ဒူးထောက်ရှိခိုးရမည်
Vol. 133 Ch. 1852
ရွက်ပုန်းသီး၊ ရဲရင့်သည့်မိန်းမ...
အရူးတစ်ယောက်ကပင် ခွမ်ဟူက ကျန်းရီကို ခနဲ့နေခြင်းဖြစ်ကြောင်း သိနိုင်သည်။ ဟယ်မျိုးနွယ်က မိန်းမတစ်ယောက်ကို စေလွှတ်၍ တိုက်ခိုက်ခိုင်းသည့်အတွက် သူက လှောင်ပြောင်နေခြင်းပင်။ မိန်းမက ရဲရင့်သော်လည်း ယောက်ျားမှာ သူရဲဘောကြောင်ကာ ထွက်မတိုက်ဝံ့ဟု ဆိုခြင်းဖြစ်သည်။
ကျန်းရီအပေါ်သို့ အကြည့်များစွာ ကျရောက်လာ၏။ ခွမ်ကျန့်၊ ယန်ဖူ၊ တောက်မင်၊ သခင်မလေးကုန်းယန်နှင့် အခြားသူများလည်း သူ့ကို သရော်သော အကြည့်များနှင့် ကြည့်လိုက်ကြသည်။ ယွင်ပင်နှင့် ယန်ကိုးပါးမြို့မှ သခင်လေး၊ သခင်မလေးများကလည်း ကျန်းရီကိုကြည့်ကာ သူ သတ္တိရှိသလောကို စောင့်ကြည့်နေကြသည်။
ကျန်းရီက သတ္တိရှိပါသည်။ အကယ်၍ ဟယ်နုန်ယင်းသာ နိုင်ခဲ့လျှင် သို့မဟုတ် သတိလစ်မသွားဘဲ သရေဖြစ်အောင် တိုက်နိုင်ခဲ့လျှင် ကျန်းရီသည် ခွမ်ဟူက သူ့ကို မည်မျှ ရန်စပါစေ မည်သို့မှ ပြန်တုံ့ပြန်မည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူ တိုက်ခိုက်လိုလာပေသည်။
အကယ်၍ ယနေ့တွင် ကျန်းရီ ရန်ပွဲကို ရှောင်လိုက်လျှင် တစ်လောကလုံးက ဟယ်မျိုးနွယ်ကို အထင်သေးပေတော့မည်။ သို့သော် တိုက်ခိုက်ပြီးမှ ရှုံးနိမ့်လျှင်မူ မည်သူကမှ လှောင်ပြောင်ကြမည် မဟုတ်ပေ။ ဟယ်မျိုးနွယ်ဝင်များက တိုက်ခိုက်ရန်ပင် သတ္တိမရှိလျှင် ကျင့်ကြံနေခြင်းမှာ ဘာအကျိုးရှိတော့မည်နည်း။
ပြဿနာမှာ ကျန်းရီ မည်သို့တိုက်ရမည်ကို မသိခြင်းပင်။
ယန်ကိုးပါးမြို့ထဲတွင် ကောင်းကင်ဘုရင်များ ရှိနေသည်။ သူ တိုက်ခိုက်လိုက်သည်နှင့် သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်သည်။ ကောင်းကင်ဘုရင်မူက တောက်မျိုးနွယ်နှင့် ဆက်ဆံရေးကောင်းများရှိသည်။ ထို့ကြောင့် သူ ခွမ်ဟူနှင့် တိုက်ခိုက်ပြီးသွားချိန်တွင် မိုးပြာမဟာဧကရာဇ် ရောက်နေလောက်ပြီ မဟုတ်ပါလော။
ထို့ပြင် ကျန်းရီသည် သူအစွမ်းကုန်သုံး၍ တိုက်ခိုက်လျှင်ပင် ခွမ်ဟူကို ယှဉ်နိုင်မည်၊ မယှဉ်နိုင်မည်ကို သေချာမနေပေ။ ကျန်းရီ၏ ရုပ်ခန္ဓာက သန်မာပြီး တောက်နူ၏ ရုပ်ခန္ဓာနှင့်ပင် ယှဉ်နိုင်သည်။ သို့သော် တိုက်ခိုက်ခြင်းမှာ ရုပ်ခွန်အားအပေါ်တွင်သာ မူတည်သည် မဟုတ်ပေ။ သူ၏ တိုက်ခိုက်စွမ်းအားမှာ ဟယ်နုန်ယင်း၏ တိုက်ခိုက်စွမ်းအားလောက်ပင် မရှိလောက်ချေ။ သို့ဖြစ်ရာ သူ ခွမ်ဟူကို မည်သို့ ယှဉ်နိုင်မည်နည်း။
ကျန်းရီ မီးနဂါးဓားကို သုံးလိုက်လျှင်တော့ ရလဒ်မှာ ကွဲပြားသွားနိုင်သည်။ သို့သော် သူ မီးနဂါးဓားကို ထုတ်သုံးရဲပါမည်လော။ ထုတ်မသုံးရဲပေ။
ကျန်းရီ နှုတ်ဆိတ်သွားပြီး သူမည်သူဖြစ်ကြောင်း မပေါ်စေဘဲနှင့် ခွမ်ဟူအား မည်သို့ တိုက်ခိုက်ရမည်ကို တွေးတောနေ၏။ အတော်ကြာသည်အထိ သူ နည်းလမ်းရှာမတွေ့သေးပေ။ သူ မချင့်မရဲဖြစ်လာပြီး ရင်ထဲတွင် ဒေါသများ ပြည့်နှက်လာသည်။ သို့သော် ဒေါသကို ဖောက်ခွဲမထုတ်နိုင်ချေ။
“ကောင်လေး...”
ထိုအခိုက်တွင် ချီဟုန်က အသံပို့လွှတ်လာ၏။
“မင်း ဒေါသဖြေချင်လား”
ကျန်းရီ ရင်ခုန်သွားပြီး မျက်လုံးများ အရောင်လက်သွား၏။ ချီဟုန်ထံတွင် နည်းလမ်းတစ်ခု ရှိနေသည်လော။ ချီဟုန်က ဆက်၍ အသံပို့လွှတ်သည်။
“ကမ္ဘာဦးကောင်းကင်ဘုံရဲ့ အနောက်ဘက်မှာ နောက်ထပ်အစိတ်အပိုင်းတစ်ခု ရှိနေတာကို ငါ အာရုံခံမိနေတယ်။ မင်း ဒေါသဖြေချင်ရင် အဲ့ ရူးသွပ်မဟာဧကရာဇ်ရဲ့ မျိုးဆက်ကို အာကာသဟင်းလင်းပြင်ထဲ ခေါ်သွားလိုက်။ မင်း ဒေါသဖြေပြီးတာနဲ့ ကမ္ဘာဦးကောင်းကင်ဘုံ အနောက်ဘက်ကို သွားပြီး ရတနာရှာမယ်”
“ဟုတ်ကဲ့ပါ”
ကျန်းရီ အလွန်စိတ်လှုပ်ရှားသွားသည်။ ချီဟုန်က ဆဋ္ဌမမြောက် အစိတ်အပိုင်းကို အာရုံခံမိနေသည်။ ၎င်းအစိတ်အပိုင်းက ကမ္ဘာဦးကောင်းကင်ဘုံထဲတွင် မဟုတ်ရာ သူ မည်သည်ကို ကြောက်ရမည်နည်း။ အာကာသဟင်းလင်းပြင်ထဲတွင် သူ လုပ်လိုရာ လုပ်နိုင်သည် မဟုတ်ပါလား။ ရူးသွပ်မဟာဧကရာဇ်၊ မိုးပြာမဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့က အာကာသဟင်းလင်းပြင်ထဲကိုတော့ စောင့်ကြည့်မနေလောက်ပေ။ ထို့ပြင် သူတို့က စောင့်ကြည့်နေလျှင်လည်း ချီဟုန်က သတိပြုမိနိုင်ပေသည်။
ကမ္ဘာဦးကောင်းကင်ဘုံထဲတွင် မီးနဂါးဓား၏ အစိတ်အပိုင်း ရှိမနေ။ ကျန်းရီ ရီဖျောင်ဖျောင်ကိုလည်း သွားမတွေ့နိုင်သလို အထက်ဘုံသို့လည်း ပြန်၍မရချေ။ သို့ဖြစ်ရာ ယခု ကမ္ဘာဦးကောင်းကင်ဘုံထဲ၌ ဆက်နေရန် အကြောင်းမရှိတော့ပေ။ သူ လျင်မြန်စွာ စိတ်ဆုံးဖြတ်လိုက်ပြီး တိုက်ပွဲအရှိန်အဝါ ထုတ်လွှတ်လိုက်သည်။
“ဟင်...”
ကျန်းရီ၏ ခန္ဓာကိုယ်မှ တိုက်ပွဲအရှိန်အဝါကို လူများစွာ အာရုံခံမိလိုက်ကြ၏။ ခွမ်ဟူ၏ မျက်လုံးများ အရောင်လက်သွားသည်။ ထိုသူရဲဘောကြောင်သူက နောက်ဆုံးတွင် တိုက်ခိုက်တော့မည်လော။ တောက်မင်နှင့် အခြားသခင်မလေးများလည်း အလွန်စိတ်လှုပ်ရှားသွားကြပြီး ကျန်းရီကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် ကြည့်လိုက်ကြသည်။
ကျန်းရီသည် ခွမ်ဟူကို မော့ကြည့်ကာ ပြောလိုက်၏။
“သခင်လေးဟူ... ဟယ်မျိုးနွယ်မှာ မိန်းမတွေတင်မဟုတ်ဘူး ယောက်ျားတွေလည်း ရှိပါတယ်။ သခင်လေး ကျွန်တော်နဲ့ တိုက်ချင်ရင် ကျွန်တော် တိုက်ပါမယ်။ ဒါပေမဲ့ ဒီလိုတိုက်တာမျိုးက အဓိပ္ပာယ်မရှိဘူး။ ကျွန်တော်တို့ ဟင်းလင်းပြင်ထဲထွက်ပြီး တမလွန်ဘုံမျိုးနွယ်ဝင်တွေကို သတ်ကြမယ်ဆိုရင် ဘယ်လိုလဲ။ တစ်ရက်အတွင်းမှာ ဘယ်သူက တမလွန်ဘုံမျိုးနွယ်ဝင်တွေကို ပိုသတ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့။ ရှုံးတဲ့သူက ဒူးထောက်ရှိခိုးရမယ်။ ဘယ်လိုလဲ”
“ဟင်းလင်းပြင်ထဲမှာလား”
ကျန်းရီ၏ စကားကြောင့် လူများစွာ အံ့အားသင့်သွားကြ၏။ လူနှစ်ယောက် လက်ရည်ယှဉ်ရန် အချင်းချင်း တိုက်ခိုက်လိုက်လျှင် မရပါသလော။ အဘယ်ကြောင့် တမလွန်ဘုံမျိုးနွယ်ဝင်များကို သတ်ရမည်နည်း။ သခင်လေးများ၊ သခင်မလေးများ နားမလည်နိုင်ဖြစ်သွားကြသည်။ လူတိုင်းက အာကာသဟင်းလင်းပြင်ထဲ ထွက်နိုင်ကြသည် မဟုတ်ပေ။ မျိုးနွယ်အကြီးအကဲများ၏ အမိန့်မရလျှင်လည်း သူတို့ ကမ္ဘာဦးကောင်းကင်ဘုံမှ ထွက်မသွားနိုင်ကြပါချေ။
“ဟားဟားဟား...”
ခွမ်ဟူမှာမူ စိတ်မရှိပါ။ ကျန်းရီက ယှဉ်ပြိုင်လိုသ၍ မည်သည့်နည်းနှင့်မဆို ယှဉ်ပြိုင်နိုင်သည်။ ဒူးထောက်ရှိခိုးရမည်လော။ ထိုသို့ဆိုလျှင် ဟယ်မျိုးနွယ်က ပို၍ပင် အရှက်ရသွားပေလိမ့်မည်။ ကျန်းရီက တမလွန်ဘုံမျိုးနွယ်ဝင်များကို မည်သို့ ကိုင်တွယ်ရမည်ကို သိထားခြင်း ဖြစ်ရမည်ဟုတော့ ခွမ်ဟူ တွေးလိုက်၏။ ကျန်းရီက သူနှင့် နှစ်ယောက်ချင်း ယှဉ်မတိုက်လိုဘဲ အခြားနည်းလမ်းနှင့် ဂုဏ်ပြန်ဆယ်လိုခြင်း ဖြစ်ပေလိမ့်မည်။
ခွမ်ဟူ တစ်ခဏမျှ တွေးတောကာ ခေါင်းညိတ်လိုက်သည်။
“သခင်လေးဟယ်ကျန်းက ကစားချင်မှတော့ ကျွန်တော်က ဘယ်လိုလုပ် အဖော်မလုပ်ပေးဘဲ နေနိုင်မှာလဲ။ အင်း... အခု တမလွန်ဘုံမျိုးနွယ်ဝင်တွေက အိပ်မက်မိုးဆန်းကြယ်နယ်မြေနားမှာ တိုက်ခိုက်နေကြတယ်။ ကျွန်တော်တို့ အဲ့ကို သွားကြမလား”
“သွားကြတာပေါ့”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ဖုန့်နီကို ခေါ်၍ မြို့ထဲသို့ ပျံသန်းသွားလိုက်၏။ ဖုန့်နီက စိုးရိမ်စွာနှင့် အသံပို့လွှတ်လိုက်သည်။
“သခင်... သခင် ခွမ်ဟူကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို တွေးပြီးပြီလား”
ကျန်းရီက တိုက်ခိုက်တော့မည်ဖြစ်ရာ သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်ခြေ ရှိပေသည်။ သူ့တွင် ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။ ခွမ်ဟူကို သတ်မည်လော သို့မဟုတ် သူ့ကို ဟဲ့ရွှီဝမ်အတိုင်း ဆောင်းဥတုပုလဲထဲ ထည့်မည်လော။ ထိုရွေးစရာနှစ်ခုစလုံးမှာ မကောင်းပါ။ ခွမ်ဟူက ခွမ်မျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ်ဖြစ်သည်။ သူ ပျောက်သွားသည်ဖြစ်ဖြစ်၊ အသတ်ခံလိုက်ရသည်ဖြစ်ဖြစ် ရူးသွပ်မဟာဧကရာဇ်က ထိုအကြောင်းကို သေချာပေါက် စုံစမ်းပေလိမ့်မည်။
ဖုန့်နီသည် ကျန်းရီက အချိန်တစ်ခုအတွင်း ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်လာလိုစိတ် မရှိသည်ကို သိမထားပေ။ သူ ခွမ်ဟူကို သတ်လိုက်လျှင်ပင် ပြဿနာကြီးတစ်ခု ဖြစ်မည် မဟုတ်ချေ။ သူမည်သူဖြစ်ကြောင်း ပေါ်သွားလျှင်လည်း အရေးမပါတော့ပေ။
ကျန်းရီ အသံပြန်မပို့လွှတ်လိုက်ပါ။ ကောင်းကင်ဘုရင် သုံးဆယ့်ခြောက်ပါးထံတွင် သူတို့နှစ်ယောက်ကြားမှ အသံပို့လွှတ်မှုများကို ကြားဖြတ်နားထောင်နိုင်သည့် ဆန်းကြယ်စွမ်းရည်များ ရှိနေမည်ကို သူစိုးရိမ်ပေသည်။ ထို့ကြောင့် သူ တိတ်တဆိတ်သာ ယန်ကိုးပါးမြို့ဆီ ပျံသန်းသွားသည်။ ခွမ်ဟူကလည်း အားလုံးကို ခေါ်၍ နောက်မှ လိုက်လာပေသည်။
မြို့ထဲသို့ ရောက်သောအခါ ခွမ်ဟူသည် ကျန်းရီက သူ့ဆုံးဖြတ်ချက်ကို နောင်တရသွားမည်ကို စိုးသဖြင့် ချက်ချင်း တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုဆီ ဦးတည်ပျံသန်းကာ ကျန်းရီအားကြည့်၍ ပြောလိုက်လေသည်။
“ဒီတည်နေရာပြောင်းရွှေ့အစီအရင်က သခင်လေးကို အာကာသထဲ တိုက်ရိုက်ပို့ပေးနိုင်တယ်။ သခင်လေးဟယ်ကျန်း... သခင်လေးရဲ့ ဆုံးဖြတ်ချက်ကို နောင်တရတယ်ဆိုရင် အချိန်ရှိပါသေးတယ်။ သခင်မလေးနုန်ယင်းက သခင်လေးကိုယ်စား တိုက်ခိုက်ခဲ့ပြီးပါပြီ။ ဒီကိစ္စက ပြီးသွားပါပြီ”
“ဟားဟားဟား...”
ကျန်းရီက ကျယ်လောင်စွာ ရယ်၍ ဖုန့်နီကိုခေါ်ကာ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်လိုက်၏။ ခွမ်ကျန့်နှင့် ယန်ဖူတို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်၍ အစီအရင်ထဲ ပျံဝင်လိုက်ကြ၏။ တောက်မျိုးနွယ် ပန်းသုံးပွင့်နှင့် သခင်မလေးကုန်းယန်တို့မှာလည်း တစ်ခဏမျှ တွေးတောကာ အစီအရင်ထဲ ဝင်လိုက်ကြသည်။
အခြားသခင်လေးများနှင့် သခင်မလေးများမှာမူ အစီအရင်ထဲ ဝင်မလာကြပေ။ ယွင်ပင်းတို့သည်လည်း သူမတို့မျိုးနွယ်များမှ အမိန့်မရလျှင် အာကာသဟင်းလင်းပြင်ထဲ မထွက်ဝံ့ကြချေ။ ထို့ကြောင့် သူမတို့သည် ခွမ်ဟူ၊ ကျန်းရီနှင့် အခြားသူများ ထွက်သွားသည်ကို နှမြောစွာသာ ရပ်ကြည့်နေကြရလေသည်။
ဟယ်နုန်ယင်းမှာ သတိလစ်နေဆဲဖြစ်သည်။ ဒေါ်လေးရွှမ်မှာ ကျန်းရီအကြောင်းကို သိသော်လည်း ကျန်းရီအား မဖျောင်းဖျဝံ့သဖြင့် တည်နေရာပြောင်းရွှေ့အစီအရင် လင်းလက်လာသည်ကိုသာ ကြည့်နေရသည်။ သူမသည် ဟယ်နုန်ယင်းကို တည်းခိုးခန်းတစ်ခန်းသို့ ခေါ်သွားလိုက်ပြီး ဒဏ်ရာကုသပေးကာ သူမ သတိလည်လာမည့်အချိန်ကို စောင့်နေလိုက်ပေသည်။
“ယွင်ပင်း... သူတို့နောက်ကိုလိုက်သွားပြီး တစ်ချက်ကြည့်လိုက်။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် ချက်ချင်း သတင်းပြန်ပို့ပါ။ အဲ့ဟယ်ကျန်းက တစ်ခုခုမှားနေတယ်။ မှတ်ထားပါ... အလျင်စလို မလုပ်ပါနဲ့။ တိုက်ပွဲကိုသာ ကြည့်နေပါ”
တည်နေရာပြောင်းရွှေ့အစီအရင်က အစီအရင်ထဲမှ လူများကို ပြောင်းရွှေ့ပေးတော့မည့်အခိုက်တွင် ယွင်ပင်း၏ စိတ်ထဲသို့ အသံပို့လွှတ်မှုတစ်ခု ရောက်လာ၏။ ယွင်ပင်း မျက်လုံးများ လင်းလက်သွားပြီး အစီအရင်ထဲ ပျံဝင်သွားလိုက်သည်။ သူမသည် အစီအရင်ထဲ ရောက်သည်နှင့် ချက်ချင်း တည်နေရာပြောင်းရွှေ့ ခံလိုက်ရပေသည်။
***
“အစ်ကိုကြီး... အဲ့ဟယ်ကျန်းနဲ့ပတ်သတ်ပြီး တစ်ခုခု မှားနေလို့လား”
ဧရာမခန်းမကျယ်ကြီးတစ်ခုထဲတွင် ကောင်းကင်ဘုရင်ယွင်က ကောင်းကင်ဘုရင်ဝေကို ကြည့်၍ စိတ်ဝင်စားစွာ မေးလိုက်၏။ အစောတွင် အသံပို့လွှတ်ခဲ့သူက သူဖြစ်သော်လည်း အသံပို့လွှတ်ရန် ခိုင်းခဲ့သူမှာ ကောင်းကင်ဘုရင်ဝေဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုရင်ယွင် မသင်္ကာဖြစ်နေခြင်းပင်။
“ငါလည်း မသေချာပါဘူး”
ကောင်းကင်ဘုရင်ဝေက တုံ့ဆိုင်းဆိုင်းလေသံနှင့် ပြောလိုက်၏။
“ဟယ်ကျန်းက သေပြီလို့ ငါ သတင်းရထားတယ်။ သူက မသေသေးရင်တောင် ဒဏ်ရာပျောက်ပျောက်ချင်း လေဘုံကိုသွားပြီး ရတနာရှာချင်စိတ်ရှိမှာ မဟုတ်ဘူး မဟုတ်လား။ ပြီးတော့ အရင်က ဟယ်ကျန်းရဲ့ တိုက်ခိုက်စွမ်းအားက အဲ့လောက်မကြီးဘူး။ သူ့ဘေးမှာ ပါလာတဲ့ အဲ့မိစ္ဆာမျိုးနွယ် စွမ်းအားကြီး သိုင်းသမားကလည်း သံသယဖြစ်စရာ ကောင်းတယ်။ ဟဲ့ရွှီဝမ် ပျောက်နေတယ်ဆိုတဲ့ ကောလဟလတွေကိုလည်း ကြားရတယ်။ သူ့ကိုကို အဲ့ကောင်လေးက ဖမ်းထားတာ ဖြစ်နိုင်တယ်”
“အာ...”
ကောင်းကင်ဘုရင်ယွင် အံ့အားသင့်သွား၏။ သူ ခေတ္တမျှ တွေးတောကာ သံသယနှင့် ပြောလိုက်သည်။
“ဟဲ့ရွှီဝမ်က စွမ်းအားအရမ်းမကြီးပေမဲ့ ဧကရာဇ်တစ်ပိုင်းအဆင့်မှာ မဟုတ်လား။ အဲ့ဟယ်ကျန်းက အဲ့လောက်စွမ်းအားကြီးရင် ဘာလို့ အစောက မတိုက်ခိုက်ဘဲ သူရဲဘောကြောင်နေရတာလဲ။ အဲ့ဒါက အဓိပ္ပာယ်မရှိဘူး။ ပြီးတော့ သူက လေဘုံမှာ အစွမ်းပြခဲ့ပြီးပြီပဲ၊ ဘာလို့ အခုကျမှ ရှောင်ချင်နေရတာလဲ။ သူက ဟယ်မျိုးနွယ်ကပဲဟာကို... ခွမ်မျိုးနွယ်ကို သိပ်စိုးရိမ်နေစရာ မလိုဘူး မဟုတ်လား။ မဟုတ်သေးဘူး...”
ကောင်းကင်ဘုရင်ယွင် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ သူ ကောင်းကင်ဘုရင်ဝေကို စိုက်ကြည့်ကာ မေးလိုက်သည်။
“အစ်ကိုကြီး... အစ်ကိုကြီး ဆိုလိုချင်တာက အဲ့ဟယ်ကျန်းက အတုဆိုတာလား။ ဟို.. ဟိုကောင်လေး ပြန်လာပြီလား”
“ငါလည်း မသေချာဘူး”
ကောင်းကင်ဘုရင်ဝေက သက်ပြင်းချကာ ဆိုသည်။
“ငါ သူ့ကို အကြိမ်နည်းနည်းလောက် အာရုံခံကြည့်ခဲ့တယ်၊ ဒါပေမဲ့ ဘာမှ မတွေ့ခဲ့ရဘူး။ သူက ဟယ်ကျန်းအစစ် မဟုတ်ဘူးဆိုရင် ဒီလောကထဲမှာ ငါတို့တောင် ဖောက်မမြင်နိုင်အောင် ရုပ်ဖျက်နိုင်တဲ့သူက ကျန်းရီပဲရှိတယ် မဟုတ်လား။ အဲ့ကောင်စုတ်ကျန်းရီမှာ ဆန်းကြယ်မှုတွေ၊ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတာ။ သူက တကယ်ပဲ ကျန်းရီဆိုရင် ကောင်းကင်ဧကရာဇ်က လူရွေးမမှားခဲ့ဘူးပဲ။ သူ့တိုက်ခိုက်စွမ်းအားက တစ်နှစ်ကျော်အတွင်း မြန်မြန်တိုးတက်လာတာပဲ...”
***