ရေကုန်ရေခမ်းတိုက်မည်
Vol. 133 Ch. 1847
ခွမ်ကျန့် မလှုပ်ဝံ့တော့ပါ။ သူ ထွက်သွားလျှင် ကျန်းရီက သူ့ကို ထမ်းထုတ်ရအောင် လုပ်ပေလိမ့်မည်။ ခွမ်ကျန့်ပင် မလှုပ်ဝံ့တော့ရာ ကျန်လူများလည်း မလှုပ်ရဲတော့ပေ။ သူတို့ အိုးတိုးအမ်းတမ်းနှင့် ပြန်ထိုင်လိုက်ကြပြီး အပ်များအပေါ် ထိုင်နေရသလို ဖင်တကြွကြွနှင့် ရှိနေကြသည်။
ကျန်းရီ လှည့်ပတ်ကြည့်လိုက်ရာ အကောင်းဆုံးထိုင်ခုံများတွင် လူများ ရှိနေပြီးကြောင်း တွေ့လိုက်ရ၏။ သူ စိတ်ထဲမထားဘဲ တံခါးဘေးမှ အစိမ်းရောင်သစ်သားကွပ်ပျစ်ပေါ်တွင် ထိုင်လိုက်သည်။ ဖုန့်နီသည် ထိုင်ခုံပင်မရဘဲ ကျန်းရီဘေးမှ ဝတ်ပြုဖုံပေါ်တွင် ဒူးထောက်ထိုင်လိုက်ရသည်။
ကျန်းရီနှင့် ဖုန့်နီတို့က အနိမ့်ဆုံး ခုံများတွင် ထိုင်လိုက်သဖြင့် ကျန်သူများ လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။ သခင်မလေးလီရွေက ကျန်းရီကို ကြည့်ကာ နီမြန်းသော မျက်နှာနှင့် ထရပ်လိုက်သည်။
“သခင်လေးကျန်း... ကျွန်မနဲ့အတူ လာထိုင်ပါ”
“မလိုပါဘူး၊ ကျေးဇူးတင်ပါတယ် သခင်မလေးလီ”
ကျန်းရီ လက်ဝှေ့ယမ်းလိုက်ပြီး ဝိညာဉ်သစ်သီးတစ်လုံးကို ယူကာ ကိုယ်တိုင် အခွံခွာ၍ ဖုန့်နီအား ပေးလိုက်၏။
“ဖုန့်နီ... ရော့ ရေဆာဖြေလိုက်ဦး”
“ကျေးဇူးတင်ပါတယ် သခင်လေး”
ဖုန့်နီ၏ မျက်နှာကို ပဝါနှင့် ကာထားသော်လည်း သူမ၏ ကြည်လင်သော မျက်လုံးများက ပြုံးနေကြောင်း ထင်ရှား၏။ ယင်းကို တွေ့သောအခါ တောင်မင်နှင့် အခြားသခင်မလေးများ မည်သို့ခံစားရမည်မသိ ဖြစ်သွားကြပေသည်။
ဟဲ့ရန်သည် အစေမခံမလေးများကို သေရည်အိုးများနှင့် စားကောင်းသောက်ဖွယ် အမျိုးမျိုး ယူလာခိုင်းလိုက်သည်။ အစိမ်းရောင်သစ်သားကွပ်ပျစ်တိုင်းပေါ်သို့ သေရည်အိုး အနည်းငယ်စီ ရောက်လာပေသည်။
ဖန့်နီက ထရပ်၍ ကျန်းရီအတွက် သေရည်ငှဲ့ပေး၏။ အခြားကွပ်ပျစ်များပေါ်မှ အစေခံမလေးများကလည်း ထို့အတူ လုပ်ပေးလိုက်ကြသည်။ ကျန်းရီက သေရည်ခွက်ကို ကိုင်ကာ ထရပ်လိုက်သည်။
“လာလာ... အားလုံးပဲ တစ်ခွက်လောက် အတူတူ သောက်ကြတာပေါ့”
ကျန်းရီ ရပ်လိုက်ပြီဖြစ်၍ ကျန်သူများလည်း ထရပ်ကြရသည်။ သို့သော် တောင်မင်က မရပ်ပေ။ ထို့ကြောင့် ကျန်းရီ မျက်မှောင်ကြုတ်၍ တောက်မင်ကို စိုက်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်အရှိန်အဝါ ခပ်ရေးရေးကလည်း တောက်မင်ကို လွှမ်းခြုံသွားသည်။
တောက်မင်၏ မျက်နှာသည် မည်းမှောင်နေရာမှ ဖြူဖျော့သွား၏။ သူမ ရွေးချယ်စရာ မရှိတော့ဘဲ ထရပ်ရတော့သည်။ ကျန်းရီသည် သေရည်တစ်ငုံသောက်၍ လူအုပ်ကို ကြည့်လိုက်၏။ ထိုအခါ လူအုပ်လည်း သူတို့ခွက်များထဲမှ သေရည်ကို အကုန်သောက်လိုက်ကြလေသည်။
“အဟွတ်...အဟွတ်....”
တောင်မင်က မြန်မြန်သောက်လိုက်၍ သီးသွား၏။ သူမ ချောင်းကြမ်းကြမ်းဆိုးလိုက်ရာ ပါးစပ်ထဲမှနေ၍ အစိမ်းရောင်သစ်သားကွပ်ပျစ်အပေါ် သေရည်များ ကျသွားသည်။ ကျန်းရီက ယင်းအဖြစ်ကို လှမ်းကြည့်၍ ဟက်ဟက်ပက်ပက် ရယ်လိုက်၏။
“ဟားဟားဟား... သခင်မလေးမင် အဲ့ဒါက သခင်မလေးရဲ့ အမှားပဲ။ သခင်မလေး တမင်လုပ်တာ မဟုတ်လား။ အဲ့တော့ သခင်မလေး သေရည်ဆယ်ခွက်သောက်ပြီး အပြစ်ခံယူရမယ်”
“ဆယ်ခွက်လား”
တောင်မင်၏ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင် ထွက်ပေါ်လာ၏။ ပုံမှန်ဆိုလျှင် ဤကဲ့သို့ စားသောက်ပွဲများ၌ သူမကသာ အခြားသူများကို စနောက်လေ့ရှိသည်။ ယခုတွင်မူ သူမက ပြန်စနောက်ခံနေရပေသည်။ တောက်မင် တစ်ခဏမျှ ပြန်မတုံ့ပြန်နိုင်ဘဲ ရှိနေ၏။ ကျန်းရီက သူမကို အရှိန်အဝါအပြည့်နှင့် စိုက်ကြည့်နေပြီး ဘေးမှ သခင်လေး၊ သခင်မလေးများကလည်း သူမဘက်မှ ကူမပြောပေးကြသဖြင့် သူမ အံကြိတ်၍သာ အေးစက်စက် ပြောလိုက်ရလေသည်။
“သခင်လေးကျန်းက ကျွန်မကို ဆယ်ခွက်သောက်စေချင်မှတော့ ကျွန်မ ဆယ်ခွက်သောက်ရမှာပေါ့။ သခင်လေးကျန်းရဲ့ တိုက်ခိုက်စွမ်းအားက မြင့်ပါတယ်၊ အဲ့တော့ သခင်လေးဘာပြောပြော လုပ်ရမှာပေါ့”
တောင်မင်၏ စကားများထဲတွင် ရွဲ့တဲ့တဲ့လေသံ ပြည့်နှက်နေ၏။ သူမက ကျန်းရီကို အင်အားသုံး၍ မိန်းမတစ်ယောက်ကို အနိုင်ကျင့်သည့်အတွက် အပြစ်တင်နေခြင်းပင်။ ကျန်းရီက အရေးမစိုက်ဘဲ တောက်မင်ဘေးမှ အစေခံမလေးကို ကြည့်လိုက်သည်။ ကျန်းရီကြည့်သည်ကို ခံရသောအခါ ထိုအစေခံမလေးသည် တောက်မင်အတွက် မြန်မြန်သွက်သွက် သေရည်ငှဲ့ပေးလိုက်လေသည်။
တောင်မင်က သေရည်ခွက်ကို မြှောက်၍ တစ်မော့တည်း သောက်ချလိုက်၏။ ထို့နောက် တစ်ခွက်ပြီးတစ်ခွက် ဆက်သောက်သည်။ သို့သော် သူမက ဒေါသထွက်နေရာ သူမ၏အပြုအမူများက အတန်ငယ် ကြမ်းတမ်းနေသည်။ ထို့ကြောင့် သူမနှုတ်ခမ်းစွန်းမှနေ၍ သေရည်များ ဖိတ်ကျကုန်ပြီး သူမ၏ လည်ပင်းပေါ်စီးကျကာ နောက်ဆုံးတွင် သူမအင်္ကျီအရှေ့ပိုင်းတွင် ရွှဲသွားလေသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ နဂိုကတည်းက လှပြီးဖြစ်သည်။ သေရည်စို၍ အင်္ကျီနှင့်အသား ကပ်သွားသောအခါ ကိုယ်လုံးကိုယ်ပေါက်က ပို၍ ပေါ်လွင်လာသည်။ အပေါ်ဝတ်အောက်ရှိ အတွင်းဝတ်ကိုပင် ခပ်ရေးရေး မြင်နေရသည်။ ယင်းမြင်ကွင်းမှာ ယောက်ျားများ၏ စိတ်ကို လှုပ်ရှားစေပေသည်။
“ကောင်းတယ်...”
သေရည်ဆယ်ခွက်ကို မျက်စိတစ်မှတ်အတွင်း သောက်ပြီးသွား၏။ ကျန်းရီက ကျယ်လောင်စွာ ချီးကျူးလိုက်သော်လည်း ကျန်သောသူများမှာ အသံတစ်ချက်မှ မထွက်ဝံ့ကြပေ။ ကျန်းရီက ဝေ့ဝဲကြည့်လိုက်တော့မှ သူတို့ သံယောင်လိုက်၍ ချီးကျူးလိုက်ကြသည်။
ကျန်းရီ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး တောက်လင်းနှင့် တောင်လုံတို့ကို ကြည့်ကာ ပြောလိုက်၏။
“မင်းတို့ရဲ့ အစ်မကြီးက သူရဲကောင်းပဲ။ မင်းတို့ ညီအစ်မနှစ်ယောက်ရော သူရဲကောင်းတွေ မဖြစ်ချင်ဘူးလား”
တောက်လင်းနှင့် တောက်လုံတို့၏ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ထိုဟယ်ကျန်းက သူများအပေါ် အနိုင်ကျင့်ရသည်ကို စွဲလမ်းနေခြင်းလော။ တစ်ယောက်ကို အနိုင်ကျင့်ပြီးလျှင်ပင် မတော်နိုင်သေးဘဲ ညီအစ်မသုံးယောက်စလုံးကို အနိုင်ကျင့်လိုနေသည်လော။
တောက်လင်းက ခပ်ရွဲ့ရွဲ့ပြုံးကာ ပြန်ပြောလိုက်သည်။
“သခင်လေးကျန်းက ဘာလုပ်ဖို့ ကြိုးစားနေတာပါလဲ။ ရှင် ကျွန်မတို့ ညီအစ်မသုံးယောက်ကို မူးအောင်တိုက်နေတာ တခြားရည်ရွယ်ချက်တွေများ ရှိနေလို့လား”
“ဟားဟားဟား”
ကျန်းရီ ကျယ်လောင်စွာ အော်ရယ်လိုက်၏။
“သခင်မလေးလင်းက နောက်နေတာထင်တယ်။ ကျွန်တော်က ဘယ်လိုလုပ် တိရိစ္ဆာန်တစ်ကောင်လို ပြုမူရမှာလဲ။ ပြီးတော့ ကျွန်တော်က အရမ်းပါရမီထူးတယ်။ သခင်မလေးတို့ သုံးယောက်တည်းနဲ့ မလောက်ဘူး... အဲ.. သခင်မလေးကုန်းယန်ပါ ပါမယ်ဆိုရင်တော့...”
“ဖူး...”
သခင်မလေးလီရွေသည် သစ်သီးဖျော်ရည် သောက်နေရင်းတန်းလန်း ဖြစ်ရာ ကျန်းရီ၏ စကားကို ကြားသောအခါ သီးသွားလေသည်။ ကျန်းရီ၏ ပထမစကားက လေးနက်သည်။ သို့သော် ဒုတိယစကားမှာမူ သူ့ကို တဏှာရူးတစ်ယောက်နှင့် တူစေပေသည်။ တောက်မျိုးနွယ် ပန်းသုံးပွင့်က ကောင်းကင်ဘုံတွင် နာမည်ပျက်နှင့် ကျော်ကြားသော်လည်း၊ သခင်မလေးကုန်းယန်ကလည်း မိန်းမကောင်းတစ်ယောက် မဟုတ်သော်လည်း အဘယ်သို့ သူက သခင်မလေးအများကြီး၏ ရှေ့တွင် ထိုကဲ့သို့သော စကားကို ပြောရပါသနည်း။
တောက်မျိုးနွယ် ပန်းသုံးပွင့်၏ မျက်နှာများ ရုတ်ခြည်း နီရဲသွားကြသည်။ သခင်မလေးကုန်းယန်လည်း ရှက်ရွံ့ကာ ဒေါသထွက်သွားသည်။ သို့သော် သူမ ဒေါသကို ဖောက်ခွဲမပစ်နိုင်ပါပေ။ ခွမ်ကျန့်နှင့် ယန်ဖူတို့ တစ်ယောက်နှင့်တစ်ယောက် အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ပုံမှန်ဆိုလျှင် မျိုးနွယ်ကြီးများမှ သခင်မလေးများကို ထိကပါးရိကပါး ပြောကြသူများမှာ သူတို့နှစ်ယောက် မဟုတ်ပါလား။ ယခုတွင်မူ သူတို့နှစ်ယောက်သည် စကားတစ်ခွန်းမှ ဝင်မပြောဝံ့ကြသည့်အပြင် အိုးတိုးအမ်းတမ်းနှင့် အလိုက်သင့် လိုက်ရယ်ပေးနေရပေသည်။
တောင်မင်သည် သေရည်ဆယ်ခွက်ကို တစ်ထိုင်တည်း သောက်လိုက်သဖြင့် အတန်ငယ် ရီဝေဝေ ဖြစ်လာ၏။ သူမသည် ကိုယ်တွင်းမှ သေရည်ကို ကောင်းကင်စွမ်းအားသုံး၍ပင် ပြန်ထုတ်မပစ်တော့ဘဲ ကျန်းရီကို ရွဲ့တဲ့တဲ့ကြည့်၍ ပြောလိုက်သည်။
“သခင်လေးကျန်း... အပြောပဲရှိပြီး အလုပ်မရှိလို့ မဖြစ်ဘူးနော်။ ကျွန်မတို့ ညီအစ်မသုံးယောက်က ဒီနေ့ မီးကုန်ယမ်းကုန် ကြမ်းတော့မှာ။ သခင်လေး အဲ့လိုလုပ်ဖို့ သတ္တိရှိရဲ့လား”
တောက်မင်သည် ဒေါသကြောင့် ရှက်စိတ်ပျောက်သွားပုံပင်။ သူမသည် ဤကဲ့သို့သော အခြေအနေတွင် မပြောသင့်သော စကားများကို ပြောနေပေသည်။ အားလုံးသည် တောက်မျိုးနွယ် ပန်းသုံးပွင့်က မိန်းမပျက်များဖြစ်ပြီး ယခင်တွင်လည်း ခွမ်ကျန့်၊ ယန်ဖူတို့နှင့် အိပ်ခဲ့ဖူးကြောင်းကို သိကြ၏။ သို့သော် ယင်းမှာ လျှို့ဝှက်ကိစ္စဖြစ်သည်။ ဤကဲ့သို့ လူအများကြားတွင် ပေါ်ပေါ်ထင်ထင် ပြောသင့်သောအရာမျိုး မဟုတ်ပေ။
ကြည့်ရသည်မှာ ဖုန်းရှားဆန်းကြယ်နယ်မြေထဲတွင် ကျန်းရီ၏ ပါးရိုက်ချက်က တောက်မင်၏ ဦးနှောင်ကို အဆံချောင်သွားစေပုံပင်။
ကျန်းရီက လောကဓံကို ရင်ဆိုင်၍ ကြီးပြင်းခဲ့ရသူဖြစ်သည်။ သူသည် ဘော်ကြော့ သခင်လေးများနှင့် သခင်မလေးများကို သဘောမကျပေ။ ထိုသခင်လေး၊ သခင်မလေးများသည် အပေါ်ယံတွင် လူကြီးလူကောင်း ဆန်ကြသော်လည်း နောက်ကွယ်တွင်မူ ဖြစ်ချင်တိုင်း ဖြစ်နေကြသူများဖြစ်သည်။ ဤကဲ့သို့ အခြေအနေမျိုးကို သူ မကြောက်ပါ။ သူ တောက်လင်းနှင့် တောက်လုံတို့၏ မျက်နှာများကို ဝေ့ဝဲကြည့်လိုက်၏။ သူမတို့နှစ်ယောက်က ရှက်ရွံ့နေပုံ ပေါ်နေကြသော်လည်း သူမတို့၏ မျက်ဝန်းများထဲတွင် ပြင်းပြသောဆန္ဒတစ်ခု ရှိနေကြောင်းကို သူ တွေ့ရသည်။ ထို့ကြောင့် သူ ခေါင်းခါလိုက်၏။ ထို တောက်မျိုးနွယ်မှ ညီအစ်မသုံးယောက်မှာ ရွံစရာပင် ကောင်းလှသည်။ မကြာသေးခင်ကပင် သူမတို့သုံးယောက်သည် ဖုန့်နီကြောင့် အရိုးများ ကျိုးသွားခဲ့ကြသည်။ သို့သော် ယခုတွင် သူမတို့က သူနှင့် ဆက်ဆံလိုနေကြပေသည်။
ကျန်းရီ ဤခန်းမထဲ ဝင်လာခဲ့ခြင်းမှာ အပျင်းဖြေရန် ဖြစ်၏။ သူသည် အားလုံးကို စနောက်၍ သူ့ဒေါသကို ဖြေလိုခဲ့ခြင်းပင်။ သူ မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့ကို အရှင်မချင်လင်းအား သတ်သည့်အတွက် လက်စားချေလိုသည်။ သို့ဖြစ်ရာ ယခုအခြေအနေရောက်မှတော့ သူ မည်သို့ နောက်ပြန်လှည့်နိုင်မည်နည်း။
ကျန်းရီသည် မျက်ပေါက်ကျဉ်းသွားသည်အထိ တောက်ပစွာ ပြုံးလိုက်၏။ ထို့နောက် သူ သခင်မလေးကုန်းယန်ကို ဆက်ကြည့်ကာ ပြောလိုက်သည်။
“အစောက သူတို့ ညီအစ်မသုံးယောက်တည်းနဲ့ မလုံလောက်ဘူးလို့ ကျွန်တော် ပြောခဲ့တယ်။ တကယ်လို့ သခင်မလေးကုန်းယန်သာ စိတ်မရှိဘူးဆိုရင် ကျွန်တော် ရေကုန်ရေခမ်းတိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး”
ခွမ်း...
သခင်မလေးကုန်းယန် အလွန်ဒေါသထွက်သွားပြီး သူမလက်ထဲမှ သေရည်ခွက်ကို ပစ်ချ၍ ကျန်းရီကို စူးစိုက်ကြည့်လိုက်၏။
“သခင်လေးဟယ်ကျန်း... ကိုယ့်သိက္ခာကို ကိုယ်ထိန်းပါ။ ကုန်းယန်က အခုအထိ လက်မထပ်ရသေးဘူး။ သခင်လေး ကျွန်မကို ဒီလို အရှက်မခွဲပါနဲ့။ ကုန်းယန် အရင် သွားပါတော့မယ်”
သခင်မလေးကုန်းယန်သည် ထရပ်ကာ လျှောက်ထွက်သွား၏။ ကျန်းရီ ခပ်ရေးရေးပြုံးလိုက်ပြီး စိတ်ထဲမထားလိုက်ပေ။ သို့သော် သူ ရုတ်တရက် အသံပို့လွှတ်လိုက်သည်။
“သခင်မလေးကုန်းယန်... သခင်မလေး ဘယ်အခန်းမှာ နေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ အရင်ပြန်သွားပြီး ရေချိုးထားလိုက်ပါ။ ခဏနေရင် ကျွန်တော်တို့ စကားကောင်းကောင်းပြောရအောင် ကျွန်တော် လာခဲ့ပါမယ်”
“အာ...”
သခင်မလေးကုန်းယန် တုန်ယင်သွားပြီး မျက်နှာရဲသွား၏။ သူမ ကျန်းရီကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူမ၏ အကြည့်မှာ မြေခွေးပျိုတစ်ကောင်၏ အကြည့်နှင့် တူနေပေသည်။ ထို့နောက် ရှက်ဒေါသနှင့် ခြေဆောင့်ကာ ထွက်ပြေးသွားလေသည်။
‘မိန်းမပျက်...’
ကျန်းရီ ခေါင်းခါလိုက်၏။ သခင်မလေးကုန်းယန်၏ မျက်နှာထားအရ သူသာ သွားလျှင် သူဖြစ်ချင်သလို ဖြစ်နိုင်တော့မည်ဖြစ်ကြောင်း ကျန်းရီ သိသည်။ ကောလာဟလများမှာ အကြောင်းမရှိဘဲ မထွက်တတ်ပေ။
“ကောင်းပြီ...”
ကျန်းရီ တောက်မျိုးနွယ် ပန်းသုံးပွင့်ကို ကြည့်လိုက်၏။ ထို့နောက် သူမတို့သုံးယောက်စလုံးထံ တစ်ပြိုင်တည်း အသံပို့လွှတ်လိုက်သည်။
“သခင်မလေးကုန်းယန်က သဘောတူလိုက်ပြီ။ ခဏနေရင် မင်းတို့ သူ့အခန်းကို သွားပြီး ရေချိုးထားလိုက်ကြ။ ငါ မင်းတို့ လေးယောက်စလုံးကို ယုယပေးမယ်”
ကျန်းရီသည် အသံပို့လွှတ်ပြီးနောက် ဖုန့်နီကို ခေါ်၍ ထွက်သွား၏။ တောက်မျိုးနွယ် ပန်းသုံးပွင့်သည် ဓားတစ်ချောင်းအလား မားမတ်နေသော ကျန်းရီ၏ နောက်ကျောပြင်ကို ကြည့်၍ ရင်ထဲပူသွားကြသည်။ သူမတို့ အာခေါင်များလည်း ခြောက်လာသည်။ သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တစ်ယောက်မျက်ဝန်းထဲမှ အဓိပ္ပာယ်ကိုတစ်ယောက် နားလည်သွားကြသည်။
ဖြန်း...
ခွမ်ကျန့်သည် စားပွဲကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်လိုက်၏။ ယန်ဖူ၏ မျက်နှာမှာလည်း အလွန်မည်းမှောင်နေသည်။ သူတို့သည် သခင်မလေးကုန်းယန်နှင့် တောက်မျိုးနွယ် ပန်းသုံးပွင့်တို့၏ မျက်နှာထားများကို မြင်လိုက်ပေသည်။ ကျန်းရီက ဖုန်းရှားဆန်းကြယ်နယ်မြေထဲတွင် အားလုံးကို ဒုက္ခိတဖြစ်သွားအောင် လုပ်ခဲ့သည်။ ယခု သူသည် သူ့စွမ်းအားကို အသုံးချ၍ သူတို့ကို အနိုင်ကျင့်ကာ သခင်မလေး လေးယောက်ကို ကြံနေပေသည်။ သို့သော် သခင်မလေးကုန်းယန်နှင့် တောက်မျိုးနွယ် ပန်းသုံးပွင့်တို့က ကျန်းရီ ဖြစ်စေချင်သည့်အတိုင်း အဖြစ်ခံကြရန် စိတ်ကူးနေကြသည်လော။
ယင်းမှာ ခွမ်ကျန့်နှင့် ယန်ဖူတို့ကို ထပ်ဆင့် အရှက်ခွဲလိုက်သလိုပင်။ မကြာသေးခင်ကပင် ထိုသခင်မလေး လေးယောက်က သူတို့နှစ်ယောက်နှင့်အတူ ပျော်ပါးခဲ့ကြသည် မဟုတ်ပါလား။
***