← Chapters

လှည့်ဖျားခြင်း

Vol. 133 Ch. 1856

လှည့်ဖျားခြင်း

Vol. 133 Ch. 1856

သန်းဆယ်ချီသော တပ်သားများက ရှောင်ထွက်၍မရသော ပိုက်ကွန်ကြီးတစ်ခုကို ဆင်ထား၏။ ရူးသွပ်မဟာဧကရာဇ်သည်လည်း စွမ်းအားကြီး သိုင်းသမားတစ်စုကို ဦးဆောင်၍ တစ်လောကလုံးတွင် လိုက်ရှာနေသည်။ သို့သော် ကျန်းရီက ထပ်မံ ပျောက်ကွယ်သွားသဖြင့် ကောင်းကင်ဘုံမှ မျိုးနွယ်အားလုံး စိတ်ပျက်သွားကြရသည်။ သူသည် ပြီးခဲ့သော အခေါက်ကကဲ့သို့ပင် ခြေရာလက်ရာမကျန်ဘဲ ပျောက်သွားပေသည်။

သုံးရက်ကြာ ရှာဖွေပြီးနောက် မျိုးနွယ်များသည် လက်လျှော့လာကြ၏။ ထိုမျှကြာအောင် ရှာပြီးသည်ပင် ကျန်းရီကို ရှာမတွေ့သေးလျှင် မျှော်လင့်ချက် မရှိတော့ပေ။

ပြီးခဲ့သည့်အခေါက်တွင် ကျန်းရီက ဤသို့ပင် ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့ပြီး တစ်နှစ်ကျော်ကြာမှ ကောင်းကင်ဘုံတွင် ပြန်ပေါ်လာသည် မဟုတ်ပါလား။ ဤတစ်ကြိမ်၌ သူက ခွမ်ဟူနှင့် အခြားသခင်လေး၊ သခင်မလေးများကိုပါ ဖမ်းခေါ်သွားသေးသည်။ သူတို့ သူ့ကို ရှာတွေ့နိုင်ရန်မှာ အမှန်ပင် မလွယ်ကူပါချေ။

ရူးသွပ်မဟာဧကရာဇ် ဒေါသူပုန်ထနေသည်။ သူသည် ဒေါသကြောင့် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများစွာကို သတ်ပစ်ခဲ့သည်ဟုလည်း ဆိုကြသည်။ တောက်နူ၊ တောက်လန်နှင့် တောက်နုတို့လည်း အမျက်ချောင်းချောင်း ထွက်နေကြသည်။ ကျန်းရီ အသက်ရှင်နေသေးသ၍ တောက်မျိုးနွယ်၏ ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ဤတစ်ကြိမ်၌ ကျန်းရီက တောက်မျိုးနွယ်မှ သခင်မလေးသုံးယောက်ကိုလည်း ဖမ်းခေါ်သွားပေသည်။

ငါးရက်... ဆယ်ရက်...

ရူးသွပ်မဟာဧကရာဇ် ပြန်သွား၏။ သူ၏ အမဲလိုက်မှုမှာ ရှုံးနိမ့်သွားပေပြီ။ တပ်သားများစွာနှင့် စွမ်းအားကြီး သိုင်းသမားများလည်း ကျန်းရီကို ရှာမတွေ့ပေ။ ရှာမတွေ့သည်မှာ သဲလွန်စတစ်ခုပင် ရှာမတွေ့ခြင်းဖြစ်သည်။ လက်ရှိတွင် အာကာသဟင်းလင်းပြင်ထဲ၌ တမလွန်ဘုံမျိုးနွယ်ဝင်များ ပြည့်နှက်နေသည်။ အခြေအနေတစ်ခုလုံးမှာ အရှုပ်ထုပ်ကြီးတစ်ခု ကဲ့သို့ပင်။ ထိုအခြေအနေ၌ ကျန်းရီကို ရှာတွေ့မှသာ ထူးဆန်းနေမည်ဖြစ်သည်။

မျိုးနွယ်များသည် တုန်လှုပ်၍လည်း လာကြသည်။ တစ်နှစ်ကျော်အတွင်းမှာပင် ကျန်းရီ၏ တိုက်ခိုက်စွမ်းအားက ထိုမျှ တိုးတက်လာသည်လော။ ထို့ပြင် သူ၏ ရုပ်ဖျက်အတတ်ကလည်း ပိုအဆင့်မြင့်သွားသည်လော။

ကောင်းကင်ဘုရင်မူနှင့် အခြားကောင်းကင်ဘုရင်များသည် ဟယ်ကျန်းအတု ယန်ကိုးပါးမြို့ထဲ ရောက်လာခဲ့စဉ်က သူ့ကို အာရုံခံကြည့်ခဲ့ကြ၏။ သို့သော် မည်သည့် မူမမှန်မှုကိုမှ မတွေ့ခဲ့ကြပေ။ ထို့ကြောင့် ယခုတွင် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများပင် သူ၏ရုပ်ဖျက်မှုကို ဖောက်မမြင်နိုင်တော့ကြောင်း ထင်ရှားပေသည်။

တိုက်ခိုက်စွမ်းအားအလွန်ကြီးပြီး ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများပင် ဖောက်မမြင်နိုင်အောင် ရုပ်ဖျက်နိုင်သော အရူးတစ်ယောက်က ကောင်းကင်ဘုံတွင် ထွက်ပေါ်လာလိုက်၊ ပြန်ပျောက်သွားလိုက်နှင့် လုပ်ကာ မျိုးနွယ်အသီးသီးမှ သခင်လေးများနှင့် သခင်မ‌လေးများကို တစ်ကြိမ်လျှင် နည်းနည်းစီ ဖမ်းခေါ်သွားနေပါက နှစ်အနည်းငယ်အတွင်း၌ သခင်လေးများ၊ သခင်မလေးများသည် သူတို့၏အိမ်ထဲမှပင် ထွက်ဝံ့ကြတော့မည် မဟုတ်သည် မဟုတ်ပါလား။

ကျန်းရီမှာ မြက်တောထဲတွင် ပုန်းနေသော အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ပင်။ သူက ပုံမှန်အားဖြင့် ပေါ်မလာသော်လည်း သူ ပေါ်လာသည်နှင့် လူသတ်နိုင်ပေသည်။ သို့သော် ထိုအဆိပ်ပြင်းမြွေကို မည်သူမှလည်း လိုက်မရှာနိုင်ချေ။ ထိုခံစားချက်မှာ ရူးချင်စရာအကောင်းဆုံး၊ ကြောက်စရာအကောင်းဆုံးဖြစ်သည်။

ရူးသွပ်မဟာဧကရာဇ်က ပြန်သွားပြီဖြစ်သော်လည်း ခွမ်မျိုးနွယ်မှာ လက်မလျှော့သေးပေ။ သို့ရာတွင် စစ်တပ်၏ လိုက်ရှာပုံမှာ ပြောင်းလဲသွားပြီဖြစ်သည်။ သူတို့သည် သတင်းအချက်အလက်များ စုံစမ်းရန် သူလျှိုများနှင့် ထောက်လှမ်းရေးများကိုသာ စေလွှတ်လိုက်ကြသည်။ ကမ္ဘာဦးကောင်းကင်ဘုံထဲရှိ မြို့တိုင်းတွင် ခွမ်မျိုးနွယ်၏ သူလျှိုများရှိသည်။ ခွမ်ဟူမှာ ခွမ်မျိုးနွယ်၏ အနာဂတ်ဖြစ်သည်။ သူ မသေသေးသ၍ လက်မလျှော့ဘဲ လိုက်ရှာရပေမည်။

***

ကျန်းရီက ကမ္ဘာဦးကောင်းကင်ဘုံထဲတွင် မဟုတ်ပါ။ သူက အနောက်ဘက်သို့ ဦးတည်ပျံသန်းသွားခြင်းပင်။ စစ်တပ်များက သူ့ကို ရှာမတွေ့ရသည့်အကြောင်းမှာမူ သူက တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက်အဖြစ် ရုပ်ဖျက်၍ တမလွန်ဘုံစစ်တပ်ကြားတွင် ဝင်ရောနေခဲ့၍ဖြစ်သည်။

ကျန်းရီသည် ထိုအကြံကို ကိုယ်တိုင်ရခြင်းမဟုတ်ပေ။ သူ ထိုသို့လည်း တွေးပင်မတွေးဝံ့ခဲ့ချေ။ ချီဟုန်က သူ့ကို ထိုသို့လုပ်ရန် အကြံပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် အဆင့်နိမ့် တမလွန်ဘုံမိစ္ဆာတစ်ကောင်အဖြစ် ရုပ်ဖျက်၍ တပ်ပျက်ပြီး၍ အားနည်းနေပြီဖြစ်သော တမလွန်ဘုံစစ်တပ်တစ်တပ်ထဲ ဝင်ရောက်လိုက်သည်။ ထိုတပ်ထဲတွင် မိစ္ဆာညှို့ဓာတ်သားရဲများ ရှိသည်။ ၎င်းတို့၏ အရေအတွက်က သောင်းကျော်ပြီး ၎င်းတို့အားလုံးကို အဆင့်မြင့် မိစ္ဆာညှို့ဓာတ်သားရဲတစ်ကောင်က ဦးဆောင်၍ တမလွန်ဘုံသို့ ပြန်ခေါ်သွားနေပေသည်။

ကျန်းရီ၏ ဝိညာဉ်တံလျှပ်အတတ်က အလွန်စွမ်းအားကြီးသည်။ ထိုတံလျှပ်က ရုပ်သွင်နှင့် စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းလဲနိုင်ရုံသာမက တမလွန်ဘုံမျိုးနွယ်၏ အရှိန်အဝါကိုလည်း တုပနိုင်သည်။

ယခု ကျန်းရီ၏ ပုံစံမှာ မိစ္ဆာညှို့ဓာတ်သားရဲတစ်ကောင်နှင့် တစ်ထေရာတည်း တူနေသည်။ သူက အလောင်းကောင်တစ်ကောင်ကဲ့သို့ ဖြစ်သော်လည်း သူ့ခေါင်းတွင် မျက်လုံးအပိုတစ်လုံး ရှိနေသည်။ သို့သော် ထိုမျက်လုံးမှာ မည်သို့မှ အသုံးမဝင်ပါ။ ပုံစံတူနေစေရန် တုပထားခြင်းသာဖြစ်သည်။ အခြား မိစ္ဆာညှို့ဓာတ်သားရဲများလို ထိုမျက်လုံးမှနေ၍ စိတ်ဝိညာဉ်တိုက်ခိုက်မှုများ မပစ်လွှတ်နိုင်ပါ။

မိစ္ဆာညှို့ဓာတ်သားရဲများမှာ အတန်ငယ် အဆင့်မြင့်သော တမလွန်ဘုံမိစ္ဆာအမျိုးအစားတစ်မျိုးဟု ဆိုနိုင်သည်။ သို့သော် ၎င်းတို့၏ အသိဉာဏ်မှာမူ မမြင်ကြပေ။ ထို့ကြောင့် ကျန်းရီက ပုံစံနှင့် အရှိန်အဝါကို ၎င်းတို့နှင့် တစ်ပုံစံတည်းတူအောင် ပြောင်းလိုက်သောအခါ သူ ၎င်းတို့ကြားထဲ အလွယ်တကူ ဝင်‌ရောလိုက်နိုင်ပေသည်။

လမ်းတစ်လျှောက်တွင် ထိုစစ်တပ်သည် ပြန်ဆုတ်လာခဲ့သော အခြားတမလွန်ဘုံစစ်တပ်များနှင့် ပေါင်းစည်းခဲ့သည်။ သို့ဖြင့် သူတို့ အနောက်ဘက်သို့ ရောက်လာလေလေ၊ စစ်တပ်က ပိုကြီးလာလေလေပင်။ ထို့ကြောင့် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီး အရေအတွက်လည်း ပိုများလာသည်။

သို့သော် မည်သည့် တမလွန်ဘုံစစ်သူကြီးကမှ သာမန်တမလွန်ဘုံမိစ္ဆာလေးဖြစ်သော ကျန်းရီကို အရေးမစိုက်ကြပေ။ ထို့ပြင် ကျန်းရီသည် သူ့ဘက်၌ ထျန်းဖုန့်ဧကရာဇ်နှင့် ချီဟုန်တို့ ရှိနေသဖြင့် အလွန်ယုံကြည်မှု ရှိနေသည်။ ချီဟုန်သည် ကျန်းရီအား သူ့ကို တမလွန်ဘုံဘုရင်တစ်ပါးက မစစ်ဆေးသ၍ သူ့အကြောင်း ပေါ်သွားမည်မဟုတ်ဟု ပြောထားသည်။ ထို့ကြာင့် ကျန်းရီ ပို၍ပင် ယုံကြည်မှု ရှိနေပေသည်။

လမ်းတစ်လျှောက်တွင် တမလွန်ဘုံစစ်တပ်ကြီးသည် အင်အားကြီး လူသားစစ်တပ်များနှင့် မတွေ့ခဲ့သည်တော့ မဟုတ်ပါ။ သို့သော် လူသားမျိုးနွယ်များက ကျန်းရီနှင့် ခွမ်ဟူတို့ကို ရှာရန်သာ လောနေကြသဖြင့် တမလွန်ဘုံစစ်တပ်ကို အရေးမစိုက်ကြပေ။ သူတို့သည် တမလွန်ဘုံစစ်တပ်ကို အဝေးမှ ထောက်လှမ်း၍သာ ရှောင်ထွက်သွားကြသည်။ သူတို့သည် တိုက်ပွဲစရန် မဆိုထားနှင့် အနားပင် ကပ်မလာကြပေ။

ထို့ကြောင့် သန်းဆယ်ချီသော တပ်သားများနှင့် ရူးသွပ်မဟာဧကရာဇ်ကိုယ်တိုင် လိုက်ရှာခဲ့သော်လည်း ကျန်းရီ၏ သဲလွန်စတစ်ခုကိုပင် ရှာမတွေ့ခဲ့ခြင်းဖြစ်သည်။ ကျန်းရီသည် တမလွန်ဘုံစစ်တပ်ထဲ ရောပါလိုက်သွားပြီး အနောက်ဘက်သို့ အေးအေးချမ်းချမ်း သွားနေပေသည်။

ဆယ်ရက်ကျော် ကုန်ဆုံးသွားသည်။ ကျန်းရီသည် သူ မည်မျှဝေးဝေးအထိ ပျံသန်းခဲ့သည်ကိုပင် မသိတော့‌ပေ။ ဤနေရာမှ ဆန်းကြယ်နယ်မြေများတွင် အင်အားနည်းသော လူသားစစ်တပ်ငယ်လေးများသာ ရှိတော့သည်။ ထို့ပြင် လူသားများ စောင့်ကြပ်နေသော ဆန်းကြယ်နယ်မြေများမှာလည်း တစ်ဒါဇင်မျှသာ ရှိတော့ပေသည်။

ကျန်းရီ ရင်ထဲ ပို၍ ပို၍ လေးလာ၏။ သူ အနောက်ဘက်သို့ ရက်အနည်းငယ် ဆက်ပျံသန်းလျှင် တမလွန်ဘုံက ထိန်းချုပ်ထားသော နယ်မြေအတွင်း ရောက်သွားပေတော့မည်။ ချီဟုန်သည် မီးနဂါးဓား၏ အစိတ်အပိုင်းက အနောက်ဘက်တွင် ရှိနေသည်ဟု ခံစားနေရဆဲဖြစ်သည်။ အစိတ်အပိုင်းက အလွန်ဝေးသောနေရာတွင် ရှိနေပုံရသည်။ သို့‌သော် သူ နေရာအတိအကျကိုတော့ အာရုံမခံနိုင်ပေ။

အကယ်၍ မီးနဂါးဓား၏ အစိတ်အပိုင်းက ဆန်းကြယ်နယ်မြေတစ်ခုထဲတွင်ဆိုလျှင် ပြဿနာမရှိပေ။ တမလွန်ဘုံဘုရင်တစ်ပါးက ဆန်းကြယ်နယ်မြေတစ်ခုထဲတွင် ထွက်ပေါ်လာမည် မဟုတ်ပါ။ သို့သော် ဘုံကြီးတစ်ဘုံထဲတွင် ဆိုလျှင်တော့ သေချာပေါက် တမလွန်ဘုံဘုရင်တစ်ပါး ရှိနေပေလိမ့်မည်။ သို့ဆိုလျှင် ကျန်းရီအကြောင်း ပေါ်သွားသည်နှင့် သူ ပြန်နိုင်တော့မည် မဟုတ်ပေ။

ယွင်ပင်းက ဟွင့်သွမ့်ချီပုလဲထဲတွင် ရှိနေသေးသည်။ ဖုန့်နီသည်လည်း ထိုပုလဲထဲ အထည့်ခံထားရသည်။ ထို့ကြောင့် ကျန်းရီ သေလျှင် အကုန်သေမည်ဖြစ်သည်။ ထျန်းဖုန့်ဧကရာဇ်ပင် မလွတ်နိုင်လောက်ပေ။ တမလွန်ဘုံဘက်တွင် ဘွဲ့ထူးရ တမလွန်ဘုံဘုရင် သုံးဆယ့်ခြောက်ပါး ရှိသည် မဟုတ်ပါလား။ ထို့ပြင် သာမန်တမလွန်ဘုံဘုရင် မည်မျှ ရှိကြောင်းကိုလည်း မည်သူက သိမည်နည်း။ ထိပ်တန်း တမလွန်ဘုံဘုရင်ဆယ်ပါးက ဧကရာဇ်အဆင့် တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်ဟုလည်း ဆိုကြပေသည်။

ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ တမလွန်ဘုံဧကရာဇ်ဖြစ်သည်။

ချီဟုန်သည် တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာတော့မည်ဟု ပြောခဲ့သည်။ သူက အစွမ်းအပြည့်ပင် ပြန်ရနေလောက်ပြီး လတ်တလေတွင် ထွက်မလာသေးခြင်းပင် ဖြစ်နိုင်သည်။ ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်ကြောင်းသာ ပေါ်သွားလျှင် တမလွန်ဘုံဧကရာဇ် ထွက်လာနိုင်ခြေ ရှိပေသည်။

သို့‌သော် ကျန်းရီတွင် အခြားရွေးချယ်စရာလည်း မရှိပေ။ သူ မီးနဂါးဓား၏ အစိတ်အပိုင်း ခုနစ်ခုလုံးကို မရှာနိုင်လျှင် မီးနဂါးဓားက ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်အစစ်အမှန် ဖြစ်လာမည် မဟုတ်ချေ။ သူ လက်နက်၏ စွမ်းအားကိုလည်း အပြည့်အဝ သုံးနိုင်မည် မဟုတ်။ ထို့ကြောင့် ဓား၏ အစိတ်အပိုင်းအားလုံးကို ရှာတွေ့ရပေမည်။ သို့ဖြင့် ကျန်းရီတစ်‌ယောက် စိုးတထိတ်ထိတ်နှင့်သာ တမလွန်ဘုံစစ်တပ်နှင့်အတူ ဆက်လိုက်သွားရလေသည်။

တမလွန်ဘုံတပ်သား အရေအတွက်မှာ များ၍ များ၍ လာ၏။ ဤတစ်ခေါက်တွင် သန်းဆယ်ချီသော လူသားတပ်သားများက အာကာသထဲ ထွက်လာ၍ တမလွန်ဘုံတပ်သားများစွာ ပြန်ဆုတ်လာခဲ့ခြင်းဖြစ်သည်။

ဟင်းလင်းပြင်တစ်ခုလုံးတွင် မြူခိုးနက်များနှင့် မကောင်းသော အေးစက်စက် အရှိန်အဝါများ ပြည့်နှက်နေသည်။ ရှိန်လောက်ဖွယ် အသွင်အပြင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များမှာလည်း အဆက်မပြတ် ဟိန်းဟောက်နေကြသည်။ ကျန်းရီနေရာတွင် အခြားသူတစ်ယောက်ဆိုပါက ကြောက်သေးပါပြီးနေလောက်ပေပြီ။

တမလွန်ဘုံစစ်တပ်ထဲတွင် ဆယ်ရက်ကျော် နေပြီးနောက် ကျန်းရီသည် တမလွန်ဘုံအရှိန်အဝါ၏ လွှမ်းမိုးမှုကို အဆက်မပြတ် ခံလာရ၏။ အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများက သတိပြုမိသွားမည်စိုး၍ သူ တံဆိပ်စာလုံးများကို ထုတ်မသုံးဝံ့ပေ။ ထို့ကြောင့် ကောင်းကင်ဝါးမျိုသားရဲလေးကိုသာ သူ့စိတ်ဝိညာဉ်ပင်လယ်ထဲတွင် နေစေ၍ ဝင်လာသော တမလွန်ဘုံအရှိန်အဝါမှန်သမျှာကို ဝါးမျိုပစ်ရန် အကူအညီတောင်းထားရပေသည်။

သို့သော် ထိုသားရဲလေးက အအိပ်မက်၏။ အထူးသဖြင့် ဗိုက်ဝနေချိန်မျိုးတွင် ၎င်း စိတ်မထိန်းနိုင်ပဲ အိပ်ပစ်တတ်သည်။ အိပ်စက်ခြင်းက ၎င်း ဝါးမျိုထားသည့် စွမ်းအင်များကို ချေဖျက်ပေးနိုင်ပြီး ၎င်းကို ကြီးထွားစေကာ၊ ဆင့်ကဲ့ပြောင်းလဲစေသည်။ ယခုတွင် သားရဲလေးက တမလွန်ဘုံအရှိန်အဝါများကို ဆယ်ရက်ကျော် ဝါးမျိုးခဲ့ပြီးဖြစ်ရာ အိပ်ချင်နေပြီဖြစ်သည်။ သူ အိပ်ပျော်သွားသည်နှင့် ကျန်းရီသည် တမလွန်ဘုံအရှိန်အဝါများကို ခုခံရန် သူ့အားသူကိုးရပေလိမ့်မည်။ သို့သော် တမလွန်ဘုံအရှိန်အဝါများက သူ့ကို အဆက်မပြတ် တိုက်ခိုက်နေရာ သူ မည်မျှကြာကြာ ခုခံနိုင်ပါမည်နည်း။

“ခုခံမနေနဲ့တော့”

ရုတ်တရက် ကျန်းရီ၏ စိတ်ထဲ၌ အသံပို့လွှတ်မှုတစ်ခု ထွက်ပေါ်လာ၏။ ချီဟုန်က အသံပို့လွှတ်လိုက်ခြင်းပင်။

“ငါ ခပ်ရေးရေး အာရုံခံနိုင်ပြီ။ အစိတ်အပိုင်းက ကောင်းကင်ဝိညာဉ်ဘုံထဲမှာပဲ။ မင်း ကောင်းကင်ဝိညာဉ်ဘုံထဲ ဝင်ချင်ရင် မင်းဆီမှာ တမလွန်ဘုံအရှိန်အဝါ ရှိနေမှရမယ်။ မင်းရဲ့အသိစိတ် ဖျက်ဆီးမခံရအောင် ငါ မင်းစိတ်ဝိညာဉ်ကို တစ်ခုခု လုပ်ပေးထားပါမယ်။ မင်း ယာယီလောက် တမလွန်ဘုံအရှိန်အဝါ ထိန်းချုပ်တာကို ခံလိုက်။ မဟုတ်ရင် မင်း ကောင်းကင်ဝိညာဉ်ဘုံထဲ ဝင်လိုက်တာနဲ့ ချက်ချင်း ပေါ်သွားပြီး အသတ်ခံရလိမ့်မယ်”

“အာ...”

ကျန်းရီ တုန်ယင်သွား၏။ တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ယာယီ ခံရမည်လော။ သို့ဆိုလျှင် သူက တမလွန်ဘုံရုပ်သေးရုပ် ဖြစ်မသွားသလော။ ချီဟုန်က သူ့အသိစိတ်ကို ကာကွယ်မပေးနိုင်လျှင် သူ ထာဝရ တမလွန်ဘုံရုပ်သေးရုပ် ဖြစ်သွားရမည် မဟုတ်လော။

***

All Chapters