ကျုပ်အဖေ ဘယ်ရောက်သွားလဲ
Vol. 133 Ch. 1846
ဝုန်း...
ကျန်းရီနှင့် ဖုန့်နီတို့ နောက်ထပ်လေးနာရီ ဆက်တိုက်ခိုက်ပြီးနောက် တောင်ထွတ်တစ်ခုလုံး ပေါက်ကွဲထွက်သွား၏။ သူတို့၏ ကောင်းကင်စိတ်အာရုံများကလည်း အနီရောင်ဓားလေးတစ်ချောင်းကို တစ်ပြိုင်တည်း အာရုံခံမိလိုက်ကြသည်။
ဝှစ်...
ဓားနီလေးသည် ကျောက်စကျောက်နများကြားမှနေ၍ ပျံတက်သွား၏။ ထိုဓားလေးမှာ ကိုယ်ပိုင်ဝိညာဉ်ရှိသကဲ့သို့ပင်။ ၎င်းသည် ပေါက်ကွဲမှုထဲ မပါလိုသည့်အလား အဝေးသို့ ကြောက်ရွံ့စွာ ပျံသန်းသွားသည်။ ကျန်းရီ ၎င်းနောက်သို့ လိုက်မသွားဘဲ မီးဝိညာဉ်ပုလဲကိုသာ ထုတ်လိုက်သည်။
ရွှီး...
မျှော်လင့်ထားသလိုပင် မီးဝိညာဉ်ပုလဲနှင့် ဓားနီလေးတို့ကို တစ်ပြိုင်တည်း လင်းလက်လာကြ၏။ ထိုဓားနီလေးသည် ဆက်ပျံမပြေးတော့ဘဲ ကျန်းရီဆီသို့ ပြန်လှည့်လာသည်။ ထိုဓားလေးက အလွန်စိတ်လှုပ်ရှားနေကြောင်းကို ကျန်းရီ ခပ်ရေးရေး ခံစားရပေသည်။
မီဝိညာဉ်ပုလဲ လင်းလက်သွားပြီး မီးနဂါးဓား ထွက်ပေါ်လာ၏။ ထိုအခါ ဓားနီလေးမှာ ပို၍ပင် စိတ်လှုပ်ရှားလာသည်။ မီးနဂါးဓားကလည်း အတန်ငယ် တုန်ယင်လာသည်။ အနီးမှ ထောက်လှမ်းရေးများမှ အစောကတည်းက ပြန်ဆုတ်သွားလောက်ပေပြီ။ သို့သော် ကျန်းရီ သတိလက်လွတ် မဖြစ်ဝံ့ပေ။ သူ လက်ဝှေ့ယမ်း၍ ဖုန့်နီအား ပတ်ဝန်းကျင်ကို ထောက်လှမ်းရန် ခိုင်းလိုက်သည်။ ပတ်ဝန်းကျင်တွင် မည်သူမှ ရှိမနေကြောင်း အတည်ပြုပြီးမှ သူ မီးနဂါးဓားကို လွှတ်ပေးလိုက်သည်။
ဝှစ်...
ဓားနှစ်ချောင်းက ထိခတ်သွား၏။ နောက်ဆုံးတွင် ဓားနီလေးမှာ မီးနဂါးဓားထဲ ဝင်သွားပြီး ဓားနှစ်ချောင်းက တစ်ချောင်းတည်းအဖြစ် ပေါင်းစည်းသွားသည်။ ထိုအခါ မီးနဂါးဓား၏ ပုံစံက ထပ်မံပြောင်းလဲသွား၏။ ဓားကိုယ်ထည်ပေါ်တွင် နဂါးပုံသဏ္ဌာန်တစ်ခု ထပ်တိုးလာသည်။ ဓားရိုးတွင်လည်း ထူးခြားသော ပုံသဏ္ဌာန်အချို့ ပေါ်လာသည်။ ၎င်း၏ အရှိန်အဝါမှာလည်း ပို၍ ကြောက်မက်ဖွယ်ကောင်းသွားသည်။ ယခုတွင် မီးနဂါးဓားက ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခုနှင့် ယှဉ်နိုင်ပြီဟု ကျန်းရီ ခံစားနေရပေသည်။
“ဟုတ်ပြီ...”
ကျန်းရီ ပျံတက်သွားပြီး မီးနဂါးဓားကို ဆုပ်ကိုင်လိုက်၏။ သူ မီးနဂါးဓားကို ဆုပ်ကိုင်လိုက်ချိန်တွင် ဓားထဲမှနေ၍ တံဆိပ်စာလုံးများ ပျံထွက်လာပြီး သူ့စိတ်ဝိညာဉ်ထဲ ဝင်သွားသည်။ ထို့နောက် အမည်မဲ့ကျင့်စဉ်၏ သတ္တမအဆင့် ထွက်ပေါ်လာလေသည်။
ကျန်းရီ မီးနဂါးဓားကို ခပ်သွက်သွက် သိမ်းလိုက်ပြီး လေထဲတွင် ရပ်လျက် ထွက်ပေါ်လာသည့် အမည်မဲ့ကျင့်စဉ် သတ္တမအဆင့်ကို မှတ်သားလိုက်သည်။
“သွားကြစို့...”
ငါးမိနစ်ကြာပြီးနောက် ကျန်းရီ မျက်လုံးဖွင့်လာပြီး ဖုန့်နီကို လက်ဝှေ့ယမ်းပြလိုက်သည်။ သူတို့နှစ်ယောက်သည် အလင်းတန်းများအလား ဖုန်းရှားဆန်းကြယ်နယ်မြေ၏ ထွက်ပေါက်ဆီသို့ ဦးတည်ပျံသန်းသွားကြလေသည်။
ကျန်းရီသည် ဖုန်းရှားဆန်းကြယ်နယ်မြေထဲမှ ထွက်၍ ကောင်းကင်ဘုံသို့ တည်နေရာပြောင်းရွှေ့ရန် ကြံရွယ်ထား၏။ ယခုတွင် သူ မီးနဂါးဓား၏ အစိတ်အပိုင်းကို ရလိုက်ပြီဖြစ်သည်။ ထို့ကြောင့် လေဘုံတွင် ဆက်နေစရာအကြောင်း မရှိတော့ပေ။
“အာ...”
နာရီအနည်းငယ် ပျံသန်းပြီးနောက် ကျန်းရီတို့ ဆန်းကြယ်နယ်မြေ၏ ထွက်ပေါက်သို့ ရောက်သွား၏။ ထိုထွက်ပေါက်တောင်ကြားထဲတွင် လူများစွာ ရှိနေကြောင်း ကျန်းရီ သတိပြုမိလိုက်သည်။ ထိုလူများထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားများ ငါးယောက်၊ ခြောက်ယောက်လောက်လည်း ရှိနေသည်။ ထိုသူများကြား၌ သခင်လေးဟဲ့ရန်လည်း ရှိနေပေသည်။
ဝှစ်...
ကျန်းရီနှင့် ဖုန့်နီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တောင်ကြားဆီသို့ တိတ်ဆိတ်စွာ ပျံသန်းသွားလိုက်ကြ၏။ ဖုန့်နီသည် အတန်ငယ် ဝေ့ဝဲကြည့်ပြီးနောက် ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။
“သူတို့အကုန်လုံးက ဟဲ့မျိုးနွယ်ကပဲ။ ကြည့်ရတာ ဟဲ့ရွှီဝမ်ရဲ့သား၊ ဟဲ့ရန်ရဲ့အဖေ ဟဲ့ရုန်က ဦးဆောင်ပြီး လာတာထင်တယ်”
တည်နေရာပြောင်းရွှေ့အစီအရင် အရှေ့တွင် လူတစ်ဒါဇင်ကျော် ရပ်နေ၏။ သူတို့၏ မျက်နှာများပေါ်တွင် စိုးရိမ်မှုများ ရှိနေသည်။ ကျန်းရီ ပျံသန်းလာသောအခါ မုတ်ဆိတ်ရှည်များရှိသည့် တုတ်ခိုင်သော ယောက်ျားတစ်ယောက်က ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာ၏။ သူက ဟဲ့ရန်၏အဖေပင်။ သူ ကျန်းရီကို ဦးညွှတ်ကာ အော်ပြောလိုက်သည်။
“ဟဲ့ရုန် သခင်လေးဟယ်ကျန်းကို နှုတ်ခွန်းဆက်ပါတယ်”
“ဦးညွှတ်စရာမလိုပါဘူး... ကျွန်တော် လက်မခံနိုင်ဘူး”
ကျန်းရီက အရေးမစိုက်ဟန်ပြော၍ အားလုံးကို လျစ်လျူရှုကာ ဖုန့်နီနှင့်အတူ တည်နေရာပြောင်းရွှေ့အစီအရင်ဆီ ဦးတည်ပျံသန်းသွားလိုက်၏။ ဟဲ့ရုန် စိတ်လှုပ်ရှားသွားပြီး နောက်မှ ခပ်သွက်သွက် လိုက်သွားလိုက်သည်။ ထို့နောက် သူ ထပ်မံ ဦးညွှတ်ကာ လေးနက်သော အသံနှင့် ပြောလိုက်လေသည်။
“သခင်လေးကျန်း... နေပါဦး”
ကျန်းရီ တည်နေရာပြောင်းရွှေ့အစီအရင်ထဲတွင် ရပ်၍ အေးစက်စက် နောက်လှည့်ကြည့်လိုက်၏။
“ဘာကိစ္စလဲ”
ဟဲ့ရုန်သည် ရှက်ရွံ့နေသော မျက်နှာထားနှင့် အံကြိတ်ကာ ပြောလိုက်သည်။
“သခင်လေးကျန်း... ကျုပ်အဖေ ဘယ်ရောက်သွားလဲဆိုတာကို သခင်လေး သိပါသလား။ ကျုပ်တို့ သူ့ကို ဆက်သွယ်လို့ မရလို့ပါ။ ကျုပ်ကြားတာက... သူနဲ့ သခင်လေးကျန်းက နည်းနည်း နားလည်မှုလွဲသွားကြတယ်တဲ့”
“နားလည်မှုလွဲတာလား”
ယခု ကျန်းရီ သဘောပေါက်သွား၏။ ခွမ်ကျန့်တို့က ပြန်သွားပြီး ဟဲ့မျိုးနွယ်ကို ပြောခဲ့ခြင်းဖြစ်မည်။ ထို့ကြောင့် ဟဲ့မျိုးနွယ်က ဟဲ့ရွှီဝမ်ကို ချက်ချင်း ဆက်သွယ်ခဲ့ရပေမည်။ သို့သော် ဟဲ့ရွှီဝမ်က သူ၏ဆောင်းဥတုပုလဲထဲတွင် ရှိနေရာ သူတို့ မည်သို့ ဆက်သွယ်နိုင်ပါမည်နည်း။ သို့ဖြစ်၍ ဟဲ့မျိုးနွယ်က စိုးရိမ်နေခြင်း ဖြစ်ပေလိမ့်မည်။
ကျန်းရီ တွေးမနေဘဲ ပြန်ဖြေလိုက်၏။
“ခင်ဗျားရဲ့အဖေ ဘယ်ကိုရောက်သွားတယ်ဆိုတာ ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ။ သူ့မှာ ခြေတွေလက်တွေ ပါတာပဲ၊ ပြီးတော့ သူက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်ပဲ။ ကျွန်တော်က သူ့ကို ဘယ်လိုလုပ် ဖမ်းထားနိုင်မှာလဲ။ ခင်ဗျားတို့ဘာသာ သူ့ကို သွားရှာလိုက်ကြပါ”
“အာ...”
ဟဲ့မျိုးနွယ် မှင်တက်သွား၏။ သူတို့ ဟဲ့ရွှီဝမ်ကို ဆက်သွယ်၍ပင် မရလျှင် ဟဲ့ရွှီဝမ်က ထူးဆန်းသော လေဟာနယ်တစ်ခုထဲ ရောက်နေခြင်းသာ ဖြစ်ရမည်။ သူက ဆန်းကြယ်နယ်မြေထဲရှိ လေဟာနယ်တစ်ခုထဲ ကျသွားခြင်း မဟုတ်လျှင် ဟယ်ကျန်း ဖမ်းသည်ကို ခံထားရခြင်းသာဖြစ်မည်။ သို့သော် ဟယ်ကျန်းက ဟဲ့ရွှီဝမ်ကို ဖမ်းနိုင်လောက်သော အစွမ်းအစရှိသည်ဟု မည်သူမှ မယုံနိုင် ဖြစ်နေကြသည်။ ဟယ်ကျန်းတွင်သာ ထိုသို့သော တိုက်ခိုက်စွမ်းအား ရှိလျှင် ယခင်ကတည်းက ကောင်းကင်ဘုံတွင် ဟိုးလေးတကျော်ကျော် ဖြစ်ပြီးနေလောက်ပြီ မဟုတ်ပါလား။ ဟယ်ကျန်း၏ အမည်က ဟယ်နုန်ယင်းထက်ပင် ပိုကျော်ကြားနေရပေမည်။
ဟဲ့ရုန်သည် ခေတ္တမျှ တွေးတောပြီးနောက် ရှက်ရွံ့သော မျက်နှာထားနှင့် ဆက်ပြောလိုက်၏။
“သခင်လေးကျန်း... ကျုပ်အဖေက သခင်လေးနဲ့အတူ မြောက်ဘက်ကို ထွက်သွားခဲ့တာပါ။ အဲ့မှာ ဘာတွေ ဖြစ်ခဲ့တာပါလဲ။ ကျုပ်တို့ သူ့ကို လိုက်ရှာလို့ရအောင် ဖြစ်ခဲ့တာတွေကို ပြောပြပေးနိုင်မလား”
“ဘာမှ မဖြစ်ခဲ့ဘူး”
ကျန်းရီ ပုံမှန်အတိုင်း ပြန်ပြောလိုက်သည်။
“ခင်ဗျားတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်က ကျွန်တော့်ကို သင်ခန်းစာပေးပြီးတော့ အဝေးကို ပျံသွားတာပဲ။ သူ ဘယ်ကို သွားလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး”
ကျန်းရီသည် ပြောနေရင်း စိတ်မရှည် ဖြစ်လာဟန်နှင့် တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေသည့် သိုင်းသမားနှစ်ယောက်ကို ပြောလိုက်၏။
“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်တော့၊ ကျွန်တော် ပြန်သွားချင်ပြီ။ ခင်ဗျားတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်က ကျွန်တော့်ကို သင်ခန်းစာ ပေးခဲ့တယ်။ ကျွန်တော် အဲ့အကြောင်းကို ချီလင်းဧကရီကို ပြန်သွားပြောပြီး သူ့ကို သင်ခန်းစာပြန်ပေးပေးဖို့ တောင်းဆိုရဦးမယ်”
တည်နေရာပြောင်းရွှေ့အစီအရင် စောင့်ကြပ်နေသော သိုင်းသမားနှစ်ယောက်က ဟဲ့ရုန်ကို ကြည့်လိုက်ကြ၏။ ဟဲ့ရုန်က အံကြိတ်၍ ပြောလိုက်သည်။
“ဟဲ့ရန်... အရင်ဆုံး သခင်လေးကျန်းကို ပြန်လိုက်ပို့ပေးလိုက်။ သခင်လေးကျန်းကို ကောင်းကောင်းဆက်ဆံပါ... လိုအပ်ချက်တွေ မရှိစေနဲ့”
ဟဲ့ရန်က အိုးတိုးအမ်းတမ်းနှင့် လျှောက်လာပြီး တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်လိုက်၏။ ထို့နောက် သူ အော်ပြောလိုက်သည်။
“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်”
ရွှီး...
တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာ၏။ ဟဲ့မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများလည်း မြောက်ဘက်သို့ ချက်ချင်း ပျံသန်းသွားလိုက်ကြသည်။ မျိုးနွယ်ခေါင်းဆောင် ပျောက်နေခြင်းမှာ သူတို့အတွက် သတင်းဆိုးပင်။ ဟဲ့ရွှီဝမ်၏ စိတ်ဝိညာဉ်ကျောက်စိမ်းပြားက ကျိုးမသွားသေးသောကြောင့်သာ မဟုတ်လျှင် ဟဲ့မျိုးနွယ် ပရမ်းပတာ ဖြစ်သွားလောက်ပြီဖြစ်သည်။
***
ကျန်းရီနဲ့ ဟဲ့ရန်တို့ ဖုန်းယွင်ဘုံသို့ တည်နေရာပြောင်းရွှေ့လိုက်ကြ၏။ ကျန်းရီသည် ဖုန်းယွင်ဘုံမှတဆင့် ကောင်းကင်ဘုံသို့ တည်နေရာပြောင်းရွှေ့ရန် ရည်ရွယ်ထား၏။ သို့သော် ဖုန်းယွင်ဘုံထဲမှ တည်နေရာပြောင်းရွှေ့အစီအရင်များက မမျှော်လင့်ထားဘဲ ပျက်စီးနေကြပေသည်။ ယခုတွင် အစီအရင်ပညာရှင်အဖွဲ့များက တည်နေရာပြောင်းရွှေ့အစီအရင်များကို ပြင်ဆင်နေကြလေသည်။
“သခင်လေးကျန်း... ကျွန်တော် တောင်းပန်ပါတယ်”
ဟဲ့ရန်သည် ကျန်းရီ၏ မျက်နှာထားက အေးစက်သွားသည်ကို မြင်လိုက်သောအခါ ခပ်သွက်သွက် လက်ဆုပ်၍ ရှင်းပြလိုက်၏။
“မကြာသေးခင်တုန်းက ဒီဘုံကို တမလွန်ဘုံစစ်တပ်တစ်တပ်က တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒါကြောင့် တည်နေရာပြောင်းရွှေ့အစီအရင်တွေက ဖျက်ဆီးခံလိုက်ရတာပါ။ သခင်လေး အရင်ဆုံး ရဲတိုက်ထဲမှာ ဝင်နားလိုက်ပါဦး။ ပြင်တာပြီးဖို့ အလွန်ဆုံး သုံးရက်လောက်ပဲ ကြာမှာပါ”
“တမလွန်ဘုံစစ်တပ်လား”
ကျန်းရီ စိတ်ထဲမှ ပြုံးလိုက်၏။ ထိုတည်နေရာပြောင်းရွှေ့အစီအရင်များကို ဟဲ့မျိုးနွယ်က ဖျက်ဆီးလိုက်ခြင်းသာ မဟုတ်လော။ သူတို့က သူ ထွက်သွားမည်ကို စိုးရိမ်နေကြ၍ မဟုတ်လော။
သို့သော် တည်နေရာပြောင်းရွှေ့အစီအရင်များက ဖျက်ဆီးခံလိုက်ရပြီဖြစ်၍ ကျန်းရီ မည်သို့မှ မတတ်နိုင်တော့ပေ။ သူ အာကာပြင်ကို စုတ်ဖြဲ၍ ဟင်းလင်းပြင်ထဲ ထွက်သွားရန်လည်း အဆင်မပြေသည် မဟုတ်လော။ လေဘုံမှနေ၍ ကောင်းကင်ဘုံသို့ ရောက်ရန် မည်မျှကြာအောင် ပျံသန်းရမည်နည်း။
“ကောင်းပြီလေ... အဲ့ဒါဆိုလည်း ကျွန်တော် သုံးရက်စောင့်ပါမယ်”
ကျန်းရီက ဟဲ့ရန်ကို စိုက်ကြည့်လိုက်သောအခါ ဟဲ့ရန် တုန်ယင်သွားသည်။ သူ ချက်ချင်းပင် ကျန်းရီကို မြို့မြောက်ဘက်ရှိ ရဲတိုက်ဆီသို့ လေးလေးစားစား ခေါ်သွားလိုက်သည်။
တည်နေရာပြောင်းရွှေ့အစီအရင်များ ဖျက်ဆီးခံထားရ၍ ခွမ်ကျန့်တို့လည်း ရဲတိုက်ထဲတွင် နေနေကြသည်။ ကျန်းရီ ရဲတိုက်ထဲ လျှောက်ဝင်သွားသောအခါ သူ့အပေါ်သို့ ကောင်းကင်စိတ်အာရုံများစွာ ကျရောက်လာသည်။ ခွမ်ကျန့်တို့ မျက်နှာပျက်သွားကြ၏။ ကျန်းရီနှင့် ဖုန့်နီတို့ လျှောက်ဝင်လာသည်ကို မြင်ရသည်မှာ သေမင်းနှစ်ပါး လျှောက်ဝင်လာသည်ကို မြင်ရသကဲ့သို့ပင်။
အထူးသဖြင့် ဖုန့်နီ၏ ကောင်းကင်စိတ်အာရုံက ရဲတိုက်ထဲ ပြန်အာရုံခံလိုက်သောအခါ တောက်မျိုးနွယ် ပန်းသုံးပွင့်၊ သခင်မလေးကုန်းယန်နှင့် အခြားသခင်မလေးများ တုန်ယင်သွားကြပေသည်။ သူမတို့သည် ရေအေးအေးနှင့် အလောင်းခံလိုက်ရသလိုလည်း ခံစားလိုက်ကြရသည်။
ကျန်းရီသည် ဖုန့်နီကို ခေါ်၍ အလယ်ခန်းမထဲ တန်းတန်းမတ်မတ် လျှောက်ဝင်သွား၏။ ထို့နောက် အလယ်ခန်းမထဲရှိ သခင်လေးများနှင့် သခင်မလေးများ၏ မျက်နှာများကို ဝေ့ဝဲကြည့်လိုက်သည်။ ပြီးမှ သူ ဟဲ့ရန်ကို ခပ်ရေးရေးပြုံးပြာကာ ပြောလိုက်လေသည်။
“သခင်လေးဟဲ့... အားလုံးက ဒီမှာရှိနေတော့ စားသောက်ပွဲလေးတစ်ပွဲ ကျင်းပကြတာပေါ့။ သွားပြီး သေရည်ကောင်းတွေနဲ့ စားကောင်းသောက်ဖွယ်တွေ ပြင်ဆင်လိုက်ပါ။ ကျွန်တော်တို့ ဒီသခင်လေး၊ သခင်မလေးတွေကို အဖော်ပြုပြီး သူတို့အားရတဲ့အထိ သောက်ကြမယ်”
“ကောင်းပါပြီ”
ယခုတွင် ဟဲ့ရန်သည် ကျန်းရီ၏အမိန့်ကို မလွန်ဆန်ဝံ့ပေ။ သူ စားသောက်ပွဲပြင်ဆင်ရန် သွက်လက်စွာ အမိန့်ပေးလိုက်ပြီး သေရည်အမျိုးမျိုးနှင့် စားကောင်းသောက်ဖွယ်အမျိုးမျိုး ပြင်ဆင်လိုက်သည်။ အလယ်ခန်းမထဲတွင် ထိုင်နေကြသူများမှာမူ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ အိုးတိုးအမ်းတမ်း ဖြစ်နေကြပေသည်။
ခွမ်ကျန့်၏ မျက်နှာက မည်းမှောင်နေ၏။ သူ အံကြိတ်ကာ ထရပ်လိုက်သည်။
“မင်းတို့ပဲ သောက်ကြပါ။ ငါ နေလို့မကောင်းလို့ အရင်သွားတော့မယ်...”
“ဟင်းဟင်း...”
ကျန်းရီက ခပ်ရေးရေး ပြုံးကာ မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် ခွမ်ကျန့်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက တကယ်နေမကောင်းတာလား၊ ဟန်ဆောင်နေတာလား။ မင်း ရက်နည်းနည်းလောက် အနားယူရအောင် ငါ လိုက်ပို့ပေးရမလား။ ထိုင်နေ။ ဒီနေ့ ငါ ဟယ်ကျန်းကို မျက်နှာသာမပေးတဲ့သူတိုင်းကို ငါ သူတို့အဖေတွေ ကိုယ်စား ဆုံးမပေးမယ်”
အားလုံး ကြောက်ရွံ့ကာ တိတ်ဆိတ်သွားကြလေတော့သည်။
***