး သူ၏ လည်ပင်းပေါ်သို့ ကျလာသည့်အလား ခံစားလိုက်ရခြင်းဖြစ်သည်။
သို့သော်လည်း... အချည်းနှီးပင်။
ဝမ်ပေါင်လဲ့မှာ သူ၏ လည်ပင်းအား လက်ဖြင့် ကုတ်လိုက်ပြီးနောက် ထိုခံစားချက်ကြီးအား လျစ်လျူရှုထားလိုက်ပြီး ဘေးဘီဝဲယာအား အကဲခတ်ကြည့်ရှု၍ သူ မြင်ခဲ့ရသည့်အရာကြီးအား ပြန်၍ မှတ်မိနိုင်ရန် ကြိုးစားလိုက်သည်။ ထို့နောက် သူသည် သူ၏ နတ်ဘုရားအာရုံအား ဖြန့်ကြက်လိုက်၏။
ထိုသို့ဖြင့် မျက်လုံးဖြင့် မမြင်နိုင်သည့် ခေါင်းဖြတ်စက်ကြီး သူ၏ လည်ပင်းပေါ်သို့ ဆယ်ကြိမ်ကျော် ပြုတ်ကျပြီးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ခပ်လှမ်းလှမ်း၌ ပါးလွှာသည့် အမျှင်အတန်းတစ်ခု ပေါ်ပေါက်လာသည်ကို နောက်ထပ်တစ်ကြိမ် ထပ်၍ လှမ်းမြင်လိုက်ရတော့သည်။
" ဟိုမှာပဲ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားပြီး သူ၏ နတ်ဘုရားအာရုံဖြင့် ထို အမျှင်အတန်း၏ နောက်သို့ ချက်ချင်းပြေးလိုက်သွား၏။ သို့သော် သူ မည်မျှပင် ကြိုးစားနေစေကာမူ ထို အမျှင်အတန်းလေး၏ အနီးသို့ ကပ်၍ မရသည့်ပုံပင်။ ၎င်းမှာ ပေါ်ပေါက်လာပြီးသည်နှင့် မှော်ဆန်ဆန် ပြန်လည်ပျောက်ကွယ်သွား၏။ အချို့သော အချိန်များတွင် ၎င်းမှာ သူ၏ရှေ့၌ ပေါ်ပေါက်လာပါသော်လည်း တစ်အောင့်ခန့်အကြာတွင် ၎င်းမှာ သူ၏နောက်သို့ ပြန်ရောက်သွားသည်သာဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိုးရိမ်တကြီး ဖြစ်လာရသလို သူ၏ နတ်ဘုရားအာရုံမှာလည်း ပို၍ပင်မြန်ဆန်လာ၏။ ထို့အပြင် သူသည် နတ်ဘုရားစွမ်းရည်တစ်ခုကိုပင် အသုံးပြုကာ သူ၏ နတ်ဘုရားအာရုံအား ကိုယ်ပွားများအဖြစ် ခွဲထွက်သွားစေလိုက်ပြီးနောက် ထို အမျှင်အတန်းလေး၏ အနီးသို့ ကပ်နိုင်ရန် ကြိုးစားလိုက်သေးသည်။
သို့သော်လည်း သူသည် ၎င်းအား ရှင်းလင်းပြတ်သားစွာ မြင်နိုင်ဖို့ပင်မဆိုထားနှင့် ၎င်း၏ အနီးသို့ပင် မကပ်နိုင်ပေ။
ထိုသို့ဖြင့် အချိန်များကုန်လွန်သွား၏။ ခေါင်းဖြတ်စက်ကြီး အကြိမ်သုံးဆယ်ကျော် ပြုတ်ကျလာပြီးသည့်အချိန်တွင် ထို ပုံရိပ်ယောင် ကမ္ဘာကြီးမှာလည်း ပျက်စီးသွားပြီး ဝမ်ပေါင်လဲ့မှာ သတိပြန်ရလာ၏။ ထိုအခါ သူသည် သူ၏ ရှေ့တွင် ရှိနေသည့် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးအား ပြန်မြင်လိုက်ရသည်။ သူမ၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ ထို့အပြင် သူသည် သူမ၏ ပါးစပ်ထဲရှိ သွားတစ်ချောင်း အနည်းငယ် ပဲ့နေသည်ကိုလည်း မြင်လိုက်ရသေးသည်။
သူသည် သူ၏ ဆံပင်နှင့် လည်ပင်းပေါ်တွင်လည်း အမည်မသိ အရည်တစ်မျိုး ပေကျံနေသည်ကို ခံစားလိုက်ရ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ထို အခြင်းအရာများအား အာရုံစိုက်နေရန် ဆန္ဒမရှိပေ။
အဘယ်ကြောင့်ဆိုသော် သူ သတိပြန်ရလာချိန်တွင် သူ၏ အသိစိတ်မှာ ဒီရေလှိုင်းများကဲ့သို့ ဗြောင်းဆန်သွားသောကြောင့်ပင်။ သူသည် ထာဝရကြယ်ထိပ်ဆုံးအဆင့်၏ အစတွင် ရှိနေသည့် သူ၏ နတ်ဘုရားဝိညာဉ် မည်သည့်အကြောင်းကြောင့်မှန်းမသိ အဆင့်သုံးဆယ်ကျော် တိုးတက်သွားသည်ကို အာရုံခံမိလိုက်သဖြင့် အံ့သြတုန်လှုပ်သွားရခြင်း ဖြစ်သည်။
ထို တိုးတက်မှုကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ ဝင်းလက်တောက်ပလာရ၏။ သူသည် ရူးသွပ်လုမတတ် ခံစားနေရသည့် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးနှင့် သူ၏ ဆံပင်နှင့် လည်ပင်းပေါ်၌ အရည်တစ်မျိုး ပေကျံနေသည့်အချက်ကို လျစ်လျူရှုကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ကျေးဇူးတင်လိုသည့်မျက်ဝန်းများဖြင့် သူမအား ဦးညွှတ်အရိုအသေပေးလိုက်၏။
" ကျေးဇူးတင်ပါတယ် အစ်မကြီး... "
သို့သော် ဝမ်ပေါင်လဲ့ စကားမဆုံးနိုင်ခင်မှာပင် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ ရန်စခံလိုက်ရသည့်သလား ခံစားလိုက်ရသဖြင့် ထိုင်ရာမှ ထလာပြီး အသံကုန်အော်ဟစ်လိုက်၏။ ထို့နောက် သူမသည် လက်နှစ်ဖက်စလုံးကိုမြှောက်ကာ ဝမ်ပေါင်လဲ့အား ချက်ချင်းလှမ်းဆွဲလိုက်သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း စိတ်နှလုံးလှုပ်ရှားသွားရပြီး ပို၍ပင် ကျေးဇူးတင်မိသွား၏။ သူသည် ရှောင်တိမ်းနေခြင်း မရှိသည့်အပြင် သူမဆီသို့ပင် တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်သေးသည်။ ထို့ကြောင့် သူသည် ပုံရိပ်ယောင် ကမ္ဘာထဲသို့ နောက်ထပ်တစ်ကြိမ် ထပ်၍ ချက်ချင်းဆိုသလို ဝင်ရောက်သွား၏။ သူသည် ဟင်းလင်းပြင်ကြီးထဲတွင် ရှိနေဆဲဖြစ်ပြီး အမျှင်အတန်းလေးအား လိုက်လံရှာဖွေနေဆဲပင်။
ယခုအကြိမ်တွင်လည်း ဝမ်ပေါင်လဲ့မှာ ဆွဲငင်အားများနှင့် သူ့ပေါ်သို့ ပြုတ်ကျလာသည့် မျက်လုံးဖြင့် မမြင်နိုင်သော ခေါင်းဖြတ်စက်ကြီးအား တစ်ကြိမ်ပြီးတစ်ကြိမ် တောင့်ခံခဲ့၏။ ထို့အပြင် သူ၏ နတ်ဘုရားဝိညာဥ်မှာ ပို၍ပင် အားကောင်းလာသည်။ နောက်ဆုံးတွင် သူသည် ထို အမျှင်အတန်းလေး၏ အနီးသို့ရောက်သွားပြီး ၎င်းမှာ မည်သည့်အရာဖြစ်ကြောင်း မြင်လိုက်ရတော့သည်။
၎င်းမှာ...
လက်ပြတ်ကြီးတစ်ဖက် ဖြစ်ပေသည်။
ထို လက်ပြတ်ကြီးထဲတွင် အလွန်အင်မတန်မှ အားကောင်းသည့် သဘာဝစည်းမျဥ်းဥပဒေသများနှင့် မှော်စည်းမျဉ်းဥပဒေသများသာမက မဟာတာအိုတစ်မျိုး၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား ကြည့်မိလိုက်ရုံနှင့် နတ်ဘုရားအာရုံထဲ၌ တုန်ရီသွားရသည်။ သို့ဖြစ်ရာ မရေမတွက်နိုင်လောက်အောင်များပြားသည့် အချက်အလက်များမှာ သူ၏ အသိစိတ်ထဲသို့ ဒလဟော စီးဆင်းဝင်ရောက်လာသကဲ့သို့ပင်။ ထို့ကြောင့် သူ၏ နတ်ဘုရားအာရုံဖြင့် ဖန်တီးထားသည့် ကိုယ်ပွားများမှာ ချက်ချင်း ပေါက်ကွဲပျက်စီးသွားကြ၏။ သူ၏ ဝိညာဉ်အစစ်ပင်လျှင် ၎င်းတို့အား တောင့်ခံနိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်ရသည်။
သူ၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာလည်း ပျက်စီးသွားသည်။ ဝမ်ပေါင်လဲ့မှာ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးအား ကြည့်နေရန် အချိန်မရှိသောကြောင့် ချက်ချင်း မျက်လုံးမှိတ်ကာ သူ ရရှိခဲ့သည့် အကျိုးကျေးဇူးများ အလေအလွင့်မရှိအောင် ထိန်းသိမ်းလိုက်သည်။ သူ၏ နတ်ဘုရားဝိညာဉ် ထိုအချက်အလက်များအား စုပ်ယူလိုက်ချိန်တွင် သူသည် တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွား၏။ သို့ဖြစ်ရာ သူ၏ တာအိုမှာ အားပြန်ပြည့်လာပြီး လုံးဝ ပြောင်းလဲသွားသကဲ့သို့ပင်။ ထိုသို့ဖြင့် သူ၏ နတ်ဘုရားဝိညာဉ်မှာ အဆင့်သုံးဆယ်ကျော်တွင်ရှိနေခဲ့ရာမှ မျက်စိတစ်မှိတ်အတွင်းတွင် အဆင့် ကိုးဆယ်ကျော်အထိ တက်လှမ်းသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီးနောက် မျက်လုံးများ ပြန်ပွင့်လာ၏။ သူ၏ မျက်ဝန်းများမှာ ယခင်တုန်းကနှင့် မတူလောက်အောင် ဝင်းလက်တောက်ပနေပြီ ဖြစ်သည်။ သူသည် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးအား ကြည့်လိုက်ချိန်တွင် နှလုံးသားထဲ၌ ဗြောင်းဆန်နေ၏။
သူသည် ထို လက်ပြတ်ကြီး၏ ပိုင်ရှင်မှာ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းမိထားပြီးဖြစ်သည်။ ထို့ကြောင့်လည်း သူသည် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး ပုံရိပ်ယောင်ကမ္ဘာထဲ၌ ၎င်းအား ဖန်တီးနိုင်စွမ်းရှိနေသည့် အချက်ကြောင့် အံ့သြတုန်လှုပ်သွားရ၏။
" သူတို့တွေရဲ့ မူလဇာစ်မြစ်က အတူတူဖြစ်နေလို့များလား " ဝမ်ပေါင်လဲ့၏ အတွေးထဲ၌ ထိုအဖြေ ပေါ်ပေါက်လာစဉ်မှာပင် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ အသက်ရှူသံများ လေးလံလာ၏။ ထို့နောက် သူမသည် စဉ်းစားဆင်ခြင်ဉာဏ် လုံးဝမရှိတော့သည့်အလား ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ အော်ဟစ်မြည်တမ်းလိုက်သည်။ သို့သော် တစ်အောင့်ခန့်အကြာတွင် သူမသည် တစ်ခဏမျှ ချီတုံချတုံဖြစ်သွား၏။ ထို့နောက် သူမသည် ပထမဆုံးအကြိမ်အဖြစ် ဝမ်ပေါင်လဲ့အား လှမ်း၍ ဖမ်းဆွဲခြင်း မရှိတော့ဘဲ သူမ၏ လက်အား သူ၏ ဘေးတွင်ရှိနေသည့် နေရာသို့ ဆန့်ထုတ်လိုက်တော့သည်။
ထိုအခါ ထိုနေရာတွင် ဝဲကြီးတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ ထွက်ပေါက်ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထို အမျိုးသမီး ဆက်၍ အလုပ်ရှုပ်မခံတော့ဘဲ သူ့အား နှင်ထုတ်ရန်ပြင်နေသည်ကို မြင်လိုက်ရသောအခါ ဆွံ့အမှင်တက်သွား၏။ ထို့နောက် သူသည် စိုးရိမ်စိတ်များ ကြီးထွားလာတော့သည်။ သူသည် ယခုလို အခွင့်အရေးမျိုးကို လက်လွှတ်ခံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ခေါင်းမီးတောက်အောင် စဉ်းစားလိုက်ပြီးနောက် ထို အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးအား စိုက်ကြည့်ကာ အော်ခေါ်လိုက်၏ " ဟိတ် "
ထို့နောက် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်၍ မောက်မာဝင့်ကြွားကာ မထိမဲ့မြင်ပြုလိုသည့် မျက်နှာအမူအရာဖြင့် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးအား လက်ယပ်ခေါ်လိုက်၏ " ငတုံးမလေး။ ဒီကိုလာခဲ့စမ်း "
အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာမူ သူမ၏ ဒေါသစိတ်များကို ချုပ်တည်းထား၏။ သူမသည် သူ့အား တစ်ခဏမျှသာ လှမ်းကြည့်လိုက်ပြီးနောက် သူ့အား လျစ်လျူရှုထားလိုက်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိုးရိမ်တကြီးဖြစ်လာရတော့သည်။ သူသည် အခြား နည်းလမ်းတစ်ခု စဉ်းစားကြည့်လိုက်ပါသော်လည်း သူမအား မည်မျှပင် ရန်စစေကာမူ ထို အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ အစွမ်းကုန်ကြိုးစား၍ သူမ၏ ဒေါသစိတ်များကို ချုပ်တည်းထားသည်သာဖြစ်သည်။ နောက်ဆုံးတွင် သူမသည် စိတ်မရှည်တော့သဖြင့် သူမ၏ လက်ချောင်းကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ဝဲကြီးထဲမှ ဆွဲငင်အားတစ်မျိုး ထွက်ပေါ်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ ကြိုးစားရုန်းကန်နေပါသော်လည်း ထို ဝဲကြီးထဲသို့ စုပ်ယူခံနေရဆဲပင်။
ထို့ကြောင့် သူသည် မျက်ဝန်းများ နီမြန်းသွားရ၏။ နောက်ဆုံးတွင် သူသည် အသံကုန်အော်ဟစ်ကာ လေပေါ်သို့ ခုန်တက်သွားလိုက်၏။ သူ၏ ပစ်မှတ်မှာ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ ရှေ့သို့ ရောက်အောင်သွားရန်ဖြစ်သည်။ သူသည် သူမ အလွန်အင်မတန်မှ သဘောကျနှစ်သက်သည့်ပုံပေါ်သော သစ်သားရုပ်သေးရုပ်များဆီသို့ ဦးတည် ပျံသန်းသွားလိုက်၏။ သို့ဖြစ်ရာ သူသည် ထို ရုပ်သေးရုပ်များအားလုံးကို သူနှင့်အတူ ယူသွားတော့မည်ပုံပင်။
ထိုအခါ တစ်ချိန်လုံး သူမကိုယ်သူမ ထိန်းချုပ်ထားရသည့် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ပေ။ သူမ မတ်တတ်ထလာသည်နှင့် သူမ၏ စွမ်းအင်များမှာလည်း ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့ကြောင့် ကမ္ဘာကြီးတစ်ခုလုံးမှာ တုန်ရီသွားရပြီး အချိန်မရွေး ပျက်စီးသွားတော့မည့်အလား အက်ကွဲကြောင်းများ ပေါ်ပေါက်လာ၏။ ဝမ်ပေါင်လဲ့မှာမူ သူ၏ လုပ်ရပ်များ တရားလွန်ဖြစ်သွားပြီလောဟု တွေးကာ ရင်ခုန်နှုန်းများ မြန်ဆန်လာသည်။ ထိုအချိန်တွင် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ ရုတ်တရက်ဆိုသလို အနီရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်...
မျက်စိတစ်မှိတ်အတွင်းတွင် သူမသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။
ထိုအခါ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ အော်ဟစ်သံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး သူသည်လည်း သတိလစ်သွားတော့သည်။
ခဏအကြာတွင် သူသည် သူ၏ နှလုံးသားတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေသည့် မြင်ကွင်းကြီးတစ်ခုအား မြင်လိုက်ရ၏။ ထိုမြင်ကွင်းကြီးမှာ.... ဟင်းလင်းပြင်ကြီးထဲရှိ ဝဲကြီးတစ်ခုထဲမှနေ၍ တစ်လက်မချင်းစီ ဖြည်းဖြည်းချင်း ထိုးထွက်လာနေသည့် ဧရာမ သစ်သားတုံးကြီးတစ်တုံးအား ကျင့်ကြံသူပေါင်းမြောက်မြားစွာ ရှိခိုးဦးညွှတ်နေကြသည့် မြင်ကွင်း ဖြစ်ပေသည်။ ထိုဝဲကြီးမှာမူ အမည်မသိ နေရာတစ်ခုနှင့် ချိတ်ဆက်နေ၏။