← Chapters

အမဲလိုက်ပွဲ (၂)

Vol. 20 Ch. 275

အမဲလိုက်ပွဲ (၂)

Vol. 20 Ch. 275

“အား... ငါနင်တို့ကို သတ်မယ်... နင်တို့ အားလုံးကို သတ်မယ်”

ကြောက်မက်ဖွယ် အော်ဟစ်သံကြီးနှင့် အတူ ပြင်းထန်သော ကောင်းကင် ဖိအားများမှာ ဟုန်ဖူကျင်းဝေ့ထံမှ ပေါက်ကွဲ ထွက်ပေါ်လာသည်။

လုံချန်မှာ ထိတ်လန့်ကာ မျက်နှာတစ်ခုလုံး ဖြူရော်သွားသည်။ ဟုန်ဖူကျင်းဝေ့ ထိုမျှ မြန်မြန် ပေါက်ကွဲ ရူးသွပ်သွားလိမ့်မည်ဟု သူ ထင်မှတ် မထားခဲ့ချေ။

“မင်းတို့ နောက်ဆုတ်ကြ...”

သူ ချက်ချင်းပင် အော်ဟစ်လိုက်သည်။ သို့သော်လည်း သူ၏ အသံ မဆုံးသတ်ခင်မှာပင် ဆယ်မီတာခန့် မြင့်မားသည့် အရိပ်လ ဝံပုလွေကြီး သုံးကောင်မှာ မိန်းကလေး တစ်ယောက်ချင်းစီကို ခုန်အုပ်လိုက်ကြပြီ ဖြစ်လေသည်။

ဟုန်ယု၊ ရှောင်ပင်းနှင့် ရှို့ရန် မိန်းကလေးတို့မှာ ကြောင်အနေ၏။ ဝံပုလွေကြီးများမှာ အလွန် မြန်ဆန်လှကာ သူတို့ အရှေ့သို့ မျက်တောင် တစ်ခပ်စာ အတွင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ပြန်လည် တိုက်ခိုက်ရန် မဆိုထားနှင့် သူတို့တွင် တုန့်ပြန်ရန် အချိန်ပင် မရ...။

ဘုန်း...

လုံချန် ကြယ်တာရာ အင်အားကို ထုတ်လွှတ်ရင်း အလွန် လျှင်မြန်စွာ ရွေ့လျားလိုက်၏။ လျှပ်တစ်ပြက် အတွင်းမှာပင် သူ ရှောင်ပင်းနှင့် ဟုန်ယုတို့ကို မ ကာ ဘေးလွတ်ရာသို့ ရှောင်ထွက်သွားသည်။ ရှို့ရန် မိန်းကလေးမှာမူ...

“အား...”

အရိုးစိမ့် မတတ် အော်ဟစ်သံ တစ်ခုမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို စိုးမိုး ပျံ့နှံ့သွား၏။ တစ်ချိန်တည်း၌ သွေးစိမ်းနံ့က လှိုင်ခနဲ ထွက်ပေါ်လာသည်။ တဂျွပ်ဂျွပ်မြည်သံများမှ လွဲ၍ ကမ္ဘာလောကကြီး တစ်ခုလုံးမှာ ကြောက်မက်ဖွယ် ကောင်းအောင် တိတ်ဆိတ်သွားတော့၏။

“သူ... သူ...”

ဟုန်ယုနှင့် ရှောင်ပင်းတို့မှာ သွေးပျက် ခြောက်ခြားဖွယ် မြင်ကွင်းကို မြင်သော အခါတွင်မှ ကြောက်ရမှန်း နားလည် သွားကြသည်။ အကယ်၍ လုံချန်သာ မကယ်ခဲ့ပါက ထိုမိန်းကလေး ကဲ့သို့ အဖြစ်ဆိုးမျိုးကို သူမတို့ပါ ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။

လုံချန်၏ အသက်ရှူသံများက မသိမသာ နှေးကွေးကာ လေးလံနေ၏။ အချိန်ကြာမြင့်စွာ အသက်လု ပြေးခဲ့ရသဖြင့် သူ့တွင် ကြယ်တာရာ အင်အား သိပ်မကျန်တော့။ ဝံပုလွေ သုံးကောင်မှာ မိန်းကလေး နှစ်ယောက် ကိုင်တွယ်နိုင်သည်ထက် အဆများစွာ ပိုမို စွမ်းအားကြီးသူများ ဖြစ်သည်။ အကယ်၍ သူမတို့ကို ထားခဲ့ပါ ထွက်ပြေးပါက လွတ်မြောက်ရန် အခွင့်အရေး ရှိသည့်တိုင် သူ မလုပ်ရက်။

“ဟား ဟား ဟား... ကောင်းတယ်ဟေ့”

ဟုန်ဖူကျင်းဝေ့ကား သွပ်သွပ်ချာအောင် ရူးသွပ်သွားသည့်ပုံ ရသည်။ သူ၏ မျက်လုံးများတွင် သတ်ဖြတ်ခြင်းမှ လွဲ၍ ဘာမျှ မရှိတော့။

သူ၏ အကြည့်တို့က လုံချန်တို့ သုံးယောက်ထံ ရွေ့လျားသွား၏။ သူ့နှုတ်ခမ်းထက်တွင်မူ ချိုမြိန် ကြောက်မက်ဖွယ် ကောင်းသော အပြုံးတစ်ခု ရှိနေသည်။

“သူတို့ကို သတ်စမ်း...”

သူ၏ အသံက သိပ်မကျယ်လှသော်လည်း လုံချန်တို့ အတွက်တော့ သေမင်း ခေါ်သံအလားပင်။ ဝံပုလွေများမှာ ကောင်းကင်သို့ မော့၍ အူလိုက်ကြရင်း ခုန်အုပ်ရန် အသင့် ပြင်လိုက်ကြပြီ ဖြစ်သည်။

“ဟုန်ဖူကျင်းဝေ့... မ... မလုပ်ပါနဲ့”

ဟုန်ယုက ငိုယိုရင်း အော်ဟစ်လိုက်၏။ ဟုန်ဖူကျင်းဝေ့ ထိုမျှ သွပ်သွပ်ချာ ရူးသွပ်သွားလိမ့်မည်ဟု သူမ တစ်ခါမှ တွေးတောဖူးခြင်း မရှိပါချေ။

ရှောင်ပင်းမှာလည်း ကြောက်ရွံ့နေ၏။ သို့သော်လည်း သူမက ရေခဲပြာ ဓားရှည် တစ်ချောင်းကို ဆွဲထုတ်ကာ တိုက်ခိုက်ရန် အသင့်ပြင် လိုက်သည်။ ဟုန်ယုနှင့် ခြားနားစွာပင်... ဟုန်ဖူကျင်းဝေ့ အဘယ်ကြောင့် ထိုကဲ့သို့ ပြုမူရသည်ကို သူမ သိသည်။ အကယ်၍ ယနေ့၌ သေရမည် ဆိုလျှင်ပင် ‌ရှောင်ပင်းမှာ မတိုက်ခိုက်ပဲတော့ မသေနိုင်ချေ။

“ဆရာ...”

လုံချန်က တစ်စုံတစ်ရာ အကူအညီ ရနိုးနိုးဖြင့် ခေါ်လိုက်သည်။ အနက်ရောင် လက်စွပ်လေး အတွင်းရှိ ဝူယု၏ ဝိညာဥ်ပုံရိပ်က ခပ်လေးလေး သက်ပြင်းတစ်ချက် ချလိုက်၏။

“မင်းတို့တွေ ကျောက်စိမ်းပြားတွေကို အသက်သွင်းလိုက်တာ အကောင်းဆုံးပဲ... ဒီအခွင့်အရေးကို ဆုံးရှုံးရလိမ့်မယ် ဆိုပေမဲ့ ဆက်ပြီးတော့ အသက်ရှင်နိုင်မှာပါ”

ဟုန်ဖူကျင်းဝေ့မှာ ထိုဝံပုလွေများကို ပိုင်ဆိုင်ခွင့် ရရှိရန် အတွက် လနှင့်ချီ ပြင်ဆင်ခဲ့ပုံ ဖြစ်ပုံ ပေါ်သည်။ သူတို့အား လွယ်လွယ်နှင့် ခွဲထုတ်ပစ်ရန် မဖြစ်နိုင်ချေ။ အကယ်၍ လုံချန်သာ ပါးနပ်ပါက စိတ်ရှည်ရှည်နှင့် နောက်ထပ် အခွင့်အရေးကိုသာ စောင့်ဆိုင်းသင့်သည်။

သို့သော်လည်း ကံဆိုးစွာပင် လုံချန်မှာ ခေါင်းမာသူ ဖြစ်သည်။ မဟာဝိညာဥ် စမ်းသပ်ပွဲမှာ ဝေ့ဝူယင်ထက် သာလွန်ကြောင်း ပြသနိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။ သူ မည်ကဲ့သို့ လက်လွှတ်နိုင်ပါမည်နည်း။ ပထမဆုကို သူ ယူကို ယူရပေလိမ့်မည်။

“မင်းတို့ရဲ့ ကျောက်စိမ်းပြားတွေကို သုံးပြီး ထွက်သွားတော့...”

ထိုစကားကို ကြားလိုက်ရရာ ဟုန်ဖူကျင်းဝေ့၏ မျက်လုံးမှ သွေးရောင်မှာ ပိုမို တောက်ပသွား၏။

“သတ်စမ်း... မြန်မြန် သတ်စမ်း...”

သူက ချက်ချင်းပင် ဝိညာဥ် အစီရင်မှ တစ်ဆင့် အမိန့်ပေးလိုက်သည်။ အရိပ်လ ဝံပုလွေများမှာ သူ့အား စိတ်မပျက်စေရချေ။ ချက်ချင်းပင် အရိပ်များ အလား ရွေ့လျားသွားကာ ရှောင်ပင်းကို ဝန်းရံ တိုက်ခိုက် လိုက်ကြလေတော့၏။

“နှင်းမုန်တိုင်း တိုက်ခတ်ခြင်း...”

ရှောင်ပင်းမှာ အနည်းငယ် အံ့သြသွားသော်လည်း ထိုအရာကို မျှော်လင့်ထားပြီး ဖြစ်ရာ ချက်ချင်းပင် တုန့်ပြန်၏။ ချက်ချင်းပင် သူမ၏ ရေခဲပြာဓားမှာ အရိပ်များထံ တိုးဝင်သွားကာ နှင်းပွင့်များမှာ ဖြာကျလာသည်။ ဓားဦးနှင့် ထိသည့် သစ်ရွက်၊ မြေပြင်၊ လေထုများမှာ အေးခဲသွား၏။ သူမ၏ တိုက်ခိုက်ပုံက နှင်းမုန်တိုင်းများ အပြားတွင် ဓားအလင်းရောင် ဖြာကျနေသည့် အလား။

ရှောင်ပင်း၏ အကြောက်အရွံ့ကင်းသည့် အားထုတ်မှုများမှာ လေးစားစရာ ကောင်းသော်လည်း အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့သည်။ အရိပ်လ ဝံပုလွေများသည် သူမ၏ ဖန်တီးထားသည့် အကာအကွယ် နှင်းမုန်တိုင်းကို ကြောက်မက်ဖွယ် အရှိန်နှုန်းဖြင့် ဖြတ်ကျော်လာကြသည်။ ဓားအရိပ်များ၏ တားဆီးမှု အောက်တွင်ပင် သူတို့မှာ သူမအနား တမုဟုတ်ချင်း ရောက်ရှိလာသည်။

ရှောင်ပင်း တုန်လှုပ်သွားကာ ဓားကို အဆက်မပြတ် ဝှေ့ယမ်းရင်း နောက်ဆုတ်ရန် ကြိုးပမ်းလိုက်သည်။ လုံချန်မှာ သူမထံသို့ ပြေးလာခဲ့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

“ရွှတ်...”

ကြက်သီးထဖွယ် အသံ တစ်ခုနှင့် အတူ ရှောင်ပင်း၏ ဓားကိုင်လက်မှာ ဝံပုလွေတစ်ကောင်၏ လက်သည်းကြားတွင် ပြတ်ပါသွားခဲ့၏။

ချက်ချင်းပင် ရဲရဲနီသော သွေးများက သူမ တစ်ကိုယ်လုံးကို ရွှဲရွှဲစိုသွား၏။ သို့သော်လည်း ‌ရှောင်ပင်း မအော်ဟစ်သလို နာကျင်သည့် အရိပ်အယောင်လည်း မပြချေ။ သူမ၏ မျက်လုံးများက အလွန်အမင်း အေးစက်နေသည်။ ညာဘက်လက် မရှိတော့ရာ သူမ အနေဖြင့် သည်တိုက်ပွဲကို ဘယ်လိုမှ ဆက်တိုက်ခိုက်နိုင်တော့မည် မဟုတ်တော့။

ရှောင်ပင်း မတုန့်ဆိုင်းပဲ ကျောက်စိမ်းပြားကို ဆွဲထုတ်ကာ အထဲရှိ ဝင်္ကပါကို အသက်သွင်းလိုက်၏။ အာကာသ စွမ်းအားများ ကျဆင်းမလာခင် ဟုန်ဖူကျင်းဝေ့၏ မျက်နှာကို ကြည့်သွားသည့် သူမ၏ မျက်လုံးများက အလွန်အမင်း အေးစက်ကာ ရေခဲငရဲ၏ အရိပ်အငွေ့တို့ဖြင့် ထင်ဟပ်နေသည်။ နှုတ်မှ စကားတစ်ခွန်းမှ ထွက်မလာည့်တိုင် ထိုမျက်လုံးများကမူ အရာရာအား ပြောကြားခဲ့ပေသည်။

ဝှစ်...

ဟုန်ယုမှာလည်း ကျောက်စိမ်းပြားကို ထုတ်ယူလိုက်၏။ ၎င်းအား အသက်မသွင်းခင် သူမက ဟုန်ဖူကျင်းဝေ့ကို စူးစူးရဲရဲ ကြည့်လိုက်လေသည်။

“ဟုန်ဖူကျင်းဝေ့... ငါနင့်ကို ကျိန်းသေ သတ်မယ်... စောင့်နေ... စောင့်ပဲနေ”

ထိုစကားလုံးများက အဆုံးမဲ့ ရန်ငြိုးများ၊ အမုန်းတရားများနှင့် ပြည့်နှက်နေသည်။ စကားဆုံးသည်နှင့် ချက်ချင်းပင် သူမ ကြယ်တာရာ အင်အားများကို ကျောက်စိမ်းပြား အတွင်း ထည့်သွင်းလိုက်တော့၏။

ထိုအခိုက်တွင်ပင် ဟုန်ဖူကျင်းဝေ့၏ မျက်လုံးများထဲတွင် ငွေလအရိပ် ဖျပ်ခနဲ ပေါ်လာခဲ့လေတော့၏။

လုံချန် ပင့်သက် တစ်ချက် ရှိုက်ရင်း ဟုန်ယု ပျောက်ကွယ်သွားမည့် အချိန်ကို ‌စောင့်နေလိုက်သည်။ မိန်းကလေး နှစ်ယောက် ဤနေရာတွင် ရှိနေခြင်းက သူ့အတွက်တော့ ဝန်ထုပ်ဝန်ပိုး တစ်ခုလိုပင် ဖြစ်သည်။ သူတို့ နှစ်ယောက် အပြင်သို့ အန္တရာယ် ကင်းကင်း ရောက်သွားတော့မှသာ သူ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပေလိမ့်မည်။

သို့သော်လည်း သုံးစက္ကန့်မျှ ကြာသည် အထိ ဟုန်ယုမှာ ပျောက်ကွယ်မသွားသေးချေ။ လုံချန် မျက်မှောင်ကြုတ်ကာ သူမကို ကြည့်လိုက်မိ၏။ အဘယ်ကြောင့် သူမက ရပ်လိုက်ရသနည်း။ သူ အဝေးသို့ ထွက်ပြေးနိုင်ရန် အချိန်ဆွဲပေး နေသည်လား။

“နေဦး...”

တစ်စုံတစ်ရာကို သတိထားမိသည်နှင့် သူ၏ မျက်လုံးများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွား၏။ ဟုန်ယု၏ ခန္ဓာကိုယ် တစ်ခုလုံးက သတိကင်းလွတ်ဟန်နှင့် အေးခဲနေသည်။ တစ်ခုခု လွဲချော်နေသည်ကတော့ သေချာလှပေသည်။

“သူ့စိတ်...”

လက်စွပ်အတွင်းမှ ဝူယုက အော်ဟစ်လိုက်၏။ သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ လအရိပ် ဝံပုလွေ တစ်ကောင်သည် သူမ၏ နောက်တွင် ပေါ်လာကာ ခုန်အုပ်သွားခဲ့တော့၏။

“မဟုတ်ဘူး...”

ရူးသွပ်သော အော်ဟစ်သံနှင့် အတူ သွေးရောင် ပန်ချီကား တစ်ချပ်မှာ လောကအား ခြယ်သ သွားလေတော့သည်။

***

All Chapters