← Chapters

တမလွန်ဘုံ၏ တော်ဝင်မိသားစု

Vol. 133 Ch. 1857

တမလွန်ဘုံ၏ တော်ဝင်မိသားစု

Vol. 133 Ch. 1857

ကျန်းရီ၏ နှလုံးသားသည် ဗုံတစ်လုံးကဲ့သို့ တဒုန်းဒုန်း ခုန်နေ၏။ ချီဟုန်က ယုံကြည်မှု ရှိနေပုံ ပေါ်သော်လည်း သူလုပ်ရမည့် ကိစ္စမှာ အသေးအဖွဲလေး မဟုတ်ပေ။ တမလွန်ဘုံရုပ်သေးရုပ် ဖြစ်ရသည်ထက် သေသွားရသည်က ပိုကောင်းသည် မဟုတ်ပါလား။

ကျန်းရီ တစ်ခဏမျှ နှုတ်ဆိတ်နေပြီးမှ စိတ်ထဲမှနေ၍ မေးလိုက်သည်။

“အရှင်ချီဟုန်... အရှင် ဘယ်လောက် ယုံကြည်မှုရှိပါသလဲ”

ချီဟုန်က ချက်ချင်း အသံပြန်ပို့လွှတ်၏။

“မင်း ထိပ်တန်းတမလွန်ဘုံဘုရင် ဆယ်ပါးနဲ့ မတွေ့သ၍ ပေါ်သွားမှာ မဟုတ်ဘူး။ မင်းရဲ့ အသိစိတ် ဖျက်ဆီးမခံရအောင်လည်း ငါ ကာကွယ်ပေးနိုင်တယ်။ အဲ... မင်း ကံဆိုးပြီး သာမန် တမလွန်ဘုံဘုရင်တစ်ပါး တိုက်ခိုက်တာကို ခံလိုက်ရရင်တော့ တမလွန်မျိုးနွယ်ဝင်တစ်ယောက် ဖြစ်သွားလိမ့်မယ်။ ဆုံးဖြတ်တာကိုတော့ မင်းဘာသာ ဆုံးဖြတ်ပါ။ ဒီအစိတ်အပိုင်းကို ယူဖို့ မင်း ပိုသန်မာလာတဲ့အခါကျမှ ကြိုးစားကြည့်ချင်လည်း ကြိုးစားကြည့်လို့ရတယ်”

ကျန်းရီ နှုတ်ဆိတ်သွားသည်။ ယခု သူ ပြန်ဆုတ်မည်ဆိုလျှင် ဆုတ်၍ ရနိုင်သေးသည်။ စစ်တပ်ထဲ၌ အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများ ရှိနေသော်လည်း ထျန်းဖုန့်ဧကရာဇ် ရှိနေလျှင် သူ အလွယ်တကူ လွတ်မြောက်နိုင်လောက်ပေသည်။ သို့သော် ပိုသန်မာလာသည်အထိ စောင့်မည်ဆိုလျှင်မူ မည်မျှကြာအောင် စောင့်ရပါမည်နည်း။

ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမား တစ်ယောက်ပင် ကောင်းကင်ဝိညာဉ်ဘုံထဲ ဝင်မည်ဆိုလျှင် လူသားဖြစ်ကြောင်း ပေါ်သွားနိုင်ခြေ ရှိသေးသည်။ တမလွန်ဘုံဧကရာဇ်ကလည်း ထွက်ပေါ်လာတော့မည်ဖြစ်သည်။ သူ နှစ်အနည်းငယ် ထပ်စောင့်လိုက်လျှင် ကောင်းကင်ဝိညာဉ်ဘုံက ပို၍ပင် အန္တရာယ်များသွားနိုင်ပေသည်။

နောက်ဆုံးတွင် ကျန်းရီသည် စွန့်စား၍ ကောင်းကင်ဝိညာဉ်ဘုံသို့ သွားရန် ဆုံးဖြတ်လိုက်၏။ သူ၏ သေရေးရှင်ရေးက အရေးမကြီးတော့ပေ။ ယခု သူ့ထံ၌ ပို၍အရေးကြီးသော တာဝန်တစ်ခု ရှိနေသည်။ သူ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကိုယ်စား လူသားမျိုးနွယ်ကို ကာကွယ်ရမည်။ သူ ခွမ်ဟူကို မသတ်ခဲ့ခြင်းမှာ လူသားမျိုးနွယ်ဘက်မှ စွမ်းအားကြီး သိုင်းသမား အရေအတွက် လျော့သွားမည်ကို စိုး၍ဖြစ်ပေသည်။

သို့သော် ထုတ်ပြောရလျှင် ရယ်စရာကောင်းသည့် အချက်တစ်ခုလည်း ရှိနေ၏။ ကောင်းကင်ဘုံမှ ထိပ်သီးများကမူ ကျန်းရီကို အစိတ်စိတ်အမွှာမွှာ လုပ်ပစ်လိုနေကြသည်။ သူ့မိသားစုနှင့် မိတ်ဆွေများလည်း အချိန်မရွေး သေသွားနိုင်သည်။ သို့သော် ကျန်းရီသည် လူသားမျိုးနွယ်၊ ခွမ်မျိုးနွယ်နှင့် တောက်မျိုးနွယ်တို့ကို ကာကွယ်ရန် တွေးနေပေသေးသည်။

ယခင်တွင် ကျန်းရီသည် လူသားမျိုးနွယ်ကို ကာကွယ်ပေးလိုစိတ် မရှိခဲ့ပေ။ သို့သော် ဟယ်နုန်ယင်း၏ စကားများကို နားထောင်ခဲ့ပြီးနောက် လူသားမျိုးနွယ်၏ အကျိုးကို ကြည့်တတ်ကြသော လူသားများလည်း ရှိနေသေးကြောင်း သိခဲ့ရသည်။ ထို့ပြင် ချီဟုန် ထွက်ပေါ်လာမှုကလည်း သူ့အား ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို အမှတ်ရစေသည်။ ထို့ကြောင့် ယခု သူ တာဝန်ယူလိုစိတ် ရှိလာပြီဖြစ်သည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သူ့ကို ရွေးခဲ့ရာ ထိုလမ်းက မည်မျှခက်ခဲပါစေ၊ သူ အဆုံးထိ ရောက်နိုင်သည်ဖြစ်စေ၊ မရောက်နိုင်သည်ဖြစ်စေ ကြိုးစားကြည့်ရပေမည်။

ကျန်းရီအနေဖြင့် ပထမဆုံး လုပ်ရမည်မှာ မီးနဂါးဓား၏ အစိတ်အပိုင်းအားလုံးကို အတူတကွ ပြန်ပေါင်းစည်းရန်ဖြစ်သည်။ မီးနဂါးဓားက ယခုအထိ မူလပုံစံကို ပြန်မရသေးပေ။ သို့ဖြစ်ရာ သူက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဟု မည်သို့ ဆိုနိုင်ဦးမည်နည်း။ တမလွန်ဘုံမျိုးနွယ်နှင့် တိုက်ခိုက်ရာတွင် လောကထဲမှ ပညာရှင်အားလုံးကို မည်သို့ အမိန့်ပေးနိုင်မည်နည်း။

ကျန်းရီ စိတ်ဆုံးဖြတ်လိုက်သည်။ သူ မည်သည်ကိုမှ အရေးမစိုက်တော့ဘဲ ကောင်းကင်ဝါးမျိုးသားရဲလေးကို သူ့စိတ်ဝိညာဉ်ပင်လယ်ထဲတွင် အိပ်ခိုင်းလိုက်သည်။ ထို့နောက် သူ တမလွန်ဘုံအရှိန်အဝါများကို မခုခံတော့ဘဲ ၎င်းတို့အား သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို လွှမ်းမိုးခွင့် ပေးလိုက်လေသည်။

ကျန်းရီ၏ လက်ထဲတွင် မီးဝိညာဉ်ပုလဲက တိတ်တဆိတ် ထွက်ပေါ်လာ၏။ ၎င်းနောက် မီးဝိညာဉ်ပုလဲထဲမှနေ၍ ထူးဆန်းသော စွမ်းအင်တစ်မျိုး ထွက်လာကာ သူ့ခန္ဓာကိုယ်ထဲ ဝင်သွားသည်။ ထိုစွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲမှနေ၍ သူ့စိတ်ဝိညာဉ်ထဲ ဆက်ဝင်သွားလေသည်။

မျှော်လင့်ထားသကဲ့သို့ပင်...

တမလွန်ဘုံအရှိန်အဝါများက ကျန်းရီ၏ စိတ်ဝိညာဉ်ထဲ လျင်မြန်စွာ ကျူးကျော်လာကြ၏။ မကြာခင်တွင် သူ့စိတ်ဝိညာဉ်သည် အနက်ရောင်အရှိန်အဝါ၏ ဝန်းရံမှုကို ခံလိုက်ရသည်။ သို့သော် ကျန်းရီ အသိစိတ် ပျောက်မသွားပေ။ သူ့ခန္ဓာကိုယ်မှာ အနက်ရောင်အခိုးအငွေ့များ၏ လွှမ်းခြုံမှုကို ခံထားရသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အားကောင်းသော တမလွန်ဘုံအရှိန်အဝါလည်း ရှိလာသည်။ ယခုတွင် သူသည် တမလွန်ဘုံမိစ္ဆာတစ်ကောင်နှင့် မခြားတော့ပေ။

‘ဟုတ်ပြီ...’

အသိစိတ်ကျန်နေသေးသ၍ ကျန်းရီ တံဆိပ်စာလုံးများကို ထိန်းချုပ်ကာ တမလွန်ဘုံအရှိန်အဝါများကို အချိန်မရွေး ဖယ်ရှားပစ်နိုင်ပေသည်။ ပြီးလျှင် သူ လူသားပုံစံပြန်ပြောင်းနိုင်မည်ဖြစ်သည်။

ယခုတွင် ကျန်းရီ လုံးဝစိတ်အေးသွား၏။ အစော၌ သူ စိုးထိတ်နေခဲ့သော်လည်း ယခု ပေါ်ပေါ်ထင်ထင် ပျံသန်းနေသည်။ သူက တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက် ဖြစ်သွားပြီ မဟုတ်ပါလား။ ထိပ်တန်းတမလွန်ဘုံဘုရင် ဆယ်ပါးနှင့် မတွေ့သ၍၊ သာမန် တမလွန်ဘုံဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကို မခံရသေးသ၍ သူ့အကြောင်းကို မည်သည့် တမလွန်ဘုံမျိုးနွယ်ဝင်ကမှ သိနိုင်မည် မဟုတ်ပေ။

ခရီးက ပျင်းစရာကောင်းသည်။ ထို့ပြင် ရန်သူဖြစ်သော တမလွန်ဘုံမျိုးနွယ်ဝင်များကြားတွင် ရောနှောနေနေရရာ ကျန်းရီ အလွန်စိတ်ပျက်နေသည်။ ဤအခြေအနေမှာ သူ့ဘဝတွင် ကြုံခဲ့ရသည်များထဲက ဒုတိယမချင့်မရဲအဖြစ်ရဆုံး အခြေအနေ ဖြစ်သည်။ ပထမမှာမူ နတ်ဆိုးချောက်နက်အောက်မှ ရေအေးကန်ထဲတွင် နေခဲ့ရသော အခြေအနေဖြစ်ပေသည်။

သို့သော် ရေအေးကန် အတွေ့အကြုံက ကျန်းရီကို ပို၍ ပြတ်သားလာစေသည်။ သူသည် မီးနဂါးဓား၏ အစိတ်အပိုင်းကို ရအောင်ရှာရန် စိတ်ပိုင်းဖြတ်ထားသည်။ ကောင်းကင်ဝိညာဉ်ဘုံသို့ရောက်အောင် ဤနေရာမှနေ၍ တစ်နှစ်ကြာ သွားရမည်ဆိုလျှင်ပင် သူ နောက်ဆုတ်မည် မဟုတ်ချေ။

အမှန်တွင် ကောင်းကင်ဝိညာဉ်ဘုံက ကမ္ဘာဦးကောင်းကင်ဘုံနှင့် သိပ်မဝေးပါ။ တမလွန်ဘုံစစ်တပ်၏ သွားနှုန်းကသာ နှေးနေခြင်းဖြစ်သည်။ အကယ်၍ ကျန်းရီသာ အရှိန်အပြည့်နှင့် ပျံသန်းသွားမည်ဆိုလျှင် ကောင်းကင်ဝိညာဉ်ဘုံသို့ ဆယ်ရက်ကျော်အတွင်း ရောက်သွားနိုင်ပေသည်။ သို့သော် ယခုတွင်မူ ရက်နှစ်ဆယ် ပျံသန်းပြီးနောက်တွင်ပင် မရောက်သေးပေ။

လမ်းတစ်လျှောက်တွင် ကျန်းရီသည် ဆန်းကြယ်နယ်မြေများစွာကို တွေ့ခဲ့၏။ ထိုဆန်းကြယ်နယ်မြေများကို တမလွန်ဘုံမျိုးနွယ်က သိမ်းပိုက်ထားသည်။ တမလန်ဘုံမျိုးနွယ်သည် ဆန်းကြယ်နယ်မြေများစွာတွင် တပ်စွဲထားရာ ကမ္ဘာဦးကောင်းကင်ဘုံတစ်ခုလုံးကို အဘက်ဘက်မှ ဝန်းရံထားနိုင်လုနီးပါး ရှိနေ၏။ ယခု သူတို့သည် လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်ရန် တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာမည်ကို စောင့်နေခြင်းသာ ဖြစ်ပေသည်။

နှစ်ဆယ့်ရှစ်ရက်...

နောက်ဆုံးတွင် ကျန်းရီသည် အရှေ့မှ အလင်းစက်ကြီးကို တွေ့လိုက်ရ၏။ အရှေ့သို့ ဆက်ပျံသန်းသွားရာ အလင်းစက်ကြီးက ပိုကြီး၍ ကြီး၍ လာသည်။ နေ့ဝက်ကြာ ပျံသန်းပြီးနောက် ကျန်းရီ ကောင်းကင်ဝိညာဉ်ဘုံ အပြင်သို့ ရောက်သွားလေသည်။

ကောင်းကင်ဘုံ၏ ဘုံဆယ်ခုထဲတွင် ကောင်းကင်ဝိညာဉ်ဘုံက အသေးဆုံးဖြစ်၏။ အတိတ်တွင် ထိုဘုံကို မိစ္ဆာမျိုးနွယ်က ထိန်းချုပ်ခဲ့သည်။ ထိုစဉ်တုန်းက ကောင်းကင်ဝိညာဉ်ဘုံကို မိစ္ဆာမျိုးနွယ်က ထိန်းချုပ်ခဲ့ပြီး၊ တမလွန်ဘုံကို တမလွန်ဘုံမျိုးနွယ်က ထိန်းချုပ်ခဲ့သည်။ ကျန်သော ဘုံရှစ်ဘုံကိုမူ လူသားမျိုးနွယ်က ထိန်းချုပ်ခဲ့ပေသည်။ တမလွန်ဘုံမျိုးနွယ်က ကောင်းကင်ဝိညာဉ်ဘုံကို တိုက်ခိုက်ခဲ့သောအခါတွင်မူ မိစ္ဆာမျိုးနွယ်၏ မဟာဧကရာဇ် ဒါဇင်ကျော် အသတ်ခံခဲ့ရသည်။ ကျန်သော မိစ္ဆာအရှင်လေးပါးမှာ မိစ္ဆာမျိုးနွယ်ကို ခေါ်၍ ကောင်းကင်မိစ္ဆာဘုံသို့ ထွက်ပြေးခဲ့ရလေသည်။

မိစ္ဆာအရှင်လေးပါးက မိစ္ဆာမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းကိုသာ ကောင်းကင်မိစ္ဆာဘုံသို့ ခေါ်သွားနိုင်ခဲ့သည်။ ကောင်းကင်ဝိညာဉ်ဘုံတွင် ကျန်ခဲ့သော သန်းသောင်းချီသည့် မိစ္ဆာများမှာမူ တမလွန်ဘုံမျိုးနွယ်၏ ထိန်းချုပ်မှုကို ခံခဲ့ကြရသည်။ သို့ဖြင့် ၎င်းတို့က တမလွန်ဘုံရုပ်သေးရုပ်များ ဖြစ်လာခဲ့ကြသည်။ ၎င်းတို့တွင် မည်သည့်ဝိညာဉ်၊ မည်သည့်အသိစိတ်မှ မရှိကြတော့ပေ။ ၎င်းတို့သည် အသေကောင်များအလားသာ လျှောက်သွားနေနိုင်ကြပေသည်။

ဝူ...ဝူ...

စွမ်းအားကြီး တမလွန်ဘုံမိစ္ဆာတစ်ကောင်က အကြိမ်အနည်းငယ် အူလိုက်၏။ ထို့နောက် ထူးဆန်းသော တမလွန်ဘုံမိစ္ဆာတစ်ကောင်က ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို ထိုးဖောက်လိုက်သည်။ ထိုမြင်ကွင်းမှာ တိမ်တိုက်များကြားထဲ မြားတစ်စင်း ဖြတ်ပျံသွားသကဲ့သို့ပင်။

ထို့နောက် ဆန်းကြယ်သောအရာတစ်ခု ဖြစ်ပေါ်လာသည်။ ထူးဆန်းသော တမလွန်ဘုံမိစ္ဆာက ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို ထိုးဖောက်ပြီးနောက် အမှန်ပင် လမ်းကြောင်းငယ်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းက ဆက်ထိုးဖောက်လေ၊ လမ်းကြောင်းက ကြီး၍လာလေပင်။ ထိုအခါ စွမ်းအားကြီး တမလွန်ဘုံမိစ္ဆာက နှစ်ကြိမ် အူလိုက်သည်။ ယင်းနောက်တွင် တမလွန်ဘုံစစ်တပ်ကြီးသည် လမ်းကြောင်းထဲ လျင်မြန်စွာ ချီတက်သွားလိုက်လေသည်။

ဟူး...

ကျန်းရီ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ တမလွန်ဘုံဘုရင်များနှင့် မကြုံရပါစေနှင့်ဟု ဆုတောင်းလိုက်၏။ ကောင်းကင်ဝိညာဉ်ဘုံထဲတွင် သေချာပေါက် တမလွန်ဘုံဘုရင်တစ်ပါးတော့ ရှိမည်ဖြစ်ကြောင်း သူသိသော်လည်း ၎င်းနှင့် မကြုံရစေဖို့ မျှော်လင့်မိနေပေသေးသည်။

ကျန်းရီသည် သူ့အရှေ့မှ တမလွန်ဘုံမျိုးနွယ်ဝင်များ ကောင်းကင်ဝိညာဉ်ဘုံထဲ ဝင်သွားပြီးသည်အထိ တိတ်တဆိတ် စောင့်နေလိုက်၏။ တမလွန်ဘုံမျိုးနွယ်သည် လူသားမျိုးနွယ်ထက် စည်းမျဉ်းများကို ပိုအရေးစိုက်သည်။ အဆင့်နိမ့် လူသားသိုင်းသမားများက အဆင့်မြင့် လူသားသိုင်းသမားများ၏ အမိန့်များကို ဆန့်ကျင်နိုင်သော်လည်း အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များသည် အဆင့်မြင့် တမလွန်ဘုံမျိုးနွယ်ဝင်များကို မည်သည့်အခါတွင်မှ မလွန်ဆန်နိုင်ကြပေ။ ၎င်းတို့သည် လွန်ဆန်ရန်လည်း မတွေးမိကြချေ။

နှစ်နာရီကြာပြီးနောက် ကျန်းရီ၏ အလှည့် ရောက်လာသည်။ သူ မိစ္ဆာညှို့ဓာတ်သားရဲစစ်တပ်နောက်မှလိုက်ကာ လမ်းကြောင်းကို ဖြတ်၍ ကောင်းကင်ဝိညာဉ်ဘုံထဲ ဝင်လိုက်သည်။ အထဲရောက်သည်နှင့် သူ ကောင်းကင်စိတ်အာရုံကို မထုတ်ဝံ့တော့ပေ။ အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များတွင် ကောင်းကင်စိတ်အာရုံ မဆိုထားနှင့် သန်မာသော စိတ်ဝိညာဉ်ပင် မရှိသည် မဟုတ်ပါလား။

မူလတမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တမလွန်ဘုံရုပ်သေးရုပ်များက ကွာခြား၏။ တမလွန်ဘုံရုပ်သေးရုပ်များမှာ တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံလိုက်ရသော လူသားများနှင့် မိစ္ဆာများကို ရည်ညွှန်းခြင်းဖြစ်သည်။ ၎င်းတို့က တမလွန်ဘုံမျိုးနွယ်ထဲတွင် အဆင့်အနိမ့်ဆုံးဖြစ်ကြသည်။ ၎င်းတို့တွင် မည်သည့်စိတ်ဝိညာဉ်မှ မရှိသလို အသေကောင်များကဲ့သို့သာ လျှောက်သွားနိုင်ကြသည်။

မူလတမလွန်ဘုံမျိုးနွယ်ဝင်များမှာမူ ကွဲပြားကြ၏။ ၎င်းတို့က တမလွန်ဘုံထဲမှနေ၍ မွေးဖွားလာကြသူများဖြစ်ကြာပြီး စိတ်ဝိညာဉ် ပိုင်ဆိုင်ကြသည်။ အဆင့်မြင့် တမလွန်ဘုံမျိုးနွယ်ဝင်များဆိုလျှင် စကားပြောနိုင်သလို တမလွန်ဘုံမျိုးနွယ်၏ စွမ်းအားကြီးစွမ်းရည်များကိုပင် ကျင့်ကြံနိုင်ကြသည်။

ယခု ကျန်းရီ ရုပ်ဖျက်ထားသော မိစ္ဆာညှို့ဓာတ်သားရဲများမှာ မူလတမလွန်ဘုံမျိုးနွယ်ဝင်များထဲတွင် ပါသည်။ သို့သော် အဆင့်မြင့်တော့ မဟုတ်ပေ။ အသိဉာဏ်မှာလည်း မမြင့်မားကြပေ။ ထို့ကြောင့် ၎င်းတို့က အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများကို ကြောက်ကြသည်။ ၎င်းတို့ကြားက အဆင့်က အလွန်ကွာခြားသည် မဟုတ်ပါလား။ သို့ဖြစ်ရာ ကျန်းရီလည်း ကောင်းကင်စိတ်အာရုံ မထုတ်လွှတ်ဝံ့ပေ။ မဟုတ်လျှင် သူ့အကြောင်း ချက်ချင်းပေါ်သွားမည် မဟုတ်ပါလား။

ကျန်းရီ ပတ်ဝန်းကျင်ကိုလည်း လှည့်ပတ်မကြည့်ဝံ့ပါ။ သူ နာခံစွာနှင့်သာ စစ်တပ်နှင့်အတူ အောက်ဘက်သို့ ပျံဆင်းသွားသည်။ အောက်ဘက်က မည်းမှောင်နေပြီး မီးခိုးများ ဝေ့နေသည်။ ထိုမီးခိုးများထဲတွင် မရေမတွက်နိုင်သော တစ္ဆေသရဲများ အိပ်စက်နေသကဲ့သို့ပင်။ အောက်မှနေ၍ မကောင်းသော အေးစက်စက် အရှိန်အဝါများလည်း ထွက်နေသည်။ ထို့ကြောင့် ကျန်းရီ ရင်ခုန်မြန်လာလေသည်။

မီးခိုးနက်များကို ဖြတ်ပြီးနောက် စစ်တပ်က အောက်ဘက်သို့ ရောက်ရှိသွား၏။ ထိုအခါမှ သူ မသိမသာ လှည့်ပတ်ကြည့်လိုက်သည်။ သူ တုန်လှုပ်သွား၏။

အောက်ဘက်တွင် ဧရာမမြို့ကြီးတစ်မြို့ ရှိနေသည်။ ထိုမြို့က လူသားမျိုးနွယ်၏မြို့နှင့် အလွန်ဆင်တူသည်။ မြို့အပြင်တွင် အကာအရံများပင် တောက်ပနေသေးသည်။ အကာအရံများမှာ အကြည်ဖြစ်ရာ သူ မြို့ထဲကို ရှင်းရှင်းလင်းလင်း မြင်နေရပေသည်။

ကျန်းရီကို ပို၍ အံ့အားသင့်စေသည်မှာ မြို့ထဲ၌ မည့်သည့် မကောင်းသော အရှိန်အဝါမှ ရှိမနေခြင်းပင်။ မြို့က အလွန်လည်း လှပသည်။ အရေးအကြီးဆုံးမှာမူ မြို့ထဲ၌ လူသားများနှင့် မကွဲပြားသော သတ္တဝါများ သွားလာနေကြခြင်းပင်။ မြို့အပြင်တွင် တမလွန်ဘုံမျိုးနွယ်ဝင်များသာ ရှိမနေလျှင် လူသားမြို့တစ်မြို့သို့ ရောက်သွားခြင်းဟု ကျန်းရီ ထင်မိပေလိမ့်မည်။

“အံ့ဩတဲ့ပုံ မပြနဲ့။ အခု မင်းက ဘယ်သူဆိုတာကို သတိထားဦး။ တမလွန်ဘုံမျိုးနွယ်က မင်းကို သံသယဖြစ်သွားအောင် မလုပ်နဲ့”

ကျန်းရီ၏ စိတ်ထဲတွင် အသံပို့လွှတ်မှုတစ်ခု ထွက်ပေါ်လာ၏။

“အောက်က မြို့ထဲမှာ တမလွန်ဘုံရဲ့ တော်ဝင်မိသားစု နေတာ။ သူတို့က တမလွန်ဘုံဧကရာဇ်ရဲ့ မျိုးဆက်တွေပဲ။ တမလွန်ဘုံရဲ့ တော်ဝင်မိသားစုက လူသားတွေနဲ့ သိပ်မကွာဘူး။ တစ်ခုတည်းသော ကွာခြားချက်က သူတို့က တမလွန်ဘုံရဲ့ ကျင့်စဉ်တွေကို ကျင့်ကြံတာပဲရှိတယ်။ ငါ အစိတ်အပိုင်းကို အာရုံခံမိနေတယ်။ အဲ့ဒါက ကောင်းကင်ဝိညာဉ်ဘုံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ကောင်းကင်ဝိညာဉ်မြို့ထဲမှာပဲ။ အဲ့ဒါက တမလွန်ဘုံ တော်ဝင်မိသားစုက စွမ်းအားကြီး သိုင်းသမားတစ်ယောက်ယောက်ရဲ့ လက်ထဲမှာ ဖြစ်ရမယ်။ အရင်ဆုံး မင်း ဒီအနီးနားမှာ ပုန်းနေပြီးမှ ကောင်းကင်ဝိညာဉ်မြို့ကို သွားဖို့ အခွင့်အရေး ရှာပေါ့”

***

All Chapters