← Chapters

မင်းဘယ်သူလဲ

Vol. 133 Ch. 1853

မင်းဘယ်သူလဲ

Vol. 133 Ch. 1853

ကျန်းရီတို့သည် ကြားမှတ်တွင် ထွက်ပေါ်လာကြ၏။ ထိုကြားမှတ်ကို အုပ်ချုပ်သူအဆင့် အဘိုးအိုဆယ်ယောက်ကျော်က စောင့်ကြပ်နေကြသည်။ ထို့ကြောင့် ၎င်းနေရာက အလွန်အရေးပါသော ခံတပ်တစ်ခုဖြစ်ကြောင်း ထင်ရှားပေသည်။

ခွမ်ဟူသည် ကြားမှတ်သို့ ရောက်ပြီးနောက် ဟင်းလင်းပြင်ထဲ ပျံထွက်မသွားသေးဘဲ အခြးတည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုဆီ လျှောက်သွားလိုက်သည်။ သူ အစီအရင်ထဲ ဝင်လိုက်ပြီး ဟယ်ကျန်းကို လှည့်ကြည့်ကာ ပြောလိုက်လေသည်။

“ဒီတည်နေရာပြောင်းရွှေ့အစီအရင်က ကျွန်တော်တို့ကို အိပ်မက်မိုးဆန်းကြယ်နယ်မြေထဲ တိုက်ရိုက်ပို့ပေးလိမ့်မယ်။ သွားကြစို့ သခင်လေးဟယ်ကျန်း”

“ကောင်းပြီ”

ကျန်းရီသည် ယွင်ပင်းကို ကြည့်၍ ခေါင်းကိုက်နေ၏။ အဘယ်ကြောင့် ထိုကောင်မလေးက အနောက်မှ လိုက်လာရပါသနည်း။ ခွမ်ကျန့်၊ ယန်ဖူ၊ တောက်မင်နှင့် အခြားသူများလည်း သူတို့အနောက်မှ လိုက်လာကြသည်။ သို့သော် ကျန်းရီ သူတို့ကို အရေးမစိုက်ပါ။ သူ သူတို့အားလုံးကို သတ်ပစ်နိုင်သည် မဟုတ်ပါလော။ သို့ရာတွင် ယွင်ပင်းကိုတော့ သတ်မပစ်ရက်ပေ။ သူမကို ဖမ်းသွား၍လည်း မဖြစ်ချေ။ မည်သို့ပင်ဖြစ်စေ ယခု ယွင်ပင်းက ပါလာပြီဖြစ်၍ မီးစဉ်ကြည့်ကရပေတော့မည်။

ကျန်းရီ စကားတစ်ခွန်းမှမပြောဘဲ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်သွားလိုက်၏။ အားလုံးလည်း လိုက်ဝင်ကာ ထပ်မံ၍ တည်နေရာပြောင်းရွှေ့လိုက်ကြလေသည်။

ရွှီး...

အိပ်မက်မိုးဆန်းကြယ်နယ်မြေက အမှန်ပင် အလွန်နီးသည်။ ခြောက်နာရီကြာ တည်နေရာပြောင်းရွှေ့ပြီးသည်နှင့် ကျန်းရီတို့ ဆန်းကြယ်နယ်မြေထဲရှိ တောင်ထိပ်တစ်ခုပေါ်တွင် ပြန်ထွက်ပေါ်လာကြသည်။ တောင်ထိပ်တစ်ခုလုံးကို အကာအရံများနှင့် ကာထားသည်။ အကာအရံများအပြင်တွင် စစ်တပ်များစွာ ရှိနေသည်ကိုလည်း သူတို့ လှမ်းမြင်ကြရပေသည်။

“တမလွန်ဘုံမျိုးနွယ်ဝင်တွေက ဒီမှာပဲ”

ဤဆန်းကြယ်နယ်မြေထဲမှ အလင်းက အလွန်မှေးမှိန်၏။ ကောင်းကင်ကို တိမ်မည်းအလွှာများက ကာရံထားကြသည်။ အလင်းအကာအရံများထဲ၌ပင် အပြင်ဘက်မှ မကောင်းသော အေးစက်စက်အရှိန်အဝါကို ခံစားနေရပေသည်။ အဝေးရှိ အလင်းများကိုလည်း ခပ်ရေးရေး လှမ်းမြင်နိုင်သည်။ ကြည့်ရသည်မှာ တိုက်ပွဲတစ်ပွဲ ဖြစ်ပွားနေပုံပင်။

“တစ်ရက်... သခင်လေး အခု စချင်လား၊ ဒါမှမဟုတ် အရင် အနားယူဦးမလား”

ခွမ်ဟူက ကျန်းရီကို ကြည့်၍ ယဉ်ကျေးစွာ မေးလိုက်၏။

“အခု စကြတာပေါ့။ သခင်လေးဟူ ကိုယ့်ဘာသာ တိုက်ခိုက်ပြီး တိုက်ပွဲကို ချိပ်စည်းကျောက်တုံးနဲ့ မှတ်တမ်းတင်ထားလိုက်ပါ။ ကျွန်တော်လည်း အဲ့လို လုပ်ပါမယ်။ တစ်ရက်ပြည့်ရင် ဒီမှာ ပြန်ဆုံကြတာပေါ့”

ကျန်းရီက အေးစက်စက် ပြန်ပြောလိုက်သည်။ သူ ဤနေရာကို လာခြင်းမှာ တမလွန်ဘုံမျိုးနွယ်ဝင်များကို သတ်ရန် မဟုတ်၊ ဒေါသဖြေရန်သာဖြစ်သည်။

“ကောင်းပါပြီ... သခင်လေးဟယ်ကျန်း အရင်သွားလိုက်ပါ”

ခွမ်ဟူက သဘောထားကြီးစွာနှင့် ကျန်းရီကို အရင်သွားခွင့်ပေးလိုက်၏။ ကျန်းရီသည် ဖုန့်နီကို ခေါ်၍ အရပ်မျက်နှက်တစ်ခုကို ကျပန်းရွေး၍ ပျံသန်းသွားလိုက်သည်။ ကျန်းရီ ထွက်သွားမှ ခွမ်ဟူက ပြုံး၍ အခြားသူများကို ကြည့်လိုက်၏။

“အားလုံးပဲ ဒီကိုရောက်ပြီးတော့မှတော့ ထွက်တိုက်လိုက်ကြပါ။ မစိုးရိမ်ပါနဲ့... တိုက်သာတိုက်ပါ။ ကျွန်တော် အားလုံးကို ဘာမှ ဖြစ်စေမှာ မဟုတ်ပါဘူး”

“ကောင်းပါပြီ”

ယွင်ပင်း၊ တောက်မင်နှင့် အခြားသူများသည် ခေါင်းညိတ်၍ ခွမ်ဟူအနောက်သို့ လိုက်သွားလိုက်ကြ၏။ ခွမ်ဟူသည် ကျန်းရီ ပျံသွားရာဘက်နှင့် သိပ်မဝေးသို့ ဘက်သို့ ပျံသန်းသွား၏။ သူက သေချာပေါက် နိုင်မည်ဖြစ်သော်လည်း ကျန်းရီ ညစ်၊ မညစ်ကို သိလိုသေးပေသည်။

ဤဆန်းကြယ်နယ်မြေထဲတွင် တမလွန်ဘုံမျိုးနွယ်ဝင်များစွာ ရှိနေသည်။ သို့သော် ၎င်းတို့က သိပ်၍ စွမ်းအားမကြီးကြပေ။ ထို့ပြင် ဆန်းကြယ်နယ်မြေထဲ၌ ယန်ကိုးပါးစစ်တပ်မှ တပ်သားများစွာလည်း ရှိနေသည်။ တပ်သားအရေအတွက်မှာ အနည်းဆုံး ငါးသိန်းရှိပေသည်။ ထို့ကြောင့် သခင်လေးများနှင့် သခင်မလေးများ လုံခြုံသည်ဟု ဆိုနိုင်လေသည်။ သို့ဖြစ်၍လည်း ကောင်းကင်ဘုရင်ယွင်က ယွင်ပင်းကို လိုက်သွားစေခဲ့ခြင်းဖြစ်သည်။

အားလုံး၏ ကောင်းကင်စိတ်အာရုံများက ကျန်းရီအပေါ်တွင် ရှိနေကြ၏။ လမ်းတစ်လျှောက်ရှိ တပ်များမှာ ခွမ်ဟူ၊ ယွင်ပင်းနှင့် အခြားသခင်လေး၊ သခင်မလေးများကို တွေ့သဖြင့် သူတို့အတွက် လမ်းဖယ်ပေးကြပေသည်။ အမွေးတိုင်အနည်းငယ်စာ ကြာပြီးနောက် သူတို့သည် အရှေ့ရှိ အဆင့်နိမ့် တမလွန်ဘုံမိစ္ဆာများကို တွေ့လိုက်ကြ၏။ ထို့ပြင် ၎င်းတို့နှင့် တိုက်ခိုက်နေကြသော တပ်ဖွဲ့များကိုလည်း တွေ့ရပေသည်။

ခွမ်ဟူတို့အုပ်စုသည် အဆင့်နိမ့် တမလွန်ဘုံမိစ္ဆာများကို အရေးမစိုက်ပါ။ သူတို့ အရှေ့သို့ ဆက်ပျံသန်းသွားကြသည်။ တစ်ခဏကြာပြီးနောက် အုပ်ချုပ်သူအဆင့် စစ်သူကြီးတစ်ယောက်က တပ်သားတစ်ထောင်ကျော်ကို ဦးဆောင်၍ ပျံသန်းရောက်ရှိလာ၏။ သူ ယွင်ပင်းနှင့် ခွမ်ဟူတို့အရှေ့သို့ သွားကာ လေးလေးစားစား ဦးညွှတ်လိုက်သည်။ သူက ယန်ကိုးပါးစစ်တပ်မှ စစ်သူကြီးတစ်ယောက်ပင်။ ယခု ယွင်ပင်းနှင့် ခွမ်ဟူတို့က ဆန်းကြယ်နယ်မြေထဲ ရောက်နေရာ သူတို့ အရိုအသေလာပေးရမည် မဟုတ်ပါလား။

“ကိစ္စမရှိပါဘူး.. ကျွန်မတို့ကို မစိုးရိမ်ပါနဲ့။ ကိုယ့်တာဝန်ကိုကိုယ် ဆက်လုပ်ပါ”

ယွင်ပင်းက လက်ဝှေ့ယမ်း၍ စစ်သူကြီးကို ပြန်လွှတ်လိုက်၏။ စစ်သူကြီးသည် သူမတို့၏ လုံခြုံရေးအတွက် တပ်သားရာဂဏန်းအနည်းငယ်လောက် ထားပေးခဲ့လို၏။ တပ်သားများက သူမတို့ကို မကာကွယ်နိုင်လျှင်ပင် လက်တိုလက်တောင်း ကိစ္စများကို လုပ်ပေးနိုင်သည် မဟုတ်ပါလား။ သို့သော် ယွင်ပင်းက ငြင်းလိုက်သည်။ ထို့ကြောင့် စစ်သူကြီး ရွေးချယ်စရာ မရှိတော့ဘဲ သူတပ်ဖွဲ့ကို ခေါ်၍ ထွက်သွားရလေသည်။

သူတို့ ဝေးဝေးရောက်လာလေလေ၊ တမလွန်ဘုံမျိုးနွယ်ဝင်များစွာကို တွေ့လာရလေလေပင်။ ကျန်းရီက တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ သူသည် ဖုန့်နီကို ချိပ်စည်းကျောက်တုံးပေး၍ သူ့တိုက်ခိုက်မှုများကို မှတ်တမ်းတင်ထားစေသည်။ တမလွန်ဘုံမျိုးနွယ်ဝင်များကိုလည်း မည်သူ့အကူအညီမှ မယူဘဲ သူတစ်ယောက်တည်းသာ တိုက်ခိုက်ပေသည်။

“ဟင်းဟင်း...”

ခွမ်ဟူသည် ကျန်းရီ၏ ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံနှင့် အကြိမ်အနည်းငယ် အာရုံခံလိုက်၏။ ကျန်းရီ၏ တိုက်ခိုက်နှုန်းက အလွန်နှေးသည်။ သို့ဖြစ်ရာ ကျန်းရီက ပိုစော၍စလျှင်ပင် သူ သေချာပေါက် နိုင်ဦးမည်သာ။

ခွမ်ဟူ တစ်ခဏမျှ တွေးတောပြီးနောက် လူအုပ်ကို ကျန်းရီဘယ်ဘက်သို့ ဦးဆောင်ခေါ်သွားလိုက်၏။ သူတို့က ကျန်းရီနှင့် ကီလိုမီတာငါးဆယ်အကွာတွင် ရှိနေကြသည်။ ခွမ်ဟူသည် လမ်းတစ်လျှောက်တွင် တွေ့သည့် တမလွန်ဘုံမျိုးနွယ်ဝင်များကို ဖြည်းဖြည်းချင်း ရှင်းပစ်ရင်း ကျန်းရီကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံလျှက် ကျန်းရီ ညစ်၊ မညစ်ကို စောင့်ကြည့်နေပေသည်။

ယွင်ပင်း၏ ကောင်းကင်စိတ်အာရုံကလည်း ကျန်းရီအပေါ်တွင် ရှိနေသည်။ ကောင်းကင်ဘုရင်ယွင်က သူမအား ကျန်းရီကို စောင့်ကြည့်ရန် တာဝန်ပေးထားသည်။ ထို့ကြောင့် သူမ တာဝန်မပေါ့လျော့ဝံ့ပေ။ သူမသည် ခွမ်ဟူ၏အနောက်တွင် ရှိနေသော်လည်း ကျန်းရီကိုသာ အာရုံစိုက်နေ၍ ခွမ်ဟူ၏ တိုက်ခိုက်မှုများကို သတိပင်မထားမိချေ။

“သခင်လေးဟူက အတော်ဆုံးပဲ”

“သခင်လေးဟူက အရမ်းစွမ်းအားကြီးတာပဲ”

“ဝိုး.. သခင်လေးဟူရဲ့ တိုက်ကွက်က အရမ်းမိုက်တာပဲ”

တောက်မျိုးနွယ် ပန်းသုံးပွင့်နှင့် သခင်မလေးကုန်းယန်တို့မှာမူ ကျန်းရီကို အရေးမစိုက်ကြပါ။ သူမတို့သည် ခွမ်ဟူကိုသာ မျက်လုံးအရောင်တလက်လက်နှင့် ကြည့်နေကြသည်။ ခွမ်ဟူက သူမတို့အား သုံးဆောင်မည်ကို သူမတို့ မစောင့်နိုင်ကြတော့ပါ။

သူမတို့လေးယောက်အတွက် ခွမ်ဟူကဲ့သို့သော ယောက်ျားတစ်ယောက်က ကျန်းရီထက် များစွာပို၍ ဆွဲဆောင်မှုရှိနေသည်။ သို့သော် ခွမ်ဟူက သူမတို့ကို စိတ်ဝင်စားသည့်ပုံ မပေါ်ပေ။ သူသည် သူမတို့နှင့် အတူအိပ်ရန်မဆိုထားနှင့် တစ်ခါမှပင် ပရောပရီ မလုပ်ဖူးချေ။

တစ်နာရီကြာပြီးနောက် ကျန်းရီက တိုက်ခိုက်နှုန်းကို မြှင့်တင်၍ အရှေ့သို့ ဆက်ပျံသန်းသွားလိုက်၏။ ခွမ်ဟူ ခပ်ရေးရေးပြုံးလိုက်ပြီး သူ့တိုက်ခိုက်နှုန်းကိုလည်း မြှင့်တင်ကာ ကျန်းရီအတိုင်း အရှေ့သို့ ဆက်ပျံသွားသည်။

ခွမ်ကျန့်၊ ယန်ဖူ၊ တောက်မင်နှင့် အခြားသူများမှာမူ တမလွန်ဘုံမျိုးနွယ်ဝင်များကို ရှင်းလင်းရန် ဆန္ဒ မရှိကြပေ။ သူတို့ လိုက်လာခြင်းမှာ ကျန်းရီတစ်ယောက် မည်ကဲ့သို့ ဒူးထောက်ရှိခိုးမည်ကို အရသာခံ ကြည့်လိုကြ၍သာဖြစ်သည်။ ထို့ပြင် အဆင့်နိမ့် တမလွန်ဘုံမိစ္ဆာများက သူတို့အား အလစ်လာတိုက်လျှင်လည်း သူတို့ ၎င်းတို့ကို အလွယ်တကူ သတ်ပစ်နိုင်ကြပေသည်။

သူတို့ သတ်ရင်း အရှေ့သို့ ဆက်သွားနေကြသည်။ နာရီအနည်းငယ် ကြာပြီးနောက်တွင် ကျန်းရီနှင့် ခွမ်ဟူတို့က ကီလိုမီတာသန်းအနည်းငယ် သွားပြီးသွားကြပေပြီ။ ယခု သူတို့ ဆန်းကြယ်နယ်မြေ အတွင်းပိုင်းထဲ ရောက်လာကြပြီဖြစ်သည်။

ဤဆန်းကြယ်နယ်မြေထဲတွင် စွမ်းအားကြီး တမလွန်ဘုံမျိုးနွယ်ဝင်များ မရှိပေ။ သူတို့သည် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးတစ်ယောက်နှင့်ပင် မတွေ့ခဲ့ကြချေ။ ထို့ကြောင့် ခွမ်ဟူမဆိုထားနှင့် အခြားသူများပင် စိုးရိမ်မနေကြပါ။ အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများ ရှိနေမည်ဆိုလျှင်လည်း ခွမ်ဟူက ကြောက်လိမ့်မည် မဟုတ်ပေ။

‘ဒီလောက်ဆို ရလောက်ပြီ မဟုတ်လား’

ကျန်းရီ စိတ်ထဲမှ တွက်ချက်နေ၏။ သူတို့ တပ်များနှင့် အတော်လေး ဝေးလာခဲ့ပြီဖြစ်ရာ အနီးနားတွင် မည်သူမှ မရှိလောက်တော့ပေ။ ကျန်းရီ၏ လက်ထဲတွင် မီးဝိညာဉ်ပုလဲ ထွက်ပေါ်လာ၏။ သူ ၎င်းကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံ၍ အသံပို့လွှတ်လိုက်၏။

“အရှင်ချီဟုန်... တစ်ချက်လောက် အာရုံခံကြည့်ပေးပါ”

ချီဟုန်က ကောင်းကင်စိတ်အာရုံထုတ်လွှတ်၍ ဆန်းကြယ်နယ်မြေကို အာရုံခံလိုက်၏။ မကြာခင်မှာပင် ကျန်းရီ၏ စိတ်ထဲ၌ အသံပို့လွှတ်မှု ထွက်ပေါ်လာသည်။

“အဆင်ပြေတယ်... ဒီဆန်းကြယ်နယ်မြေထဲမှာ စွမ်းအားကြီး သိုင်းသမားတွေ မရှိဘူး။ ပြီး‌တော့ ဒီနေရာနဲ့ ကီလိုမီတာငါးသန်းပတ်လည်အတွင်းမှာလည်း ပုန်းအောင်းနေတဲ့ စွမ်းအားကြီး သိုင်းသမားတွေ မရှိဘူး”

“ဟုတ်ကဲ့ပါ”

ကျန်းရီ လက်မြှောက်၍ အလင်းတန်းတစ်တန်း ပစ်လွှတ်လိုက်ပြီး တမလွန်ဘုံမျိုးနွယ်ဝင်တစ်စုကို လွင့်ပျံသွားစေလိုက်၏။ ထို့နောက် သူ ရုတ်တရက် လမ်းကြောင်းပြောင်းကာ ခွမ်ဟူထံသို့ ပျံသန်းသွားလိုက်လေသည်။

“အာ...”

ခွမ်ဟူတို့ အတန်ငယ် အံ့အားသင့်သွားကြ၏။ အားလုံး ကျန်းရီကို ကြည့်ကာ ကျန်းရီက မည်သည်ကိုလုပ်ရန် ကြံနေကြောင်း တွေးမရနိုင် ဖြစ်နေကြ၏။ ယွင်ပင်း၏ လှပသော မျက်ဝန်းလေးများက အတန်ငယ် လင်းလက်သွားသည်။ ကောင်းကင်ဘုရင်ယွင်က သူမအား ဟယ်ကျန်းကို စောင့်ကြည့်ထားရန် တာဝန်ပေးခဲ့သည်။ ထိုဟယ်ကျန်းနှင့် ပတ်သတ်၍ အမှန်ပင် တစ်ခုခု မှားနေသည်လော။

“ဟင်းဟင်း...”

ကျန်းရီ၏အကြည့်က ယွင်ပင်းဆီသို့ ရောက်သွား၏။ ရုတ်တရက် သူ အသံပြောင်းကာ သူ၏နဂိုမူအသံနှင့် လက်ဆုပ်ကာ ပြောလိုက်သည်။

“သခင်မလေးယွင်... မတွေ့တာကြာပြီ”

ဂျိန်း...

ယွင်ပင်းသည် ငယ်ထိပ်မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားသွားရ၏။ သူမ၏ သွယ်လျသော ကိုယ်လေး တုန်ယင်သွားပြီး သူမ၏ မျက်ဝန်းများ နီရဲလာသည်။ သူမ နှုတ်ခမ်းတုန်တုန်ယင်ယင်နှင့် တစ်စုံတစ်ခု ပြောရန် ကြိုးစား၏။ သို့သော် တစ်ခွန်းမှ ပြောမထွက်ဘဲ ‘ကောင်းတယ်...’ဆိုသော စကားတစ်လုံးသာ ပြောနိုင်လိုက်လေသည်။

“အာ...”

ယွင်ပင်း၏ ထူးဆန်းသော အပြုအမူများကြောင့် ခွမ်ဟူ၊ ခွမ်ကျန့်နှင့် အခြားသူများ အံ့ဩသွားကြ၏။ ယွင်ပင်းမှာ သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ငိုကြွေးနေပြီဖြစ်သည်။ ခွမ်ဟူ မျက်လုံးအရောင်လက်သွားပြီး လှံရှည်ကို ထုတ်လိုက်သည်။ ထို့နောက် သူ ကျန်းရီကို လှံနှင့်ချိန်ကာ ‌မေးလိုက်လေသည်။

“မင်းဘယ်သူလဲ”

“ဟားဟားဟား”

ကျန်းရီက ကျယ်လောင်စွာ ရယ်လိုက်၏။

“ခွမ်ဟူ... မင်း မှန်းတာ မှန်တယ်။ ငါက မင်းတွေးနေတဲ့သူပဲ”

ရွှီး...

ခွမ်ဟူ၏ လက်ထဲမှ လှံရှည်က လင်းလက်လာ၏။ သူ လှံကို အရှေ့သို့ ထိုးလိုက်ရာ ငါးရောင်ခြယ်နဂါးတစ်ကောင် ထွက်ပေါ်လာသည်။ ထို့ပြင် သူ့လက်ထဲ၌ ကျောက်စိမ်းအဆောင်တစ်ခုလည်း ပေါ်လာသည်။ ၎င်းနောက် ရူးသွပ်မဟာဧကရာဇ်ကို လှမ်းအကူအညီတောင်းရန် ၎င်းအဆောင်ကို ချိုးဖို့ လုပ်လိုက်လေ၏။

“ဟွန်း...”

ကျန်းရီက အေးစက်စွာ နှာမှုတ်လိုက်၏။ ထို့နောက် ‌ဆောင်းဥတုပုလဲထဲမှနေ၍ ငွေရောင်ဆံပင်၊ ငွေရောင်မျက်ဝန်းများရှိသည် ယောက်ျားတစ်ယောက်ကို အပြင်ထုတ်လိုက်သည်။ ထိုယောက်ျား၏ အရှိန်အဝါက တောင်ကြီးတစ်လုံးအလား အားလုံးကို လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာပင် အဖြူရောင်အလင်းတန်းတစ်တန်းက လေကိုဖြတ်၍ ခွမ်ဟူ၏ ဦးခေါင်းထဲ ပျံဝင်သွား၏။ ကျောက်စိမ်းအဆောင်ကို ချိုးရန် ဟန်ပြင်နေသော ခွမ်ဟူ၏လက်က လုံးဝလှုပ်ရှား၍ မရတော့ပေ။

“ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားလား”

ခွမ်ကျန့်နှင့် အခြားသူများ မျက်နှာပျက်သွားကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် အကြောက်တရားများ ပြည့်နှက်သွားသည်။ ထိုအခိုက်တွင် သူတို့သည် အဘယ်ကြောင့် ဟဲ့ရွှီဝမ်က ပျောက်ကွယ်သွားခဲ့ရကြောင်း နားလည်သွားကြသည်။ ကျန်းရီထံတွင် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ရှိနေပေသည်။ သို့ဖြစ်ရာ သူတို့ဘက်က လူအင်အား များသော်လည်း ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် ကျန်းရီက သူမည်သူဖြစ်ကြောင်း ထုတ်ပြလိုက်ပြီဖြစ်၍ သူတို့ကို သေချာပေါက် အရှင်ထားလိမ့်မည် မဟုတ်ကြောင်း သူတို့သိပေသည်။ ယနေ့တွင် သူတို့ အသက်ဘေးမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

***

All Chapters