အစ်ကိုကျန်း
Vol. 133 Ch. 1850
ဝှစ်...
ကျန်းရီက နှုတ်ဆိတ်နေချိန်တွင် ရဲတိုက်တစ်လုံးထဲမှနေ၍ လူဆယ်ယောက်ကျော် ပျံထွက်လာ၏။ ကျန်းရီ လှမ်းကြည့်လိုက်ပြီးနောက် ပို၍ပင် ခေါင်းကိုက်သွားသည်။
ပျံထွက်လာသူ ဆယ်ယောက်ကျော်ထဲမှ နှစ်ယောက်ကို ကျန်းရီ သိသည်။ တစ်ယောက်မှာ ယွင်ပင်းဖြစ်ပြီး ကျန်တစ်ယောက်မှာ မူမျိုးနွယ်မှ သခင်လေးပင်။ အခြားသူများအားလုံးကလည်း ထည်ဝါသော ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး ထူးကဲသော အရှိန်အဝါများ ရှိကြသည်။ သူတို့သည် ကောင်းကင်ဘုရင်သုံးဆယ်ခြောက်ပါး၏ မျိုးနွယ်များမှ သခင်လေးများ၊ သခင်မလေးများ ဖြစ်ရပေမည်။
ထိုလူစုသည် ဤနေရာသို့ ပွဲလာကြည့်ခြင်းဖြစ်ကြောင်း ထင်ရှား၏။ သူတို့သည် မည်သို့မှမပြောဘဲ ခပ်လှမ်းလှမ်းတွင်သာ ရပ်နေကြသည်။ သူတို့ မည်သည့်ဘက်ကိုမှ ဝင်ကူညီမည် မဟုတ်ပေ။ လေဘုံထဲတွင် ဖြစ်ခဲ့သော သတင်းများက ကောင်းကင်ဘုံအထိ ပျံ့နှံ့လာပြီးလောက်ပေပြီ။ ယွင်ပင်းနှင့် အခြားသူများအားလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။ သူမတို့သည် ဟယ်မျိုးနွယ်နှင့် ခွမ်မျိုးနွယ်တို့မှ သခင်လေးနှစ်ယောက်၏ တိုက်ပွဲကို ကြည့်လိုနေကြပေသည်။
ယွင်ပင်းသည် ကျန်းရီကို ကြည့်၍ ထပ်မံ တွေဝေသွားပြန်၏။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံကလည်း သူမကို အာရုံခံလိုက်သည်။ ထိုအခိုက်တွင် ကျန်းရီသည် သူ တိုက်ခိုက်၍ မဖြစ်ကြောင်း ပို၍သေချာသွားသည်။ ယွင်ပင်းက သူနှင့် အလွန်ရင်းနှီးသည်။ အကယ်၍ သူ တိုက်ခိုက်လိုက်လျှင် ယွင်ပင်းက သူမည်သူဖြစ်ကြောင်း သိသွားနိုင်ပေသည်။
ထို့ကြောင့် ကျန်းရီ အရှုံးပေးရန် ဆုံးဖြတ်၍ လက်ဆုပ်ကာ ပြောလိုက်လေသည်။
“တိုက်ခိုက်နေစရာ မလိုပါဘူး သခင်လေးဟူ။ သခင်လေးရဲ့ တိုက်ခိုက်စွမ်းအားက ကျွန်တော့်ရဲ့ တိုက်ခိုက်စွမ်းအားထက် အများကြီးသာပါတယ်။ သခင်လေးက သခင်လေးရဲ့စွမ်းအားကို အုပ်ချုပ်သူအဆင့်အထိ ဖိနှိပ်ပေးရင်တောင် ကျွန်တော်က သခင်လေးရဲ့ပြိုင်ဘက် မဟုတ်ပါဘူး။ သခင်လေးရဲ့ ဒေါသကို ဖြေဖို့ ကျွန်တော့်ကို လက်ဝါးနဲ့ သုံးချက်သာ ရိုက်လိုက်ပါ”
“ဝိုး...”
မြို့ရင်ပြင်ထဲတွင် ယန်ကိုးပါးစစ်တပ်မှ တပ်သားများစွာ ရှိနေ၏။ ထို့ပြင် ပွဲကြည့်နေသော သိုင်းသမားများစွာလည်း ရှိနေသည်။ ထိုနေရာတွင် အနည်းဆုံး လူသောင်းဂဏန်း စုဝေးနေကြသည်။ ထို့ကြောင့် ရုတ်ခြည်းပင် ဝေါခနဲ၊ ဝိုးခနဲ ဖြစ်သွားကြသည်။ ကျန်းရီက ထိုသို့ပင် အရှုံးပေးလိုက်သည်လော။ သူက တိုက်ပင် မတိုက်ရသေးဘဲ အရှုံးပေးလိုက်ပြီလော။ သူ့ကြောင့် ဟယ်မျိုးနွယ်က မျက်နှာပျက်ရပေပြီ။
သမိုင်းတွင် သခင်လေးများကြားမှ တိုက်ပွဲများ မကြာခဧဏ ရှိခဲ့သည်။ မည်သူက ပိုသန်မာသည်၊ မည်သူက ပိုအားသည် ဖြစ်စေ၊ မည်သူက နိုင်သည်၊ မည်သူက ရှုံးသည် ဖြစ်စေ ပေါ်တင်စိန်ခေါ်လိုက်ပြီဆိုသည်နှင့် တစ်ဘက်လူက စိန်ခေါ်မှုကို လက်ခံလေ့ရှိပေသည်။ သူတို့ ရှုံးလျှင်လည်း ဝေဖန်ခံရရုံသာ ရှိပေမည်။ သို့သော် တိုက်ပင် မတိုက်ရသေးဘဲ အရှုံးပေးလိုက်လျှင်မူ တစ်လောကလုံး၏ ဟားတိုက်စရာ ဖြစ်သွားပေလိမ့်မည်။
ခွမ်ဟူ၏ မျက်နှာပေါ်တွင် အံ့ဩသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ကျန်းရီက အရှုံးပေးလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။ သူ သိရသလောက် ကျန်းရီမှာ ဖုန်းရှားဆန်းကြယ်နယ်မြေထဲတွင် အလွန်အထင်ကြီးစရာ ကောင်းခဲ့သည်။ ယင်းအတိုင်းဆိုလျှင် သူ ယခုတွင် အရှုံးမပေးသင့်ပေ။ သုံးကွက်သတ်မှတ်ချက်ကိုလည်း လက်မခံသင့်ပေ။ သို့သော် သူ အရှုံးပေးလိုက်ပြီဖြစ်၍ ခွမ်ဟူ မည်သို့ ပြောရမည်မသိ ဖြစ်သွားလေသည်။
ပုံမှန်အခြေအနေတွင် တစ်ဘက်က အရှုံးပေးလိုက်လျှင် ခွမ်ဟူ အတင်းတိုက်ခိုက်ရန် ပြောမည် မဟုတ်ပေ။ သူလည်း မျက်နှာပြန်ရလိုက်ပြီ မဟုတ်ပါလား။
သို့သော် ခွမ်ဟူ တစ်ခဏမျှ နှုတ်ဆိတ်သွားသည်။ ဤတစ်ခေါက်တွင် သူ သဘောထားမကြီးနိုင်ပါ။ ထို့ကြောင့် သူ ပြုံးကာ ပြောလိုက်သည်။
“သခင်လေးဟယ်ကျန်း... ကျွန်တော်က ဘယ်လိုလုပ် အဲ့လို လုပ်နိုင်မှာလဲ။ ကျွန်တော် မလုပ်နိုင်ပါဘူး။ ဒီလိုဆိုဘယ်လိုလဲ... သခင်လေး တကယ်ကို ယုံကြည်မှု မရှိရင် ကျွန်တော် တစ်ကွက်ပဲ သုံးမယ်။ အဲ့တစ်ကွက်ကို သခင်လေး ခံကြည့်မယ်ဆိုရင် ဘယ်လိုလဲ”
တစ်ကွက်...
ခွမ်ဟူသည် ကျန်းရီကို တိုက်ခိုက်ရန် ဖိအားပေးနေပေသည်။ ကျန်းရီက သူ့ထံမှ တစ်ကွက်ကိုပင် မခံဝံ့လျှင် သေချာပေါက် လောကတစ်ခုလုံး၏ ဟားစရာ ဖြစ်သွားပေတော့မည်။ ဟယ်မျိုးနွယ်၏ ဂုဏ်သိက္ခာလည်း ညစ်နွမ်းသွားမည်ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် ဟယ်နုန်ယင်းက ပြန်၍ လက်စားချေမှသာ ဟယ်မျိုးနွယ်၏ ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်နိုင်မည်ဖြစ်သည်။
ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ ခွမ်ဟူက သူ့ကို ချောင်ပိတ်နေသည်။ သူ ဆက်၍ သူရဲဘောကြောင်သလို ပြုမူနေလျှင် ဟယ်နုန်ယင်းကို စိတ်ပျက်စေမိတော့မည်။ ဖုန့်နီသည် ကျန်းရီက ဆုံးဖြတ်ချက်မချနိုင် ဖြစ်နေသည်ကို တွေ့သောအခါ အသံပို့လွှတ်လိုက်၏။
“သခင်လေး... ကျွန်မ သူ့ရဲ့ တစ်ကွက်ကို ခံလိုက်ရမလား”
“အဲ့ဒါ အသုံးမဝင်ဘူး”
ကျန်းရီ ခေါင်းခါကာ ပြန်အသံပို့လွှတ်လိုက်သည်။
“ခွမ်ဟူက တမင် ငါ့ကို ပြဿနာရှာနေတာ။ ငါကိုယ်တိုင် သူ့ရဲ့ တိုက်ကွက်တစ်ကွက်ကို မခံမချင်း သူ လက်လျှော့မှာ မဟုတ်ဘူး။ ပြီးတော့ မင်းကို ဝင်တိုက်ခိုင်းရင် ဟယ်မျိုးနွယ်က ပိုပြီးတော့ မျက်နှာပျက်ရလိမ့်မယ်။ ထားလိုက်ပါတော့... ငါ သူ့ရဲ့တစ်ကွက်ကို ခံလိုက်မယ်။ သူ ငါ့ကို မသတ်ရဲပါဘူး”
ကျန်းရီ စိတ်ဆုံးဖြတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ အရိုးအားလုံး ကျိုးသွားမည်ဆိုလျှင်ပင် သူ အရေးမစိုက်တော့ပေ။ သူ ခွမ်ဟူကို ကြည့်ကာ စကားပြောရန် ဟန်ပြင်လိုက်စဉ်တွင် ဧရာမ တည်နေရာပြောင်းရွှေ့အစီအရင်ကြီးတစ်ခုက ရုတ်တရက် လင်းလက်လာသည်။ အားလုံး အစီအရင်ကို လှမ်းကြည့်လိုက်ကြပြီး အံ့ဩသွားကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုအစီအရင်က ချီလင်းမြို့နှင့် ချိတ်ဆက်ထားသော အစီအရင် ဖြစ်နေ၍ပင်။ ဟယ်မျိုးနွယ်က ဤနေရာသို့ တစ်စုံတစ်ယောက် စေလွှတ်လိုက်သည်လော။
ဟယ်မျိုးနွယ်က တစ်စုံတစ်ယောက် စေလွှတ်လိုက်ပြီဖြစ်ရာ ကျန်းရီ မဆင်မခြင် မပြုမူဝံ့တော့ပေ။ သူ တည်နေရာပြောင်းရွှေ့အစီအရင်၏ အလင်း ပျောက်ကွယ်သွားသည်အထိ စောင့်နေလိုက်သည်။ တစ်နာရီကြာပြီးနောက် အစီအရင်ထဲတွင် လူနှစ်ယောက် ထွက်ပေါ်လာ၏။ ကျန်းရီ သူတို့ကို ကြည့်ကာ မျက်လုံးများ အရောင်လက်သွား၏။
ဟယ်မျိုးနွယ်မှ လူနှစ်ယောက် ရောက်လာပေပြီ။ တစ်ယောက်မှာ လှပသော သခင်မလေးဖြစ်ပြီး ကျန်တစ်ယောက်မှာ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ ဟယ်နုန်ယင်းနှင့် ဒေါ်လေးရွှမ်တို့ ရောက်လာလေပြီ။
ဟယ်နုန်ယင်း၏ စိတ်ဝိညာဉ်က အလွန်အားကောင်း၏။ သူမသည် ရောက်လျှင်ရောက်ချင်း မျက်လုံးဖွင့်နိုင်လိုက်သည်။ သူမ၏ တောက်ပသော မျက်ဝန်းများက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ နောက်ဆုံးတွင် သူမအကြည့်က ကျန်းရီအပေါ် ကျရောက်သွားသည်။ သူမ ပြုံးကာ ပြောလိုက်သည်။
“မင်္ဂလာပါ အစ်ကိုကျန်း”
‘အစ်ကိုကျန်းတဲ့လား’
ကျန်းရီ စိတ်ထဲတွင် ခါးသက်သက် ပြုံးလိုက်၏။ သို့သော် အပြင်တွင်တော့ တောက်ပစွာပြုံးကာ ပြန်ပြောလိုက်သည်။
“ညီမလေးနုန်ယင်း ရောက်လာပြီလား”
“အွန်း...”
ဟယ်နုန်ယင်းက ချိုသာစွာ ပြုံးလိုက်ပြီး ခွမ်ဟူကို လှည့်ကြည့်ကာ ဆက်ပြောလိုက်သည်။
“သခင်လေးခွမ်ဟူက အစ်ကိုကျန်းကို တားဖို့ လူတွေခေါ်လာတယ်လို့ ကျွန်မကြားတယ်။ အဲ့ဒါကို နုန်ယင်းက ဘယ်လိုလုပ် မလာဘဲ နေနိုင်မှာလဲ။ ကျွန်မတို့ ဟယ်မျိုးနွယ်က သူများတွေ အနိုင်ကျင့်တာကို မခံဘူး”
ဟယ်နုန်ယင်း၏ အသံက အလွန်နားဝင်ချိုပြီး အလွန်သိမ်မွေ့၏။ သို့သော် သူမ၏ စကားများထဲတွင် ခက်ထန်မှု အနည်းငယ် ပါဝင်ပေသည်။ ခွမ်မျိုးနွယ်က ဟယ်ကျန်းကို အနိုင်ကျင့်ရန် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် စေလွှတ်ခဲ့သည်။ သူမက ဟယ်မျိုးနွယ်၏ လူငယ်မျိုးဆက်ထဲမှ တစ်ဦးတည်းသော ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား ဖြစ်ရာ ရွေးချယ်စရာ မရှိတော့ဘဲ ဝင်ပါရလေတော့သည်။ ဟယ်ကျန်းကိုယ်စား သူမက ခွမ်ဟူနှင့် တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ထင်ရှားပေသည်။
ခွမ်ဟူသည် ဟယ်နုန်ယင်းကို မြင်သောအခါ မျက်လုံးများ တောက်ပသွား၏။ သူမ၏စကားများကို ကြားလိုက်သော်လည်း ဒေါသမထွက်ဘဲ ယဉ်ကျေးစွာ ဦးညွှတ်၍ ပြန်ပြောလိုက်သည်။
“သခင်မလေးနုန်ယင်း... အထင်မလွဲပါနဲ့။ ကျွန်တော်တို့ အနိုင်ကျင့်တဲ့အကြောင်း ပြောမယ်ဆိုရင် ဟယ်ကျန်းကသာ ခွမ်ကျန့်နဲ့ တခြားသူတွေကို အရင် အနိုင်ကျင့်ခဲ့တာပါ။ ကျွန်တော်က ခွမ်မျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်ငယ်ဆိုတော့ ဝင်မပါလို့ မဖြစ်ဘူး မဟုတ်လား”
ဟယ်နုန်ယင်းသည် သူမ၏ ဆံစလေးများကို နားအနောက်သို့ သပ်တင်လိုက်ပြီး သိမ်မွေ့စွာ ပြန်ပြော၏။
“သခင်လေးဟူ... သခင်လေးက မမှားပါဘူး။ နုန်ယင်း အချိန်ဖြုန်းမနေချင်တော့ဘူး။ ကျွန်မတို့ တိုက်ခိုက်မယ်ဆိုရင် ဘယ်လိုလဲ။ ဘယ်သူနိုင်နိုင်၊ ဘယ်သူရှုံးရှုံး ဒီကိစ္စ ပြီးပြတ်သွားတာပေါ့”
“အဲ့လိုဆိုလည်း ကောင်းပါပြီ”
ဟယ်နုန်ယင်းက သူမတိုက်ခိုက်မည်ဟု ပြောနေပြီဖြစ်၍ ခွမ်ဟူအနေဖြင့် ကျန်းရီကို ဆက်မဲနေရန် မသင့်တော်တော့ပေ။ ထို့ကြောင့် သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျွန်တော့်ကို အမြင်ကျယ်အောင် လုပ်ပေးပါဦး သခင်မလေးနုန်ယင်း”
ဝှစ်...
ဟယ်နုန်ယင်းသည် အချိန်ဖြုန်းမနေတော့ဘဲ မြို့ဂိတ်တံခါးဆီသို့ ပျံသန်းသွားလိုက်၏။ ယန်ကိုးပါးမြို့ထဲတွင် မည်သူမှ တိုက်ခိုက်ခွင့်မရှိပေ။ ဤမြို့မှာ ယန်ကိုးပါကောင်းကင်ဧကရာဇ်က တည်ထားသောမြို့ ဖြစ်သည်။ မည်သူမှ ဤမြို့ထဲတွင် မတိုက်ခိုက်ဝံ့ချေ။
ခွမ်ဟူလည်း နောက်မှ ကပ်လိုက်၍ ပျံသန်းသွား၏။ ယွင်ပင်းတို့လည်း စိတ်လှုပ်ရှားစွာ လိုက်သွားကြသည်။ ခွမ်ကျန့်၊ ယန်ဖူ၊ တောက်မျိုးနွယ် ပန်းသုံးပွင့်နှင့် သခင်မလေးကုန်းယန်တို့မှာလည်း တိုက်ပွဲကို ကြည့်လိုကြသည်။ သို့ဖြင့် ကျန်းရီ ရွေးချယ်စရာမရှိတော့ဘဲ အားလုံးနောက်သို့ လိုက်ကာ မြို့ပြင် ထွက်လိုက်ရလေသည်။
ဟယ်နုန်ယင်းက ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ထားသည်မှာ မကြာသေး၍ ကျန်းရီ အတန်ငယ် စိုးရိမ်နေ၏။ ခွမ်ဟူမှာမူ တောက်လန်ထက် အတန်ငယ်သာ ပိုအားနည်းပေသည်။
ရွှစ်...
စွမ်းအားကြီး ကောင်းကင်စိတ်အာရုံအချို့ ရောက်ရှိလာ၏။ ယန်ကိုးပါးမြို့ထဲမှ ကောင်းကင်ဘုရင်အချို့သည် တိုက်ပွဲအကြောင်းကို သိသွားကြပေပြီ။ သူတို့သည် ကောင်းကင်ဘုံ၏ ထိပ်တန်း သခင်လေးနှင့် သခင်မလေးတို့ တိုက်ခိုက်ကြမည်ကို ကြည့်လိုကြပေသည်။
ဟယ်နုန်ယင်းနှင့် ခွမ်ဟူတို့သည် မြို့ပြင်သို့ ရောက်ရောက်ချင်း မတိုက်ခိုက်ကြပေ။ ထိုအစား တောင်ဘက် ကီလိုမီတာငါးထောင်အကွာသို့ ပျံသန်းသွားပြီးမှ လေထဲတွင် ရပ်တန့်လိုက်ကြသည်။ ဟယ်နုန်ယင်း၏ အနီရောင် စစ်ချပ်ဝတ်ပျော့ ထွက်ပေါ်လာသည်။ သူမလက်ထဲတွင်လည်း လေးရှည်ထွက်ပေါ်လာသည်။ ခွမ်ဟူကမူ မည်သည့်စစ်ချပ်ဝတ်၊ မည်သည့်လက်နက်ကိုမှ မထုတ်ပေ။ သူ ပြုံးပင်ပြုံး၍ လက်ဆုပ်ကာ ပြောလိုက်သည်။
“သခင်မလေးနုန်ယင်း စပါ”
ရွှစ်...ရွှစ်...
ဟယ်နုန်ယင်းသည် အားနာမနေဘဲ လက်ထဲမှ ငွေလေးကို ဆွဲ၍ အလင်းမြားဆယ့်သုံးချောင်း ပစ်လွှတ်လိုက်၏။ ၎င်းအလင်းမြားများက လေထဲတွင် ငွေနဂါးများအဖြစ် ပြောင်းလဲကာ ခွမ်ဟူထံ ပျံဝင်သွားကြသည်။
“တစ်ချက်တည်းနဲ့ မြားဆယ့်သုံးချောင်း ပစ်လိုက်တာလား”
သခင်မလေးတစ်ယောက်က ရေရွတ်လိုက်၏။ ထိုမြားပစ်ကွက်မှာ ဟယ်နုန်ယင်း၏ ကျော်ကြားသော အကွက်တစ်ကွက်ဖြစ်သည်။ ၎င်းထဲတွင် အလွန်စွမ်းအားကြီးသော လေဓာတ်အနှစ်သာရတစ်ခုလည်း ပါသည်။ ထိုမြားဆယ့်သုံးချောင်းသည် ပစ်လွှတ်လိုက်သည်နှင့် ရန်သူကို ပစ်မှတ်ထားနိုင်ကြသည်။ ၎င်းတို့က ရန်သူနောက်သို့ပင် လိုက်နိုင်ကြသည်။ လောကအဆုံးအထိ ထွက်ပြေးမည်ဆိုလျှင် ထိမှန်ခံရဦးမည်သာ။ ထိုမြားများကို ရှောင်နိုင်မည့်နည်းလမ်း မရှိပေ။ ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်ရုံသာ ရှိပေသည်။
“ဟင်းဟင်း...”
ခွမ်ဟူက လုံးဝ တုန်လှုပ်မသွားပါ။ သူ့လက်ထဲတွင် အစိမ်းရောင် လှံတစ်ချောင်း ထွက်ပေါ်လာသည်။ သူ ထိုလှံနှင့် အရှေ့ကို ထိုးစိုက်လိုက်ပေသည်။ ထူးဆန်းသည်မှာ... လှံက အမှန်ပင် အာကာပြင်ကို ထိုးဖောက်သွားပြီး အားလုံး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။ ခွမ်ဟူလည်း လှံနောက်သို့လိုက်ကာ အာကာပြင်ထဲမှနေ၍ ပျောက်သွားပြီး မြားဆယ့်သုံးချောင်းကို အလွယ်တကူ ရှောင်နိုင်လိုက်ပေသည်။
ရွှက်...
နောက်အခိုက်အတန့်တွင် ဟယ်နုန်ယင်း၏အရှေ့မှ အာကာပြင်က စုတ်ပြဲသွားပြီး အစိမ်းရောင်လှံက အာကာပြင်ကို ဖောက်၍ ထွက်လာ၏။ ထို့ပြင် လှံပေါ်လာသောအခါ ပတ်ဝန်းကျင် အာကာပြင်ကလည်း စတင်အက်ကွဲလာသည်။ အားကောင်းသော အာကာပြင်တုန်ခါမှုက ဟယ်နုန်ယင်းကို ဟန်ချက်ပျက်သွားစေ၏။ ထို့ကြောင့် သူမ လှံကို မရှောင်နိုင်တော့ဘဲ လှံက သူမထံ ထိုးဝင်လာသည်ကို ကြည့်၍သာ နေရတော့သည်။
“မကောင်းတော့ဘူး”
ကျန်းရီ အော်လိုက်သည်။ သူက တိုက်ပွဲပြင်နှင့် ကီလိုမီတာထောင်ကျော်အကွာတွင် ရှိနေသော်လည်း လှံဖျားမှ ထွက်လာသော ကြောက်မက်ဖွယ်စွမ်းအားကို ခံစားနေရပေသည်။ ဟယ်နုန်ယင်းသာ ထိုလှံချက်ကို ခံလိုက်ရလျှင် သေချာပေါက် အပြင်းအထန် ဒဏ်ရာရသွားနိုင်လေသည်။
***