လုံချန်၏ ဒေါသ
Vol. 20 Ch. 276
သေမင်းတမန် တိတ်ဆိတ်မှု တစ်ခုသည် ကမ္ဘာလောကြီးကို လွှမ်းခြုံထား၏။ ရဲရဲနီသော သွေးများမှ မြေပြင်တွင် စမ်းချောင်း တစ်ခုလို စီးဆင်းနေ၏။ လုံချန် မြေပြင်တွင် ဒူးထောက် ထိုင်ချရင်း ပုံရိပ် တစ်ခုကို ထွေးပွေ့သွားသည်။
နေမင်းဘုံကို အစိုးရသော နတ်မိမယ်လေး အလား အလွန်လှပသည့် မိန်းကလေးမှာ လာခြင်းကောင်းသည့်တိုင် ကြေကွဲဖွယ်ရာ အဆုံးသတ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ဒဏ်ရာများမှာ ရွှေအဆင်း ကဲ့သို့ ဝင်းသည့် သူမ၏ အသားအရေကို အရိုးများ ပေါ်သည် အထိပင် ထိုးဖြတ်ထား၏။
“မင်းမသေရဘူး...”
နူးညံ့သွယ်လျသည့် လက်ချောင်းလေးများကို ဆုပ်ကိုင်ရင်း လုံချန် နွေးထွေးနေသေးသလို ခံစားကြည့်လိုက်၏။ ဤသည်မှာ မျှော်လင့်ချက်ကို ဆုပ်ကိုင်ရန် သူ၏ အားထုတ်မှု ရေးရေးလေး တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း အရာအားလုံးကား ပြီးဆုံးသွားချေပြီ။
လုံချန်၏ မျက်လုံးများမှာ သွေးပင်လယ် တစ်ခုကဲ့သို့ ရဲရဲနီလာ၏။ လွမ်းဆွတ် ကြည်နူးဖွယ်ရာ အမှတ်တရများကမူ သူ့ဦးနှောက် အတွင်း နာကျင်ဖွယ် ဖြတ်ပြေးနေသည်။
ရဲရင့်သော ဟုန်ယု၊ တိုက်ရိုက်ဆန်သော ဟုန်ယု၊ ပွင့်လင်းသော ဟုန်ယု...
အနန္တ ဧကရာဇ်ဂိုဏ်းကို စတင် ရောက်ရှိသည့် အချိန်၌ သူသည် အခြေတည် ဖုန်မှုန့် တပည့် တစ်ယောက်မျှသာ ဖြစ်သည်။ မည်သည့် ကျောထောက် နောက်ခံမှ မရှိ…။ မည်သည့် ကျင့်ကြံခြင်း အခြေခံမှ မရှိ..။ ကိုယ့်အားကိုယ်ကိုးကာ ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းခဲ့ရသည်။
ဟုန်ယုနှင့် စတင်တွေ့ဆုံသည့် အချိန်က ကျိယုကို သတ်ဖြတ်ပြီးနောက်တွင် ဖြစ်သည်။ သူသည် သူမထံမှ အသိအမှတ် ပြုမှုတို့ကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် သူမက သူ့အပေါ် စိတ်ဝင်စား လာခဲ့သည်။
ထို့နောက် သူတို့ နှစ်ယောက် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေ့ဆုံခဲ့သည်။ သူမက သူ့အား ရန်သူများလက်မှ ကာကွယ်ပေးကာ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ များစွာ ကူညီပေးခဲ့သည်။ ရှောင်ပင်းနှင့် သူ့ကို ရင်းနှီးစေခဲ့သည်မှာလည်း သူမပင် ဖြစ်သည်။
ယခုတွင်မူ သူ အလွန် ချစ်မြတ်နိုးရသည့် ထိုမိန်းကလေးမှာ သူ့ရှေ့တွင်ပင် အသတ်ခံလိုက်ရပြီ ဖြစ်သည်။ သူမအား ကာကွယ်ရန် အတွက် သူ ဘာမှ မတတ်နိုင်ခဲ့။ ဘာဆို ဘာတစ်ခုမှ မလုပ်နိုင်ခဲ့။ အရာအားလုံးကား သူ့အပြစ်များပင်။
လုံချန်၏ မျက်လုံးများမှာ မျက်ရည်များဖြင့် စိုရွှဲနေ၏။
တကယ်လို့ သူသာ အခြား လမ်းကြောင်း တစ်ခုအတိုင်း ပြေးခဲ့ပါက…
တကယ်လို့ သူသာ ပိုမို သန်မာခဲ့ပါက…
တကယ်လို့ သူသာ ဝူယု ပြောသည့်အတိုင်း ကျောက်စိမ်းပြားကို စောစောစီးစီး အသက်သွင်းခဲ့ပါက…
ကမ္ဘာပေါ်၌ ဆေးဝါး၊ အချိန်တို့ဖြင့် ကုသ၍ မရနိုင်သည့် ဒဏ်ရာတစ်ခုသာ ရှိသည်။ ထိုအရာကား နောင်တ တရားပင်။
လုံချန် အသိစိတ် ကင်းလွတ်သွားတော့မည့် အချိန်တွင်ပင် အနက်ရောင် လက်စွပ်လေးမှာ ဖျပ်ခနဲ တောက်ပသွား၏။ လုံချန်၏ မျက်လုံးများက ဟုန်ယု၏ အလောင်းထံမှ တစ်ဆင့် ဟုန်ဖူကျင်းဝေ့ထံ လှုပ်ရှားသွားသည်။ အကယ်၍ နောင်တ တရားက ပြင်ဆင်၍ မရနိုင်လျှင်ပင် သူ ကျူးလွန်ခဲ့သည့် အပြစ်များကို လျော့ကျစေနိုင်သည့် နည်းလမ်း တစ်ခုသာ ရှိသည်။ ထိုအရာကား...
“ဆရာ... ကျုပ် အကူအညီ လိုတယ်... သူ ဒီနေ့ သေကို သေရမယ်”
လုံချန် လက်သီကို တင်းတင်း ကြပ်ကြပ် ဆုပ်ရင်း ပြောလိုက်၏။ သူ၏ မျက်လုံးများကမူ အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များဖြင့် ဟုန်ဖူကျင်းဝေ့ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။
“ဟီး... ဟီး... ဟီး...”
ဟုန်ဖူကျင်းဝေ့မှာ လုံချန်၏ အရူးတစ်ပိုင်း ဖြစ်နေပုံကို ကြည့်ကာ အားရပါးရ အော်ဟစ် ရယ်မောလိုက်သည်။ သူ၏ ချောမောသော မျက်နှာက ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေကာအနီရောင် ဆံနွယ်များမှာမူ လေပြည်နှင့် အတူ ကခုန်နေသည်။
“နောက်ထပ် သေရမယ့်လူက မင်းပဲကွ... ဟီး ဟီး... ဒါပေမဲ့ ဆိုးဆိုးရွားရွားတော့ မင်းမသေရဘူးနော်... မဟုတ်ရင် လျဲ့ယုက မင်းခေါင်းကို မှတ်မိမှာ မဟုတ်ဘူး”
ဝူယု နောက်တစ်ကြိမ် သက်ပြင်းချ လိုက်မိ၏။ အမှန်အတိုင်း ဆိုရလျှင် သူ ဝင်မပါချင်ပေ။ သို့သော်လည်း သူ တုန့်ဆိုင်းနေသောကြောင့်ပင် လုံချန်၏ မိန်းကလေး တစ်ယောက် သေဆုံးခဲ့ရပြီ ဖြစ်သည်။ ယခုတစ်ကြိမ်ပါ ထပ်ဝင်မပါလျှင် လုံချန် ကိုယ်တိုင်ပါ သေဆုံးရပေလိမ့်မည်။ မည်သို့ပင် ဆိုစေ... လုံချန်မှာ သူ၏ ဆက်ခံသူ ဖြစ်သည်။ လုံချန် သေသွားမည့် အရေးကို သူ လုံးဝ ခွင့်မပြုနိုင်ချေ။
“ငါ့စွမ်းအားတွေကို မင်းဆီ ပို့လွှတ်ပေးရင် မင်း သူ့ကို သတ်နိုင်လာလိမ့်မယ်... ဒါပေမဲ့ အပြန်အလှန် အနေနဲ့ စည်းကမ်းချိုးဖောက်မှုနဲ့ အနန္တဧကရာဇ်ဂိုဏ်းက မင်းကို ပြန်သတ်လိမ့်မယ်”
သူက လုံချန်ကို ရှင်းပြလိုက်သည်။ ဟုန်ဖူကျင်းဝေ့မှာ မိန်းကလေး နှစ်ယောက်ကို သတ်ဖြတ်ခဲ့သည် ဆိုသော်လည်း သူက ဘောင်အတွင်းမှသာ လှုပ်ရှားသွားခဲ့ခြင်း ဖြစ်သည်။
“ကျုပ် ဂရုမစိုက်ဘူး...”
အလွန် ပြင်းထန်သော သတ်ဖြတ်ခြင်း အော်ရာက လုံချန်၏ ခန္ဓာကိုယ်မှ စီးထွက်လာသည်။ မည်သည့် အကျိုးဆက်များ ပေါ်လာသည် ဖြစ်စေ... သူ သတ်ရမှကို ဖြစ်မည်။ သူ ဟုန်ယုအတွက် လက်စားချေရမှကို ဖြစ်မည်။ ဟုန်ဖူကျင်းဝေ့ သေမှသာ ဟုန်ယုအပေါ် တင်နေသည့် သူ၏ အပြစ်များ လျော့နည်းသွားလိမ့်မည် ဖြစ်သည်။
ဝူယု တတိယ အကြိမ်မြောက် သက်ပြင်းတစ်ချက် ချလိုက်၏။ ကြည့်ရသည်က နောက်ဆုတ်၍ ရတော့မည့်ပုံ မရတော့။ ကံကောင်းထောက်မစွာ သူ့တွင် အခြား ရွေးချယ်စရာ တစ်ခု ရှိနေသေး၍ တော်သေးသည်။
ဝှစ်...
ရုတ်တရက် ခပ်မှိန်မှိန် ဝိညာဉ်အလင်းတန်းလေး တစ်ခုမှာ အနက်ရောင် လက်စွပ်ထဲမှ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းလေးက ခပ်နှေးနှေးပင် ပျံသန်းကာ အရိပ်လ ဝံပုလွေ တစ်ကောင်၏ နဖူးအတွင်း ထိုးဖောက် ဝင်ရောက်သွားသည်။ ထိုအခိုကတွင်ပင်... အရိပ်လ ဝံပုလွေ၏ နောက်ဆုံးလက်ကျန် ဝိညာဥ်စလေးမှာ မီးတစ်ခုလို ငြိမ်းသတ်သွား၏။ ၎င်းသည် သေဆုံးကာ ပြန်လည် မွေးဖွားခြင်း စက်ဝိုင်း အတွင်း ဝင်ရောက်သွားခဲ့ပြီ ဖြစ်လေတော့သည်။ ဝူယုမှာ တိတ်တဆိတ်ပင် လစ်လပ်သွားသည့် အရိပ်လ ဝံပုလွေ၏ ခန္ဓာကိုယ်ကို ယူလိုက်၏။
“ဝေါ့...”
အတင်းအကြပ် ချုပ်နှောင်ထားသည့် ဝိညာဥ် အစီအရင် ပျက်စီးသွားခြင်းကြောင့် ဟုန်ဖူကျင်းဝေ့မှာ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ တစ်ချိန်တည်း၌ အရိပ်လ ဝံပုလွေ၏ ရက်စက် ရိုင်းစိုင်းသည့် မျက်လုံးများမှာ ဉာဏ်အလင်း ပွင့်သွားသကဲ့သို့ အသိဉာဏ်ပညာများဖြင့် ပြည့်ဝလာ၏။
ဝမ်... ဝမ်...
ထိုအခိုက်အတန့်လေးတွင်ပင် ဟုန်ဖူကျင်းဝေ့၏ ကျောက်စိမ်းပြားတွင် ဝိညာဥ် အမှတ်များ ဆုံးရှုံးသွားကာ လုံချန်၏ ကျောက်စိမ်းပြားတွင်မူ အမှတ်များ တိုးလာခဲ့သည်။ ဝင်္ကပါများနှင့် တိုက်ရိုက် ကြည့်ရှုနေသူများမှာ လုံချန် တစ်နည်းနည်းဖြင့် အရိပ်လ ဝံပုလွေကို ထိန်းချုပ်လိုက်သည်ဟု အထင်ရှိနေကြပုံ ပေါ်သည်။
“သတ်စမ်း... မြန်မြန် သတ်ကြစမ်း...”
ကျောက်စိမ်းပြားတွင် အမှတ်များ ဆုံးရှုံးသွားသည်ကို မြင်လိုက်ရသည်နှင့် ဟုန်ဖူကျင်းဝေ့က သွေးရူးသွေးတန်း အမိန့်ပေး လိုက်၏။
ထိုအခိုက်တွင်ပင်... ဝူယု ဝင်ပူးထားသည့် အရိပ်လ ဝံပုလွေမှာ တိတ်တဆိတ်ပင် သူတို့ ဘက်သို့ လှည့်လာ၏။ ထိုသတ္တဝါနှင့် မျက်လုံးချင်း ဆိုင်သွားသော အခိုက်၌ ပြင်းထန်သော အကျပ်အတည်းနှင့် အန္တရာယ်၏ အငွေ့အသက်တို့က ဟုန်ဖူကျင်းဝေ့၏ နှလုံးသားကို လွှမ်းခြုံသွားသည်။ ထိုခံစားချက်အား တွန်းလှန်ရန် အတွက် သူ ကောင်းကင် ဖိအားတို့ကိုပင် ထုတ်လွှတ်လိုက်ရ၏။
“အူ... ဝူး...”
အရိပ်လ ဝံပုလွေ နှစ်ကောင်မှာ ကောင်းကင်ကို မော့ကာ အူလိုက်ရင်း တစ်ချိန်တစ်ခါက ညီအကိုဟု သူတို့ ခေါ်ခဲ့ဖူးသည့် တစ်ယောက်ထံ ပြေးဝင်သွားခဲ့လေပြီ ဖြစ်တော့သည်။
တစ်ချိန်တည်း ဝူယုမှာ လှုပ်ရှားလာ၏။ လွန်ခဲ့သည့် စက္ကန့်ပိုင်း အတွင်းမှာပင် သူသည် အရိပ်လ ဝံပုလွေ၏ ခန္ဓာကိုယ်နှင့် အသားကျအောင် ချိန်ညှိခဲ့ပြီး ဖြစ်သည်။
ဝှစ်...
သူက အသာအယာပင် အရိပ်လ ဝံပုလွေ နှစ်ကောင်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်၏။ တစ်ဆက်တည်း လိုလိုပင် သူ ဝံပုလွေ တစ်ကောင်၏ လည်ပင်းဆီ အသာအယာ ခုန်အုပ်ကာ အပျော့ပျောင်းဆုံးသော နေရာကို ကိုက်ဖြတ်လိုက်၏။ လှုပ်ရှားမှု တစ်ခု အတွင်းမှာပင် အရိပ်လ ဝံပုလွေ တစ်ကောင်၏ ဦးခေါင်းမှာ ခန္ဓာကိုယ်မှ ကင်းကွာသွားခဲ့ရပြီ ဖြစ်လေတော့သည်။
ဟုန်ဖူကျင်းဝေ့မှာ ထိုမြင်ကွင်းကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွား၏။ လုံချန် ထိန်းချုပ်နေသည့် အရိပ်လ ဝံပုလွေမှာ ပထမ တစ်ကောင်ကို သတ်နိုင်လျှင် ဒုတိယမြောက် တစ်ကောင်ကိုပါ သတ်နိုင်ပေလိမ့်မည်။ သူ ကိုယ်တိုင်ပင်လျှင် ထိုဝံပုလွေကို ရင်ဆိုင်ရန် ယုံကြည်ချက် မရှိတော့။
ဝှစ်...
ဟုန်ဖူကျင်းဝေ့ ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ကောင်းကင်သို့ ပျံတက်လိုက်၏။ သားရိုင်းများမှာ လူသားများ ကဲ့သို့ မန်နာကို ထိန်းချုပ်နိုင်စွမ်း မရှိလေရာ အရိပ်လ ဝံပုလွေများမှာ မပျံနိုင်ချေ။ ကောင်းကင်တွင် ရှိနေသမျှ သူ ဘေးကင်းပေလိမ့်မည်။
ထိုအခိုက်အတန့်အတွင်းမှာပင် ဝူယုမှာ တူညီသော လှုပ်ရှားမှုဖြင့် သူ ဒုတိယမြောက် လအရိပ် ဝံပုလွေကို သတ်ဖြတ်လိုက်ပြန်ပြီ ဖြစ်သည်။ လုံချန် တောက်ပသော မျက်လုံးများနှင့် ကောင်းကင်တွင် ပျံဝဲနေသည့် ဟုန်ဖူကျင်းဝေ့ကို လှမ်းကြည့်လိုက်၏။ သူ၏ နှုတ်ခမ်းထက်ရှိ အပြုံးစ တစ်ခုကမူ “မင်းအလှည့် ရောက်ပြီ...” ဟု ပြောနေသယောင်ယောင်ပင်။
ဝူယု လုံချန်အား လှမ်းအကဲခတ်ရင်း သက်ပြင်းချလိုက်မိပြန်သည်။ ကြည့်ရသည်က ယနေ့တွင် ဟုန်ဖူကျင်းဝေ့ သေကို သေရမှ ဖြစ်ပေတော့မည်။ အကယ်၍ သူ မသေလျှင်ပင် လုံချန်၏ ကျင့်ကြံခြင်း နှလုံးသားပင် ပျက်ရွင်း သွားနိုင်ချေ ရှိသည်။
အဆုံးသတ်၌ သူ၏ မျက်လုံးများက ဟုန်ဖူကျင်းဝေ့ထံ ရွေ့လျားသွား၏။ သူ၏ ခြေလက် လေးချောင်းလုံးက ကွေးညွှတ်သွားကာ မျက်လုံးများမှာ စူးရှသွား၏။ ချွန်ထက်လှသော လက်သည်းများကမူ မြေကြီး အတွင်းပင် စိုက်ဝင်သွားသည်။
ဟုန်ဖူကျင်းဝေ့၏ မျက်နှာမှာ ဖြူရော်သွား၏။ ဘာကြောင့်မှန်း မသိရသော်လည်း ထိုအရိပ်လ ဝံပုလွေက သူ၏ အသက်ကို ခြိမ်းခြောက်နိုင်သလို ခံစားချက်မျိုး ပေးနေသည်။ ဝိညာဥ်ဆင်းတု ကျင့်ကြံခြင်း အခြေခံဖြင့်ပင် သူ ထိုသားရိုင်းကို အနိုင်ပိုင်းရန် ယုံကြည်ချက် မရှိချေ။
“နေဦး... သူ့ မျက်လုံးတွေက...”
အရိပ်လ ဝံပုလွေများ၏ စိမ်းဖန့်ဖန့် မျက်လုံးများကို ကြည့်ရင်း ဟုန်ဖူဝမ်ကျင်းမှာ သူ့အသိစိတ် ပင်လယ်ထဲကို တစ်စုံတစ်ရာ ကျုးကျော်လာသလို ခံစားလိုက်ရသည်။ သူ ချက်ချင်းပင် ဝိညာဥ် စွမ်းအားများကို စုစည်းကာ ကျူးကျော်လာသည့် စွမ်းအားကို ပယ်ဖျက်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း မအောင်မြင်ချေ။ ထိုအင်အားက လျှင်မြန်စွာ သိမ်းပိုက် စိုးမိုးလာကာ သူ၏ စိတ်တစ်ခုလုံးမှာ အမှောင် အတိဖုံးလွှမ်း သွား၏။
“ဘုန်း...”
ဟုန်ဖူကျင်းဝေ့ မန်နာများကို ဆက်လက် ထိန်းချုပ်နိင်ခြင်း မရှိတော့ပဲ မြေပြင်ဆီ အရှိန်ပြင်းစွာ ပြုတ်ကျသွားလေတော့၏။
***