← Chapters

အချိန်အနှစ်သာရ

Vol. 133 Ch. 1851

အချိန်အနှစ်သာရ

Vol. 133 Ch. 1851

ဂျွက်...ဂျွက်...

အာကာပြင်ထဲမှ အက်ကြောင်းများက မှန်ကွဲသလို အရပ်မျက်နှာအနှံ့သို့ ဆန့်တန်းသွား၏။ ဟယ်နုန်ယင်းမှာ ဟန်ချက် မထိန်းနိုင်ဘဲ ဘယ်ညာယိမ်းနေသည်။ သူမသည် မုန်တိုင်းကြားမှ စာကလေးတစ်ကောင်ကဲ့သို့ပင်။ ခွမ်ဟူ၏ လှံမှာမူ မုဆိုးတစ်ယောက်၏ လှံကဲ့သို့ဖြစ်သည်။ ၎င်းက ဟယ်နုန်ယင်းကို ထိမှန်တော့ပေမည်။

“ယား...”

ဟယ်နုန်ယင်း မာန်သွင်းလိုက်၏။ သူမ၏ လှပသော မျက်လုံးလေးများ တလက်လက် လင်းလက်သွားသည်။ သူမသည် ယိမ်းထိုးနေသော်လည်း အားတင်း၍ လေးကြိုးကိုဆွဲလိုက်သည်။ ထို့နောက် လျှပ်စီးအလား လျင်မြန်သည့် မြားအလင်းတန်း နှစ်ဆယ့်ခုနစ်တန်းမှာ တစ်တန်းပြီးတစ်တန်း ထွက်သွားသည်။ နောက်မြားများက ရှေ့မြားများထက် ပိုမြန်ကြ‌ပေသည်။

အနောက်မှ မြားများမှာ အရှေ့မှ မြားများနှင့် အတူတကွ ပေါင်းစပ်သွားကြသည်။ နောက်ဆုံး မြားနှစ်ဆယ့်ခုနစ်စင်စလုံး ပေါင်းစည်းသွားကာ ဧရာမမြားအလင်းတန်းကြီး ဖြစ်သွားပြီး အစိမ်းရောင်လှံဖျားနှင့် ဝင်တိုက်သွားလေသည်။

ဝုန်း...

မြေပြင်ကိုပင် တုန်ခါသွားစေသော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ဟယ်နုန်ယင်းနှင့် ခွမ်ဟူတို့နှစ်ယောက်စလုံး လွင့်ထွက်သွားကြသည်။ သူတို့က လွင့်ထွက်သွားသော်လည်း ဟန်ပန်မှာ ကြော့ရှင်းနေကြသေးသည်။ ဟယ်နုန်ယင်းက ကိုယ်ကိုယ်လှည့်၍ အရှိန်သတ်လိုက်ပြီး ခွမ်ဟူက နောက်ကျွမ်းပစ်၍ အရှိန်သတ်လိုက်သည်။ သူ ပေတစ်သောင်းလောက် ဆုတ်ပြီးမှ ခန္ဓာကိုယ်လင်းလက်သွားပြီး ဟယ်နုန်ယင်းထံ ဦးတည်ပျံသန်းသွားသည်။

ဟယ်နုန်ယင်းက လှံချက်ကို အောင်အောင်မြင်မြင် ကာနိုင်လိုက်သော်လည်း ခွမ်ဟူနှင့် ဟယ်နုန်ယင်းတို့၏ တုံ့ပြန်ပုံအရ သူတို့ကြားမှ စွမ်းအားကွာခြားမှုက အလွန်ကြီးနေသေးကြောင်း ကျန်းရီ ပြောနိုင်ပေသည်။ ဟယ်နုန်ယင်းက ဆုတ်နေရဆဲ ဖြစ်သော်လည်း ခွမ်ဟူက သူ့ကိုသူ တည်ငြိမ်အောင်လုပ်ကာ အ‌ရှေ့သို့ ပြန်ပျံသန်းသွားနိုင်ပြီဖြစ်သည်။

ရွှစ်...ရွှစ်...

ခွမ်ဟူက ပေထောင်ကျော်အကွာသို့ ရောက်သောအခါ ဟယ်နုန်ယင်း ပြန်တုံ့ပြန်နိုင်လာ၏။ သူမ ငွေရောင်မြားများ ထပ်မံပစ်လွှတ်လိုက်သည်။ ဤတစ်ခေါက်တွင် ခွမ်ဟူသည် အာကာသထဲ ရှောင်မထွက်တော့ဘဲ အရှေ့သို့သာ ဆက်ပျံသန်းသွား၏။ သို့သော် လှံကို ထိုးစိုက်၍တော့ အရှေ့သို့ လှံအရိပ်တန်းများ ပစ်လွှတ်လိုက်လေသည်။

လှံရိပ်များက တစ်ရောင်တည်း မဟုတ်ပေ။ အစိမ်း၊ အဖြူ၊ အနက်၊ အဝါနှင့် အပြာဟူ၍ ငါးရောင်ရောယှက်နေသည်။ ကျန်းရီနှင့် အခြားသူများသည်လည်း အလွန်အားကောင်းသော အရှိန်အဝါငါးမျိုးကို ခံစားလိုက်ကြရသည်။ ၎င်းမှာ အနှစ်သာရငါးမျိုးကို ပေါင်းစည်းထားသော ပေါင်းစည်းအနှစ်သာရ တိုက်ကွက်တစ်ကွက်ပင်။

‘အထင်ကြီးစရာပဲ’

ခွမ်ဟူမှာ ကောင်းကင်ဘုံ၏ အကျော်ကြားဆုံး သခင်လေးနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်၏။ သူ၏ ဂုဏ်သတင်းမှာ ဟန်ပြသက်သက်သာ မဟုတ်ပါပေ။ တောက်ဖုန့်ကလည်း တောက်မျိုးနွယ်၏ ပထမသခင်လေး ဖြစ်ခဲ့သည်။ သို့သော် ခွမ်ဟူနှင့် ယန်ချီတို့၏ ကျော်ကြားမှုနှင့် ယှဉ်မည်ဆိုလျှင် မိုးနှင့်မြေလို ကွာခြားပေသည်။ ယခု ကြည့်ရပုံအရ တိုက်ခိုက်စွမ်းအားအရာတွင် ကျန်းရီက ခွမ်ဟူထက် များစွာနိမ့်ပုံပင်။ သူတို့က အဆင့်မတူကြပေ။

ကျန်းရီ၏ ဒုတိယအနှစ်သာရမှာ အထွတ်အထိပ်အဆင့်သို့ပင် မရောက်သေးပေ။ ထို့ကြောင့် အနှစ်သာရများအား ပေါင်းစည်းရန် တွေးပင် မတွေးနိုင်သေးပါ။ ခွမ်ဟူ၏ပုံစံက အသက်ကြီးပုံ မပေါ်။ သူ့အသက်အရှိန်အဝါကလည်း အလွန်ပျိုမျစ်နေသေးသည်။ သို့သော် သူက အနှစ်သာရငါးခုကိုပင် ပေါင်းစည်းနိုင်ထားပေပြီ။ ခွမ်မျိုးနွယ်တွင် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်သမားတစ်ယောက်နှင့် ဆန်းကြယ်နယ်မြေများစွာ၊ အရင်းအမြစ်များစွာ ရှိသော်လည်း ခွမ်ဟူ၏ ပါရမီမှာ ပြိုင်ဘက်ကင်းဖြစ်ကြောင်း မငြင်းနိုင်ပါပေ။

ဝုန်း...ဝုန်း...ဝုန်း...

ခွမ်ဟူ၏ ငါးရောင်ခြယ်လှံရိပ်များနှင့် ဟယ်နုန်ယင်း၏ ‌ငွေရောင်မြားအလင်းတန်းများက တစ်ခုနှင့်တစ်ခု ထိတိုက်သွားကြ၏။ ခွမ်ဟူသည် အားကောင်းသော အရှိန်အဝါနှင့် အရှေ့သို့ ဆက်တိုးသွားနနေသည်။ သူသည် ဟယ်နုန်ယင်းကို ပြန်မတုံ့ပြန်ဝံ့လောက်တော့သည်အထိ ဖိနှိပ်လိုနေသည်။ သူ့ကိုယ်ပေါ်မှ အရှိန်အဝါက တောင်တစ်လုံးကဲ့သို့ ရှိနေပြီး လူများကို သူတို့က ပြန်မခုခံနိုင်ဟု ခံစားနေရစေပေသည်။

ကျန်းရီသည် သူတို့ကရန်သူဖြစ်သော်လည်း အရှုံးကို ဝန်ခံရပေသည်။ ထိုခွမ်ဟူက လူငယ်မျိုးဆက်ထဲတွင် အမှန်တကယ် ပြိုင်ဘက်ကင်းပင်။ တောက်မျိုးနွယ် ပန်းသုံးပွင့်၊ သခင်မလေးကုန်းယန်နှင့် အခြားသခင်မလေးများ၏ မျက်ဝန်းများထဲတွင်လည်း တပ်မက်သည့် အရိပ်အယောင်များကို ကျန်းရီ မြင်နေရသည်။ ယခုတွင် ခွမ်ဟူသာ တစ်ချက်ပြောလိုက်သည်နှင့် သူမတို့က လူမြင်ကွင်းမှာပင် သူနှင့် အတူအိပ်ကြလောက်လေသည်။

ဝှစ်...ဝှစ်...

ဟယ်နုန်ယင်းသည် နောက်ဆုတ်ရင်း ငွေရောင်မြားအလင်းတန်းများကို အဆက်မပြတ် ပစ်လွှတ်နေ၏။ သို့သော် သူမက မြားမည်မျှ ပစ်လွှတ်ပါစေ ခွမ်ဟူသည် ၎င်းတို့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်နေသည်။ ခွမ်ဟူ၏ အမြန်နှုန်းက သူမ၏ အမြန်နှုန်းထက် ပိုမြန်ကြောင်း ထင်ရှားသည်။ သူမတို့နှစ်ယောက်ကြားမှာ အကွာအဝေးက နီး၍ နီး၍ လာပေသည်။

ဟယ်နုန်ယင်းသည် သူမက ခွမ်ဟူ၏ပြိုင်ဘက် မဟုတ်ကြောင်း သဘောပေါက်လာ၏။ သူမ ရပ်တန့်လိုက်ပြီး မြားအလင်းတန်းများလည်း ဆက်မပစ်လွှတ်တော့ပေ။ ထိုအစား စတင်လှည့်ပတ်ကာ ကြိုးကြာတစ်ကောင်အလား အထက်သို့ ပျံတက်သွားသည်။ သူမ၏ လှုပ်ရှားမှုများက အလွန်ကြော့ရှင်းပေသည်။ ထိုအခိုက်တွင် ပွဲကြည့်နေကြသော ယောက်ျား၊ မိန်းများ အားလုံး သူမ၏ ကြိုးကြာအကကြောင့် မှင်တက်သွားကြသည်။ စိတ်ဝိညာဉ်အားနည်းသော လူများဆိုလျှင် မိန်းပင်မိန်းမောသွားကြလေသည်။

‘ဟယ်နုန်ယင်းက သူ့ရဲ့ နောက်ဆုံးအကွက်ကို ထုတ်သုံးတော့မယ်’

ကျန်းရီ ရင်ထဲတွင် မျှော်လင့်လိုက်မိ၏။ ဟယ်နုန်ယင်း၏ နောက်ဆုံးတိုက်ကွက်မှာ မည်သည်ဖြစ်ကြောင်း သူမသိပေ။ တောထူဆန်းကြယ်နယ်မြေအပြင်တွင် သူ ဟယ်နုန်ယင်း၏ နောက်ဆုံးတိုက်ကွက်ကို မမြင်ခဲ့ရချေ။ သူမက အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးတစ်ယောက်၏ တိုက်ခိုက်မှုကို ခံနေခဲ့ရ၍ နောက်ဆုံးတိုက်ကွက်ကို ထုတ်မသုံးနိုင်ခဲ့ခြင်း ဖြစ်မည်။ ဤအခိုက်တွင်မူ သူမ ရွေးချယ်စရာ မရှိတော့ပေ။ ဤကိစ္စက ဟယ်မျိုးနွယ်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည်။ ထို့ကြောင့် သူမ အစွမ်းကုန် ထုတ်သုံးရပေတော့မည်။

ဝှစ်...

ခွမ်ဟူသည်လည်း ခန္ဓာကိုယ်လှည့်ပတ်၍ ဟယ်နုန်ယင်းအနောက်သို့ လိုက်ကာ ပျံတက်သွားလိုက်၏။ သူ၏ အစိမ်းရောင်လှံက အရောင်ငါးမျိုး တောက်ပနေပြီး ဖိအားအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ခွမ်ဟူကလည်း သူ့စွမ်းအားကိုစုစည်းကာ နောက်ဆုံးတိုက်ကွက် ထုတ်သုံးရန် ဟန်ပြင်နေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

“ယား...”

ဟယ်နုန်ယင်းသည် ကောင်းကင်ထက် ပေသုံးသောင်း ပျံတက်သွားပြီးနောက် ရုတ်တရက် အောက်ကို လှည့်ကာ သူမ၏ငွေလေးကို ဆွဲလိုက်သည်။ ဤတစ်ခေါက်တွင်မူ ငွေရောင်မြားများ မပစ်လွှတ်လိုက်ဘဲ ဒြပ်ထည်မရှိ၊ မမြင်နိုင်သော မြားတစ်စင်းကိုသာ ပစ်လွှတ်လိုက်လေသည်။

ထိုမမြင်နိုင်သောမြားကို ကောင်းကင်စိတ်အာရုံနှင့်လည်း အာရုံမခံနိုင်ပေ။ သို့သော် အာကာပြင်မှာတော့ ကန်ထဲမှ ရေဂယက်များအလား ဂယက်ထသွားသည်။ ငါးတစ်ကောင်က ရေကန်ထဲမှ ခုန်ထွက်လာသကဲ့သို့ပင်။

မမြင်နိုင်သောမြားကို ပစ်လွှတ်လိုက်ချိန်၍ ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်လာ၏။

ခွမ်ဟူက လုံးဝမလှုပ်တော့။ ထို့ပြင် သူ့ပတ်ပတ်လည်မှ အရာအားလုံးကလည်း ရပ်တန့်သွားပုံပေါ်သည်။ လေဆက်မတိုက်ခတ်တော့၊ ပိုးကောင်များ တကျီကျီ အော်မနေတော့၊ သစ်ရွက်များ ဆက်မကျသွားတော့။ ထိုအခိုက်တွင် အချိန်က ရပ်တန့်သွားသကဲ့သို့ပင်။

‘အချိန်ရပ်တန့်သွားတာ’

ကျန်းရီသည် အချိန်ရပ်တန့်စွမ်းရည်ကို သုံးသည့် သိုင်းသမားတစ်ယောက်နှင့် တိုက်ခိုက်ခဲ့ဖူး၏။ ထိုသူမှာ ရန်ထျန်းဖန်ပင်။ ရန်ထျန်းဖန်၏ အချိန်ရပ်တန့်စွမ်းရည်နှင့် ယခုဖြစ်စဉ်က တူသယောင်ရှိသော်လည်း စေ့စေ့စပ်စပ်ကြည့်လျှင် ကွဲပြားပေသည်။ ထိုအခိုက်တွင် ကျန်းရီသည် သူ၏ နှလုံးခုန်မှုကိုပင် မခံစားရတော့ပေ။ သူ့ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်သလို သူ့သွေးများလည်း စီးဆင်းမနေချေ။ သူ့စိတ်ဖြင့်သာ တွေးတောနိုင်ပေသည်။ ထို့ကြောင့် ယင်းက အချိန်အနှစ်သာရ ဖြစ်ရမည်ဟု သူ ကောက်ချက်ချလိုက်သည်။ ထိုအနှစ်သာရစွမ်းရည်မှာလည်း ချီလင်းဧကရီ၏ ကျော်ကြားသော စွမ်းရည်တစ်ခုဖြစ်သည်။

‘အထင်ကြီးစရာပဲ’

အချိန်အနှစ်သာရမဆိုထားနှင့် ကျန်းရီသည် အချိန်စည်းမျဉ်းများကိုပင် မမြင်ဖူးခဲ့ပေ။ သူသည် အဆင့်နိမ့် အချိန်တာအိုပုံသဏ္ဌာန်များကိုသာ မြင်ဖူးခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သော တာအိုပုံသဏ္ဌာန်များမှာ ကောင်းကင်ဘုံမှ လူများအတွက် အသေးအမွှားလေးများသာဖြစ်သည်။ ယခုအချိန်အနှစ်သာရက အချိန်ကိုလည်း နောက်ပြန်ဆုတ်နိုင်လောက်သည်ဟု ကျန်းရီ တွေးလိုက်၏။ သို့သော် ဟယ်နုန်ယင်းက ကီလိုမီတာငါးထောင်ပတ်လည်အတွင်းတွင်သာ အချိန်ကို ရပ်တန့်နိုင်ပုံ ရပေသည်။

အချိန်မှာ ရပ်တန့်နေပေပြီ။ ထိုအခိုက်တွင် အားလုံး ကျောက်ရုပ်ဖြစ်နေကြသည်။ ယင်းနောက်ဆုံးတိုက်ကွက်မှာ အလွန်ကြောက်မက်ဖွယ်ပင်။ ဟယ်နုန်ယင်းသာ ထိုတိုက်ကွက်ကို ကျန်းရီအပေါ်တွင် သုံးလိုက်လျှင် ကျန်းရီ သေရန်သာ စောင့်နေရပေလိမ့်မည်။

သို့သော်...

ခွမ်ဟူမှာမူ ကွဲပြားသည်။ ခွမ်ဟူကလည်း ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်သည်။ ထို့ပြင် သူက ဟယ်နုန်ယင်းထက် စွမ်းအားပိုကြီးသည်။ သူ လေထဲတွင် စက္ကန့်အနည်းငယ် ရပ်တန့်နေပြီးနောက် သူ့ခန္ဓာကိုယ်က လင်းလက်လာ၏။ သူ့လှံမှာလည်း အရောင်ငါးရောင် တောက်ပလာသည်။ လှံရှည်သည် ပြင်ထန်းစွာ တုန်ခါလာပြီး သူ့ပတ်ပတ်လည်မှ အာကာပြင်က အက်ကွဲလာလေသည်။

“ကျား...”

ခွမ်ဟူသည် ရုတ်တရက် လှံကို အထက်သို့ ထိုးလိုက်၏။ အရောင်ငါးရောင်ခြယ် နဂါးတစ်ကောင်ထွက်ပေါ်လာပြီး ဟယ်နုန်ယင်း၏ မမြင်နိုင်သောမြားကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ၎င်းသည် ဟယ်နုန်ယင်းကိုလည်း ပြင်းထန်စွာ ဝင်ဆောင့်ကာ လွင့်ထွက်သွားစေလိုက်သည်။

ဝုန်း...

ဟယ်နုန်ယင်း၏ အနီရောင် စစ်ချပ်ဝတ်ပျော့က တောက်ပစွာ လင်းလက်လာ၏။ ထို့နောက် သူမ ကီလိုမီတာသုံးဆယ်အကွာအထိ လွင့်ထွက်ကာ သွေးအန်သွားလေသည်။

“သခင်မလေး...”

ဟယ်နုန်ယင်း၏ ကိုယ်ရံတော် ဒေါ်လေးရွှမ်သည် ဟယ်နုန်ယင်း၏ မျက်နှာက စက္ကူတစ်စအလား ဖြူဖျော့သွားသည်ကို မြင်လိုက်သောအခါ စိုးရိမ်တကြီး အော်ခေါ်လိုက်၏။ ဟယ်နုန်ယင်းမှာ မျက်လုံးမှိတ်လျက် သတိလစ်နေပြီဖြစ်သည်။ ထို့ကြောင့် ဒေါ်လေးရွှမ်သည် လျင်မြန်စွာ ပျံတက်သွားပြီး ပြုတ်ကျလာသည့် ဟယ်နုန်ယင်းကို ဆီးပွေ့၍ မြေပြင်ပေါ် ပြန်ခေါ်လာလိုက်ရလေသည်။

“ဟင်းဟင်း...”

ခွမ်ဟူသည် လေထဲတွင် ဝံ့ကြွားစွာ ရပ်၍ သူ့လှံကို ပြန်သိမ်းလိုက်၏။ သူ ခပ်ရေးရေးပြုံးနေပြီး သူ့မျက်နှာပေါ်တွင် ယုံကြည်မှုများ ပြည့်နှက်နေသည်။ သူ့အရှိန်အဝါမှာ ပြိုင်ဘက်ကင်းပင်။ သူက အတုမဲ့စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူ အောက်ဘက်ရှိ လူစုကို ငုံ့ကြည့်လိုက်၏။ တောက်မင်နှင့် အခြားသခင်မလေးများ တုန်ယင်သွားကြပြီး သူမတို့၏ မျက်ဝန်းများထဲတွင် တဏှာအရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူမတို့၏ အတွင်းခံများက စိုနေလောက်ပေပြီ။

နောက်ဆုံးတွင် ခွမ်ဟူ၏ အကြည့်က ကျန်းရီအပေါ် ကျရောက်သွား၏။ သူ တည်ငြိမ်စွာ ပြောလိုက်သည်။

“”ဟယ်မျိုးနွယ်ရဲ့ လူငယ်မျိုးဆက်ထဲမှာ တကယ်ကို ရွက်ပုန်းသီးတွေနဲ့ ပြည့်နေတာပဲ။ သခင်မလေးနုန်ယင်းက မိန်းမတစ်ယောက်ဆိုပေမဲ့ အဲ့အဆင့်အထိတောင် ကျင့်ကြံထားနိုင်ပြီ။ သူက အရမ်းလည်း ရဲရင့်တယ်”

“...”

ကျန်းရီ၏ မျက်လုံးများ အေးစက်သွား၏။ ခွမ်ဟူ၏ စကားများမှာ မမှားသော်လည်း စကားလုံးတိုင်းက ကျန်းရီ၏ ပါးကို ရိုက်နေသကဲ့သို့ပင်။

***

All Chapters