အကုန်လုံးကို ဖမ်ထားလိုက်
Vol. 133 Ch. 1854
ထျန်းဖုန့်ဧကရာဇ် စတင်လှုပ်ရှားသည်နှင့် တိုက်ပွဲရလဒ်မှာ သေချာသွားပြီဖြစ်သည်။
ခွမ်ဟူကဲ့သို့ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် မဆိုထားနှင့် တောက်နူပင် ထျန်းဖုန့်ဧကရာဇ်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ ခွမ်ကျန့်နှင့် အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားများမှာမူ လှုပ်ပင်မလှုပ်နိုင်ကြပေ။ ယင်းအဖြစ်မှာ ယခင်က မိုးပြာမဟာဧကရာဇ် ကျန်းရီကို တိုက်ခိုက်ခဲ့စဉ်ကကဲ့သို့ ဖြစ်သည်။ ကြောက်မက်ဖွယ် ဖိအားက ဧရာမတောင်ကြီးတစ်လုံးအလား အားလုံးကို မွန်းကြပ်လောက်အောင် ဖိနှိပ်ထားပေသည်။
ဝှစ်...ဝှစ်...
ထျန်းဖုန့်ဧကရာဇ်သည် သိမ်းငှက်တစ်ကောင်အလား ပျံသန်းနေ၏။ သူ့လက်က စူးရှသော လက်သည်းအဖြစ် ပြောင်းလဲသွားပြီး ခွမ်ဟူ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် အသာအယာ စွဲဖြဲလိုက်ရာ ခွမ်ဟူ၏လက် အသားစများ လန်ထွက်သွားသည်။ သူ့လက်ထဲမှ ကျောက်စိမ်းအဆောင်ကိုလည်း ထျန်းဖုန့်ဧကရာဇ်က ယူနိုင်သွားသည်။
ဝုန်း...
ထျန်းဖုန့်ဧကရာဇ်၏ ကျန်လက်တစ်ဘက်က ရုတ်တရက် ခွမ်ဟူ၏ လည်ပင်းကို ဆုပ်ကိုင်လိုက်၏။ စွမ်းအားကြီး မိစ္ဆာစွမ်းအင်က ခွမ်ဟူ၏ ခန္ဓာကိုယ်ထဲ ဝင်သွားပြီး သူ့နတ်ဘုရားအမြုတေကို ချိပ်ပိတ်လိုက်သည်။
“အား...”
ခွမ်ဟူသည် စူးစူးဝါးဝါး နာကျင်မှုကြောင့် သတိပြန်ကပ်လာ၏။ သူ့နတ်ဘုရားအမြုတေက ချိပ်ပိတ်ခံထားရပြီး သူ့လည်ပင်းကို လက်တစ်ဘက်က ဆုပ်ကိုင်ထားကြောင်း ချက်ချင်း ခံစားမိလိုက်သည်။ သူ ရုတ်ခြည်းပင် ကျန်းရီကို လှမ်းကြည့်ကာ အော်ပြောလိုက်လေသည်။
“ကျန်းရီ... မင်း အရင်က မိုးပြာမဟာဧကရာဇ်ကို စော်ကားခဲ့တယ်၊ အခုလည်း ငါတို့ ခွမ်မျိုးနွယ်ကို စော်ကားချင်နေပြီလား။ မင်းက တစ်လောကလုံးကို မင်းရန်သူ ဖြစ်စေချင်တာလား”
“ကျန်းရီ”
လူစုသည် ခေါင်းကို မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ကြရ၏။ ထိုအခိုက်တွင် ထျန်းဖုန့်ဧကရာဇ်၏ အရှိန်အဝါက အတန်ငယ် အားဖျော့သွား၍ သူတို့ ခေါင်းလှုပ်နိုင်လိုက်ကြသည်။ ချက်ချင်းပင် သူတို့အားလုံး အဝေးရှိ ကျန်းရီကို လှမ်းကြည့်လိုက်ကြ၏။
ထိုအခိုက်၌ လူများစွာ သဘောပေါက်သွားကြသည်။ ယခင်တွင် ဟယ်ကျန်း၏ အမည်က သိပ်မကျော်ကြားခဲ့ပါ။ ထို့ကြောင့် အဘယ်ကြောင့် ဟယ်ကျန်းက ထိုမျှစွမ်းအားကြီးနေရသနည်းဟု သူတို့ တွေးမိနေခဲ့ကြသည်။ ထိုစွမ်းအား၊ ထိုအရှိန်အဝါနှင့်ဆိုလျှင် ယခင်ကတည်းက တစ်လောကလုံးတွင် ကျော်ကြားနေခဲ့သင့်သည် မဟုတ်ပါလား။
ယန်ဖူ၏လက်ထဲတွင် ကျောက်စိမ်းအဆောင်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာသည်။ သို့သော် ထျန်းဖုန့်ဧကရာဇ်က ၎င်းကို အေးစက်စက် လှမ်းကြည့်ကာ ပြောလိုက်သည်။
“မင်း သတင်းပို့ရဲလား”
ထျန်းဖုန့်ဧကရာဇ်၏ အေးစက်စက် မျက်ဝန်းများကို တွေ့သောအခါ ယန်ဖူ တုန်ယင်သွား၏။ သူ လက်တုန်တုန်ယင်ယင်နှင့် ကျောက်စိမ်းအဆောင်ကို မြေပေါ်သို့ ပစ်ချလိုက်ရသည်။ ခွမ်ကျန့်၊ တောက်မင်နှင့် အခြားသူများမှာလည်း သတင်းပို့လိုခဲ့ကြ၏။ သို့သော် ထျန်းဖုန့်ဧကရာဇ်က သူတို့ကို ကြည့်လိုက်သောအခါ မည်သူမှ မလှုပ်ဝံ့ကြတော့ပေ။
ရွှီး...
ကျန်းရီသည် ခွမ်ဟူ၏မေးခွန်းကို စကားနှင့်မဖြေဘဲ လုပ်ရပ်နှင့် ဖြေလိုက်၏။ ဆောင်းဥတုပုလဲက ထပ်မံလင်းလက်လာပြီး ကော့ချန်ဘုရင် ထွက်ပေါ်လာ၏။ ဖုန့်နီကလည်း အရှိန်အဝါကို အပြည့်ထုတ်ကာ သူမ၏ ဧကရာဇ်တစ်ပိုင်းအဆင့် တိုက်ခိုက်စွမ်းအားကို ထုတ်ဖော်ပြလိုက်သည်။ ပြီးနောက် သူမနှင့် ကော့ချန်ဘုရင်တို့သည် လူစုကြားထဲ လျင်မြန်စွာ ပျံသန်းသွားလိုက်လေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ထျန်းဖုန့်ဧကရာဇ်၏ အရှိန်အဝါက ဖိနှိပ်ထားသဖြင့် လူစုသည် မလှုပ်နိုင်ဘဲ ရှိနေကြသည်။ ထို့ကြောင့် တစ်ခဏအတွင်းမှာပင် သူတို့အားလုံး ဒဏ်ရာရသွားကြပြီး သူတို့၏ နတ်ဘုရားအမြုတေများ ချိပ်ပိတ်ခံလိုက်ရသည်။ အသက်နှစ်ရှူစာအတွင်းမှာပင် ယွင်ပင်းမှလွဲ၍ ကျန်သူအားလုံးကို ကိုင်တွယ်ပြီးသွားပေသည်။
ယွင်ပင်း၏ မျက်ဝန်းများထဲတွင် မျက်ရည်စများ ရှိမနေတော့ပါ။ ထိုအစား သူမ ကြက်သေသေနေသည်။ ခွမ်ဟူက ခွမ်မျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ်ဖြစ်ပြီး ယန်ဖူမှာ ယန်မဟာဧကရာဇ်၏ မျိုးဆက်ဖြစ်သည်။ ကျန်းရီက အမှန်ပင် တစ်လောကလုံးကို သူ့ရန်သူ ဖြစ်စေလိုနေသည်လော။
“အကုန်လုံးကို ဖမ်းထားလိုက်”
ကျန်းရီသည် အားလုံးကို မသတ်လိုက်ပါ။ ထိုအစား ကော့ချန်ဘုရင်နှင့် ထျန်းဖုန့်ဘုရင်တို့အား အားလုံးကို ဆောင်းဥတုပုလဲထဲ ထည့်လိုက်ရန် ခိုင်းလိုက်သည်။ သူ ထိုလူများကို အချိန်မရွေး သတ်ပစ်နိုင်သည်။ အကယ်၍ သူတို့ကို ဓားစာခံလုပ်ထားမည်ဆိုလျှင် သူ့၌ နိုင်ကွက်ရှိနေမည်လည်းဖြစ်သည်။ ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်နှင့် မိုးပြာမဟာဧကရာဇ်တို့က သူ့နောက်လိုက်လာလျှင် ဓားစာခံအချို့ ရှိထားပါက ပိုကောင်းသည် မဟုတ်ပါလား။
ရွှီး...
ဆောင်းဥတုပုလဲက အကြိမ်အနည်းငယ် လင်းလက်သွား၏။ ထို့နောက် ထျန်းဖုန့်ဧကရာဇ်နှင့် ကော့ချန်ဘုရင်တို့လည်း ပျောက်ကွယ်သွားကြသည်။ ခွမ်ဟူတို့အားလုံး ဆောင်းဥတုပုလဲ ရောက်သွားပြီဖြစ်သည်။ ဖုန့်နီမှာမူ လိုက်ဝင်မသွားဘဲ ကျန်းရီဘေးတွင် ရပ်နေ၏။ ယွင်ပင်းမှာ ပို၍ပင် စိတ်မသက်မသာ ဖြစ်လာပြီး ကျန်းရီကို အံ့အားသင့်သော မျက်ဝန်းများနှင့် ကြည့်လိုက်၏။
ထိုအခိုက်တွင် ကျန်းရီက ဤလောကမှ မဟုတ်ဟုပင် ယွင်ပင်း ခံစားနေရသည်။ သူမ သူ့ကို မတွေ့ရသည်မှာ တစ်နှစ်ကျော်သာ ရှိသေးသည်။ သို့သော် သူ့ထံတွင် သူ့စကားကို နားထောင်သော ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ပင် ရှိနေပြီလော။ ထို့ပြင် ဧကရာဇ်တစ်ပိုင်းအဆင့် နောက်လိုက်နှစ်ယောက်လည်း ရှိနေသည်လော။
“သခင်မလေးယွင်... သခင်မလေး ပြန်သွားနိုင်ပါတယ်”
ကျန်းရီက ပြုံး၍ ယွင်ပင်းကို ကြည့်ကာ ပြောလိုက်၏။
“ပြီးတော့ ကျွန်တော့်ကိုယ်စား ကောင်းကင်ဘုရင်ဝေနဲ့ သခင်မလေးရဲ့အဘိုးကို ကျေးဇူးတင်ကြောင်း ပြောပေးပါ။ တကယ်လို့ တစ်ယောက်ယောက်က ဒီနေ့ ဘာဖြစ်ခဲ့တာလဲလို့ မေးလာရင် သူတို့ကို အမှန်အတိုင်းသာ ပြောပြလိုက်ပါ။ ကျွန်တော် ဘယ်သူဆိုတာ ပေါ်သွားလည်း ကိစ္စမရှိတော့ပါဘူး။ ဒါပေမဲ့ သခင်မလေး နည်းနည်းလောက် အချိန်ဆွဲပေးနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ကျွန်တော်က ခွမ်ဟူတို့နဲ့ တိုက်ခိုက်ပြီးတော့ သူတို့အကုန်လုံး ပျောက်သွားတယ်လို့ ပြောနိုင်ပါတယ်။ အင်း... ကျွန်တော် သွားရတော့မယ်။ မိုးပြာမဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်နဲ့ ရူးသွပ်မဟာဧကရာဇ်တို့က ဒီကို မကြာခင် ရောက်လာတော့မယ်ထင်တယ်။ သခင်မလေးယွင်... ကံမကုန်ရင် ပြန်ဆုံကြတာပေါ့”
ကျန်းရီသည် အာကာစုတ်ဖြဲလက်အိတ်ကို ထုတ်၍ ဆန်းကြယ်နယ်မြေ၏ အာကာပြင်ကို စုတ်ဖြဲကာ အာကာသထဲ ထွက်သွားရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်တွင် ယွင်ပင်းက ရုတ်တရက် အော်ပြောလိုက်သည်။
“ဟင့်အင်း ကျန်းရီ... ရှင် ကျွန်မကို ဒီမှာ ထားခဲ့လို့ မရဘူး”
ကျန်းရီ မျက်မှောင်ကြုတ်ကာ ယွင်ပင်းကို လှည့်ကြည့်၍ နားမလည်နိုင်ဟန်နှင့် မေးလိုက်၏။
“ဘာလို့လဲ”
ယွင်ပင်းသည် တစ်ခဏမျှ တွေးတောနေပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်။
“ကျန်းရီ... အခု တမလွန်ဘုံမျိုးနွယ်နဲ့ လူသားမျိုးနွယ်က နေရာအနှံ့မှာ စစ်ဖြစ်နေတယ်။ ဆန်းကြယ်နယ်မြေအပြင်ဘက်မှာလည်း စစ်တပ်တွေ ပြည့်နေတယ်။ ရှင် ခွမ်ဟူတို့ကို ဖမ်းသွားတယ်ဆိုတဲ့သတင်း ပေါက်ကြားသွားတာနဲ့ အဲ့စစ်တပ်တွေအကုန်လုံးက ရှင့်ကို လိုက်ရှာကြလိမ့်မယ်။ မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နဲ့ ယန်မဟာဧကရာဇ်တို့ကလည်း ရှင့်နောက် လိုက်လာကြလိမ့်မယ်...”
“အဲ့တော့ ရှင် ဒီကိစ္စကို ကြာကြာ ဖုံးကွယ်ထားနိုင်လေလေ၊ ရှင် ပိုလုံခြုံလေလေပဲ။ ပြီးတော့ ရှင် ဝေးဝေးကိုလည်း ထွက်ပြေးနိုင်လိမ့်မယ်။ ရှင် ကျွန်မကို ဒီမှာထားခဲ့ရင် ဟာကွယ်တစ်ခု ရှိလာလိမ့်မယ်။ မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နဲ့ ယန်မဟာဧကရာဇ်တို့က ကျွန်မကို မကြာခင်မှာ ရှာတွေ့မှာပဲ။ သူတို့ရဲ့ စိတ်ဝိညာဉ်တွေက အရမ်းအားကောင်းတော့ ကျွန်မကို မေးနေစရာတောင်လိုမှာ မဟုတ်ဘူး။ သူတို့ ကျွန်မရဲ့ စိတ်ဝိညာဉ်ကို တိုက်ရိုက်စစ်ဆေးလိုက်တာနဲ့ ဘာဖြစ်ခဲ့တယ်ဆိုတာကို ချက်ချင်း သိသွားမှာပဲ။ ပြီးရင် သူတို့က ရှင့်ရဲ့ ဝှက်ဖဲတွေကိုလည်း သိသွားလိမ့်မယ်”
ယွင်ပင်း၏ စကားများက အဓိပ္ပာယ်ရှိ၏။ ဖုန့်နီသည် ခေတ္တမျှ တွေးတောပြီးနောက် အသံပို့လွှတ်လိုက်သည်။
“သခင်... သခင်မလေးယွင်ကို တကယ်ပဲ ဒီမှာထားခဲ့လို့ မဖြစ်ဘူး။ မဟုတ်ရင် ကောင်းကင်မိစ္ဆာဘုံအကြောင်းလည်း ပေါ်သွားလိမ့်မယ်။ တကယ်လို့ မဟာဧကရာဇ်သုံးပါးသာ ကောင်းကင်မိစ္ဆာဘုံကို သွားမယ်ဆိုရင် ဘယ်သူမှ ရှင်သန်နိုင်မှာ မဟုတ်ဘူး”
“အာ...”
ကျန်းရီ အခက်တွေ့သွား၏။ သူ ယွင်ပင်းကို ဤနေရာတွင် ထားခဲ့၍ မရလျှင် သူမကို သတ်ခဲ့ရမည်လော သို့မဟုတ် ဖမ်းခေါ်သွားရမည်လော။ သို့တည်းမဟုတ် ထျန်းဖုန့်ဧကရာဇ်အား သူမ၏မှတ်ဉာဏ်များကို ချိပ်ပိတ်ခိုင်းလိုက်ရမည်လော။
ယွင်ပင်းသည် ကျန်းရီက အခက်ကြုံနေသည်ကို မြင်သောအခါ သတ္တိမွေး၍ ပြောလိုက်သည်။
“ကျန်းရီ... ကျွန်မကို ခေါ်သွားပါ။ နောက်မှ ရှင် ကျွန်မကို ပြန်ပို့ပေးလို့ ရတာပဲ”
“ခေါ်သွားရမှာလား”
ကျန်းရီ အတန်ငယ် မှင်တက်သွားပြီး ခေါင်းခါကာ ပြောလိုက်၏။
“မဖြစ်ပါဘူး သခင်မလေးယွင်။ သခင်မလေးက ရုတ်တရက် ပျောက်သွား၇င် သခင်မလေးရဲ့ အဘိုးနဲ့ မိဘတွေက သေလောက်အောင် စိုးရိမ်နေလိမ့်မယ်”
“အဲ့ဒါက အဆင်ပြေပါတယ်”
ယွင်ပင်းက ချိုသာစွာ ပြုံး၍ သူမ၏ သိုလှောင်လက်စွပ်ထဲမှနေ၍ ကျောက်စိမ်းဆံထိုးတစ်ခုကို ထုတ်လိုက်၏။ ထို့နောက် သူမ ပျံဆင်းသွားပြီး ကျောက်စိမ်းဆံထိုးကို တောင်ငယ်လေးတစ်လုံးထဲသို့ ထိုးထည့်လိုက်သည်။ သူမသည် အနီးမှ ကျောက်တုံးလေးများကို သုံး၍ပင် အလှဆင်လိုက်သေးသည်။ ပြီးမှ ပြန်ပျံတက်လာပြီး ပြုံးကာ ပြောလိုက်သည်။
“ရပြီ... အဘိုးက အဲ့ကျောက်စိမ်းဆံထိုးကို မြင်ရင် ကျွန်မ အဆင်ပြေတယ်ဆိုတာကို သိမှာပဲ”
“ဒါပေမဲ့...”
ကျန်းရီက အတန်ငယ် ချီတုံချတုံ ဖြစ်နေသေးသည်။
“အခု ကျွန်တော်က အရမ်းအန္တရာယ်များတဲ့ အခြေအနေထဲ ရောက်နေတယ်ဆိုတာကို သခင်မလေးလည်း သိမှာပါ။ သခင်မလေး ကျွန်တော့်နောက်ကို လိုက်လာရင် ဒုက္ခတွေ တွေ့ရနိုင်မယ်”
“ဘာဖြစ်နိုင်မှာမို့လို့လဲ”
ယွင်ပင်းက အလွန်ပြတ်သားစွာ ပြောသည်။
“ရှင့်ရဲ့ မိတ်ဆွေတွေက အရမ်းစွမ်းအားကြီးတယ် မဟုတ်ဘူးလား။ သူတို့ကို ကျွန်မလို မိန်းကလေးတစ်ယောက်ကိုတောင် မကာကွယ်ပေးနိုင်ဘူးလား။ ပြီးတော့ မိုးပြာမဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်နဲ့ ရူးသွပ်မဟာဧကရာဇ်တို့နဲ့ တွေ့ရင်တောင် သူတို့က ကျွန်မကို မသတ်ရဲပါဘူး”
“အဲ့ဒါဆိုလည်း ကောင်းပြီလေ”
အချိန်မှာ ကြပ်တည်းနေ၏။ ကျန်းရီ ကြာရှည် မနှောင့်နှေးဝံ့ပေ။ ကမ္ဘာဦးကောင်းကင်ဘုံအပြင်ဘက် နေရာအနှံ့တွင် စစ်တပ်များ ရှိနေသည်။ မဟာဧကရာဇ်သုံးပါးက အမိန့်ပေးလိုက်သည်နှင့် ထိုစစ်တပ်များက သူ့ကို လိုက်ရှာကြပေလိမ့်မည်။
ကျန်းရီ ဟွင့်သွမ့်ချီပုလဲကို ထုတ်ကာ ပြောလိုက်သည်။
“ကျွန်တော့်မှာ လေဟာနယ်နတ်ဘုရားအသုံးအဆောင် နောက်တစ်ခု ရှိပါသေးတယ်။ သခင်မလေးယွင်ကို ဒုက္ခပေးရတော့မှာပဲ”
ယွင်ပင်းက ချိုသာစွာ ပြုံးပြလိုက်၏။ ထိုအခါ ကျန်းရီက သူမကို ဟွင့်သွမ့်ချီပုလဲထဲ ထည့်လိုက်သည်။ ပြီးနောက် ကျန်းရီ အာကာပြင်ကို စုတ်ဖြဲကာ ဖုန့်နီကို ခေါ်၍ အာကာသဟင်းလင်းပြင်ထဲ ထွက်သွားလိုက်လေသည်။
“သွားကြစို့...”
အာကာသဟင်းလင်းပြင်ထဲ ရောက်သည်နှင့် ကျန်းရီနှင့် ဖုန့်နီတို့သည် ချက်ချင်း အနောက်ဘက်သို့ ဦးတည်ပျံသန်းသွားကြ၏။ ချီဟုန်က မီးနဂါးဓား၏ ဆဋ္ဌမမြောက် အစိတ်အပိုင်းမှာ အနောက်ဘက်တွင် ရှိသည်ဟု ပြောခဲ့သည်။ သို့သော် ၎င်းက မည်သည့်နေရာတွင် ဖြစ်ကြောင်း သူ အတိအကျတော့ အာရုံမခံနိုင်ပေ။ ထို့ကြောင့် ကျန်းရီတို့ တစ်ဖြောင့်တည်းသာ ပျံသန်းနေရပေသည်။
ကျန်းရီနှင့် ဖုန့်နီတို့သည် ကောင်းကင်စိတ်အာရုံများ သုံး၍ ပတ်ဝန်းကျင်ကို အာရုံခံနေကြ၏။ ပြဿနာ အရိပ်အယောင်များကို တွေ့လျှင် သူတို့ ချက်ချင်း ရှောင်ရှားကြမည်ဖြစ်သည်။ သို့သော် ချီဟုန် ရှိနေ၍ သူက ကင်းလှည့်တပ်များကို သူတို့နားသို့ အကပ်ခံလိမ့်မည် မဟုတ်ချေ။
ကျန်းရီသည် ဟွင့်သွမ့်နတ်ဘုရားလှေကို အပိုင်စီးရန် မတွေးဝံ့တော့ပေ။ ထိုသို့လုပ်လိုက်လျှင် ခြေရာလက်ရာများ ကျန်ခဲ့နိုင်သည်။ ယခင်တစ်ခေါက်ကလည်း သူ ထိုအတိုင်း ရှာတွေ့ခံခဲ့ရခြင်း မဟုတ်ပါလား။
‘အနောက်ဘက်...’
ကျန်းရီသည် မည်းမှောင်နေသော ဟင်းလင်းပြင်ကြီးကို ကြည့်၍ စိတ်ထဲမှ ဆုတောင်းနေ၏။ မီးနဂါးဓား၏ အစိတ်အပိုင်းက ကမ္ဘာဦးကောင်းကင်ဘုံနှင့် သိပ်မဝေးသော ဆန်းကြယ်နယ်မြေတစ်ခုတွင် ရှိနေပါစေဟု သူ မျှော်လင့်နေမိသည်။ ၎င်းက အခြားဘုံတစ်ခုထဲတွင် ဖြစ်နေ၍ မရပေ။ မဟုတ်လျှင် သူ့တစ်သက်လုံး ရှာတွေ့လိမ့်မည် မဟုတ်ချေ။
ကမ္ဘာဦးကောင်းကင်ဘုံက ကောင်းကင်ဘုံ၏ အရှေ့အကျဆုံးအပိုင်းတွင် ရှိသည်။ အနောက်ဘက်တွင်မူ ဘုံကြီးကိုးဘုံရှိသည်။ ၎င်းဘုံအားလုံးကို တမလွန်ဘုံက ထိန်းချုပ်ထားပေသည်။
***