← Chapters

ကြည့်ရသေးတာပေါ့

Vol. 20 Ch. 277

ကြည့်ရသေးတာပေါ့

Vol. 20 Ch. 277

ပွဲကား ပြီးသွားပြီ ဖြစ်သည်။ အရိပ်လ ဝံပုလွေသည် မြေပြင်၌ ဖြည်းညင်းစွာ လျှောက်ရင်း သတိလစ်နေသည့် ဟုန်ဖူကျင်းဝေ့ဆီ ဦးတည် လိုက်သည်။ လုံချန်မှာ မချင့်မရဲ မျက်လုံးများဖြင့် ထိုမြင်ကွင်းကို စောင့်ကြည့်နေ၏။ ဟုန်ယုအတွက် ထိုခွေးကောင်ကို သူ့လက်များနှင့် ကိုယ်တိုင် မသတ်နိုင်သည်မှာ နှမြောစရာ ကောင်းလွန်းလှသည်။

ဝူယု စိတ်ထဲမှ လေးပင်စွာ သက်ပြင်းတစ်ချက် ချလိုက်ရင်း ဟုန်ဖူကျင်းဝေ့၏ အသက်ကို အမြန်ဆုံး အဆုံးသတ်ပေးရန် ဟန်ပြင်လိုက်၏။ အမှန်အတိုင်း ဆိုရလျှင် သူ မလုပ်ချင်ပေ။ အနန္တဧကရာဇ် ဂိုဏ်းသား တစ်ယောက်ချင်းစီကား သူ၏ ကလေးများ သဖွယ် ဖြစ်သည်။ သို့သော်လည်း... လုံချန် အတွက် ယနေ့တွင် ဟုန်ဖူကျင်းဝေ့ သေကို သေရပေမည်။

“မင်း နောက်ဘဝကျ ကံကောင်းပါစေ ကလေး...”

သူ ခြေထောက်များကို  ဖြည်းညင်းစွာ မြှောက်လိုက်ရင်း ဟုန်ဖူကျင်းဝေ့ အပေါ်သို့ ခုန်အုပ်ရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်တွင်ပင်...

“ဘုန်း...”

ပထဝီမြေကြီးမှာ ရုတ်ချည်း ကွဲထွက်သွားကာ ပုံရိပ်ကြီး တစ်ခု ထွက်ပေါ်လာ၏။ ထိုပုံရိပ်ကြီးက ဝူယုနှင့် ဟုန်ဖူ ဝမ်ကျင်းတို့ အကြားကို တံတိုင်းကြီး တစ်ခုလို ခြားနားသွားသည်။ ထို့နောက် ခပ်ဖျော့ဖျော့ တောက်ပနေသည့် ငွေရောင် မျက်ဝန်းများနှင့် အတူ အေးစက်စက် အသံတစ်ခုက ထွက်ပေါ်လာခဲ့တော့သည်။

"ဖန်တီးခြင်း တောင်ထွတ်က တပည့် တစ်ယောက်ကို သတ်ချင်တယ်ပေါ့…ဟမ့်…  ငါ့ဆီက ခွင့်ပြုချက်ကို အရင် တောင်းပြီးပြီလား"

...

တစ်ချိန်တည်း၌ အနန္တဧကရာဇ်ဂိုဏ်းသား မြောက်များစွာမှာ အလင်း မျက်နှာကပြင်များမှ တစ်ဆင့် ထိုအဖြစ်အပျက်များကို စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။ ဟုန်ဖူဝမ်ကျင်း၊ လုံချန်၊ ဟုန်ယု၊ ရှောင်ပင်းတို့၏ ဂိုဏ်းအတွင်း အဆင့်အတန်းနှင့် အလားအလာများ အရ ထိုအဖြစ်အပျက်မှာ မျက်နှာလွှဲ ခဲပစ်လုပ်ရန် သိပ်မလွယ်ကူလှ။

ဟုန်ဖူကျင်းဝေ့သည် နာရီပေါင်းများစွာ ကြာအောင် ငွေကြယ်အဆင့် လအရိပ် ဝံပုလွေကြီး သုံးကောင်နှင့် အတူ လုံချန်ကို အမဲလိုက်ခဲ့သည်။ ထို့နောက်တွင် လုံချန်မှာ ဟုန်ယု၊ ရှောင်ပင်းတို့နှင့် အမှတ်မထင် တွေ့ရှိခဲ့သည်။

ဟုန်ဖူကျင်းဝေ့ ထိုမိန်းကလေး နှစ်ယောက်ကို ကြိုက်နေကြောင်းကား ဂိုဏ်းအတွင်း လူသိရှင်ကြား ကိစ္စ တစ်ရပ်ပင်။ အားလုံးမှာ မိန်းကလေး နှစ်ယောက်၏ မျက်နှာဖြင့် ဟုန်ဖူကျင်းဝေ့ လက်လျှော့သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။

သို့သော်လည်း မထင်မှတ်ထားသည့် အရာများ ဖြစ်ပျက်လာခဲ့လေသည်။ ဟုန်ဖူကျင်းဝေ့မှာ ရူးသွပ်မှု အပြည့်ဖြင့် သူတို့ အားလုံးကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်။ ရှောင်ပင်းမှာ လက်တစ်ဖက် ဆုံးရှုံးကာ လွတ်မြောက်သွားခဲ့သော်လည်း ဟုန်ယုမှာမူ အသတ်ခံခဲ့ရသည်။

အဖြစ်အပျက် အလှည့်အပြောင်းများမှာ ဟင်ခနဲ ဟာခနဲ ဖြစ်ရသည့် အထိ ရင်ထိတ်စရာ ကောင်းလှ၏။ မျက်ရည်များနှင့် လုံချန်မှာ နားမလည်နိုင်သည့် နည်းလမ်းတစ်ခုအား အသုံးပြုကာ အရိပ်လ ဝံပုလွေတစ်ကောင်ကို တန်ပြန် ထိန်းချုပ်ခဲ့သည်။ ထိုဝံပုလွေမှာ အခြား နှစ်ကောင်ထက် အဆများစွာ ပိုမို အစွမ်းထက်ကာ တစ်ခဏ အတွင်း ဟုန်ဖူကျင်းဝေ့ကို မှောက်သွားစေခဲ့သည်။

အားလုံး ပြီးဆုံးပြီဟု ထင်နေကြချိန်မှာပင် နောက်ထပ် ပွဲဆူစရာ ဇာတ်ကောင် တစ်ခုမှာ မြေကြီးများမျ ထိုးထွက်ကာ ပေါ်လာခဲ့ပြန်သည်။ ၎င်းကား အလွန် ကြီးမားလှသည့် တိုက်တန် တီကောင်မြွေကြီးပင်။

...

"ဖန်တီးခြင်း တောင်ထွတ်က တပည့် တစ်ယောက်ကို သတ်ချင်တယ်ပေါ့…ဟမ့်…  ငါ့ဆီက ခွင့်ပြုချက်ကို အရင် တောင်းပြီးပြီလား"

ရုတ်ချည်း ထွက်ပေါ်လာသည့် ရင်းနှီးသော အသံတစ်ခုကြောင့် လုံချန်မှာ မျက်မှောင်ကြုတ် သွား၏။ ထိုအရာက ဝေ့ဝူယင်၏ အသံ မဟုတ်လော။ ထိုအကောင်က အဘယ်ကြောင့် သည်နေရာမှာ ရှိနေရသနည်း။

"ဘုန်း… ဘုန်း…"

စဉ်းစား၍ မရနိုင်သေးခင်မှာပင် မြေကြီးထဲမှ တိုက်တန် တီကောင် မြွေကြီး တစ်ကောင် တိုးထွက်လာသည်ကို သူမြင်တွေ့ လိုက်ရသည်။ ထိုမြွေကြီး၏ ဦးခေါင်းထက်ရှိ ရွှေကြယ်ကို ကြည့်ရင်း သူ၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ ထိုမြွေကြီးနှင့် ဝေ့ဝူယင်၏ အသံက မည်ကဲ့သို့ သက်ဆိုင်နေသနည်း။

သူ ချက်ချင်းပင် ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ ရှာဖွေရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မည်သည့် နေရာတွင်မှာမှ ဝေ့ဝူယင်ကို မတွေ့…။

ဝူယုမှာမူ တိတ်တဆိတ်ပင် တိုက်တန် တီကောင် မြွေကြီးကို ကြည့်နေခဲ့၏။ အထူးသဖြင့် ဝိညာဉ် အလင်းတန်းများ လင်းလက်နေသည့် ထိုမြွေကြီး ငွေရောင်ဖျော့ဖျော့ မျက်လုံးများကိုပင်။

"မင်း ဆက်ပြီး ပုန်းနေတုန်းလား… ဝေ့ဝူယင်"

လုံချန်မှာ ဝေ့ဝူယင်ကို ရှာမတွေ့ရာ မြွေကြီးကိုသာ ကြည့်ကာ အော်ဟစ် လိုက်၏။  သူ့အထင် ဝေ့ဝူယင်မှာ သူရဲဘောကြောင်ကာ မြွေကြီး၏ အတွင်း တစ်နေရာရာတွင် ပုန်းအောင်းနေခြင်း ဖြစ်ပေလိမ့်မည်။

ထိုအခိုက်တွင်ပင် ဝူယုက သူ့အား ဆက်သွယ်လာသည်။

"သူ ဒီမှာ မရှိဘူး… အဝေးကနေ အဲဒီ မြွေကြီးကို ထိန်းချုပ်နေတာ"

ဝူယု၏ လေသံထဲတွင် အံ့အားသင့်မှု အငွေ့အသက် အချို့ ပါဝင်နေ၏။ သူသည် ဝေ့ဝူယင်နှင့် တိုက်တန် တီကောင်မြွေကြီး အကြားမှ ဆက်သွယ်မှုကို ခြေရာခံနိုင်ခဲ့ပြီး ဖြစ်သည်။ ထိုလူငယ်မှာ အလွန်အမင်း ဝေးကွာသည့် နေရာတစ်ခု၌ ရှိနေခြင်း ဖြစ်သည်။

ထိုအရာကပင် သူ့ကို အံ့ဩစေခြင်း ဖြစ်သည်။  အလွန် ဝေးကွာသော အရပ်မှ ထိုကဲ့သို့ ပြုလုပ်ရန် အတွက် အလွန်များပြားလှသည့် ဝိညာဉ်အာရုံများ လိုအပ်မည်မှာ အသေအချာပင် ဖြစ်သည်။ ကွင်းကိုးကွင်း ပိုင်ဆိုင်ထားသည့် ဝိညာဉ် ဆင်းတု တစ်ယောက်အတွက်ပင် ထိုကဲ့သို့ ပြုလုပ်ရန်မှာ ခက်ခဲလှသည်။

လုံချန်မှာ လျှင်မြန်စွာပင် အခြေအနေကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ သူက မြွေကြီးကို လှမ်းကြည့်လိုက်၏။ ဝေ့ဝူယင်က သည်ရွှေကြယ် သားရဲကို ထိန်းချုပ်ထားသည်လား။

"ဒီခွေးကောင်က ဟုန်ဖူဝမ်ကျင်းလိုပဲ ထူးဆန်းတဲ့ သားရဲ ထိန်းချုပ်ခြင်း နည်းလမ်းကို အသုံးပြုထားတာ ဖြစ်ရမယ်… မဟုတ်ရင် ဘယ်လိုလုပ်ပြီး ရွှေကြယ် အဆင့် သားရဲကို  ထိန်းချုပ်နိုင်မှာလဲ…  ဂိုဏ်းက သူ့အတွက် ကြိုပြီး ပြင်ဆင် ပေးထားတာ သေချာတယ်"

လုံချန် တွေးရင်း အေးစက်စက် နှာခေါင်းရှုံ့ လိုက်၏။

"မင်းရဲ့ ဖန်တီးခြင်း တောင်ထိပ် ဟုတ်လား… သူက မူလတောင်ထွတ်က လူတွေကို သတ်ပြီးပြီ… ဘယ်သူက သူ့ကို ခွင့်ပြုချက် ပေးတာခဲ… မင်းလား… ဝေ့ဝူယင်… မင်းမှာ ရွှေအဆင့် သားရဲတစ်ကောင် ရှိတာနဲ့ ထင်တိုင်း ကြဲလို့ရမယ် မထင်နဲ့"

လုံချန်မှာ အကြောက်အရွံ့ ကင်းမဲ့နေ၏။ သူ့အတွက်တော့ ဝေ့ဝူယင်မှာ မဟာ အင်ပါယာ သူတော်စင်များ၏ မျက်နှာသာပေးခြင်းကို ခံရသည့် အဂ္ဂိရတ်သမား သာသာ ဖြစ်ပေသည်။

တစ်ချိန်တည်း၌ ဝူယုမှာ တိတ်ဆိတ်နေ၏။ သူက တိုက်တန် တီကောင်မြွေကြီးကို လေ့လာနေသည်။ ၎င်းမှာ အမြီးကို သုံးကာ ဟုန်ဖူကျင်းဝေ့၏ ခန္ဓာကိုယ်ကို ရစ်ပတ် ကာကွယ်လျှက် နောက်ဆုတ်ရန် အဆင်သင့် ပြင်ဆင်နေပုံ ပေါ်သည်။

လုံချန်မှာ ထိုအရာကို သတိထားမိသည်နှင့် အော်ဟစ်လိုက်၏။

"သူက ဟုန်ယုကို သတ်ထားတာ… မင်းက သူ့ကို ကာကွယ်ချင်တာလား ဝေ့ဝူယင်"

တိုက်တန် တီကောင်မြွေကြီးကတော့ လုံချန်ကို ကြည့်ပင် မကြည့်။ ထို့အစား ဝူယု၏ ဝိညာဉ် ဝင်ရောက်နေသည့် အရိပ်လ ဝံပုလွေကိုသာ အာရုံစိုက်နေခဲ့သည်။ ဝူယုမှာလည်း ဝေ့ဝူယင်ကို တန်ပြန်ကြည့်နေ၏။ ဆန္ဒတစ်စုံက သူ့မျက်လုံးများထဲတွင် ထင်ရှားစွာ ပေါ်လွင်နေသည်။ ယနေ့ ဟုန်ဖူဝမ်ကျင်း သေရမည်ဟု။

"ကောင်လေး… မင်း ခုလုပ်နေတာတွေက ဘာအဓိပ္ပာယ်မှ မရှိဘူး… သူ့ကို ချန်ထားခဲ့ပြီး သွားတော့… မဟုတ်ရင်တော့ ငါ့ကို အဆိုးမဆိုနဲ့နော်"

ဝူယူက ဝေ့ဝူယင်ကို ကြည့်ရင်း ပြောလိုက်သည်။

သူ၏ လေသံက မေတ္တာရပ်ခံခြင်း အငွေ့အသက် ကင်းမဲ့ကာ အမိန့်ပေးခြင်းတို့နှင့် ပြည့်နှက်နေသည်။  သူ့ရှေ့၌ ရပ်နေသူမှာ ထာဝရ ဧကရာဇ် ကိုယ်တိုင် ဖြစ်လျှင်ပင် ယနေ့၌ သူ ဟုန်ဖူကျင်းဝေ့ကို ရအောင် သတ်မည် ဖြစ်သည်။

အဝေးတစ်နေရာရှိ ကောင်းကင်နန်းတော်ထဲ၌…

ဝေ့ဝူယင်မှာ မျက်မှောင်ကြုတ်ကာ အကျိုးဆက်များကို ချိန်ဆနေဟန်ရ၏။ မကြာခင်မှာပင် တိုက်တန် တီကောင် မြွေကြီးထံမှ အသံတစ်ခု ထွက်ပေါ် လာသည်။

"ကြည့်ရသေးတာပေါ့.."

သူ၏ စကားလုံးများက လုံချန်ကို ရည်ညွှန်းခြင်း မဟုတ်ပဲ ဝူယုကို ရည်ညွန်းခြင်း ဖြစ်ကြောင်း ထင်ရှားပါသည်။

"ခင်ဗျား ကျွန်တော့်ကို တားနိုင်မလား ကျုပ်လုပ်ရပ်တွေက တကယ်ပဲ အဓိပ္ပာယ်မဲ့နေလား ဆိုတာ ကြည့်ရသေးတာပေါ့… မဟာ ဧကရာဇ် ဝူယု"

...

ဝံပုလွေနှင့် မြွေတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြချိန်တွင် မွမ်းကြပ်သော ခံစားချက် တစ်ခုမှာ လေထုတစ်ခုလုံးကို ဝါးမျိုလျှက် မြင့်တက်လာနေခဲ့သည်။ အရိပ် ဝံပုလွေသည် သည်အတိုင်း ရပ်နေရုံဖြင့်ပင် လောကတစ်သောင်းကို လွှမ်းမိုးနိုင်ပုံ ရသည့် ဖိအားများကို ထုတ်လွှတ်နေ၏။ တစ်ချိန်တည်း၌ ဝေ့ဝူယင်၏ တိုက်တန် တီ‌ကောင်မြွေကြီးမှာမူ သဘာဝ ကျကျပင် ဉာဏ်ရည်ဉာဏ်သွေးများ ဖြာထွက်နေသည့် မျက်လုံးများကို ပိုင်ဆိုင်ထားသည်။

အမှန်အတိုင်း ဝန်ခံရပါက... ဝေ့ဝူယင် ဝူယုကို အနန္တ ဧကရာဇ် ဂြိုဟ်ပေါ်၌ ရင်မဆိုင်ရဲချေ။ ထိုလူအိုကြီးမှာ အနန္တ ဧကရာဇ်ဂိုဏ်းကြီး၏ တည်ထောင်သူ ဖြစ်လေရာ အနန္တဧကရာဇ်ဂြိုဟ်ကို အကြွင်းမဲ့ ပိုင်စိုးမည်မှာ အသေအချာပင် ဖြစ်သည်။

ထို့ကြောင့်... အနန္တဧကရာဇ်ဂြိုဟ်ထက် စာလျှင် ယခု ရောက်ရှိနေသည့် ကျွင်းနာဂြိုဟ်၌ သူ ပိုမို ယုံကြည်ချက် ရှိသည်။ ဝူယုမှာ သူ၏ ဝှက်ဖဲများကို ဤဂြိုဟ်ပေါ်၌ မြှုပ်နှံ့ထားဦးမည် ဆိုလျှင်ပင် ထိုအရာက အနန္တဧကရာဇ်ဂြိုဟ်ပေါ်လောက်တော့ များလိမ့်မည် မဟုတ်ချေ။

ထို့အပြင် ဟုန်ဖူကျင်းဝေ့မှာ အပြစ်သား ဝိညာဥ် ဖြစ်သည်။ သူ သည်အခွင့်အရေးကို လွယ်လွယ်နှင့် လက်လွတ် မခံလိုချေ။ ထို့ကြောင့်ပင် လောင်းကြေးထပ်ရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဝူယုမှာ အပိုစကားများ ပြောခြင်းဖြင့် အချိန်ဖြုန်း မနေတော့။ ဝေ့ဝူယင်၏ တုန့်ပြန်မှုက သူ့ကိုသာ မက သူ့ ဂုဏ်သိက္ခာကိုပါ စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူ့အား သင်ခန်းစာ မပေးခဲ့လျှင် သူ့ဂုဏ်သိက္ခာကို မည်ကဲ့သို့ ဆက်လက် ထိန်းသိမ်းနိုင်ပါမည်နည်း။

ဝှစ်...

ဝူယုမှာ အလွန်လျှင်မြန်သော အရှိန်နှင့် အတူ လှုပ်ရှားလာ၏။ လျှပ်တစ်ပြက် အတွင်းမှာပင် အရိပ်လ ဝံပုလွေမှာ တိုက်တန် တီကောင်မြွေကြီး၏ နောက်ဘက်သို့ ရောက်ရှိသွားကာ အမြီးဖြင့် ရစ်ပတ်ထားသည့် ဟုန်ဖူကျင်းဝေ့၏ ခန္ဓာကိုယ်ကို တိုက်ခိုက် လိုက်တော့သည်။ သူ၏ စူးရှ ချွတ်ထက်လှသော လက်သည်းများက ကြယ်သံမဏိကိုပင် ပိုင်းဖြတ် နိုင်သယောင် ထင်ရ၏။

ဝေ့ဝူယင်သည် အရိပ်လ ဝံပုလွေ အပေါ် ဝူယု ပြုလုပ် သကဲ့သို့ တိုက်တန် တီကောင်မြွေကြီး အပေါ် အလုံးစုံ ထိန်းချုပ်ခြင်းမျိုး မပြုချေ။ ထိုသားရိုင်းကြီးမှာ သဘာဝ အသိဉာဏ်နှင့် မွေးရာပါ အာရုံများကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ သူက ချက်ချင်းပင် ကိုယ်ကို တစ်ပတ်လှည်ကာ ဝူယု၏ လက်သည်းများကို ရှောင်ရှားလိုက်၏။

ထို့နောက် ၎င်းက မြေကြီးကို တူးဆွကာ အတွင်းဝင်ရန် ကြိုးစားတော့သည်။ ထိုမြင်ကွင်းကို မြင်သည်နှင့် ဝူယု၏ အမူအရာက အရေးတကြီးသို့ ပြောင်းလဲသွားသည်။

“မင်းက ထွက်ပြေးနိုင်မယ် ထင်နေတာလား...”

အကယ်၍ သူ့တွင်သာ အစစ်အမှန် ခန္ဓာကိုယ် ရှိပါက နှာတစ်ချက် မှုတ်ရုံဖြင့်ပင် ထိုတီကောင် တစ်မျိုးလုံးကို ပြာချပစ်နိုင်လိမ့်မည် ဖြစ်သည်။ ကံဆိုးစွာပင် သူ့ထံတွင် အစုတ်ပလုတ် ဝံပုလွေ တစ်ကောင်သာ ရှိပေသည်။

***

All Chapters