အမဲလိုက်ပွဲ
Vol. 20 Ch. 274
"ဟီးဟီး… မင်း ပြေးနိုင်သလောက် ပြေးစမ်း… ခွေးမသား"
နောက်နားမှ သွေးဆာနေသည့် အသံက ကပ်လျက် ထွက်ပေါ်လာပြန်၏။ ထိုလူငယ်၏ နာမည်မှာ ဟုန်ဖူကျင်းဝေ့ ဖြစ်ပြီး ဟုန်ဖူ မျိုးနွယ်၏ ထိပ်တန်း ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူသည် ဖန်တီးခြင်း တောင်ထွတ်မှ မူလ သူတော်စင် ဟုန်ဖူဝမ်ကူး၏ တူအရင်း ဖြစ်ကာ အနာဂတ်တွင် မဟာ အင်ပါယာ သူတော်စင်ပင် ဖြစ်လာနိုင်သည်ဟု ထင်ကြေးပေး ခံရသူလည်း ဖြစ်သည်။ သူသည် အသက် နှစ်ရာသာ ရှိသေးသည့်တိုင် ကွင်း ငါးခု ဝိညာဉ်ဆင်းတု တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်သို့ ပြန်လည် သွားရပါက… လုံချန်သည် ဟုန်ဖူ မျိုးနွယ် လူငယ် မျိုးဆက်နှင့် ပြဿနာတက်ခဲ့သည်။ လုံချန်သည် ဟုန်ဖူ လူငယ် များစွာကို အနိုင်ယူခဲ့ကာ သူတို့ထဲမှ တစ်ယောက်ကိုပင် သတ်ဖြတ်ခဲ့သည်။ အမှန်တကယ်တော့ ထိုရန်ငြိုးမှာ အလွန် လှပသည့် မိန်းမပျိုလေးများ ဖြစ်သည့် ဟုန်ယုနှင့် ရှောင်ပင်းတို့ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း ဟုန်ဖူကျင်းဝေ့သည် သူတို့ နှစ်ယောက်ကို အသည်းအသန် လိုက်ခဲ့သည်။ သို့သော်လည်း သူ ပြန်လည် ရရှိသမျှက မရှင်းမရှင်း တုန့်ပြန်မှုများသာ…။ ထိုကဲ့သို့ အခြေအနေတွင် လုံချန်မှာ ဖြုန်းခနဲ ပေါ်လာကာ နှစ်ယောက်စလုံး၏ အချစ်များကို သိမ်းကြုံး ရယူသွားခဲ့သည်။
မနာလိုမှုက ဟုန်ဖူကျင်းဝေ့၏ ငယ်ထိပ် တက်ဆောင့်တော့၏။ သူ ချက်ချင်းပင် ဟုန်ဖူ လူငယ် မျိုးဆက်များကို အမိန့်ပေးကာ လုံချန်အား ရှင်းရန် စေခိုင်းခဲ့သည်။ ဤသို့ဖြင့် ဟုန်ဖူ မျိုးနွယ်စုနှင့် လုံချန်တို့ အကြားမှ ပဋိပက္ခမှာ စတင်လာခဲ့တော့သည်။
သို့သော်လည်း… လုံချန်မှာ ထိုပဋိပက္ခများ အတွင်း တစ်စတစ်စ ပိုမို သန်မာလာကာ ကြယ်တာရာ အမြုတေ အဆင့်ကိုပင် ချိုးဖျက် ရောက်ရှိသွားခဲ့သည်။ ဟုန်ဖူမျိုးနွယ် လူငယ်များ တစ်ယောက်ပြီး တစ်ယောက် အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ရသည်။ ထိုထက်ပို၍ ကံဆိုးသည်ကား ဟုန်ယုနှင့် ရှောင်ပင်းတို့ နှစ်ဦးပါ သူ့ကို အမုန်းကြီး မုန်းသွားကြခြင်း ဖြစ်သည်။
ဟုန်ဖူကျင်းဝေ့ အတွက်တော့ လုံချန်မှာ ရွံ့ရှာ စက်ဆုပ်စရာ ဘူကောင် တစ်ကောင် ဖြစ်၏။ အကယ်၍ ဂိုဏ်း၏ တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ ကြောင့်သာ မဟုတ်ပါက သူ ထိုပုရွက်ဆိတ်ကောင်ကို ကိုယ်တိုင်ကိုယ်ကျ အမှုန့်ချေ ပစ်လိုက်ပြီ ဖြစ်သည်။ သည်နှစ်ပိုင်း အတွင်း သူ ကြိတ်မှိတ် သည်းခံကာ နေခဲ့ရသည်။
ကံကောင်းထောက်မစွာပင် ကောင်းကင်က သူ့ကို အခွင့်အရေး နောက်တစ်ကြိမ် ပေးလာခဲ့သည်။
မဟာ ဝိညာဉ် စမ်းသပ်ပွဲ စတင်ပြီး မကြာခင်မှာပင် အေးအေးဆေးဆေး အနားယူနေသည့် အရိပ်လ ဝံပုလွေ သုံးကောင်ကို သူ တွေ့မြင်ခဲ့ရသည်။ ဟုန်ဖူဝမ်ကူး၏ ကြိုတင် ပြင်ဆင်ပေးမှု ကျေးဇူးတို့ဖြင့် အိပ်ပျော်စေသည့် ဆေးလုံးတစ်လုံးကို သုံးကာ ထိုသားရဲ သုံးကောင် အပေါ် သူ ထိန်းချုပ်ခြင်း အစီအရင်များ ချမှတ်နိုင်ခဲ့သည်။
ထို့နောက် သူ လုံချန်နှင့် တွေ့ဆုံခဲ့သည်။ ဤသို့ဖြင့် သားရဲသုံးကောင်နှင့် လူရိုင်း တစ်ယောက်တို့၏ အမဲလိုက်ပွဲကြီး တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
…
ထိုအချိန် မြေပြင်အတွင်းပိုင်း တစ်နေရာ၌…
"ဘုန်း… ဘုန်း…"
ငွေရောင် မျက်လုံးများနှင့် တိုက်တန် တီကောင် မြွေကြီးမှာ အရှိန်အဟုန်ဖြင့် လှုပ်ရှားနေ၏။ ကျောက်စိုင် ကျောက်သားများနှင့် အလွန် မာကြောသော မြေဆီလွှာများကို ထိုးဖောက်ရခြင်းက သူ့အတွက်တော့ ထမင်းစား ရေသောက်အလား။ ကမ္ဘာတစ်ဖက်စီခြားသည့် အလွန်အမင်း ဝေးကွာသော နေရာတစ်ခုတွင်မူ မိုးကောင်ကင်ကို တိတ်တဆိတ် ငေးကြည့်နေသည့် ဝေ့ဝူယင် ရှိနေခဲ့သည်။
"အပြစ်သား ဝိညာဉ်…"
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ အနက်ရောင် အရိုးစု ပေးအပ်ခဲ့သည့် အပြစ်သား ကျမ်းစာ အရ အပြစ်သား ဝိညာဉ် ဆိုသည်မှာ ကောင်းကင်တာအို၏ ပညတ်တော်ပေါင်း သုံးထောင်ကို လွန်ကျူးစွာ ဆန့်ကျင်သည့် ပုဂ္ဂိုလ်များအား ခေါ်ဆိုသည့် အမည်နာမ တစ်ခု ဖြစ်သည်။
ရည်ရွယ်ချက် ရှိသည် ဖြစ်စေ... လူတစ်ယောက်မှာ ဘဝတွင် အနည်းဆုံး အပြစ်တစ်ခုမက ကျူးလွန်ဖူးကြစမြဲ ဖြစ်သည်။ ထိုအရာများက သာမန် ဖြစ်ရိုးဖြစ်စဥ်များသာ ဖြစ်ရာ ကောင်းကင်တာအိုက အပျက်သဘော ဆောင်စေသည့် ကမ္မတန်ဖိုး အနည်းအကျဥ်းကို ထုတ်ပေးရုံမျှသာ အရေးယူသည်။
သို့သော်လည်း အချို့သော လူများမှာမူ အကုသိုလ်တရားဖြင့် ခန္ဓာကိုယ် တစ်ခုလုံးကို ထုံမွမ်းစေလောက်သည် အထိ အပြစ်များကို ကျူးလွန်ကြသည်။ သူတို့၏ ကမ္မဒုစရိုက်များက အလွန် ပြင်းထန်လွန်းလှရာ သေလွန်သည်နှင့် ငရဲကြီး ဆယ့်ရှစ်ထပ်တွင် ကျိန်းသေ အပြစ်ကြွေး ပေးဆပ်ရမည့် လူများ ဖြစ်သည်။ ထိုကဲ့သို့သော လူများမှာ အသက် ရှင်သန်ဆက်လက် နေဆဲ ဖြစ်လျှင်ပင် ဆိုးယုတ်သော အပြစ်သား ဝိညာဥ်များ ဖြစ်လာကြသည်။
"အစစ်အမှန် အပြစ်သား ဝိညာဉ်..."
ထိုစကားလုံးလေးကို ခပ်တိုးတိုး ရေရွတ်ရင်း ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ အစစ်အမှန် အပြစ်သား ဝိညာဉ်မှာ အနက်ရောင် အရိုးစု သူ့အား လက်ဆင့်ကမ်းခဲ့သည့် ကျင့်ကြံခြင်း နည်းလမ်း တစ်ခု ဖြစ်ကာ ဝိညာဥ်ကို ကျင့်ကြံရန် ကမ္မအပြစ်ကို အသုံးပြုခြင်းများ ပါဝင်နေသည်။ သို့သော်လည်း ကံဆိုးစွာပင် သူတော်စင်တို့၏ ကျင့်ကြံခြင်း အလွှာသို့ ရောက်မှသာ ထိုနည်းလမ်းကို ကျင့်ကြံနိုင်လိမ့်မည် ဖြစ်သည်။
တိုက်တန် တီကောင်မြွေကြီး၏ မျက်လုံးများမှ တစ်ဆင့် ကောင်းကင်တာအို၏ ဖိအား ပတ်လမ်းများက ဟုန်ဖူကျင်းဝေ့ထံ ဦးတည် ကျဆင်းနေကြောင်း ဝေ့ဝူယင် တွေ့မြင်နေရသည်။ ထိုအရာက အပြစ်သား ဝိညာဥ် တစ်ယောက် ဖြစ်လာခြင်း လက္ခဏာများပင် ဖြစ်ကြောင်း အပြစ်သား ကျမ်းစာတွင် ဖော်ပြထားသည်ကို သူ တွေ့ဖူးသည်။
ဝေ့ဝူယင် နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကြုတ် လိုက်မိ၏။ အပြစ်သား ဝိညာဥ်တစ်ယောက်ပင် ဖြစ်လာရသည် အထိ ဟုန်ဖူကျင်းဝေ့မှာ မည်သည့် အပြစ်များ ကျူးလွန်ခဲ့သနည်း။ လုံချန်ကဲ့သို့ ကောင်းချီးခံ တစ်ယောက်ကို အမဲလိုက်နေခြင်းကြောင့်လော။
ထိုအရာက သိပ်တော့ အဓိပ္ပာယ် မရှိလှ။ ဝေ့ဝူယင်၏ မျက်လုံးများက ဟုန်ဖူကျင်းဝေ့ထံမှ တစ်ဆင့် အရိပ်လ ဝံပုလွေ သုံးကောင်ထံသို့ ရောက်ရှိသွားသည်။ အကျဉ်းချုံး စစ်ဆေးပြီးနောက် သူ့မျက်လုံးများက ထိစပ်လုမတတ် ကျဉ်းမြောင်းသွားခဲ့လေ၏။
"နေဦး… သူက ဝိညာဉ် တိုက်ရိုက် ချုပ်ကိုင်တဲ့ အစီအရင်ကို သုံးထားတာလား…"
အကယ်၍ ထိုအရာသာ အမှန်တကယ် ဆိုပါက အရိပ်လ ဝံပုလွေ သုံးကောင်မှာ စိတ်ကူးပင် မယဉ်နိုင်လောက်အောင် ရက်စက်သည့် နည်းလမ်းဖြင့် ချုပ်နှောင်ခံထားရခြင်း ဖြစ်သည်။
သာမန် လှုပ်ရှားနေသာ်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ရက်စက်သည့် အစီအရင်၏ ထိန်းချုပ်မှု အောက်တွင် သူတို့၏ ဝိညာဉ်များက အဆက်မပြတ် လွင့်ပါး နေကြသည်။ ထိုသားရိုင်း သုံးကောင်ကား လုံးဝ အသိစိတ် ကင်းလွတ်နေကာ အမိန့်ပေး စေခိုင်းရာကိုသာ လိုက်နာသည့် ဖုတ်ကောင်များ သဖွယ် ဖြစ်နေကြပြီ ဖြစ်သည်။
ဝိညာဉ်များအား ပျက်စီးအောင် ပြုလုပ်ခြင်းမှာ ရွံရှာ စက်ဆုပ်ဖွယ် ကောင်းသည့် ပြစ်မှု တစ်ခု ဖြစ်ပြီး ကောင်းကင်တာအို၏ ဂုဏ်သိက္ခာကို တိုက်ရိုက် စော်ကားလိုက်ခြင်းမျိုးပင် ဖြစ်သည်။ သို့သော်လည်း အပြစ်သား ကျမ်းစာအရ ဝိညာဉ်တိုင်းကို ရည်ညွှန်းခြင်းတော့ မဟုတ်ပဲ "သေမျိုးဝိညာဉ်" ဆိုသည့် အသုံးအနှုန်းကိုသာ အခြေခံထားခြင်း ဖြစ်သည်။
"သေမျိုး ဝိညာဉ်… အဲဒါက လျှို့ဝှက် အာဏာရှင် အဆင့်အောက် ဝိညာဉ်တွေကို ရည်ညွန်းတာများလား…"
ဝေ့ဝူယင် ဉာဏ်အလင်း တစ်ချို့ ရသွားသလို ခံစားလိုက်ရ၏။ ကြည့်ရသည်က ကောင်းကင် တာအိုမှာ အားနည်းသော ဝိညာဉ်များကို ကာကွယ်ရန် အတွက် ထိုတင်းကြပ်သော ပညတ်တော်ကို ချမှတ်ခဲ့ဟန် ရသည်။
"အဲဒါ ထားလိုက်ပါဦး… ဒီလောက် ဒီအစီအရင်ကို ဟုန်ဖူကျင်းဝေ့ ဘယ်ကနေ ရလာတာလဲ"
ဝေ့ဝူယင် အနည်းငယ် စိတ်ရှုပ်ထွေးနေမိ၏။ သူ့တွင်လည်း ဝိညာဉ်များကို သက်ရောက် စေနိုင်သည့် အစီအရင် တစ်ခု ရှိသည်။ ၎င်းကို ဝိညာဉ် အေးခဲခြင်း အစီအရင်ဟု ခေါ်ကာ အန်နုထံမှ သူ ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း… လက်ရှိ ကျင့်ကြံခြင်း အဆင့်ဖြင့်ပင် သူ ထိုအစီအရင်ကို မသုံးနိုင်သေးချေ။
“အိုး...”
ရုတ်ချည်းပင် လုံချန်နှင့် ဟုန်ဖူးကျင်းဝေ့တို့ အကြားမှ ပြေးပွဲလိုက်ပွဲမှာ ရပ်တန့်သွားသည်ကို ဝေ့ဝူယင် သတိထားမိလိုက်ရ၏။ ချက်ချင်းဆိုသလိုပင် သူတို့ ရပ်တန့်သွားသည့် အကြောင်းရင်းကို ဝေ့ဝူယင် တွေ့ရှိလိုက်ရ၏။
မိန်းကလေး သုံးယောက်...
တိတိကျကျ ဆိုရလျှင် ဟုန်ယု၊ ရှောင်ပင်းနှင့် အခြား မိန်းကလေး တစ်ယောက်တို့ပင် ဖြစ်သည်။ ထိုမိန်းကလေးမှာ ရှို့ရန် တစ်ယောက် ဖြစ်ပြီး သားမွေးရှည်များနှင့် လက်သည်းရှည်များ ပိုင်ဆိုင်ထားသည်။ သူမ၏ အသွင်သဏ္ဌာန်မှာ ဒဏ္ဍာရီများထဲမှ ဂန္ဓဗ္ဗနတ်မျိုးနှင့်ပင် တူနေသေးကာ နားရွက်များမှာမူ အယ်ဗန်မျိုးနွယ်တို့၏ အမွေအနှစ်ကို အပြည့်အဝ ယူထားသည့် အလား ချွန်ထက် နေသည်။
မိန်းကလေးများမှာ ဟုန်ဖူကျင်းဝေ့၏ အမဲလိုက်ခြင်း ခံနေရသည့် လုံချန်နှင့် ဆုံတွေ့မှု အပေါ် အံ့အားသင့်နေကြပုံ ပေါ်သည်။ မကြာခင်မှာပင် သူတို့မှာ တစ်ခုခုအား ဆွေးနွေး ပြောဆိုနေကြပုံ ပေါ်၏။
ရုတ်တရက် ဝေ့ဝူယင်မှာ ဟုန်ဖူကျင်းဝေ့ကို သတ်ဖြတ်ချင်လာသယောင်ယောင် ခံစားလိုက်ရသည်။ ထိုခံစားချက်က ရှင်းလင်းစွာပင် အပြစ်သား သွေးမျိုးဆက်မှ မြစ်ဖျားခံလာခြင်း မဟုတ်ပဲ ကောင်းကင်တာအို၏ တီးတိုး ပြောဆိုမှု တစ်ခုသာ ဖြစ်ပေသည်။ ဟုန်ဖူကျင်းဝေ့ကို သတ်ဖြတ်ခြင်းဖြင့် ကောင်းကင်တာအိုထံမှ တစ်စုံတစ်ခုကို ကျိန်းသေ ရလိမ့်မည် ဟု သူ ခံစားရသည်။
သို့သော်လည်း အသွေးအသားထဲတွင် စီးဆင်းနေသည့် အပြစ်သား သွေးမျိုးဆက်ထံမှ တုန့်ပြန်မှု တစ်ခု ထွက်ပေါ်လာသည်နှင့် ကောင်းကင်တာအို၏ တီးတိုး ပြောဆိုမှုက လိမ်ကောက် ပျောက်ကွယ်သွားသည်။ ၎င်းက ဆန္ဒကို တိုက်တိုက် မပြောသော်လည်း ဟုန်ဖူကျင်းဝေ့မှာ အရေးကြီးကြောင်း အသွေးအသားထဲမှ ဝေ့ဝူယင် ခံစားနေရသည်။
“အပြစ်သား ဝိညာဥ်... ကမ္မအပြစ်နဲ့ သက်ဆိုင်နေတဲ့ ဝိညာဥ်...”
ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွား၏။ လုပ်ရန် လိုအပ်သည့် အရာကို သူ သိရှိလိုက်ပြီ ဖြစ်သည်။ ထိုအခိုက်တွင်ပင် ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးနိုင်စွမ်း ကြီးမားသည့် အရှိန်အဝါ တစ်ခုမှာ ကမ္ဘာလောကတွင် မသိမသာ ပေါ်လာခဲ့လေတော့၏။
...
ထိုအခိုက်၌ ဂြိုဟ်မျက်နှာပြင်ထက်၌...
“ဟုန်ဖူဝမ်ကျင်း... ခု နင် ဘာလုပ်နေတယ် ဆိုတာ နင့်ကိုယ်နင် သိရဲ့လား”
ဟုန်ယု၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာ၏။ ရှောင်ပင်းမှာ ဟုန်ယုကဲ့သို့ ပေါက်ကွဲလွယ်သည့် လူတစ်ယောက် မဟုတ်သည့်တိုင် သူမ၏ မျက်လုံးများက အေးစက်နေ၏။
ဟုန်ဖူကျင်းဝေ့မှာ မျက်မှောင်ကြုတ်နေ၏။ လုံချန်အား မသတ်ဖြတ်နိုင်ခင် ထိုမိန်းကလေး နှစ်ယောက်နှင့် တွေ့ဆုံရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
လုံချန် အဆင့်ခြောက် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ သောက်လိုက်သည်။ ထို့နောက် တိုက်ပွဲအတွက် ပြင်ဆင်သည့် အလား အမြန်ဆုံး နှုန်းကို သုံး၍ သန့်စင်နေသည်။
“ယုအာ... ပင်းအာ... ဘေးဖယ်နေကြ... ဒါ ငါတို့ ယောက်ျားတွေကြားက ကိစ္စ...”
ဟုန်ဖူဝမ်ကျင်းက အတတ်နိုင်ဆုံး ချိုသာစွာ ပြောလိုက်၏။ သို့သော်လည်း ရှောင်ပင်း၏ မျက်လုံးများမှာမူ ပို၍သာ အေးစက်သွားခဲ့သည်။ ရင်းနှီးကြောင်း ပြသရန် ကြိုးစားနေသည့် ဟုန်ဖူဝမ်ကျင်း၏ အသုံးအနှုန်းက သူမအတွက်တော့ ရွံစရာ ကောင်းနေသည်။
ရှောင်ပင်း ရှေ့သို့ ခြေတစ်လှမ်း တိုးရင်း ကောင်းကင်ဖိအားကို ထုတ်လွှတ်လိုက်၏။ သူမသည် ထိုအပြုအမူကို တိုက်ခိုက်ရန်စရန် အတွက် မဟုတ်ပဲ ရပ်တည်ချက်အား ဖော်ပြရန်သာ ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သားရဲစမ်းသပ်ပွဲတွင် ပြိုင်ပွဲဝင် အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ခြင်းကို တားမြစ်ထားသည် မဟုတ်ပါလား။
သို့သော်လည်း ရှောင်ပင်းမှာမူ ထိုမျှလောက် မနူးညံ့ချေ။ သူမက လက်ညိုး ငေါက်ငေါက်ထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
“ငါ့ကို အဲ့လို မခေါ်နဲ့ ခွေးမသား... နင်အရှက်မရှိဘူးလား... လုံချန်က အခုမှ လောကပင်လယ် အဆင့်မှာပဲ ရှိသေးတယ်... နင်က ဝိညာဥ်ဆင်းတု အဆင့်ကို ရောက်နေပြီ... ဘာကို ယောကျ်ားတွေ ကြားက ပြိုင်ပွဲလဲ... နင် အဲ့လောက် မျှတချင်ရင် မဟာ အင်ပါယာ သူတော်စင်တွေကို သွားစိန်ခေါ်ပါလား...”
ထို့စကားလုံးများကြောင့် ဟုန်ဖူကျင်းဝေ့မှာ ရှက်လည်းရှက်၊ ဒေါသလည်းထွက်၊ ဝမ်းလည်းနည်းမိသွားသည်။ ကြည့်ရသည်က မိန်းကလေး နှစ်ယောက်၏ စိတ်ထဲရှိ သူ၏ ပုံရိပ်က ပြန်လည် ပြင်ဆင်၍ မရအောင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က သူတို့ အတူ ရယ်မောခဲ့ကြသည်။ အနမ်းပန်းများ ဝေခဲ့ကြသည်။ အတူပင် အိပ်ခဲ့ကြဖူးသည်။
တန်ဖိုးကြီး ကျောက်မျက်ရတနာများ၊ မသုံးရက် မစွဲရက် ဆေးလုံးများ၊ အဆင့်မြင့် ဝိညာဥ် လက်နက်များ... ထိုမိန်းကလေး နှစ်ယောက် အတွက် သူ အရာရာ ပေးဆပ်ခဲ့ပါသည်။ သို့သော်လည်း အဆုံးသတ်၌ ရရှိခဲ့သမျှက အေးစက်စက် အကြည့်များနှင့် ဒေါသတကြီး စကားလုံးများသာ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် နှလုံးသား တစ်ခုလုံး ဓားဖြင့် မွှမ်းသလို သူ ခံစားနေရ၏။ သူ့စိတ်ထဲရှိ သူမတို့၏ ချစ်စရာ ပုံရိပ်လေးများက စက္ကူတစ်စလို ပျောက်ပြယ်သွားကာ သွေးစွန်းသော မျက်ဝန်းများသာလျှင် ပိုမို ထင်ရှားလာ၏။
“အရူးမ... ဖောက်ပြန်တဲ့ အရူးမတွေ...”
ဟုန်ဖူဝမ်ကျင်း ဘာကိုမှ မကြားနိုင်တော့...။ လေတိုးသံ၊ သားရဲဟောက်သံများ ပင်လျှင် သူ့အတွက်တော့ လှောင်ရယ်သံ သဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“အား... ငါနင်တို့ကို သတ်မယ်... နင်တို့ အားလုံးကို သတ်မယ်”
***