ခွမ်ဟူ
Vol. 133 Ch. 1849
ကျန်းရီသည် ဟဲ့ရွှမ်ဝူကို တစ်နှစ်နေလျှင် လွှတ်ပေးမည်ဟု ပြောခဲ့ခြင်းမှာ ယခု သူက လေဘုံထဲတွင် ရှိနေ၍ ဖြစ်သည်။ အကယ်၍ ဟဲ့မျိုးနွယ်က ကောင်းကင်ဘုံသို့ သွားသော တည်နေရာပြောင်းရွှေ့အစီအရင်များကို ဖျက်ဆီးလိုက်လျှင် သူ ကူကယ်ရာမဲ့စွာသာ ကြည့်နေရမည် မဟုတ်ပါလား။ သူ ဟဲ့မျိုးနွယ်ဝင်အားလုံးကို သတ်ပစ်လိုက်ရန်လည်း မဖြစ်နိုင်သည် မဟုတ်လော။
တစ်နှစ်မှာ အလွန်ကြာသောအချိန်ပင်။ ထိုအချိန်ကျမှ ဟဲ့ရွှီဝမ်ကို လွှတ်ပေးလိုက်လျှင် ပြဿနာမရှိနိုင်လောက်ပေ။ တစ်နှစ်ကြာပြီးလျှင် ကျန်းရီအနေဖြင့် ရီဖျောင်ဖျောင်၊ ရီချန်နှင့် အခြားသူများကို ကောင်းကင်မိစ္ဆာဘုံသို့ ခေါ်သွားနိုင်လောက်ပြီဖြစ်သည်။
ကျန်းရီက အချိန်သတ်မှတ်ပေးလိုက်ပြီဖြစ်၍ ဟဲ့ရုန်က လမ်းပိတ်မထားတော့ပေ။ ကျန်းရီသည် ဖုန့်နီကို ခေါ်၍ တံခါးဖွင့်ကာ အပြင်ထွက်လိုက်သည်။ တည်နေရာပြောင်းရွှေ့အစီအရင်ကို အမှန်ပင် ပြင်ပြီးပေပြီ။ ကျန်းရီ ကောင်းကင်စိတ်အာရုံနှင့် အာရုံခံလိုက်ရာ ခွမ်ကျန့်နှင့် အခြားသူများ မရှိတော့ကြောင်း သိလိုက်ရသည်။ သူတို့က ကောင်းကင်ဘုံသို့ တည်နေရာပြောင်းရွှေ့သွားလောက်ပေပြီ။
“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်”
ကျန်းရီက အေးစက်စက် လက်ဝှေ့ယမ်းလိုက်၏။ ဟဲ့ရုန်သည် သူနှင့်အတူ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်ကာ ပြောလိုက်သည်။
“သခင်လေးကျန်း... ကျုပ် သခင်လေးကို ကောင်းကင်ဘုံကို လိုက်ပို့ပါမယ်”
“သွားကြစို့”
ကျန်းရီ မငြင်းလိုက်ပေ။ တည်နေရာပြောင်းရွှေ့အစီအရင် လင်းလက်လာပြီး သူတို့သုံးရောက် ဟဲ့မျိုးနွယ်၏ မြို့တော်သို့ ရောက်သွားသည်။ ကျန်းရီသည် အနားမယူဘဲ ယန်ကိုးပါးမြို့သို့ ရောက်သည့် တည်နေရာပြောင်းရွှေ့အစီအရင်ထဲ တန်းဝင်လိုက်သည်။ ဟဲ့ရုန် မည်သို့မှ မပြောဝံ့ဘဲ အလေးအနက် ဦးညွှတ်၍သာ ကျန်းရီကို နှုတ်ဆက်လိုက်ရလေသည်။
လေဘုံမှာ ထူးခြားသည်။ ၎င်းတွင် ဟွင့်သွမ့်ပင်လယ်ကဲ့သို့သော နေရာမျိုး မရှိပေ။ ထို့ကြောင့် ကောင်းကင်ဘုံသို့ တိုက်ရိုက် တည်နေရာပြောင်းရွှေ့နိုင်သည်။ ယခင်တွင် ချီလင်းဧကရီသည် သူမ၏ ဩဇာအာဏာကို သုံး၍ ဤတည်နေရာပြောင်းရွှေ့အစီအရင်ကို တည်ဆောက်စေခဲ့ခြင်းဖြစ်သည်။
ဤတစ်ကြိမ်တွင် တည်နေရာပြောင်းရွှေ့မှုက အတော်လေး ကြာခဲ့၏။ နာရီနှစ်ဆယ်ကျော်ကြာမှ ကျန်းရီနှင့် ဖုန့်နီတို့ ယန်ကိုးပါးမြို့၏ မြို့ရင်ပြင်ထဲတွင် ထွက်ပေါ်လာကြသည်။ ကျန်းရီ၏ စိတ်ဝိညာဉ်က ဖုန့်နီ၏ စိတ်ဝိညာဉ်ထက် အတန်ငယ် ပိုအားနည်း၏။ ထို့ကြောင့် သူက ခေါင်းမူးနေသော်လည်း ဖုန့်နီကမူ ချက်ချင်း ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်နိုင်လိုက်ပေသည်။
“အန်...”
ဖုန့်နီ၏ မျက်ဝန်းများ အေးစက်သွား၏။ သူမသည် မြို့ထဲတွင် ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရခြင်းပင်။ ခွမ်ကျန့်၊ ယန်ဖူ၊ တောက်မျိုးနွယ် ပန်းသုံးပွင့်နှင့် သခင်မလေးကုန်းယန်တို့အားလုံး ရှိနေကြသည်။ သူတို့က သူမတို့ကို စောင့်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ထိုသို့စောင့်နေခြင်းမှာလည်း ကောင်းသော ရည်ရွယ်ချက်နှင့် မဖြစ်နိုင်ပေ။
ထိုလူများသာဆိုလျှင် ဖုန့်နီ စိတ်မရှိပေ။ အဓိကမှာ ထိုလူစုက ပြိုင်ဘက်ကင်း ပါရမီရှိသည့် လူငယ်တစ်ယောက်ကို ဝန်းရံထားကြခြင်းပင်။ ဖုန့်နီသည် တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုလူငယ်က ဟိတ်ဟန်အရာ၊ အရှိန်အဝါအရာနှင့် ရုပ်ရည်တို့တွင် ထိပ်တန်းဖြစ်ကြောင်း ဝန်ခံရပေသည်။ သူက သူမမြင်ဖူးသမျှထဲတွင် အထူးချွန်ဆုံး လူငယ် ဖြစ်သည်။ သူ့ရုပ်ရည်နှင့် ဟိတ်ဟန်ကို ကြည့်လိုက်ရုံဖြင့် ဖုန့်နီ စိတ်လှုပ်ရှားသွားပေသည်။
ကျန်းရီသည် ဖုန့်နီ၏ မူမမှန်ဖြစ်နေသည်ကို သတိပြုမိလိုက်၏။ ထို့ကြောင့် သူ မျက်လုံးဖွင့်ကာ လှမ်းကြည့်လိုက်သည်။ သူ သက်ပြင်းချလိုက်ရ၏။ မည်မျှ ချောမောခံ့ညားသော ယောက်ျားတစ်ယောက်နည်း။
ခွမ်ကျန့်၊ ယန်ဖူနှင့် သခင်မလေးများကြားတွင် လူငယ်တစ်ယောက် ရှိနေသည်။ ထိုလူငယ်က အလွန်ချောမောခံ့ညားသည်။ သူ၏ မျက်ခုံးများက ဓားတစ်ချောင်းအလား ဖြောင့်စင်းနေပြီး သူ့နှာတံက ပေါ်သည်။ သူ့မျက်နှာမှာလည်း ဓားဖြင့် ထွင်းထားသကဲ့သို့ ပြတ်သားထင်ရှားပြီး သူ့မျက်ဝန်းများမှာ တောက်ပစူးရှသည်။ သူ့အရပ်မှာလည်း မြင့်ပေသည်။ အရာအားလုံးမှာ ကောင်းကင်၏ အကောင်းဆုံးလက်ရာကဲ့သို့ပင်။ ကျန်းရီ၏ ရုပ်သွင်မှာ နဂါးညှိုးရော်မြက်ပင်ကြောင့် တိုးတက်ထားသော်လည်း ထိုလူငယ်နှင့် ယှဉ်လျှင် နိမ့်ကျနေပေသေးသည်။
အထူးသဖြင့် ဟိတ်ဟန်အရှိန်အဝါပင်...
သိမ်းငှက်ဘုရင်လေး၏ အရှိန်အဝါက အလွန်ထူးခြားသည်ဟု ဆိုနိုင်သည်။ သို့သော် ထိုလူငယ်၏ အရှိန်အဝါက သိမ်းငှက်ဘုရင်လေး၏ အရှိန်အဝါထက်ပင် ပိုထူးခြားသည်။ သိမ်းငှက်ဘုရင်လေးက ထက်ရှသော ဓားတစ်လက်၊ ကျန်းရီက ဓားအိမ်ထဲမှ ဓားဆိုလျှင် ထိုလူငယ်က ဓားအိမ်ထဲမှ တစ်ဝက်ထုတ်ထားသော ဓားတစ်ချောင်းပင်။
မိမိ၏ အသွားကို ဂုဏ်ဖော်မနေ...
ယင်းမှာ ထိုသခင်လေး၏ ဟိတ်ဟန်အရှိန်အဝါပင်။ သူသာ လူအုပ်ထဲတွင် ရပ်နေလျှင် ကြက်အုပ်ထဲ ကြိုးကြာနားသလို ထင်ပေါ်နေမည်ဖြစ်သည်။ သူသည် တစ်ချက်ကြည့်မိရုံနှင့် တစ်သက်မမေ့နိုင်သော သူမျိုးပင်။
ဧကရာဇ်တစ်ပိုင်းအဆင့်...
ကျန်းရီ မျက်မှောင်ကြုတ်သွား၏။ သူသည် ကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများအကြောင်းကို များစွာမသိပါ။ သို့သော် ပြိုင်ဘက်ကင်း သခင်လေးနှစ်ယောက် ရှိကြောင်းကိုတော့ သူ ကြားဖူးသည်။
ဗျပ်စောင်းကဲ့သို့ သိမ်မွေ့သူ၊ ကျောက်စိမ်းကဲ့သို့ မြင့်မြတ်သူ။
ထိုစကားနှစ်ခွန်းမှာ ကောင်းကင်ဘုံ၏ အကျော်ကြားဆုံး သခင်လေးနှစ်ယောက်ကို ဖော်ပြသော စကားများပင်။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ ယန်မျိုးနွယ်၏ နံပါတစ်သခင်လေး ယန်ချီဖြစ်ပြီး ကျန်တစ်ယောက်မှာ ခွမ်မျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ် ခွမ်ဟူဖြစ်သည်။
ယခု ထို ပြိုင်ဘက်ကင်း သခင်လေးနှစ်ယောက်ထဲမှ တစ်ယောက် ရောက်လာပြီဖြစ်ကြောင်း ထင်ရှားသည်။ ဟိတ်ဟန်အရှိန်အဝါအရ ထိုသခင်လေးမှာ ကျောက်စိမ်းကဲ့သို့ မြင့်မြတ်သူဟု တင်စားခံရသော ခွမ်မျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ် ခွမ်ဟူ ဖြစ်ရပေမည်။
ထိုသခင်လေးသည် အဖြူရောင် ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် အစိမ်းရောင်ခါးပတ် ပတ်ထားသည်။ ကျန်းရီသည် ခါးပိတ်တွင် ချိတ်ထားသည့် ကျောက်စိမ်းဖြူအဆောင်တစ်ခုကို မြင်လိုက်ရ၏။ ထိုအဆောင်ပေါ်တွင် အမှန်ပင် ‘ခွမ်’ဟူသော စာလုံး ရှိပေသည်။
သခင်လေး၏ မျက်လုံးများက အလွန်တည်ငြိမ်နေသည်။ သူ့မျက်နှာပေါ်တွင်လည်း မည်သည့်ခံစားချက်မှ ရှိမနေ။ သို့သော် ကျန်းရီသည် မည်သည့် ရန်လိုမှုကိုမှ မခံစားရပေ။ ထိုအစား ဖော်ပြ၍မရနိုင်သော ရင်းနှီးမှုတစ်ခုကိုသာ ခံစားနေရသည်။ ထိုသခင်လေးသည် ကျန်းရီကို လှမ်းကြည့်၍ အသက်ငါးရှူစာကြာပြီးနောက် ခပ်မှန်မှန်လေသံနှင့် ပြောလိုက်လေသည်။
“သခင်လေးဟယ်ကျန်းကို နှုတ်ခွန်းဆက်ပါတယ်”
ကျန်းရီသည် အကြည့်လွှဲ၍ ခွမ်ကျန့်နှင့် ယန်ဖူတို့ကို ကြည့်လိုက်၏။ ပြီးမှ သူ ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။
“မင်းတို့က စစ်ကူသွားရှာလာတာလား”
ထိုသခင်လေးသည် ကျန်းရီက သူ့ကို လျစ်လျူရှုလိုက်သည့်အတွက် ဒေါသမထွက်သည့်အပြင် ရယ်ပင်ရယ်လိုက်သေးသည်။ ထို့နောက် ခွမ်ကျန့်ကို ကြည့်၍ ပြောလိုက်သည်။
“သူက စစ်ကူလာရှာတာ မဟုတ်ပါဘူး။ ကျွန်တော်က တာဝန်တစ်ခုက ပြန်လာရင်း ဒီအသုံးမကျတဲ့ ညီလေးနဲ့ တွေ့တာပါ။ သူ အနိုင်ကျင့်ခံခဲ့ရတယ်ကြားလို့ ဘယ်သူက အနိုင်ကျင့်တာများလဲလို့ ကျွန်တော် သိချင်သွားတာပါ။ သခင်လေးဟယ်ကျန်း ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် ထင်မထားမိဘူး၊ ဒါပေမဲ့...”
ထိုသခင်လေးက အမှန်ပင် ခွမ်ဟူပင်။ သူက ကျန်းရီကို အဓိပ္ပာယ်ပါပါ ကြည့်၍ ဆက်ပြောသည်။
“ကျွန်တော် ကောလာဟလတစ်ခု ကြားထားတယ်၊ ဒါပေမဲ့ အဲ့ဒါက မှန်မမှန်တော့ မသိဘူး။ တောင်ရေကန်ဆန်းကြယ်နယ်မြေထဲမှာ သခင်လေးဟယ်ကျန်း တစ်ခုခု ဖြစ်သွားတယ်လို့ ကျွန်တော်ကြားတယ်။ ကြည့်ရတာတော့ အဲ့ဒါက ကောလာဟလတစ်ခုပဲ ဖြစ်တဲ့ပုံပဲ။ သခင်လေးဟယ်ကျန်းက အကောင်းအတိုင်း ရှိနေရုံတင်မကဘူး ကျင့်ကြံခြင်းစွမ်းအားလည်း အများကြီး တိုးတက်လာတာပဲ။ ပြီးတော့ မိစ္ဆာနောက်လိုက်တစ်ယောက်လည်း ရထားသေးတယ်”
ကျန်းရီနှင့် ဖုန့်နီတို့ ရင်တုန်သွားကြ၏။ ခွမ်ဟူက ဟယ်ကျန်းသေသွားသည်ကို သိထားသည်လော။ ကြည့်ရသည်မှာ သူက မသေချာသော်လည်း သံသယရှိနေပုံပင်။ သူ့စွမ်းအားက ကျန်းရီ၏ ဝိညာဉ်တံလျှပ်အတတ်ကို ဖောက်မြင်နိုင်ရန် မလုံလောက်သည် မဟုတ်လော။
ကျန်းရီက မျက်နှာမပျက်စေဘဲ ခွမ်ဟူကို ကြည့်၍ ပြန်ပြောလိုက်၏။
“ကျွန်တော့်ကို စိတ်ပူပေးတဲ့အတွက် သခင်လေးဟူကို ကျေးဇူးအများကြီးတင်ပါတယ်။ အဲ့တိုက်ပွဲမှာ ကျွန်တော် သေလုနီးပါး ဖြစ်ခဲ့တာပါ၊ ကံကောင်းလို့သာ အသက်ရှင်ခဲ့တာ။ ပြီးတော့... သူက ကျွန်တော့်ရဲ့နောက်လိုက် မဟုတ်ပါဘူး။ ဒီအတိုင်း ကျွန်တော့်ရဲ့ မိစ္ဆာမိတ်ဆွေပါ။ သခင်လေးဟူ...”
ကျန်းရီသည် လေဖြုန်းမနေလိုတော့၍ အေးစက်စက်သာ ဆက်ပြောလိုက်သည်။
“ဒီနေ့ သခင်လေးက ကျွန်တော့်ကို ဒီမှာ တမင်စောင့်နေခဲ့တာပဲ။ ဘာလဲ... ခွမ်ကျန့်အတွက် လက်စားချေပေးမလို့လား။ သခင်လေး အဲ့ကိစ္စကို ဘယ်လိုရှင်းချင်လဲ။ တကယ်လို့ အဲ့လိုမဟုတ်ဘူးဆိုရင် ကျွန်တော် ချီလင်းမြို့ကို ပြန်ပါတော့မယ်”
ဖြစ်နိုင်လျှင် ကျန်းရီ ခွမ်ဟူနှင့် မတိုက်ခိုက်လိုပေ။ ခွမ်ဟူက ဧကရာဇ်တစ်ပိုင်းအဆင့်ဖြစ်ပြီး သူ့အရှိန်အဝါကလည်း တောက်လန်ထက် များစွာမနိမ့်ကျသည် မဟုတ်လော။ ကျန်းရီသာ စွမ်းအားအစစ်အမှန်ကို ထုတ်မသုံးလျှင် သေချာပေါက် ရှုံးပေလိမ့်မည်။ သူ ထုတ်သုံးလိုက်လျှင်လည်း သူမည်သူဖြစ်ကြောင်း ပေါ်သွားမည်ဖြစ်သည်။ ထို့ပြင် သူက ခွမ်ဟူကို ဖမ်း၍၊ သတ်၍လည်း မဖြစ်ချေ။
ထို့ကြောင့် ကျန်းရီ ကောင်းကင်မိစ္ဆာဘုံသို့ မပြန်လိုသေးဘဲ ခွမ်ဟူနှင့် တိုက်ခိုက်မည်ဆိုလျှင် ရလဒ်က တစ်ခုသာ ရှိပေလိမ့်မည်။ ကျန်းရီ ခွမ်ဟူ ပြုသသမျှကို နုပေးရမည်ဖြစ်သည်။
ကျန်းရီသည် အားလုံး၏ အရှေ့တွင် ချီလင်းဧကရီမြို့ကို ပြန်မည်ဟုပြောကာ သူက ဟယ်မျိုးနွယ်မှဖြစ်ကြောင်း မသိမသာ ခြိမ်းခြောက်လိုက်သည်။ ခွမ်ဟူသည် ဟယ်မျိုးနွယ်၏ မျက်နှာကိုထောက်၍ သူ့အား တရားလွန်မလုပ်လောက်သည် မဟုတ်လော။
အိပ်မက်များမှာ ကောင်း၏။
သို့သော် ခွမ်ဟူက ယနေ့တွင် ကျန်းရီကို လူတစ်စုနှင့် တမင် စောင့်နေခြင်းဖြစ်သည်။ သူက ခွမ်မျိုးနွယ်၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်လိုနေပုံပင်။ သူ ခပ်ရေးရေးပြုံးကာ ပြန်ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ ညီလေးက အနိုင်ကျင့်ခံခဲ့ရတာပါ။ အစ်ကိုတစ်ယောက်အနေနဲ့ ကျွန်တော်က သူ့ကို ဝင်မကူရင် အဲ့ဒါက နည်းနည်း လူကဲ့ရဲ့စရာ ဖြစ်မနေဘူးလား။ ဒါပေမဲ့.. သခင်လေးဟယ်ကျန်းက ဧကရာဇ်တစ်ပိုင်းအဆင့်ကို မရောက်သေးဘူးဆိုတော့ ကျွန်တော် အစွမ်းအကုန် သုံးမယ်ဆိုရင် သခင်လေးကို အနိုင်ကျင့်သလို ဖြစ်နေလိမ့်မယ်။ ဒီလိုဆို ဘယ်လိုလဲ။ ကျွန်တော် အုပ်ချုပ်သူအဆင့် တိုက်ခိုက်စွမ်းအားကိုပဲ သုံးမယ်။ သခင်လေးဟယ်ကျန်းက ကျွန်တော့်ရဲ့ တိုက်ကွက်သုံးကွက်ကို ခံနိုင်မယ်ဆိုရင် ကျွန်တော်တို့ ဒီကိစ္စကို မေ့ပစ်လိုက်ကြတာပေါ့။ ဘယ်လိုလဲ”
ကျန်းရီ မျက်နှာသေနှင့် နှုတ်ဆိတ်နေ၏။ သူ ခေါင်းလည်းကိုက်နေပေသည်။
ခွမ်ဟူ၏စကားများက အကျိုးအကြောင်း ဆီလျော်သည်။ ထို့ပြင် သူက သူ့စွမ်းအားကို ကန့်သတ်ကာ သုံးကွက်သာ တိုက်မည်ဟုလည်း ပြောသည်။ အကယ်၍ ကျန်းရီက မတိုက်ခိုက်လျှင် ခွမ်ဟူသည် ဤကိစ္စကို လက်လျှော့မည် မဟုတ်ပေ။ ဟယ်မျိုးနွယ်လည်း အရှက်ရရပေလိမ့်မည်။ ဟယ်နုန်ယင်းက သူ့ကို ဟယ်ကျန်းဇာတ်ရုပ်ပေးထားခြင်းပင်။ သူက သူရဲဘောကြောင်သလို ပြုမူလျှင် သူမလည်း အရှက်ရရမည်ဖြစ်သည်။ ထို့ကြောင့် သူ သူမအပေါ် အားနာမိသည်။
သို့သော် သူ တိုက်ခိုက်လျှင် သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်ခြေရှိနေသည်။ လူများစွာ၏ အရှေ့တွင် အကြောင်းမရှိဘဲ သေလုမျောပါးအခြေအနေအထိ ရိုက်နှက်ခံရန်လည်း ကျန်းရီ မခံလိုပေ။ သူက ပြန်တုံ့ပြန်နိုင်စွမ်း မရှိ၍ဆိုလျှင် ခံသာသေးသည်။ သို့သော် ယခု သူ၏ဆောင်းဥတုပုလဲထဲတွင် ဧကရာဇ်အဆင့် ဝိညာဉ်ကျွန်တစ်ယောက် ရှိနေသည် မဟုတ်ပါလော။
ထိုအခိုက်တွင် ကျန်းရီ စိတ်မဆုံးဖြတ်နိုင် ဖြစ်နေပေသည်။
***