← Chapters

အားလုံးတိုက်ပွဲသို့

Vol. 133 Ch. 1858

အားလုံးတိုက်ပွဲသို့

Vol. 133 Ch. 1858

တမလွန်ဘုံ၏ တော်ဝင်မိသားစုမှာ အလွန်ထူးခြားသော ဖြစ်တည်မှုတစ်ခုဖြစ်သည်။ သူတို့၏ သွေးတစ်ဝက်မှာ လူသားသွေးဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တမလွန်ဘုံဧကရာဇ်နှင့် ထိပ်တန်းတမလွန်ဘုံဘုရင် ဆယ်ပါးတို့က လူသားမိန်းမများကို လက်ထပ်၍ ထူးဆန်းသော သွေးနှောမျိုးနွယ်တစ်ခုကို မွေးထုတ်ခဲ့၍ပင်။ ထိုနည်းဖြင့် တမလွန်ဘုံ၏ တော်ဝင်မိသားစု ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က တမလွန်ဘုံဧကရာဇ်သည် ဘုံတစ်ခုကိုသာ ထိန်းချုပ်ထားနိုင်ခဲ့သည်။ တစ်လောကလုံးမှာ ကောင်းကင်ဧကရာဇ်၏ အုပ်စိုးမှုအောက်တွင် ဖြစ်သည်။ တမလွန်ဘုံမျိုးနွယ်နှင့် လူသားမျိုးနွယ်မှာလည်း ချစ်ကြည်ရင်းနှီးခဲ့ကြသည်။ ထိုတုန်းက တမလွန်ဘုံမျိုးနွယ်မှာ ယနေ့ခေတ် တမလွန်ဘုံမျိုးနွယ်ကဲ့သို့ ကြောက်စရာမကောင်းခဲ့ပေ။ သူတို့က ထူးခြားသောမျိုးနွယ်တစ်ခုသာ ဖြစ်သည်။ တမလွန်ဘုံဧကရာဇ်နှင့် ထိပ်တန်းတမလွန်ဘုံဘုရင်ဆယ်ပါးတို့က လူသားအသွင် ပြောင်းထားခဲ့ကြသည်။ သူတို့သည် လူသားမျိုးနွယ်နှင့် ချစ်ကြည်ရေးအတွက် လူသားမိန်းများကို လက်ထပ်ခဲ့ကြသည်။

ထိပ်တန်းတမလွန်ဘုံဘုရင်ဟောင်း ဆယ်ပါးမှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။ တမလွန်ဘုံဧကရာဇ်ကသာ အကြိမ်ကြိမ် ပြန်ဝင်စားနိုင်သည့် ဆန်းကြယ်သော ကျင့်စဉ်တစ်ခုကို ကျင့်ကြံခဲ့၍ ယနေ့ခေတ်အထိ ရှင်သန်နေနိုင်ခြင်းဖြစ်သည်။ တမလွန်ဘုံကလည်း အမြဲ သူ့ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့သည်။ တမလွန်ဘုံဧကရာဇ် ရှိနေ၍ တမလွန်ဘုံထဲတွင် အချင်းချင်း စစ်မက်ကြီးများ မဖြစ်ပွားခဲ့ပေ။ ထို့ကြောင့် တမလွန်ဘုံက အင်အား ကြီး၍ ကြီး၍ လာသည်။ ဆန်းကြယ်နယ်မြေများစွာကိုလည်း လျှို့ဝှက်ထိန်းချုပ်ထားရာ မရေမတွက်နိုင်သော အရင်းအမြစ်များ ရရှိခဲ့သည်။ တမလွန်ဘုံဧကရာဇ်၏ သူ၏ မဟာတမလွန်ဘုံအတတ်ကို လက်ဆင့်ကမ်းပေးလိုက်သောအခါ တမလွန်ဘုံထဲရှိ မျိုးနွယ်အသီးသီး ပို၍ အင်အားကြီးလာခဲ့ပေသည်။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ခေတ်တွင် ကောင်းကင်ဧကရာဇ်၏သက်တမ်း ကုန်ဆုံးခါနီး၌ တမလွန်ဘုံဧကရာဇ်သည် သူ့ရည်မှန်းချက်များကို ဆက်ဖိနှိပ်မထားနိုင်တော့ချေ။ တမလွန်ဘုံက နှစ်ပေါင်းများစွာ စုစည်းထားသည့် အင်အားကို ထုတ်ပြတော့သည်။ ယင်းကြောင့် လူသားမျိုးနွယ် အံ့အားသင့်ခဲ့ရသည်။ ထိုတုန်းက လူသားမျိုးနွယ်သည် ကောင်းကင်ဘုံ၏ ဘုံကြီးရှစ်ခုကို ထိန်းချုပ်နိုင်ခဲ့၏။ ယခုတွင်မူ ကမ္ဘာဦးကောင်းကင်ဘုံကိုသာ ထိန်းချုပ်ထားနိုင်တော့သည်။

တမလွန်ဘုံ၏ တော်ဝင်မိသားစုမှာ တမလွန်ဘုံဧကရာဇ်နှင့် ထိပ်တန်းတမလွန်ဘုံဘုရင်ဟောင်း ဆယ်ပါး၏ မျိုးဆက်များဖြစ်သည်။ သူတို့က တော်အဝင်ဆုံး သွေးမျိုးဆက်ဖြစ်ပြီး အရေးအမြစ်များကို အများဆုံး ရရှိကြသည်။ ထို့ပြင် စွမ်းအားအကြီးဆုံး တမလွန်ဘုံအတတ်ကိုလည်း ကျင့်ကြံနိုင်ကြပေသည်။

တော်ဝင်မိသားစုက တမလွန်ဘုံတစ်ခုလုံး၏ အုပ်စိုးသူဖြစ်သည်။ သူတို့သည် ပုံမှန်အခြေအနေတွင် ကိုယ်တိုင်စစ်မထွက်ကြပေ။ ထို့ကြောင့် သာမန်လူသားများက သူတို့၏ တည်ရှိမှုကို မသိကြခြင်း ဖြစ်သည်။

တမလွန်ဘုံနှင့် တမလွန်ဘုံက ထိန်းချုပ်ထားသော ဘုံများတွင် တော်ဝင်မိသားစုဝင်များသာ မြို့များထဲ၌ နေ့ခွင့်ရှိကြသည်။ အကယ်၍ အခြားတမလွန်ဘုံမျိုးနွယ်ဝင်များက မြို့ထဲဝင်ဝံ့လျှင် ချက်ချင်း အသတ်ခံရမည်ဖြစ်သည်။

‘တမလွန်ဘုံမျိုးနွယ်က လူသားမျိုးနွယ်ရဲ့ မျိုးမစစ်တွေပဲပေါ့’

ကျန်းရီသည် ချီဟုန်၏ ရှင်းပြချက်များကို နားထောင်ရင်း မိစ္ဆာညှို့ဓာတ်သားရဲများအနောက်သို့ လိုက်သွားလိုက်သည်။ ကျန်းရီ မြို့ထဲကို ခိုးဝင်လိုလျှင် တော်ဝင်မိသားစု၏ အခြေအနေကို သိထားရန် လိုအပ်ပေသည်။ ချီဟုန်က ကျန်းရီအား သုံးကြိမ်သာ ကူညီပေးမည်ဟု ပြောခဲ့သော်လည်း အမှန်တွင် နည်းလမ်းမျိုးစုံနှင့် အကြိမ်ကြိမ် ကူညီပေးပေသည်။

ဥပမာအားဖြင့် ချီဟုန်သည် ကျန်းရီကို ကောင်းကင်ဝိညာဉ်ဘုံထဲ အောင်အောင်မြင်မြင် ဝင်နိုင်အောင် လမ်းညွှန်ပေးခဲ့သည်။ ချီဟုန်သာ မရှိလျှင် ကျန်းရီ ကောင်းကင်ဝိညာဉ်ဘုံထဲ လုံးဝဝင်နိုင်ခဲ့မည် မဟုတ်ပေ။

ချီဟုန်က များစွာ ပြောပြနေသော်လည်း ကျန်းရီ ခေါင်းကိုက်လာသည်။ တမလွန်ဘုံ၏ တော်ဝင်မိသားစုအကြောင်းကို သူ လုံးဝနားမလည်နိုင်ပေ။ သူ သူတို့နှင့်လည်း တစ်ခါမှ ပြောဆိုမဆက်ဆံခဲ့ဖူးပေ။ ထို့ကြောင့် သူက တော်ဝင်မိသားစုဝင်တစ်ယောက်အဖြစ် ရုပ်ဖျက်လိုက်လျှင်ပင် အလွယ်လေး အလိမ်ပေါ်သွားမည်ဖြစ်သည်။

ကျန်းရီထံတွင် တွေးတောနေရန် အချိန်များစွာမရှိပါ။ သူ မိစ္ဆာညှို့ဓာတ်သားရဲများနောက်သို့ လိုက်၍ အနီးရှိ ဧရာမတောင်တန်းကြီးတစ်ခုဆီ သွားလိုက်ရသည်။ ထိုတောင်တန်းက ကောင်းကင်ဝိညာဉ်ဘုံထဲရှိ မိစ္ဆာညှို့ဓာတ်သားရဲများ၏ ပိုင်နက် ဖြစ်နိုင်ပေသည်။

မျိုးနွယ်အသီးသီး ခွဲထွက်သွားကြပြီး မြို့ကို ဝန်းရံကာ အနီးရှိ တောင်တန်းများတွင် စခန်းချလိုက်ကြသည်။ ကျန်းရီတို့ တောင်တန်းသို့ ရောက်သောအခါ မိစ္ဆာညှို့ဓာတ်သားရဲများသည် ၎င်းတို့၏ ကိုယ်ပိုင်ဂူများထဲ ဝင်သွားကြလေသည်။

ထို့ကြောင့် ကျန်းရီ ကြောင်အမ်းအမ်းနှင် ကျန်ခဲ့ရ၏။ မိစ္ဆာညှို့ဓာတ်သားရဲများ၏ စကားကို သူ နားမလည်နိုင်။ ထို့ပြင် သူ့၌ ကိုယ်ပိုင်ဂူလည်း မရှိချေ။ နောက်ဆုံးတွင် ဂူတစ်လုံးထဲ၌ မည်သည့်မိစ္ဆာညှို့ဓာတ်သားရဲမှ ရှိမနေကြောင်း တွေ့လိုက်ရ၍ သူ ထိုဂူထဲ ဝင်သွားလိုက်သည်။

ကျန်းရီ၏ကံမှာ မဆိုးလှပေ။ သို့သော် ဂူထဲမှ အနံအသက်များက ဆိုးဝါးလှသဖြင့် ကျန်းရီ အန်မိမလိုပင် ဖြစ်သွားသည်။ ကျန်းရီ ဂူကို သန့်ရှင်းရေးလည်း မလုပ်နိုင်ပေ။ ထိုသို့လုပ်လိုက်လျှင် အဆင့်မြင့် မိစ္ဆာညှို့ဓာတ်သားရဲများက သတိပြုမိသွားနိုင်သည် မဟုတ်လော။ ထို့ကြောင့် ကျန်းရီ အသက်အောင့်၍သာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ချက်ချင်းပင် သူ ပို၍ စိတ်ပျက်သွား၏။ မိစ္ဆာညှို့ဓာတ်သားရဲအားလုံးသည် ဂူများထဲ ဝင်ပြီးနောက် မြေပြင်ပေါ်တွင် လှဲကာ အိမ်နေကြသည်။ သူတစ်ယောက်သာ တင်ပျဉ်ခွေထိုင်နေပေသည်။

ကျန်းရီသည် ရွေးချယ်စရာ မရှိတော့သဖြင့် သားရဲတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် လှဲကာ အိပ်ချင်ယောင် ဆောင်နေလိုက်ရ၏။ ပြီးမှ ပတ်ဝန်းကျင်ကို အာရုံခံရန် ထပ်မံကြိုးစားလိုက်သည်။ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေတွင် သူ့ပတ်ပတ်လည် သုံးကီလိုမီတာအတွင်းကို အာရုံခံနိုင်သည်။ သူ ကောင်းကင်စိတ်အာရုံကိုတော့ မသုံးဝံ့ပေ။ သူ့ပတ်ပတ်လည်တွင် ဂူများ မရေမတွက်နိုင်အောင် ရှိနေပြီး ထိုဂူများထဲ၌ မိစ္ဆာညှို့ဓာတ်သားရဲများ အိပ်စက်နေကြပေသည်။

‘လခွမ်းပဲ...’

ကျန်းရီ မည်သို့ဆက်လုပ်ရမည်မသိ ဖြစ်နေ၏။ မိစ္ဆာညှို့ဓာတ်သားရဲများက မလှုပ်ကြပေ။ သူကမူ ဤဂူထဲတွင် မည်သို့အိပ်နေနိုင်မည်နည်း။ သို့သော် အပြင်ဘက်တွင် မည်သည့် မိစ္ဆာညှို့ဓာတ်သားရဲမှ သွားလာမနေပေ။ သို့ဖြစ်ရာ သူတစ်ယောက်တည်း ချွန်းပြီး အပြင်ထွက်သွားလျှင် ပြဿနာတက်သွားနိုင်ပေသည်။

“စိတ်မလှုပ်ရှားနဲ့။ အရင်ဆုံး ကျင့်ကြံနေပြီး အခွင့်အရေးကို စောင့်ပေါ့။ သတိထားပါ... ကောင်းကင်စွမ်းအားကို မကျင့်ကြံမိစေနဲ့။ မဟုတ်ရင် တမလွန်ဘုံမျိုးနွယ်က ဒီနေရာမှာ ကောင်းကင်စွမ်းအား စုဝေးလာတာကို ချက်ချင်း အာရုံခံမိသွားလိမ့်မယ်”

ချီဟုန်က ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“လျှောက်ကြည့်မနေနဲ့တော့။ ငါ မင်းကိုယ်စား စောင့်ကြည့်ပေးထားမယ်။ တကယ်လို့ အခွင့်အရေးတစ်ခု ပေါ်လာရင် ငါ မင်းကို ခေါ်လိုက်မယ်။ မင်းက ဟိုအနှစ်သာရကိုပဲ ဆက်လေ့လာနေလိုက်ပါ”

“ကောင်းပါပြီ”

ချီဟုန်ကြောင့် ကျန်းရီ အတန်ငယ် စိတ်သက်သာရာရလာ၏။ သူ အိပ်ချင်ယောင်ဆောင်ရင်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်ကာ နတ်ဘုရားသစ်ရွက်ကို ဝှက်ကိုင်၍ လျှပ်စီးအနှစ်သာရကို ဆက်လေ့လာလိုက်လေသည်။

ကျန်းရီထံတွင် နတ်ဘုရားသစ်ရွက် ရှိနေ၍ တော်ပေသေးသည်။ မဟုတ်လျှင် လျှပ်စီးအနှစ်သာရကို နားလည်နိုင်ရန် သူ နှစ်ဆယ်ချီ၊ ရာချီ လိုအပ်ပေလိမ့်မည်။ ထိုအခိုက်တွင်ပင် လျှပ်စီးအနှစ်သာရကို အပြည့်အဝ သိမြင်နားလည်နိုင်ရန် အချိန်ထာဝရ လိုအပ်လိမ့်မည်ဟု ကျန်းရီ ခံစားနေရဆဲဖြစ်သည်။ သူ နားလည်နိုင်ရန် ကြိုးစားလေလေ၊ အနှစ်သာရက ပိုရှုပ်ထွေးလာလေလေပင်။

ကျန်းရီသည် မည်သည့်အရာကိုမှ အရေးမစိုက်တော့ဘဲ လျှပ်စီးအနှစ်သာရကို လေ့လာရာတွင်သာ အပြည့်အဝ အာရုံစိုက်ထားသည်။ သူ ပင်ပန်းလာလျှင်မူ တစ်ခဏမျှ အိပ်စက်အနားယူသည်။ ပြီးလျှင် ပြန်လေ့လာသည်။ အနီးရှိ ဂူများထဲမှ မိစ္ဆာညှို့ဓာတ်သားရဲများအားလုံးက အိပ်မောကျနေကြသည်။ မည်သည့်သားရဲကမှ လျှောက်မသွားနေပေ။ တောင်တန်းထဲ၌ မိစ္ဆာညှို့ဓာတ်သားရဲ အကောင်တစ်ရာကျော် ရှိနေသော်လည်း တောင်တန်းတစ်ခုလုံး တိတ်ဆိတ်နေပေသည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆယ်ရက်ရှိသွားသည်။ ထိုဆယ်ရက်အတွင်း မည်သည့်ကိစ္စမှ မဖြစ်ပျက်ခဲ့ပေ။ ချီဟုန်ကလည်း အသံမပို့လွှတ်ခဲ့ပေ။

ကျန်းရီ အတန်ငယ် ပျင်းလာ၏။ တစ်ခဏမျှ အိပ်စက်အနားယူပြီးနောက် သူ အမည်မဲ့ကျင့်စဉ်၏ သတ္တမအဆင့်ကို ပြောင်းလေ့လာလိုက်သည်။

သို့သော်...

တစ်ရက်လုံး လေ့လာပြီးနောက်တွင်ပင် ကျန်းရီ သတ္တမအဆင်ကို နားမလည်နိုင်သေးချေ။ ထိုကဲ့သို့သော အခြေအနေမှာ ယခင်ကလည်း ဖြစ်ခဲ့ဖူးသည်။ ကျန်းရီ တွေးတောနေစဉ်၌ ချီဟုန်က ရုတ်တရက် အသံပို့လွှတ်လာ၏။

“ဆက်မကြိုးစားနဲ့တော့။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေတယ်။ လောလောဆယ် မင်း အဲ့အဆင့်ကို နားလည်နိုင်ဦးမှာ မဟုတ်ဘူး”

“အာ...”

ကျန်းရီ စိတ်ဝင်တစား ပြန်မေးလိုက်၏။

“အရှင်ချီဟုန်... အရှင် ဒီကျင့်စဉ်အကြောင်းကို သိပါသလား”

ချီဟုန်က ပြန်၍ အသံပို့လွှတ်၏။

“အဲ့ကျင့်စဉ်ကို ဝူမင်က သူ့ရဲ့ နောက်ပိုင်းနှစ်တွေမှာ တီထွင်ခဲ့တာပဲ။ သူကိုယ်တိုင်တောင် အဲ့ကျင့်စဉ်ကို မကျင့်ကြံနိုင်ခဲ့တာ ငါက ဘယ်လိုလုပ် သိမှာလဲ။ ဒါပေမဲ့ မင်း တစ်ရက်ကြိုးစားပြီးတာတောင် နားမလည်နိုင်ဘူးဆိုတာ မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ မဖြစ်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ အရင်ဆုံး အနှစ်သာရကိုသာ လေ့လာစမ်းပါ။ မင်းရဲ့ အဲ့အနှစ်သာရက မင်းကို အကြီးကြီး အံ့ဩသွားစေလိမ့်မယ်”

“ဟုတ်ကဲ့ပါ”

ကျန်းရီ စိတ်အားတင်းလိုက်ပြီး လျှပ်စီးအနှစ်သာရကိုသာ ဆက်လေ့လာလိုက်သည်။ ချီဟုန်မှာ ကမ္ဘာဦးခေတ်ကတည်းမှနေ၍ ယခုခေတ်အထိ ရှင်သန်နေသူပင်။ သူက အလွန်ဗဟုသုတကြွယ်ဝသည်။ ထိုလျှပ်စီးအနှစ်သာရက အလွန်စွမ်းအားကြီးလိမ့်မည်ဟု သူက ထင်လျှင် သေချာပေါက် ထိုအတိုင်းသာ ဖြစ်လောက်သည်။ ကျန်းရီ ၎င်းကို အပြည့်အဝ နားလည်သွားသည်နှင့် သေချာပေါက် အံ့ဩသွားရလောက်ပေသည်။

ကျန်းရီ ဆက်လေ့လာနေသည်။ ပတ်ဝန်းကျင်ကလည်း အလွန်တိတ်ဆိတ်နေသည်။ ဆယ့်ငါးရက် ကြာပြီးနောက် ကျန်းရီသည် စူးရှသော ဟိန်းသံတစ်သံကြောင့် ရုတ်တရက် နိုးလာလေသည်။

ကျန်းရီ နိုးလာပြီးနောက် ချီဟုန်က အသံပို့လွှတ်လိုက်သည်။

“အပြင်ထွက်လိုက်။ မိစ္ဆာညှို့ဓာတ်သားရဲတွေ အကုန်လုံး စုဝေးနေကြတယ်။ သူတို့က တိုက်ပွဲထွက်ကြတော့မလို့ ထင်တယ်”

“တိုက်ပွဲထွက်မှာလား”

ကျန်းရီ၏ မိစ္ဆာမျက်နှာမှာ ရှုံ့တွသွား၏။ အကယ်၍ မိစ္ဆာညှို့ဓာတ်သားရဲများက ကမ္ဘာဦးကောင်းကင်ဘုံကို ထပ်မံသွားတိုက်မည်ဆိုလျှင် သူ ကောင်းကင်ဝိညာဉ်ဘုံသို့ လာခဲ့ရသော ခရီးက အချည်းနှီး ဖြစ်မသွားသလော။ ထို့ပြင် သူက တမလွန်ဘုံမျိုးနွယ်ဘက်မှနေ၍ လူသားမျိုးနွယ်နှင့်လည်း တိုက်ခိုက်ရမည်လော။

မိစ္ဆာညှို့ဓာတ်သားရဲများသည် စုဝေးရန် အမိန့်ပေးခံထားရသည်။ ထို့ကြောင့် သားရဲအားလုံး ထွက်လာကြသည်။ ကျန်းရီလည်း ရွေးချယ်စရာမရှိတော့ဘဲ အပြင်ထွက်ကာ သားရဲအုပ်ကြား ရောဝင်လိုက်ရလေသည်။

ဝူ...ဝူ...

အသန်မာဆုံး မိစ္ဆာညှို့ဓာတ်သားရဲက အကြိမ်အနည်းငယ် အူလိုက်၏။ ထို့နောက် မိစ္ဆာညှို့ဓာတ်သားရဲအားလုံးသည် မြို့ဆီသို့ ဦးတည်သွားလိုက်ကြသည်။ နောက်ဆုံး၌ ၎င်းတို့ မြို့တောင်ဘက်တွင် စုဝေးလိုက်ကြသည်။

အနီးတွင် တမလွန်ဘုံမျိုးနွယ်အမျိုးမျိုး စုဝေးနေကြသည်။ ၎င်းတို့အားလုံးက တိတ်ဆိတ်စွာ စောင့်နေကြပေသည်။

တစ်နာရီကြာပြီးနောက် မြို့တောင်ဘက်၌ တမလွန်ဘုံမျိုးနွယ်ဝင် ငါးသန်း စုဝေးပြီးသွား၏။ ထိုအခါ မြို့၏ တောင်ဘက်ဂိတ်တံခါးမှနေ၍ အရိပ်အချို့ ပျံထွက်လာ၏။ ကျန်းရီ တစ်ချက်လှမ်းကြည့်ပြီးနောက် မျက်လုံးများ အရောင်လက်သွားသည်။

တမလွန်ဘုံ တော်ဝင်မိသားစုဝင် ဆယ်ယောက်ကျော်က မြို့ထဲမှ ထွက်လာပေပြီ။ သူတို့အားလုံးက ခမ်းနားထည်ဝါသော ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး ထူးကဲသော အရှိန်အဝါများ ထုတ်လွှတ်နေကြသည်။ သူတို့၏ ခေါင်းဆောင်မှာ အစိမ်းရင့်ရောင် သားရေစစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ယောက်ပင်။

ထိုအမျိုးသမီးက လူသားအမျိုးသမီးတစ်ယောက်နှင့် တစ်ထေရာတည်းတူ၏။ သူမက အလွန်လည်းလှပသည်။ သို့သော် သူမထံတွင် တမလွန်ဘုံမျိုးနွယ်၏ အေးစက်စက်အရှိန်အဝါ ရှိနေပေသည်။ ထို့ပြင် သူမက မောက်မာပုံပေါ်သည်။ သူမသည် စုဝေးနေသော တမလွန်ဘုံမျိုးနွယ်ဝင် ငါးသန်းအား ပုရွက်ဆိတ်တစ်အုပ်ကို ကြည့်နေသည့်အလား ကြည့်လိုက်လေသည်။

ချပ်ဝတ်စိမ်းနှင့် အမျိုးသမီးက ညင်သာစွာ လက်ဝှေ့ယမ်းပြလိုက်၏။ ထိုအခါ သူမဘေးမှ အဘိုးအိုတစ်ယောက်က ချက်ချင်း အော်ပြောလိုက်သည်။

“အားလုံးပဲ တောင်ဘက်က အလံပြာဒေသကို သွားကြမယ်”

‘အလံပြာဒေသတဲ့လား’

ကျန်းရီ ရင်ထဲမှ သက်ပြင်းချလိုက်၏။ သူတို့ လူသားမျိုးနွယ်ကို သွားမတိုက်သ၍ မည်သည့်နေရာကိုမဆို သွားနိုင်သည်။ ကြည့်ရသည်မှာ တော်ဝင်မိသားစုက တိုက်ခိုက်တော့မည့်ပုံပင်။ သူ အခြေအနေကို အသုံးချ၍ အခွင့်အရေးတစ်ခု ရှာနိုင်လောက်ပေသည်။

***

All Chapters