တိုက်ပွဲ
Vol. 20 Ch. 278
ဝူယု ကောင်းကင်ကို မော့ကြည့်ရင်း အူလိုက်၏။ ရုတ်ချည်းပင် သူ၏ ခြေထောက်အောက်တွင် အဆုံးမဲ့ အရိပ်များ ဖွဲ့စည်းလာကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြတ်သန်း ပျံ့နှံ့သွားတော့သည်။ ထိုအရိပ်များမှာ ဝံပုလွေ ကဲ့သို့ ခြေလေးချောင်း သတ္တဝါများပင် ဖြစ်ကာ ဆွဲဆွဲငင်ငင် အူကြရင်း တိုက်တန် တီကောင် မြွေကြီးထံ ပြေးဝင်သွားကြတော့၏။ ၎င်းတို့သည် လက်သည်းများ၊ အစွယ်များဖြင့် မြွေကြီး၏ အကြေးခွံများကို ထိုးဖောက်ရန် ကြိုးစားကြတော့၏။
တိုက်တန် တီကောင် မြွေကြီးမှာ မြေကြီးထဲသို့ တူးဝင်ရန် ကြိုးပမ်းခြင်းကို ရပ်ကာ အရိပ်များ၏ တိုက်ခိုက်မှုကို ပြန်လည် ခုခံနေရ၏။ အခြားတစ်ဖက်၌ ဝေ့ဝူယင်၏ မျက်လုံးများက ကျဥ်းမြောင်းနေသည်။ ထိုအရာက မည်ကဲ့သို့သော ကျင့်စဥ်နည်း။
မြွေကြီး၏ စိတ်အခြေအနေမှာ ချိုးဖျက်ခြင်း ခံနေရကာ သူတို့ အကြားရှိ ဆက်သွယ်မှုပင်လျှင် မတည်ငြိမ်နှင့် မသေမချာ ဖြစ်လာသည်။ မြွေကြီး၏ အာရုံများကို ပြန်လည် မြှင့်တင်ရန် အတွက် သူ ဝိညာဥ် အင်အားဖြည့် ဖြည်းတင်းပေးရန် လိုအပ်နေခဲ့ပြီ ဖြစ်သည်။
သူ ဝေဖန်ဆန်းစစ်နေချိန်တွင် ဝူယုကတော့ တုန့်ဆိုင်းခြင်း မရှိချေ။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ မြေကြီး၏ အမြီးရှိရာကို ရောက်ရှိလာကာ လက်သည်းဖြင့် ကုတ်ခြစ်ရန် ကြိုးပမ်းတော့၏။ သူ့တိုက်ခိုက်မှုကြောင့် မြွေကြီး၏ ခန္ဓာကိုယ်မှ သွေးများ စီးကျလာသော်လည်း ဟုန်ဖူကျင်းဝေ့၏ ခန္ဓာကိုယ်ကို ရောက်ရှိရန် အတွက်မူ အလှမ်းကွာဝေးနေဆဲ ဖြစ်သည်။
တိုက်တန် တီကောင် မြွေကြီးမှာ ဝိညာဥ်ဆင်းတု ထိပ်ဆုံး အဆင့်များနှင့်ပင် နှိုင်းယှဥ်နိုင်သည့် အလွန် မာကြောသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဝူယုမှာ အလွန် အစွမ်းထက်သည့်တိုင် သူ မောင်ပိုင်စီးထားသည့် အရိပ်လ ဝံပုလွေ၏ ခန္ဓာကိုယ်မှာမူ တိုက်တန် တီကောင်မြွေကြီးအား မည်သို့မျှ မယှဥ်နိုင်ချေ။ အပေါ်ယံ ဒဏ်ရာများလောက်သာ သူ ပေးနိုင်ခဲ့သည်။
ဝူယုမှာ မျက်မှောင်ကြုတ် သွား၏။ ထိုအခိုက်တွင်ပင် ဝံပုလွေ အရိပ်များမှာ ပျောက်ကွယ်သွားသည်။ ရှင်းလင်းစွာပင် သူသည် အရိပ်များကို အချိန် ကြာကြာ ထိန်းထားနိုင်စွမ်း မရှိချေ။ မြွေကြီးမှာ အခြေအနေကို ရိပ်မိသည်နှင့် ဟုန်ဖူကျင်းဝေ့ကို အလည်ဗဟို၌ ထားရင်း ခန္ဓာကိုယ်ကို ဘောလုံး တစ်လုံးလို ဖြစ်အောင် ခွေလိုက်၏။ သူ၏ အကြေးခွံများနှင့် ခန္ဓာကိုယ် တစ်ခုလုံးက ဒိုင်းကာသဖွယ် ဖြစ်သွားရာ ယခင်ကထက် ထိုးဖောက်ရန် ပိုမို ခက်ခဲတော့မည် ဖြစ်သည်။
မိုးကုပ်စက်ဝိုင်း အခြားတစ်ဖက်၌ ဝေ့ဝူယင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း… ဝူယု၏ အရိပ်လ ဝံပုလွေတွင် အကန့်အသတ်များ ရှိနေသေးကြောင်း သဘောပေါက် လိုက်သည်။ သို့သော်လည်း ထိုလူအိုကြီး ထုတ်ဖော်ခဲ့သည့် ဝံပုလွေ အရိပ်နယ်မြေမှာ အလွန် ကြောက်မက်ဖွယ် ကောင်းကာ မြွေကြီးကိုပင် အလွယ်တကူ လွှမ်းမိုးနိုင်ခဲ့သည်။
အခြားတစ်ဖက်၌ ဝူယုမှာလည်း သုန်မှုန်နေသည်။ သူ မည်သို့ပင် ကြိုးစားစေကာမူ မြွေကြီး၏ အကာအကွယ် အကြေးခွံများကိုပင် ထိုးဖောက်ရန် အလွန် ခက်ခဲနေသည်။ ဝိညာဉ် တိုက်ခိုက်မှု ထုတ်ဖော်လိုက်သော်လည်း ထိုအရာက အလုပ် မဖြစ်ပြန်။ မည်သို့ပင် တိုက်ခိုက်စေကာမူ မြွေကြီးမှာ ဘောလုံးပုံစံ အတိုင်း ဆက်လက် ရစ်ခွေနေဆဲ ဖြစ်သည်။
စတင် စိန်ခေါ်ခဲ့သည်က ထိုလူငယ် ဖြစ်သော်လည်း ယခုလို သူရဲဘောကြောင်သည့် နည်းလမ်းကို သုံးခြင်းက အတော်လေး ထူးဆန်းကာ စိတ်ပျက်စရာ ကောင်းသည်။
"သူက ငါ့ကို စောင့်ခိုင်းစေချင်တာလား…"
ရုတ်တရက် ထွက်ပေါ်လာသော အတွေးကြောင့် ဝူယုမှာ မျက်မှောင်ကြုတ် သွား၏။ ဝေ့ဝူယင်မှာ ယခုအထိ ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရှားသေးကြောင်း သူ သိသည်။ မြွေကြီး၏ လှုပ်ရှားမှု အားလုံးက သူ၏ ကနဦး အမိန့်ပေါ်တွင်သာ အခြေခံကာ ကိုယ်ပိုင် လွတ်လပ်သော ဆန္ဒနှင့် လွတ်လွတ်လပ်လပ် လှုပ်ရှားနေခြင်းသာ ဖြစ်သည်။
ကောင်းကင်နန်းတော် အတွင်း၌ ရှိနေသည့် ဝေ့ဝူယင်သည် ပထမ၌ လျှို့ဝှက် အာဏာရှင် အဆင့်၏ စွမ်းအားများကို ဝူယု ထုတ်ဖော်လေမလား စိုးရိမ်နေမိသေးသည်။ အကယ်၍ ထိုအခြေအနေမျိုးနှင့် ရင်ဆိုင်ရပါက ယခင် စီစဉ်ထားသမျှကို စွန့်လွှတ်လိုက်မည် ဖြစ်သည်။
မြွေကြီးနှင့် ဟုန်ဖူကျင်းဝေ့ နှစ်ယောက်စလုံးကို ဆုံးရှုံးရတော့ရော ဘာအရေးနည်း။ အကယ်၍ ဝူယု ထိုကဲ့သို့ မလုပ်နိုင်ခဲ့ပါလျှင်မူ သူ့တွင် အခြား ရွေးချယ်စရာများ ရှိပေသည်။
ဖြစ်ပျက်သမျှကို လေ့လာပြီးနောက် ဝူယု၏ အရိပ်စွမ်းအားများမှာ အရိပ်လ ဝံပုလွေ၏ စွမ်းရည်များကို ကျော်လွန်ကာ အစွမ်းထက်သည့်တိုင် တာရှည်မခံကြောင်း သူ နားလည်သွားသည်။ ထိုအရာက သူ သိရှိဖို့ လိုအပ်နေသည့် အရာလည်း ဖြစ်သည်။
ကောင်းကင် နန်းတော်အတွင်း ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ဖျပ်ခနဲ တောက်ပသွား၏။ သူသည် ဝိညာဉ် အင်အား တစ်ခုကို အသံအဖြစ် ပေးပို့လိုက်ခြင်းပင် ဖြစ်သည်။
"နောက်ဆုတ်လိုက်တော့… စပြီး လှုပ်ရှားတာနဲ့ ကျုပ် ရပ်တန့်တော့မှာ မဟုတ်ဘူး"
မြွေကြီး၏ နှုတ်မှ အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအရာက ဝူယုကို ဘိုးဘေး တစ်ယောက် အနေဖြင့် သင့်တော်သော လေးစားမှု ပေးအပ်လိုက်ခြင်းပင် ဖြစ်သည်။
ဝူယုမှာ ထိုစကားလုံးများကို နားထောင်ရင်း ခံပြင်းစွာ ပြုံးလိုက်မိ၏။ အနန္တဧကရာဇ်ဂိုဏ်း တည်ထောင်သူ မဟာ ဧကရာဇ် ဝူယု၏ အဆင့်အတန်းက မြေးမြစ်လေး တစ်ယောက်၏ ခြိမ်းခြောက်မှုကို ခံနေရသည် အထိ နိမ့်ကျသွားခဲ့သည်လား။ အကယ်၍ သူက နောက်ထပ် ထာဝရ ဧကရာဇ် ဖြစ်လျှင်ပင် အခြား မြွေခွေးအိုကြီးများမှာ သူ့ကို လှောင်ရယ်ကြပေလိမ့်မည်။
သူ ဘာမှ ပြန်မပြောချေ။ တည်ငြိမ်ပြီး မာန်မာနများဖြင့် ပြည့်နှက်နေသည့် သူ၏ မျက်လုံးများကသာလျှင် အရာရာကို ပြောပြနေသည်။
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူ ညာဘက်လက်ကို ဆန့်ထုတ်ကာ အရှေ့ရှိ ဘာမှ ရှိမနေသည့် လေထုကို ဖိလိုက်သည်။ သူ၏ လက်ဝါးများကမူ မြွေကြီး ရှိနေသည့် ဘက်ကို ဦးတည်နေ၏။ အဆုံးမဲ့ ဟင်းလင်းပြင် လှိုင်းဂယက်များမှာ သူ၏ လက်ချောင်းများ ထိပ်မှ စီးထွက်လာကာ အလွန် ဝေးကွာသည့် နေရာတစ်ခု အထိ ဖြန့်ကျက်သွားပုံ ရသည်။
ဟင်းလင်းပြင် အင်အားမှာ စွမ်းအား ပုံစံ မျိုးစုံကို သယ်ဆောင်ကာ ဟင်းလင်းပြင်ကို ဖြတ်သန်းလျှက် စိတ်ကူး မယဉ်နိုင်လောက်အောင် ဝေးကွာသော နေရာအထိ ပေးပို့နိုင်စွမ်း ရှိသည်။ သို့သော်လည်း ကန့်သတ်ချက် တစ်ခု အနေဖြင့် ကိုယ်ပေးပို့မည့် နေရာတွင် ကြိုတင် ခင်းကျင်းထားသည့် အစီအရင် တစ်ခုတော့ ရှိဖို့လိုသည်။
ဝေ့ဝူယင်သည် တိုက်တန် တီကောင်မြွေကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ထိုအစီအရင်ကို ကြိုတင် ရေးဆွဲထားပြီးသား ဖြစ်သည်။ သူ စွမ်းရည်ကို သိရှိထားသည်မှာ ကြာလှပြီ ဖြစ်သော်လည်း ယခုမှသာ ပထမဆုံး အကြိမ် လက်တွေ့ စမ်းသပ်ကြည့်ရန် အခွင့်အရေး ရရှိလာခြင်း ဖြစ်သည်။
ဟူး… ဟူး…
ဟင်းလင်းပြင် အင်အားနှင့် အတူ ဝိညာဉ် အင်အားများကို သူ တုန့်ဆိုင်းခြင်း မရှိပဲ ပေးပို့လိုက်သည်။ သူ၏ ထျန်းတျန်အတွင်း တစ်နေရာတွင်မူ တစ်စင်တီမီတာခန့် ရှိသော ကြယ်တာရာ အမြုတေ တစ်ခုမှာ ဖြည်းညင်းစွာ တောက်ပလာနေခဲ့လေသည်။
အခြားတစ်ဖက်၌ ဝူယုမှာ မြွေကြီး၏ အကြေးခွံ အပျော့ဆုံး နေရာကို ရှာဖွေ တွေ့ရှိကာ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ မိနစ်အတော်ကြာအောင် အချိန်ယူရမည် ဆိုလျှင်ပင် ရိုးရိုးရှင်းရှင်းပဲ သူ လုပ်ရပေလိမ့်မည်။
သို့သော်လည်း အဆုံးမဲ့ တိုက်ခိုက်မှုများကို ထုတ်ဖော်လု ဆဲဆဲတွင်ပင် ဝူယုမှာ ရပ်တန့်သွား၏။ သူ၏ မျက်လုံးများက ပြူးကျယ် သွားလေသည်။
"အဲဒါက ဘာလဲ… ကြယ်တာရာ အင်အားလား"
သတိပေးမှု တစ်စုံတစ်ရာ မရှိပါပဲ တိုက်တန် တီကောင်မြွေကြီး၏ ခန္ဓာကိုယ်မှ မူလ ဒြပ်စင် အင်အားများ ထွက်ပေါ်လာသည်။ မြေကြီး၊ သစ်သားနှင့် ရေ အင်အားများသည် အလျှင်အမြန်ပင် မြွေကြီး၏ ခန္ဓာကိုယ် ပေါ်မှ ဒဏ်ရာများကို ကုစားသွားကြ၏။
လုံချန်မှာ ထိုအပြောင်းအလဲကို မြင်တွေ့ လိုက်ရရာ စိတ်ရှုပ်ထွေးသွားသည်။
"ဘယ်လိုလုပ်ပြီး သားရဲ တစ်ကောင်က ကြယ်တာရာ အင်အားကို ထုတ်လွှတ်နိုင်တာလဲ… ဟုန်ဖူကျင်းဝေ့ များလား"
သူသည် မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း နားမလည်နိုင်ချေ။
…
ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ဝေ့ဝူယင်သည် ဒြပ်စင်အင်အားများကို တိုက်တန် တီကောင် မြွေကြီး၏ ခန္ဓာကိုယ် အတွင်း ပေးပို့နေသည်။ ၎င်း၏ ခန္ဓာကိုယ်က စတင် ပြန့်ကားလာကာ အဖြူရောင် အလင်းများကိုပင် ထုတ်လွှတ် လာ၏။ ဒြပ်စင်အင်အားများမှာ ၎င်း၏ ခန္ဓာကိုယ်မှ စိမ့်ထွက်နေကာ ကမ္ဘာလောကနှင့် ပေါင်းစပ်နေ၏။
ထိုမြင်ကွင်းက လုံချန်နှင့် အပြင် လောကမှ ကြည့်ရှုနေသူများကို နားမလည်နိုင်အောင် ဖြစ်သွားစေသည်။ သူတို့ အားလုံးမှာ ဟုန်ဖူကျင်းဝေ့ ပြန်လည် သတိရလာကာ လွတ်မြောက်ရန် ကြိုးစားနေသည်ဟု တွေးလိုက်မိကြသည်။
ဝူယု ကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့ တွေးလိုက်မိသော်လည်း တစ်ခဏ အတွင်းမှာပင် ပြန်လည် ပယ်ချလိုက်သည်။ ထိုကြယ်တာရာ အင်အားက အကြောင်းရင်း တစ်စုံတစ်ရာ မရှိပဲ ရိုးရိုးရှင်းရှင်း ပေါ်လာသည်ဟု သူ ခံစားရသည်။
ထို့အပြင် အငွေ့အသက်က ဟုန်ဖူ ကျင်းဝေ့နှင့် အတော်လေး ခြားနားကာ ဝေ့ဝူယင်နှင့်သာ နီးစပ်နေသည်။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဝူယု၏ မျက်လုံးများက မိုးကုပ်စက်ဝိုင်းဆီ ရွေ့လျား သွား၏။ အလွန် ထက်ရှသော အာရုံမှ တစ်ဆင့် ဝေ့ဝူယင်မှာ အလွန် ဝေးကွာသည့် နေရာ တစ်ခု၌ ရှိနေကြောင်း သူ သိသည်။ ထိုလူငယ်မှာ ဂြိုဟ်၏ အခြား တစ်ဖက် နီးပါးတွင်ပင် ရှိသည်။
ထိုအရာက နားလည်၍ မရအောင် လေးနက်နေသည့် ဖြစ်စဉ် တစ်ခု ဖြစ်ပေသည်။
ဟူး… ဟူး…
ထိုအချိန်တွင်ပင် တိုက်တန် တီကောင် မြွေကြီး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ဒြပ်စင် စွမ်းအားများမှာ အဖြူရောင် အကာအကွယ် အဝန်းအဝိုင်းကြီး တစ်ခု သဖွယ် ဖွဲ့စည်းသွားသည်။ ထိုအဝန်းအဝိုင်းကြီး၏ မျက်နှာပြင်မှာ အလွန် အံ့အားသင့်စရာ ကောင်းလွန်းလှ၏။
တစ်ခါတစ်ရံ သတ္တုကဲ့သို့ အစိုင်အခဲ ဖြစ်နေကာ တစ်ခါတစ်ရံ ရေကဲ့သို့ သွက်လက်သွားသည်။ မရှေးမနှောင်းတွင်ပင် မီးမသွက် ပြောင်းလဲသွားကာ သိသိသာသာပင် လျှပ်စီးကြောင်းများက ထင်ဟပ်လာပြန်သည်။ တစ်ချိန်တည်း၌ သစ်သားကဲ့သို့ မာကြောခြင်း၊ လေကဲ့သို့ အကောင်အထည် မရှိခြင်း၊ မြေကြီးကဲ့သို့ ပျော့ပျောင်းခြင်း၊ ချော်ရည်ပူ ကဲ့သို့ ပျစ်ခြင်း၊ ရေခဲကဲ့သို့ အေးစိမ့်ခြင်းတို့က ဆင့်ကဲဆင့်ကဲ ပြောင်းလဲနေသည်။ တစ်ချို့ အချိန်များတွင်မူ ၎င်းတို့က အတူတကွ ပေါင်းစည်းသွားကာ ပို၍ ဆန်းကြယ်သော မြင်ကွင်းများကို ယူဆောင်လာခဲ့လေသည်။
"မူလဒြပ်စင် အင်အား…"
***