ဒူးထောက်ရင်း အသေခံမည်
Vol. 133 Ch. 1848
တစ်နာရီကြာပြီးနောက် စားသောက်ပွဲ ပြီးဆုံးသွား၏။ တောက်မျိုးနွယ် ပန်းသုံးပွင့်သည် အမှန်ပင် သခင်မလေးကုန်းယန်၏ အခန်းသို့ သွားလိုက်ကြသည်။
ထို့ကြောင့် ခွမ်ကျန့်နှင့် ယန်ဖူတို့ သွေးအန်လုမတတ် ဒေါသထွက်သွားကြ၏။ အကယ်၍ တည်နေရာပြောင်းရွှေ့အစီအရင်များသာ ဖျက်ဆီးမခံထားရလျှင် သူတို့ ချက်ချင်း ထွက်သွားပြီးပြီဖြစ်သည်။
သခင်လေးများနှင့် သခင်မလေးများသည် တောက်မျိုးနွယ် ပန်းသုံးပွင့်နှင့် သခင်မလေးကုန်းယန်တို့ကို အရှက်မဲ့သည်ဟု စိတ်ထဲမှ အပြစ်တင်နေကြသည်။ သို့သော် သူတို့သည် သူမတို့လေးယောက်က အဘယ်ကြောင့် ထိုသို့လုပ်ခြင်းဖြစ်ကြောင်း နားလည်ကြပေသည်။
ဟယ်ကျန်းက သူမတို့ကို မည်သို့ ပြောပါစေ၊ သူမတို့ ဟယ်ကျန်းကို မည်မျှ မုန်းပါစေ ဤရတနာရှာပွဲ ပြီးသွားနောက်တွင် ဟယ်ကျန်း၏အမည်က ကောင်းကင်ဘုံတစ်ခွင်လုံးတွင် ကျော်ကြားသွားတော့မည်ဖြစ်သည်။ သူက ထိပ်တန်းသခင်လေးတစ်ယောက်လည်း ဖြစ်လာပေလိမ့်မည်။
ဟယ်နုန်ယင်း၏ အလင်းက အလွန်တောက်ပ၏။ သူမသည် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ထားပြီး ချီလင်းဧကရီ၏ အချစ်ဆုံး မြေးမလေးလည်း ဖြစ်သည်။ သို့သော် ထိုသခင်လေးများနှင့် သခင်မလေးများသည် အပြင်လူများ မသိကြသော အတွင်းလျှို့ဝှက်ချက်တစ်ခုကို သိထားကြပေသည်။
ဟယ်နုန်ယင်းက ရှားပါးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။ သူမ လျင်မြန်စွာ ကျင့်ကြံနိုင်ခဲ့ခြင်းမှာလည်း ထိုဝိညာဉ်ခန္ဓာကြောင့်ဖြစ်သည်။ သို့သော် ၎င်းဝိညာဉ်ခန္ဓာတွင် ပြစ်ချက်ကြီးတစ်ခု ရှိသည်။ သူမသည် ရှင်သန်နိုင်ရန် ယောက်ျားများနှင့် မပြတ်ဆက်ဆံကာ သူတို့၏ စိတ်ဝိညာဉ်နှင့် ကောင်းကင်စွမ်းအားကို စုပ်ယူရမည်ဖြစ်သည်။ မဟုတ်လျှင် သူမ ကျင့်ကြံခြင်းအဆင့် မြင့်လာသည်နှင့် သူမဘာသာ ပေါက်ကွဲထွက်သွားနိုင်ပေသည်။
ဟယ်နုန်ယင်းသည် အပျိုစင်တစ်ယောက်အဖြစ် ကောင်းကင်ဘုံတွင် ကျော်ကြား၏။ သူမသည် သူမသဘောမကျသော မည်သည့်ယောက်ျားနှင့်မှ အတူမနေနိုင်ပါ။ နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် သူမက ကျန်းရီတစ်ယောက်ကိုသာ သဘောကျခဲ့ဖူးသည်ဟု ဆိုကြသည်။ ထို့ကြောင့်လည်း မကြာခင်တွင် သူမ ပေါက်ကွဲသွားတော့မည်ဟူသော ကောလာဟလများ ပျံ့နှံ့နေသည်။
ကောင်းကင်ဘုံတွင် သခင်လေးများစွာရှိသည်။ သို့သော် ဟယ်နုန်ယင်းသည် မည်သူ့ကိုမှ မကြိုက်ပေ။ ထို့ကြောင့် ကျန်းရီက သခင်လေးအားလုံး၏ ဘုံရန်သူ ဖြစ်နေသည်။ ယခုတွင် ကျန်းရီ ရှိနေသော နေရာကို မသိရသေးပေ။ ဟယ်နုန်ယင်း၏ ကံကြမ္မာမှာလည်း သတ်မှတ်ပြီးသလို ဖြစ်နေသည်။ ကောင်းကင်က သူမ၏ အလှတရားကို မနာလိုဖြစ်၍ သူမအား မိမိကိုယ်ကိုယ် ပျက်သုဉ်းစေမည့် ဝိညာဉ်ခန္ဓာ ပေးခဲ့ခြင်း ဖြစ်ပေမည်။
ချီလင်းဧကရီသည် လက်ထပ်မထားသလို မည်သည့်မျိုးဆက်မှလည်း မရှိပေ။ ဟယ်နုန်ယင်း၏ အဖေမှာ သူမ၏ မွေးစားသားသာဖြစ်သည်။ ဟယ်မျိုးနွယ်၏ မျိုးဆက်များကို သူမ၏ မျိုးဆက်အဖြစ် သတ်မှတ်ထားသည်။ ဟယ်နုန်ယင်းက သေခြင်းတရားကို မရှောင်လွှဲနိုင်ရာ ဟယ်ကျန်းက ဟယ်နုန်ယင်းနေရာတွင် အစားထိုးရလောက်ပေသည်။
ထို့ကြောင့်...
ဟယ်ကျန်းက အားလုံးကို အကြိမ်ကြိမ် လှောင်ပြောင်ခဲ့သော်လည်း အားလုံး၏ ရင်ထဲမှ ဟယ်ကျန်း၏ အဆင့်အတန်းက မြင့်၍သာ လာလေသည်။
အရေးအကြီးဆုံးမှာ ဤတစ်ခေါက်တွင် တွေ့ရသည့် ဟယ်ကျန်း၏ အကျင့်စရိုက်နှင့် အရှိန်အဝါ ဖြစ်သည်။ ၎င်းတို့က သခင်မလေးများစွာကို စိတ်လှုပ်ရှားစေသည်။ အသုံးမကျသော ခွမ်ကျန့်နှင့် ယန်ဖူတို့နှင့် ယှဉ်လျှင် ဟယ်ကျန်းက များစွာသာပေသည်။
မိန်းကလေးများသည် မိမိ မှီခိုနိုင်သော သန်မာသည့် ယောက်ျားများကို သဘောကျတတ်ကြ၏။ သို့ဖြစ်ရာ ကျန်းရီကဲ့သို့သော ယောက်ျားတစ်ယောက်က သူမတို့အတွက် အလွန်ဆွဲဆောင်မှုရှိနေသည်။ ထို့ကြောင့်လည်း တောက်မျိုးနွယ် ပန်းသုံးပွင့်နှင့် သခင်မလေးကုန်းယန်တို့သည် မည်မျှ အရှက်ခွဲခံရစေကာမူ ကျန်းရီ၏ တင်စီးသော အမိန့်များအောက်တွင် နာခံတတ်သော မသဘာဝကို ထုတ်ပြကြခြင်းဖြစ်ပေသည်။
သို့သော် ကျန်းရီက နောက်နေခြင်းသာဖြစ်သည်။ သူသည် ထိုမိန်းမပျက်များနှင့် ကစားရန် စိတ်မဝင်စားပါ။ သူ့ဘေးတွင်ရှိသော ဖုန့်နီသည်ပင် ထိုမိန်းမပျက်များထက် အဆရာကျော် ပိုသာသည် မဟုတ်ပါလား။
ကျန်းရီက ရဲတိုက်သို့ ပြန်ရောက်သည်နှင့် ချက်ချင်း အခန်းအောင်း ကျင့်ကြံလိုက်၍ ဖုန့်နီ အံ့ဩသွား၏။ သူမ ကျန်းရီကို ပို၍လည်း လေးစားသွားပေသည်။
အချိန်က အလွန်ရှားပါးနေသည်။ ကျန်းရီအနေဖြင့် စက္ကန့်တိုင်းကို အသုံးချ၍ ကျင့်ကြံရပေမည်။ တောက်မျိုးနွယ် ပန်းသုံးပွင့်နှင့် သခင်မလေးကုန်းယန်တို့မှာမူ အခန်းထဲတွင် နေ့တစ်ဝက်ကြာအောင် စောင့်နေခဲ့ကြသည်။ သို့သော် ကျန်းရီ ပေါ်မလာခဲ့ပါ။
လေးယောက်သား ကျန်းရီက သူမတို့ကို အရှက်ခွဲသွားခြင်းဖြစ်ကြောင်း သဘောပေါက်သွားကြ၏။ သူမတို့ ဒေါသထွက်သွားကြသည်။ သို့သော် မည်သို့မှ ပြန်မတုံ့ပြန်နိုင်ကြပေ။ ယခုတွင် ကျန်းရီက ပြိုင်ဘက်ကင်း ဖြစ်နေပေသည်။ ကျန်းရီက သူ့ဘာသူ နေနေသည်ကို မည်သူက သွားရန်စဝံ့တော့မည်နည်း။ ယင်းမှာ ကိုယ့်ဒုက္ခကိုယ်ရှာခြင်း မဟုတ်ပါလား။ ထို့ပြင် သူ၏ ထိုမိစ္ဆာနောက်လိုက်မှာလည်း အကြောင်းမရှိဘဲ ခက်ထန်လွန်းပေသည်။
တည်နေရာပြောင်းရွှေ့အစီအရင်များကို ဖြည်းဖြည်းချင်း ပြင်နေကြ၏။ တစ်ရက်ကြာပြီးနောက် ဟဲ့ရုန် ပြန်ရောက်လာသည်။ သူသည် ပြန်ရောက်လျှင်ရောက်ချင်း ဟဲ့မျိုးနွယ်မှ အကြီးအကဲတစ်စုကို ဦးဆောင်၍ ကျန်းရီ၏ ရဲတိုက်ဆီသို့ သွားလိုက်လေသည်။
“ကျွန်မရဲ့ သခင်လေးက အခန်းအောင်း ကျင့်ကြံနေတယ်၊ ဘယ်ဧည့်သည်ကိုမှ တွေ့မှာ မဟုတ်ဘူး”
ဖုန့်နီသည် ကျန်းရီ၏အမိန့်ကို ရထား၍ ဟဲ့ရုန်နှင့် ဟဲ့ရန်တို့ကို မျက်နှာသာမပေးဘဲ ချက်ချင်း ထွက်သွားစေလိုက်သည်။
ရွှီး...
ဟဲ့ရုန်သည် ရုတ်တရက် ကောင်းကင်စွမ်းအားတန်း တစ်တန်း ထုတ်လွှတ်၍ ရဲတိုက်၏ အကာအရံများကို နှိုးလိုက်၏။ ထို့နောက် သူ အကြီးအကဲတစ်စုနှင့်အတူ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ အော်ပြောလိုက်သည်။
“သခင်လေးကျန်း... ဟဲ့မျိုးနွယ်ကို ဂယ်ပေါက်တစ်ခု ပေးပါဦး”
ဟဲ့မျိုးနွယ်၏ အကြီးအကဲများနှင့် ဟဲ့ရန်သည်လည်း အလေးအနက် ဦးညွှတ်၍ တစ်ညီတည်း လိုက်အော်ပြောလိုက်ကြ၏။ ဖုန့်နီ မျက်မှောင်ကြုတ်လိုက်ပြီး နောက်ဆုံးတွင် ရွေးချယ်စရာ မရှိတော့ဘဲ ကော်းကင်စွမ်းအားတန်း တစ်တန်း ထုတ်၍ ကျန်းရီကို အသိပေးလိုက်ရတော့သည်။
ရွှီး...
အခန်း၏ အကာအရံများက လင်းလက်လာကာ ပိတ်သွား၏။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံလည်း အပြင်ထွက်လာသည်။ သို့သော် ချက်ချင်းပင် အကာအရံများ ပြန်နိုးလာသည်။ ကျန်းရီက မည်သို့မှ မပြောခဲ့သလို မည်သို့မှလည်း မတုံ့ပြန်ခဲ့ချေ။
ဟဲ့ရုန်တို့ မှင်တက်သွားကြ၏။ သူ တစ်ခဏမျှ တွေးတောလိုက်ပြီး ရွေးချယ်စရာမရှိတော့၍ အံကြိတ်ကာသာ ဆက်ဒူးထောက်နေလိုက်သည်။ ဖုန့်နီသည် ခေတ္တမျှ ကြည့်ပြီးနောက် ဆက်အရေးမစိုက်တော့ရန် ဆုံးဖြတ်လိုက်၏။ သူမ အခြားအခန်းတစ်ခန်းထဲ ဝင်၍ အကာအရံများကို နှိုးလိုက်ပြီး ဟဲ့မျိုးနွယ်မှ အကြီးအကဲများကို အလယ်ခန်းမထဲတွင် ဒူးထောက်ခိုင်းထားလိုက်ပေသည်။
အချိန်က တရွေ့ရွေ့ကုန်ဆုံးလာသည်။ ဟဲ့ရုန်သည် ထမရပ်လို၍ ဆက်ဒူးထောက်နေသည်။ သူတို့တွင် အမှန်လည်း အခြားနည်းလမ်း မရှိတော့ပေ။ သူတို့ ဖုန်းရှားဆန်းကြယ်နယ်မြေတစ်ခုလုံးကို ရှာခဲ့သော်လည်း ဟဲ့ရွှီဝမ်ကို ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် ဖြစ်နိုင်ခြေက တစ်ခုသာ ရှိတော့သည်။ ဟဲ့ရွှီဝမ် ပျောက်ဆုံးသွားခြင်းက သေချာပေါက် ကျန်းရီနှင့် သက်ဆိုင်နေပေလိမ့်မည်။
ကျန်းရီက ဟယ်မျိုးနွယ်မှ သခင်လေးတစ်ယောက်ဖြစ်၍ ဟဲ့မျိုးနွယ်သည် သူ့ကို အတင်းအကြပ် မလုပ်နိုင်ပေ။ ထို့ကြောင့် ဒူးထောက်၍သာ ဟယ်ကျန်းတစ်ဖြစ်လည်း ကျန်းရီ၏ ခွင့်လွှတ်မှုကိုသာ တောင်းခံရလေတော့သည်။
နေ့တစ်ဝက်၊ တစ်ရက်... နှစ်ရက်...
ဟဲ့ရုန်၊ ဟဲ့ရန်နှင့် ဟဲ့မျိုးနွယ် အကြီးအကဲများသည် ရဲတိုက်ထဲတွင် နှစ်ရက်ကြာအောင် ဒူးထောက်နေခဲ့ကြ၏။ ထိုနှစ်ရက်မှာ အထက်ဘုံအချိန်ဖြစ်သည်။ သူတို့အားလုံးက စွမ်းအားကြီးသော်လည်း ထိုမျှကြာကြာ ဒူးထောက်ပြီးနောက် ခြေထောက်များ ထုံလာကြသည်။
သုံးရက်မြောက်နေ့တွင် ကျန်းရီ အခန်းထဲမှ ထွက်လာ၏။ တည်နေရာပြောင်းရွှေ့အစီအရင်များကို ပြင်ရန် သုံးရက်သာ လိုလိမ့်မည်ဟု ဟဲ့ရန်က ပြောခဲ့၍ သူ ထွက်လာခြင်းဖြစ်သည်။
ကျန်းရီက အလယ်ခန်းမထဲ ရောက်သောအခါ ဖုန့်နီလည်း သူမအခန်းထဲမှ ထွက်လာသည်။ ကျန်းရီသည် လေဘုံ၏ အရေးကြီးပုဂ္ဂိုလ်များကို အရေးမစိုက်ဟန်ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
“ခင်ဗျားတို့က ဘာလို့ ဒီမှာ ဒူးထောက်နေကြတာလဲ။ ကျွန်တော် ဟဲ့မျိုးနွယ် အရိုအသေပေးတာကို လက်မခံနိုင်ပါဘူး။ ထကြပါ”
“ဟင့်အင်း...”
ဟဲ့ရုန်က ကူကယ်ရာမဲ့သော မျက်နှာထားနှင့် ကြမ်းပြင်တွင် လက်နှစ်ဘက်စလုံးထောက်၍ ဦးညွှတ်ကာ အသနားခံလိုက်သည်။
“သခင်လေးကျန်း ကျုပ်တို့ ဟဲ့မျိုးနွယ်ကို ခွင့်မလွှတ်ရင် ကျုပ်တို့ သေတဲ့အထိ ဒူးထောက်နေပါမယ်။ သခင်လေးကျန်း... ဒီတစ်ခေါက်က ကျုပ်တို့ ဟဲ့မျိုးနွယ်ရဲ့ အမှားပါ။ သခင်လေး ကျုပ်တို့ကို ရိုက်ချင်ရင်၊ အပြစ်ပေးချင်ရင် ပြောသာ ပြောလိုက်ပါ။ ဒါပေမဲ့ ကျုပ်ရဲ့အဖေကိုတော့ လွှတ်ပေးဖို့ ကျုပ် တောင်းဆိုချင်ပါတယ်”
“ဟာသပဲ”
ကျန်းရီ နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်၏။
“ကျွန်တော်က ဘယ်တုန်းက ခင်ဗျားရဲ့အဖေကို ဖမ်းထားလို့လဲ။ ဟဲ့ရုန်... ခင်ဗျား စကားကို ကြည့်ပြောပါ၊ ပေါက်ကရတွေ မပြောနဲ့။ ခင်ဗျားအဖေ ပျောက်သွားတာ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး။ ခင်ဗျားမျိုးနွယ်က ခွေးသေရင်ရော ခင်ဗျားက ကျွန်တော့်ကို အပြစ်တင်မှာလား။ သွားတော့.. ဒီသခင်လေး ပြန်တော့မယ်”
ဒုတ်...ဒုတ်...
ဟဲ့ရုန်သည် နဖူးနှင့် ကြမ်းပြင် ဆောင့်လိုက်၏။ သူ ဆက်အသနားခံသည်။
“သခင်လေးကျန်း... ကျုပ် မှားပါတယ်။ ကျုပ် စကားမှားပြီး ပြောမိတာပါ။ ကျေးဇူးပြုပြီး ကျုပ်ကို သက်ညှာပေးပါ”
ဟဲ့ရုန်က ရှိခိုးတောင်းပန်လိုက်ပြီဖြစ်၍ ဟဲ့မျိုးနွယ်၏ အကြီးအကဲအားလုံးလည်း လိုက်၍ ရှိခိုးဦးညွှတ်လိုက်ရတော့သည်။ ထို့ကြောင့် နဖူးနှင့် ကြမ်းပြင် ထိသံများ တဒုတ်ဒုတ် ထွက်လာသည်။ ကျန်းရီက အားလုံး၏ ခေါင်းများပေါ်မှတော့ ပျံမသွားလောက်သည် မဟုတ်လော။
ကျန်းရီသည် ခေတ္တမျှ တွေးတောနေပြီးမှ ပြောလိုက်လေသည်။
“ခင်ဗျားတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်အိုကြီး ပျောက်သွားတာ တကယ်ကို ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး။ သူက ထူးခြားတဲ့ အစီအရင်တစ်ခုထဲမှာ ပိတ်မိနေတာ ဖြစ်နိုင်တယ်။ တစ်နှစ်လောက် စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်ပါ။ တစ်နှစ်ပြည့်ရင် သူ သေချာပေါက် ပြန်လာပါလိမ့်မယ်”
“တစ်နှစ်လား”
ဟဲ့ရုန်သည် ကျန်းရီကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏။ ထို့နောက် သူ တွေးတောကာ သနားစဖွယ်လေသံနှင့် အတွန့်တက်လိုက်သည်။
“နှစ်ဝက်ဆိုရင်ရော မရဘူးလား”
ဝုန်း...
ကျန်းရီသည် ဟဲ့ရုန်ကို လွင့်ထွက်သွားအောင် ကန်ပစ်လိုက်၏။ ပြီးမှ ဒေါသသံနှင့် ပြောလိုက်သည်။
“ဟဲ့ရုန်... အဲ့ဒါက ဘာအဓိပ္ပာယ်လဲ။ ခင်ဗျားတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်အိုကြီး ပျောက်သွားတာ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးလို့ ကျွန်တော် ပြောပြီးပြီ မဟုတ်လား။ ဘာလဲ... ခင်ဗျားက ကျွန်တော့်ကို မယုံဘူးလား”
“ယုံပါတယ်... ယုံပါတယ်”
မျိုးနွယ်မှ အကြီးအကဲအားလုံး၏ အရှေ့တွင် ဆောင့်ကန်ခံလိုက်ရသော်လည်း ဟဲ့ရုန် ဒေါသမထွက်နိုင်ပါ။ ထိုအစား သူ ရှိခိုးဦးညွှတ်၍သာ တောင်းပန်လိုက်သည်။ ကျန်းရီ၏ စကားများက သူတို့ကို သေချာသော အချက်တစ်ချက် ပေးလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ဆက်မေးနေရန် မလိုတော့ပေ။ ကျန်းရီက တစ်နှစ်ပြည့်လျှင် ဟဲ့ရွှီဝမ်ကို ပြန်လွှတ်ပေးလောက်ပေသည်။
ဟဲ့မျိုးနွယ်ခေါင်းဆောင်က ကျန်းရီဖမ်းသည်ကို ခံခဲ့ရ၏။ သို့ဖြစ်ရာ ဟဲ့ရုန် မည်သို့ ဒေါသထွက်နိုင်ပါမည်နည်း။ ကျန်းရီက သူ့ကို ရိုက်သတ်မည်ဆိုလျှင် သူ ပြုံး၍ ခံယူရပေလိမ့်မည်။ အကယ်၍ ဟဲ့မျိုးနွယ်ခေါင်းဆောင် အသတ်ခံလိုက်ရလျှင် ဟဲ့မျိုးနွယ်က လေဘုံ၏ အရှင်သခင် ဆက်ဖြစ်နိုင်တော့မည် မဟုတ်ပေ။ သူတို့ အခြားမျိုးနွယ်အသီးသီး၏ တိုက်ခိုက်မှုကိုလည်း ခံရနိုင်ပေသည်။ လူများသည် ရေနစ်သူ ဝါးကူထိုးလိုကြသည်၊ မြေနိမ့်ရာကို လှံစိုက်လိုတတ်ကြသည်။ ယင်းမှာ ထာဝရမှန်နေမည့် အမှန်တရားပင်။
***