လူသားမျိုးနွယ်၏ သဘာဝ
Vol. 133 Ch. 1859
ထို တမလွန်ဘုံ တော်ဝင်မိသားစုဝင် အနည်းငယ်သည် အမှန်ပင် စစ်ပွဲတစ်ပွဲစရန် သူတို့၏ တပ်ဖွဲ့များကို ဦးဆောင်ခေါ်သွားခြင်းဖြစ်သည်။ ထို့ပြင် သူတို့က အခြား တမလွန်ဘုံ တော်ဝင်မိသားစုဝင်များနှင့် တိုက်ခိုက်ကြမည်လည်းဖြစ်သည်။ တမလွန်ဘုံမျိုးနွယ်ဝင် ငါးသန်းသည် တောင်ဘက်သို့ နေ့တစ်ဝက်ကြာ ပျံသန်းပြီးနောက် ဧရာမရေကန်ကြီးတစ်ကန်သို့ ရောက်ရှိသွားသည်။ ရေကန်၏ အခြားဘက်မှနေ၍ အခြားတမလွန်ဘုံမျိုးနွယ်ဝင် သန်းအနည်းငယ် ပျံသန်းလာသည်။ ၎င်းတို့၏ အရှေ့ဆုံးတွင်လည်း တမလွန်ဘုံ တော်ဝင်မိသားစုဝင် ဆယ်ယောက်ကျော် ပါလာပေသည်။
ချပ်ဝတ်စိမ်းနှင့် အမျိုးသမီးက လက်ဝေ့ယမ်းကာ တပ်သားငါးသန်းကို ရေကန်အထက်တွင် ရပ်တန့်စေလိုက်၏။ ထို့နောက် သူမ အရှေ့သို့ ပေရာကျော် ပျံသန်းသွားကာ အော်ပြောလိုက်သည်။
“ရီမောင်... ဘာလို့ ရှင်က ကျွန်မရဲ့ အလံဖြူဒေသက ဒေသခံတွေကို ဖမ်းနေရတာလဲ။ သူတို့ကို ချက်ချင်း ပြန်ပေးပါ။ မဟုတ်ရင် ကျွန်မ ရှင့်ရဲ့ အလံပြာဒေသကို ဖျက်ဆီးပစ်မယ်”
‘တမလွန်ဘုံ တော်ဝင်မိသားစုက လူသားစကားကို ပြောကြတာလား’
အစောတွင် အဘိုးအိုက လူသားစကားပြောခဲ့သည်။ ယခုတွင် လှပသော ထို ချပ်ဝတ်စိမ်းနှင့် အမျိုးသမီးကလည်း လူသားစကား ပြောနေသည်။ ထို့ကြောင့် ကျန်းရီ အံ့အားသင့်နေ၏။ တမလွန်ဘုံ တော်ဝင်မိသားစုဝင်အားလုံးက လူသားစကား ပြောကြသည်လော။
“အဲ့ဒါက လူသားစကား မဟုတ်ဘူး”
ချီဟုန်က အသံပို့လွှတ်၍ ရှင်းပြ၏။
“အဲ့ဘာသာစကားက ကောင်းကင်ဘုံမှာ အတွေ့ရများတယ်။ လူသားမျိုးနွယ်၊ မိစ္ဆာမျိုးနွယ်နဲ့ တမလွန်ဘုံ တော်ဝင်မိသားစုဝင်တွေ အကုန်လုံး အဲ့စကားကို ပြောကြတယ်။ အဲ့ဒါကြောင့် အဲ့စကားကို လူသားစကားလို့ သတ်မှတ်လို့မရဘူး”
“ဪ...”
ကျန်းရီ ထိုအကြောင်းကို များစွာ တွေးတောမနေတော့ပေ။ သူ တမလွန်ဘုံ တော်ဝင်မိသားစုဝင်များ၏ ရုပ်ပုံစံနှင့် သူတို့၏ ပြုမူဟန်များကိုသာ ဂရုတစိုက် လေ့လာလိုက်သည်။ နောင်တွင် တော်ဝင်မိသားစုထဲ ရောဝင်ရန် အခွင့်အရေး ရမည်ဆိုလျှင် သူ ကောင်းကင်ဝိညာဉ်မြို့သို့ သွား၍ မီးနဂါးဓား၏ အစိတ်အပိုင်းကို လုယူနိုင်ပေလိမ့်မည်။
ရေကန်တစ်ဘက်ခြမ်းရှိ တမလွန်ဘုံ တော်ဝင်မိသားစုဝင်များ အလယ်မှ ချပ်ဝတ်နက်ဝတ်ဆင်ထားသော ငယ်ရွယ်သည့်အမျိုးသားတစ်ယောက်က ပြန်ပြောလိုက်သည်။
“ရီလင်... မင်းရဲ့ ဒေသခံတွေကို ငါက ဖမ်းနေတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ သူတို့က သူတို့ဘာသာ လိုလိုချင်ချင်နဲ့ အလံပြာဒေသထဲကို လိုက်ချင်ကြတာ။ အဲ့ဒါက ငါတို့နဲ့ ဘာဆိုင်လဲ။ သူတို့အကုန်လုံးက တမလွန်ဘုံမျိုးနွယ်ဝင်တွေပဲ။ သူတို့ ကြိုက်တဲ့နေရာကို သွားခွင့်ရှိတယ်။ ငါက ဘယ်လိုလုပ် သူတို့ကို ထိန်းချုပ်နိုင်မှာလဲ”
‘အဲ့ရီမောင်နဲ့ ရီလင်က တော်တော်ငယ်ပုံပေါ်ပေမဲ့ အရှင်သခင်တွေ ဖြစ်နေပြီလား။ ဘာအရှင်သခင်လဲ.. ဒေသအရှင်သခင်လား’
ကျန်းရီ အံ့ဩနေသည်။ ချီဟုန်က အသံပို့လွှတ်ကာ ထပ်မံရှင်းပြပေသည်။
“ဟုတ်တယ်... သူတို့က ဒေသအရှင်တွေပဲ။ ဒါပေမဲ့ တမလွန်ဘုံဧကရာဇ်ရဲ့ မျိုးဆက်တွေ မဟုတ်ရင် အရှင်သခင်ဖြစ်ခွင့် မရှိဘူး။ ရီမျိုးရိုးအမည်ရှိတဲ့သူတိုင်းက တမလွန်ဘုံဧကရာဇ်ရဲ့ မျိုးဆက်တွေပဲ”
“မထူးဆန်းတော့ပါဘူး”
ကျန်းရီ နားလည်သွားသည်။ ထိုရီလင်နှင့် ရီမောင်တို့၏ အရှိန်အဝါက အခြား တမလွန်ဘုံ တော်ဝင်မိသားစုဝင်များ၏ အရှိန်အဝါလောက် အားမကောင်းကြပေ။ သူတို့ ဒေသအရှင် ဖြစ်လာနိုင်သည်မှာ သူတို့၏အဆင့်အတန်းကြောင့်သာ ဖြစ်ပေမည်။
“တိုက်ကြ...”
ရီလင်က ဒေါသထွက်သွား၏။ သူမ လက်ဝှေ့ယမ်းလိုက်သောအခါ အဘိုးအိုက အော်ပြောလိုက်သည်။
“သတ်ကြ...”
အဘိုးအိုက အမိန့်ပေးလိုက်သောအခါ မျိုးနွယ်အသီးသီး၏ ခေါင်းဆောင်များက ဟိန်းလိုက်ကြပြီး တိုက်ခိုက်ရန် ၎င်းတို့၏ မျိုးနွယ်ဝင်များကို ဦးဆောင်သွားကြသည်။ ကျန်းရီလည်း ရွေးချယ်စရာမရှိသဖြင့် ၎င်းတို့နောက်မှ လိုက်သွားရလေသည်။
တမလွန်ဘုံမျိုးနွယ်ဝင်များ၏ တိုက်ခိုက်မှုတွင် မည်သည့်ဗျူဟာမှ ရှိပုံ မပေါ်ပေ။ ၎င်းတို့က ထိပ်တိုက် သူသေကိုယ်သေ တိုက်ကြခြင်းသာ။ ရီမောင်က လက်ဝှေ့ယမ်းလိုက်သောအခါ သူ့ဘက်မှ တမလွန်ဘုံမျိုးနွယ်ဝင်များကလည်း အရှေ့သို့ ပျံသန်းလာကြသည်။ ရုတ်ခြည်းပင် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာလေတော့သည်။
တမလွန်ဘုံစစ်တပ်၏ ကြောက်စရာအကောင်းအဆုံးအရာမှာ တမလွန်ဘုံအရှိန်အဝါဖြစ်သည်။ သို့သော် ကျန်းရီက တမလွန်ဘုံအရှိန်အဝါကို မကြောက်ရာ စစ်တပ်ထဲတွင် အလွန်သက်တောင့်သက်သာ ရှိနေသည်။ ဆယ်သန်းနီးပါးရှိသော တမလွန်ဘုံမျိုးနွယ်ဝင်များက တိုက်ခိုက်နေကြသော်လည်း ကျန်းရီအပေါ် သက်ရောက်မှု များစွာမရှိပါ။ သူ အေးအေးလူလူနှင့် မိစ္ဆာညှို့ဓာတ်သားရဲများနောက်မှ လိုက်၍ တစ်ဘက်မှ အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များကို တိုက်ခိုက်နေလေသည်။
မိစ္ဆာညှို့ဓာတ်သားရဲများက ၎င်းတို့၏ လက်သည်းများနှင့် ၎င်းတို့၏ တတိယမျက်လုံးမှ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို အမှီပြု၍ တိုက်ခိုက်ကြခြင်းပင်။ သို့သော် မိစ္ဆာညှို့ဓာတ်သားရဲများ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ပြောပလောက်အောင် စွမ်းအားမကြီးကြပေ။ လူသားများအတွက် ၎င်းတို့၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ကြောက်စရာကောင်းရခြင်းမှာ တမလွန်ဘုံအရှိန်အဝါကြောင့်သာ ဖြစ်သည်။ သို့သော် ယခုတွင် ၎င်းတို့က လူသားများကို တိုက်ခိုက်နေခြင်း မဟုတ်ဘဲ တမလွန်ဘုံမျိုးနွယ်ဝင်များကို တိုက်ခိုက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက အသုံးမဝင်လုနီးပါးပင်။ တမလွန်ဘုံမျိုးနွယ်ဝင်များကို တမလွန်ဘုံအရှိန်အဝါသုံး၍ တိုက်ခိုက်၍ မရသည် မဟုတ်ပါလော။
ကျန်းရီသည် အခြားမိစ္ဆာညှို့ဓာတ်သားရဲများကို တုပ၍ လက်သည်းများကို သုံးကာ တိုက်ခိုက်နေ၏ ဤအဆင့်တိုက်ပွဲလောက်က သူ့အတွက် အသေးအမွှားသာဖြစ်သည်။ သူ မည်သည့်ကောင်းကင်စွမ်းအားကိုမှ အသုံးမပြုဘဲ သူ၏ သန်မာသောရုပ်ခန္ဓာကို အမှီပြု၍သာ တိုက်ခိုက်နေသည်။ သူ့ကိုယ်ထဲတွင်လည်း တမလွန်ဘုံအရှိန်အဝါ အနည်းငယ်လောက်က လှည့်ပတ်နေသည်။ သူ တိုက်ခိုက်လိုက်တိုင်း သူ့လက်က အနက်ရောင်အလင်း လင်းလက်သွားပေသည်။ သူသည် မိစ္ဆာညှို့ဓာတ်သားရဲတစ်ကောင်နှင့် မကွာခြားပေ။
လေက တဟူးဟူး တိုက်လာသည်။ အသားစများနှင့် သွေးများလည်း အရပ်မျက်နှာအနှံ့သို့ လွင့်စင်ထွက်နေကြလေသည်။
ဧရာမအရိုးစုကြီးများ၊ နတ်ဆိုးမျက်နှာဖုံးများ တပ်ထားသူများ၊ ဝိညာဉ်သားရဲများ၊ ခေါင်းသုံးလုံးမိစ္ဆာများ၊ သားရဲတစ်ပိုင်း လူတစ်ပိုင်း မိစ္ဆာများ၊ ခေါင်းကိုးလုံးငရဲမြွေများ...
ထိုမြင်ကွင်းမှာ ငရဲကဲ့သို့ပင်။ ကျန်းရီနေရာတွင် သာမန်လူတစ်ယောက်ဆိုပါက တိုက်ခိုက်ရန် မဆိုထားနှင့် ထိုမြင်ကွင်းကို ကြည့်ကာ နှလုံးရပ်သေဆုံးသွားပေလိမ့်မည်။
အံ့ဩစရာကောင်းသည်မှာ...
တော်ဝင်မိသားစုဝင်များက မတိုက်ခိုက်ကြခြင်းပင်။ သူတို့သည် လေထဲတွင် ဝံ့ဝံ့ကြွားကြွားသာ ရပ်နေကြပြီး အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များကိုသာ သူတို့ကိုယ်စား တိုက်ခိုက်စေနေကြသည်။ သူတို့၏ မျက်နှာထားများကလည်း အေးစက်နေကြသည်။ သူတို့က လူသားများနှင့် မတူပါ။ သွေးအေးသော မိစ္ဆာများနှင့် ပိုတူပေသည်။
နှစ်ဘက်စလုံးသည် ကောင်းကင်မည်းမှောင်လာသည်အထိ တိုက်ခိုက်ခဲ့ကြ၏။ တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် ပတ်သတ်၍ ကောင်းသောအချက်တစ်ခု ရှိသည်ကို ကျန်းရီ သတိပြုမိခဲ့သည်။ ၎င်းတို့၏ခေါင်းဆောင်က ပြန်ဆုတ်ရန် အမိန့်မပေးသ၍ ၎င်းတို့ ပြန်ဆုတ်မည် မဟုတ်ခြင်းပင်။ သို့မဟုတ် ၎င်းတို့က မည်သို့ပြန်ဆုတ်ရမည်ကို မသိခြင်းလည်း ဖြစ်နိုင်သည်။ ၎င်းတို့သည် နောက်ဆုံးတစ်ကောင်သာ ကျန်သည်အထိ တိုက်ရမည်ဆိုလျှင်ပင် ဆက်တိုက်ခိုက်လောက်ကြပေသည်။
ဤတိုက်ပွဲမှာ အလွန်ရိုးရှင်း၏။ အင်အားညီသော နှစ်ဘက်သည် အချင်းချင်း ထိပ်တိုက် တိုက်ခိုက်ကာ အနိုင်၊ အရှုံးကို ဆုံးဖြတ်နေခြင်းပင်။ ပြောရလောက်သည့် မည်သည့်တိုက်ပွဲဗျူဟာမှ ရှိမနေပေ။ သို့သော် တမလွန်ဘုံမျိုးနွယ်၏ တိုက်ခိုက်ပုံက လူသားမျိုးနွယ်ကို ယှဉ်ပြိုင်အနိုင်ယူနိုင်လောက်ပါ၏။
ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ လူသားမျိုးနွယ်က သက်ရှိအားလုံးထဲတွင် ဉာဏ်အကောင်းဆုံးဖြစ်သည်။ လူသားမျိုးနွယ်၏ တိုက်ပွဲဗျူဟာများ၊ ဆန်းကြယ်စွမ်းရည်များနှင့် အစီအရင်များက တမလွန်ဘုံမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့ထက် များစွာပိုသာသည်။ သို့သော် လူသားမျိုးနွယ်သည် တမလွန်ဘုံမျိုးနွယ်ထံတွင် ရှုံးနိမ့်ခဲ့ပေသည်။ ယင်းမှာ ဟာသဆန်သော်လည်း အမှန်တရားပင်။ ထို့ပြင် လူသားမျိုးနွယ်က ပျက်သုဉ်းတော့မည်ဖြစ်သည်။
“မင်း တွေးမရဘူးလား”
ကျန်းရီ၏ စိတ်ထဲတွင် ချီဟုန်၏ အေးစက်စက် ရယ်သံ ထွက်ပေါ်လာ၏။
“တကယ်တော့ အဲ့ဒါက နားလည်းရ အရမ်းလွယ်ပါတယ်။ ပထမဆုံးအနေနဲ့ တမလွန်ဘုံမျိုးနွယ်က အဆုံးမဲ့လုနီးနီးပဲ။ တမလွန်ဘုံမျိုးနွယ်ဝင်တိုင်းက အမိန့်တွေကိုလည်း အပြည့်အဝ နာခံကြတယ်။ ယေဘုယျသဘောယှဉ်ရင် လူသားကျင့်ကြံသူတွေက တမလွန်ဘုံမျိုးနွယ်ဝင်တွေထက် စွမ်းအားပိုကြီးကြပါတယ်။ ဒါပေမဲ့ တမလွန်ဘုံအရှိန်အဝါက ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့ လူသားတွေအတွက် သဘာဝရန်သူပဲ။ တမလွန်ဘုံအရှိန်အဝါက လူသားတွေကို ထိန်းချုပ်ပြီး တမလွန်ဘုံရုပ်သေးရုပ်တွေ ဖြစ်သွားအောင် လုပ်ပစ်နိုင်တယ်။ အဲ့တော့ အချိန်ကြာလာတာနဲ့အမျှ တမလွန်ဘုံမျိုးနွယ်ဝင် အရေအတွက်က တိုးလာပြီး လူသားအရေအတွက်က လျော့ကျလာတာပေါ့။ တမလွန်ဘုံမှာ မိစ္ဆာချောက်နက်တွေ သန်းနဲ့ချီပြီးရှိတယ်။ အဲ့မိစ္ဆာချောက်နက်တွေက တမလွန်ဘုံမျိုးနွယ်ဝင်တွေကို အဆက်မပြတ် မွေးထုတ်ပေးနေတာပဲ။ အဲ့တော့ တမလွန်ဘုံမျိုးနွယ်ဝင် အရေအတွက်ကို မင်း တွေးကြည့်ပေါ့”
“ကျွန်တော် နားလည်ပါပြီ”
ကျန်းရီ သဘောပေါက်သွားသည်။ တမလွန်ဘုံမျိုးနွယ်ဝင်များက သာမန်လူသားများထက် အမှန်ပင် ပိုသန်မာကြသည်။ အဘယ်ကြောင့်ဆိုသော တမလွန်ဘုံမျိုးနွယ်ဝင်တိုင်းတွင် တမလွန်ဘုံအရှိန်အဝါ ရှိ၍ပင်။ ထို့ကြောင့် ၎င်းတို့က အဆင့်နိမ့် လူသားကျင့်ကြံသူများကိုလည်း ယှဉ်နိုင်ကြသည်။ ထို့ပြင် ၎င်းတို့၏စစ်တပ်က အလွန်ကြီးမားပေသည်။
“အရေအတွက်သက်သက်ပဲ ဆိုရင်တော့ မင်းတို့ ပျက်သုဉ်းစရာအကြောင်း မရှိဘူး”
ချီဟုန်က ထပ်မံ အသံပို့လွှတ်လိုက်သည်။
“တကယ်တော့ လူသားမျိုးနွယ် ဒီလောက်မြန်မြန် ပျက်သုဉ်းဖို့ ဖြစ်လာရတာက လူသားမျိုးနွယ်ကြောင့်ပဲ။ လူသားမျိုးနွယ်မှာ အရမ်းကြီးတဲ့ အားနည်းချက်တစ်ခုရှိတယ်... အဲ့ဒါက တစ်ကိုယ်ကောင်းဆန်တာပဲ။ ပြီးတော့ ကြောက်စရာအခြေအနေတစ်ခုလည်း ရှိသေးတယ်... အချင်းချင်း ပြန်တိုက်ခိုက်နေကြတာ။ အတိတ်တုန်းက ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို တမလွန်ဘုံဧကရာဇ်က လာတိုက်ခိုက်ခဲ့တုန်းက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမား ဘယ်နှစ်ယောက်လောက် လာကူညီပေးခဲ့တယ်လို့ မင်းထင်လဲ”
“ဘယ်နှစ်လောက်ပါလဲ”
ကျန်းရီက ပြန်မေးလိုက်သည်။ ထိုစဉ်က လူသားမျိုးနွယ်မှာ အထွတ်အထိပ်သို့ ရောက်နေချိန်ဖြစ်သည်။ သို့ဖြစ်ရာ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများလည်း များစွာရှိလောက်ပေသည်။ အလွန်မများလျှင်ပင် အနည်းဆုံး တစ်ရာလောက်တော့ ရှိလောက်သည်။ သို့သော် ကောင်းကင်ဧကရာဇ် ရှိနေသေး၍ မည်သူကမှ ဧကရာဇ်ဘွဲ့ မခံယူနိုင်ခဲ့ပေ။ ကောင်းကင်ဧကရာဇ် သေဆုံးပြီးမှ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများက ဧကရာဇ်ဘွဲ့ ခံယူခဲ့ခြင်းဖြစ်သည်။
ချီဟုန်က ရွဲ့တဲ့တဲ့လေသံနှင့် အသံဆက်၍ ပို့လွှတ်လိုက်၏။
“မင်းမှန်းတာ မှန်တယ်... အဲ့တုန်းက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတွေက အယောက်တစ်ရာနီးပါးလောက် ရှိခဲ့တာ။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်ကို ကူညီဖို့ ကိုးယောက်ပဲ ရောက်လာခဲ့တယ်။ ဘာလို့ အယောက်တစ်ရာနီးပါးရှိတဲ့အထဲက ကိုးယောက်ပဲ ရောက်လာရတာလဲ။ ဘာလို့လဲဆိုတော့ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ရဲ့ သက်တမ်းက စေ့တော့မှာမို့လို့ပဲ။ သူတို့အကုန်လုံးက ကောင်းကင်ဧကရာဇ်ကို ကယ်ရင်လည်း အကျိုးမရှိလောက်ဘူးလို့ တွေးခဲ့ကြတာ။ ပြီးတော့ ကောင်းကင်ဧကရာဇ် သေတာနဲ့ သူတို့ ပလ္လင်ပေါ်တက်နိုင်ဖို့ အခွင့်အရေးရကြမယ် မဟုတ်လား။ ဒါပေမဲ့ သူတို့ မသိခဲ့တာက အဲ့တိုက်ပွဲပြီးတာနဲ့ တမလွန်ဘုံဧကရာဇ်က ကောင်းကင်မသေမျိုးဘုံကို အောင်အောင်မြင်မြင် သိမ်းယူပြီး အဲ့ဘုံထဲက သာမန်လူသားတွေနဲ့ တပ်သားတွေ အကုန်လုံးကို တမလွန်ဘုံရုပ်သေးရုပ်တွေအဖြစ် ပြောင်းပစ်လိုက်မှာကိုပဲ။ အဲ့တော့ သူ့အင်အားက သိသိသာသာ တိုးသွားတယ်... အဲ့ဒါကြောင့် သူက လူသားမျိုးနွယ် မဟာမိတ်စစ်တပ်ရဲ့ တန်ပြန်တိုက်ခိုက်မှုကို အောင်အောင်မြင်မြင် ခုခံနိုင်ခဲ့တယ်။ အဲ့လိုနဲ့ပဲ ဒီနေ့အခြေအနေ ဖြစ်လာရတာပဲ”
“ဟူး...”
ကျန်းရီ စိတ်ထဲမှ ခါးသက်သက် ပြုံးလိုက်၏။ တစ်ကိုယ်ကောင်းဆန်မှုက အမှန်ပင် လူသားမျိုးနွယ်၏ သဘာဝပင်။ သို့သော် သူတို့ တစ်ကိုယ်ကောင်းမဆန်လျှင် ပြိုင်ဆိုင်မှုများ ရှိလိမ့်မည် မဟုတ်ပေ။ ပြိုင်ဆိုင်မှုမရှိလျှင် လူသားမျိုးနွယ် တိုးတက်လာခဲ့မည် မဟုတ်ချေ။
တစ်ကိုယ်ကောင်းဆန်မှုနှင့် ပြိုင်ဆိုင်မှုကြောင့် လူသားမျိုးနွယ်က အမြဲ အချင်းချင်း တိုက်ခိုက်နေခဲ့ကြသည်။ လူသားမျိုးနွယ်သည် ဉာဏ်ကောင်းသည့်အလျောက်လည်း ကြံစည်ရသည်ကို နှစ်သက်သည်။ သူတို့သည် မိမိတို့အတွက် အကျိုးမရှိစေကာမူ အခြားသူများကို ထိခိုက်အောင်လည်း လုပ်တတ်ကြသည်။ ကိုယ်ကျိုးရှိလာလျှင်မူ သူတို့က တမလွန်ဘုံမျိုးနွယ်နှင့်ပင် ပူးပေါင်းတတ်ကြသည်။ ယင်းအချက်များကြောင့် လူသားမျိုးနွယ်က တမလွန်ဘုံမျိုးနွယ်ထံတွင် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ပေသည်။
ထိုပြဿနာမှာ ဖြေရှင်း၍ မရသော ပြဿနာတစ်ခုပင်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို ယင်းပြဿနာကို မဖြေရှင်းနိုင်ခဲ့သည် မဟုတ်ပါလား။ လူသားမျိုးနွယ် ပျက်သုဉ်းရမည်ဆိုလျှင် တစ်ကိုယ်ကောင်းဆန်မှုနှင့် အချင်းချင်း တိုက်ခိုက်နေမှုတို့ကြောင့်သာ ဖြစ်ပေလိမ့်မည်။