နောက်တစ်ကြိမ် စွန့်ခွာခြင်း
Vol. 20 Ch. 280
ဝေ့ဝူယင် နောက်သို့ လှည့်ကြည့်လိုက်ရာ လှပသော မျက်နှာလေး တစ်ခုကို တွေ့မြင်လိုက်ရသည်။ သဘာဝ ကျကျ မြစိမ်းရောင် သမ်းနေသည့် ထိုမျက်ဝန်းလေးများက သူ၏ နှုတ်ခမ်းများကို အနည်းငယ် ပြုံးယောင်သမ်း သွားစေ၏။
“ပြေပါတယ်...”
သူက ဖြေလိုက်၏။ ချင်ချူး၏ မျက်ခုံးများက ထိုအဖြေ အပေါ် သံသယ ရှိသည့် အလား အနည်းငယ် တွန့်ကွေးသွား၏။ သို့သော်လည်း သူမက တွန်းအားပေးကာ မမေးတော့ချေ။ လူတိုင်းတွင် ကိုယ်စီ အတွေးများနှင့် စိုးရိမ်မှုများ ရှိတတ်သည် မဟုတ်ပါလား။
“ကျေးဇူးတင်ပါတယ်...”
သူမက ခေါင်းငုံ့ရင်း ခပ်တိုးတိုး ပြောလိုက်၏။
“ဘာအတွက်လဲ...”
ဝေ့ဝူယင်က တုန့်နှေးခြင်း မရှိပဲ သူမကို မေးလိုက်သည်။ ဘာကြောင့် ကျေးဇူးတင်သည်ကို စဥ်းစားမရဟန် ရှိနေသည့် ဝေ့ဝူယင်၏ အမူအရာကို ကြည့်ရင်း ချင်ချူးမူမှာ နွေးထွေးမှုကို ခံစားလိုက်ရ၏။
သူမက ပြုံးရင်း ခေါင်းခါလိုက်သည်။ ငယ်ရွယ်စဥ် အခါက မိခင်ဖြစ်သူ ဆုံးမခဲ့ဖူးသည့် စကားတစ်ခွန်း ရှိသည်။ စစ်မှန်သော ဆက်ဆံရေး တစ်ခုတွင် သဘာဝ မကျဆုံး စကားလုံးမှာ ကျေးဇူတင်ပါတယ် ဟူ၍...။
ကြည့်ရသည်က ထိုအရာမှာ အမှန်တကယ် ဖြစ်နေပုံ ရသည်။
...
အခြားတစ်ဖက်၌ ဝူယုမှာ ပြင်ဆင် ပြီးသွားခဲ့ပြီ ဖြစ်သည်။ လုံချန်မှာ တိုက်တန် တီကောင် မြွေကြီး၏ ငွေရောင် မျက်ဝန်းများကို စိုက်ကြည့်နေဆဲပင်။ သူ၏ မျက်သားဖြူဖြူများမှာ အနီရောင် သွေးစင်းကြောင်းများဖြင့် ပြည့်နှက်နေ၏။
လက်စွပ်ဆီမှ ခပ်မှိန်မှိန် အလင်းတန်းများ ထွက်ပေါ်လာသော အခါတွင်မှ သူ သတိပြန်ဝင်လာသည်။ ငယ်ရွယ်စဥ်ကတည်းက သူနှင့် အတူ ရှိနေခဲ့သည့် လက်စွပ်လေးကို ငုံ့ကြည့် လိုက်ရင်း သူ၏ မျက်လုံးများက နူးညံ့သွားသည်။ ထိုလက်စွပ်လေးမှာ တစ်ကြိမ်တစ်ခါသာလျှင် သူ့ထံမှ အချိန်ကာလ အတန်ကြာ ပျောက်ဆုံးသွားခဲ့ဖူးသည်။
ဝူယု၏ မထင်မရှား ပုံရိပ်မှာ လုံချန်၏ အရှေ့တွင် တဖြည်းဖြည်း ပေါ်လာခဲ့၏။
“စွဲစွဲမြဲမြဲ မှတ်ထားပါ... မင်းက အနန္တဧကရာဇ် ကြယ်တာရာ နယ်မြေကို အပိုင်စိုးနိုင်မယ့် နောက်ထပ် မဟာ ဧကရာဇ်ပဲ... မင်း ဆက်ပြီး အသက်ရှင်ဖို့ အတွက် ဒီလူအိုကြီးလို ချိုင်းထောက် တစ်ခု မလိုဘူး... ကောင်းကောင်း ကျင့်ကြံပါ... အဆုံးစွန် ကြိုးစားပါ... စိတ်ကို ဘယ်တော့မှ အလိုမလိုက်ပါနဲ့”
သူ၏ စကားလုံးများက ဖခင်တစ်ယောက်၏ နွေးထွေးမှုများဖြင့် ပြည့်နှက်နေ၏။ မျက်ရည်စများမှာ လုံချန်၏ မျက်ဝန်းအိမ်တွင် ဝဲလာကာ ထောင့်စွန်းမှ တဖြည်းဖြည်း စီးကျလာသည်။
“ကျုပ် ကတိပေးပါတယ်...”
သူ လက်သီးများကို တင်းတင်းဆုပ်ရင်း ပြောလိုက်သည်။ သူ၏ မျက်ဝန်းများက ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက်နေပေသည်။
ဝူယု သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ ဘာမှ ထပ်မပြောတော့။ လုံချန် သိသင့် သိထိုက်သမျှကို ပြောပြခဲ့ပြီး ဖြစ်သည်။ မြင့်မားသော ကျင့်ကြံခြင်း အဆင့် တစ်ခုသို့ ရောက်ရှိပါက ဟုန်ယုကို ပြန်လည် အသက်သွင်းနိုင်လိမ့်မည် ဖြစ်ကြောင်းကိုပင် သူ ပြောထားခဲ့သည်။ ထိုအရာက သူ၏ ကျင့်ကြံခြင်း လမ်းစဥ် အတွက် တွန်းအားတစ်ခု ဖြစ်ပေလိမ့်မည်။
ထို့နောက် အနက်ရောင် လက်စွပ်လေးမှာ ဖြည်းညင်းစွာပင် လုံချန်၏ လက်မှ ထွက်ကာ အဝေးသို့ ပျံသန်းသွားသည်။ ထိုအခိုက်တွင် လုံချန်မှာ နှလုံးသား တစ်ခုလုံး လစ်ဟာသွားသလို ခံစားလိုက်ရသည်။ သို့သော်လည်း သူ့မျက်လုံးများထဲမှ ဆုံးဖြတ်ချက် အလင်းရောင်ကမူ သာ၍သာ ကြည်လင် ပြတ်သားလာခဲ့၏။
“မဟာ ဧကရာဇ် ဖြစ်လာတဲ့ တစ်နေ့ ကျုပ် ဆရာ့ကို ပြန်လာခေါ်မယ်”
ဝူယုသည် သူ၏ လုံခြုံရေးနှင့် ပြိုင်ပွဲတွင် ဆက်လက် ပါဝင်နိုင်ရေးတို့ အတွက် ဝေ့ဝူယင်ဆီသို့ ဒုတိယ အကြိမ်မြောက် သွားရန် ဆုံးဖြတ်ခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ ယခင်တစ်ခါကလို လအနည်းငယ်ထက် အဆပေါင်းများစွာ ပိုမို ကြာပေလိမ့်မည်။
“ငါစောင့်နေပါ့မယ်”
ဝူယု၏ အသံက ထွက်ပေါ်လာသည်။ သို့သော်လည်း ဝေ့ဝူယင်မှာ ထိုအရာကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း သူ နှလုံးသားထဲမှ သိနေပါသည်။ လုံချန်အား ကျင့်ကြံခြင်းကို ဖျက်ဆီးရန် အမိန့်ပေးလိုက် ကတည်းက သူ ဝေ့ဝူယင်၏ ဆန္ဒများကို ရိပ်မိခဲ့သည်။ ထိုဆန္ဒကား...
ဝှစ်...
မကြာခင်မှာပင် အနက်ရောင် လက်စွပ်လေးမှာ တိုက်တန် တီကောင် မြွေကြီးအနားသို့ ရောက်ရှိသွား၏။ သတ္တဝါကြီးက ပါးစပ်ကို ဟလိုက်ရင်း လက်စွပ်ကို အထဲသို့ ဝင်ရန် ခွင့်ပြုလိုက်သည်။
“နာ့ရှင်းရီကြောင့် မင်းရဲ့ ရိုင်းစိုင်းမှုနဲ့ စော်ကားမှုတွေကို ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်...”
ဝေ့ဝူယင်၏ အသံက ကမ္ဘာလောကကို တုန်ရီကာ ထွက်ပေါ်လာ၏။ ထို့နောက်တွင် တိုက်တန် တီကောင်မြွေကြီးမှာ မြေကြီးများကို တူးဆွကာ ဟိုးအနက်ပိုင်းထိ ဝင်ရောက်သွားလေတော့သည်။ ထိုအချိန် အနန္တ ဧကရာဇ်ဂိုဏ်း တစ်နေရာတွင်မူ ဖြူရော်သော အသားအရည်နှင့် မိန်းကလေး တစ်ယောက် ရှိနေခဲ့လေသည်။
...
အလင်းမျက်နှာပြင်များမှ ကြည့်နေသည့် လူများမှာ အမှန်တရားကို အကဲမဖြတ်နိုင်ပဲ ဖြစ်နေကြ၏။ ကြည့်ရသည်က လုံချန်မှာ ဝေ့ဝူယင်နှင့် သဘောတူညီမှု တစ်ခု ပြုလုပ်ခဲ့ဟန် ရသည်။ သူက အနက်ရောင် လက်စွပ်လေးကို ပေးခဲ့ကာ ဝေ့ဝူယင်ကမူ နာ့ရှင်းရီ ဆိုသော နာမည်ကို ထည့်သွင်း ပြောကြားခဲ့သည်။ ကြည့်ရသည်က ဝေ့ဝူယင်မှာ ထိုအကြောင်းရင်း နှစ်ရပ်ကြောင့် လုံချန်အား ခွင့်လွှတ်ပေးခဲ့ဟန် ရသည်။
နာ့ရှင်းရီ...
ဝေ့ဝူယင် အကြောင်းအား ကြားဖူးသူတိုင်း ထိုနာမည်လေးကို သိကြလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်သည် သူမ အတွက် ကောင်းကင်နန်းတော်ဆီမှ ဆင်းသက်လာခဲ့ဖူးကာ ကျိမျိုးနွယ် တစ်ခုလုံးကို သုတ်သင်ခဲ့ဖူးသည်။ ထိုမိန်းကလေးက ဝေ့ဝူယင် အတော်လေး အရေးပါသူ ဖြစ်ရပေလိမ့်မည်။
အားလုံးလိုလိုမှာ လုံချန်၏ မျက်ဝန်းများထဲရှိ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို မြင်လေရာ သက်ပြင်းချလိုက်မိကြ၏။ ဝေ့ဝူယင်မှာ ကောင်းကင် ဧကရာဇ် တပည့် တစ်ယောက် ဖြစ်ကာ မကြာခင် အဂ္ဂိရတ် အင်ပါယာ ဖြစ်လာမည့်သူလည်း ဖြစ်သည်။ ထို့အပြင် သူသည် တိုက်ခိုက်ရေး ဘက်တွင်လည်း အလွန် ထူးချွန်ကာ အသက် ငါးဆယ် မပြည့်ခင်မှာပင် အာကာသ ပဲ့တင်သံ အဆင့်များနှင့် ယှဥ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သည်။
သူ့အပေါ် လက်စားချေရန် လုံချန်၏ အကြံက ရေပေါ် အရုပ်ရေးရန် ကြိုးစားသည့် အလား ဖြစ်မည်မှာ ကျိန်းသေလှပေသည်။
...
ထိုအချိန် ကောင်းကင်နန်းတော် အတွင်း၌ ဝေ့ဝူယင်သည် ရွှေကြယ်အဆင့် သားရဲ သုံးကောင်ကို ဝန်းရံကာ ထိုင်နေခဲ့၏။ အဖြူရောင် မီးလျှံကျားသည် မြေပြင်၌ လှဲလျောင်းကာ သူ့၏ ကြီးမားသော ခေါင်းအား ဝေ့ဝူယင်က ထိုင်ခုံသဖွယ် အသုံးပြုထားသည်။
မျက်သုံးလုံး ကျီးကန်းမှာမူ အဖြူရောင် စက်ဝန်းတစ်ခု ဘေးတွင် ရှိနေခဲ့၏။ သူက ထိုအရာကို နှုတ်သီးဖြင့် ဆိတ်ရင်း သိချင်စိတ် ပြင်းပြသည့် ကလေးငယ် တစ်ယောက် ကဲ့သို့ ကစားနေသည်။ ဝေ့ဝူယင်မှာ ထိုအရာကို လျစ်လျူထားကာ တိုက်တန် တီကောင်မြွေကြီးကိုသာ အာရုံစိုက်နေ၏။
၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးထက်တွင် ဒြပ်စင် စွမ်းအားများ တည်ရှိနေသည်။ ၎င်း၏ ဒဏ်ရာရ အကြေးခွံနှင့် အသွေးအသားများမှာ အပြည့်အဝ ပြန်လည် ဖွံ့ဖြိုးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ၎င်း၏ နဂို နက်ညိုရောင် သမ်းသော အကြေးခွံများက အဖြူရောင် အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ကြည့်ရသည်က ဒြပ်စင်စွမ်းအားမှာ သည်မြွေကြီး၏ သွေးသား ရင်းမြစ်ကို အမှတ်မထင် ပြောင်းလဲပေးလိုက်ပုံ ရသည်။ ၎င်း၏ အရောင်အဝါ ပင်လျှင် ပိုမို သန့်စင်လာကာ မျက်လုံးများထဲတွင်လည်း အပြောင်းအလဲ အချို့ ဖြစ်ပေါ်နေသည်။ ထိုအရာက ဘာနှင့် တူသနည်း ဆိုသော်...။
“နဂါး...”
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ စိတ်ဝင်စားမှု အငွေ့အသက်များက သူ့မျက်ဝန်းများထဲတွင် ပေါ်နေခဲ့သည်။ တိုက်တန်တီကောင် မြွေကြီးမှာ သူ၏ မူလဒြပ်စင် ရည်ရွယ်ချက်၏ လွှမ်းမိုးခု ခံရခြင်းနှင့် အတူ နဂါးအရှိန်အဝါကို တဖြည်းဖြည်းချင်း ပြောင်းလဲနေသည်။ ကြည့်ရသည်က ၎င်းမှာ သူ၏ ရည်ရွယ်ချက်ကို စုပ်ယူကာ ကျင့်ကြံခြင်း အတွက် အသုံးချနိုင်ဟန် ရ၏။
ဝှစ်...
၎င်းက ပါးစပ်အား ဖွင့်လိုက်ရာ ဝူယု၏ အနက်ရောင် လက်စွပ်လေးမှာ ပျံထွက်လာ၏။ ဝေ့ဝူယင်မှာ ၎င်းကို လှည့်ပင် မကြည့်ပဲ မြွေကြီး၏ အပြောင်းအလဲများကိုသာ စူးစမ်းနေသည်။ တစ်မိနစ်မျှ တိတ်ဆိတ်နေပြီးနောက် ဝူယုမှာ ဝေ့ဝူယင် အာရုံစိုက်နေသည့် အရာကို သတိထားမိသွား၏။
“ဒီကောင်ကြီးက အသွင်ပြောင်းနေတာပဲ...”
သူ အနည်းငယ် အံ့သြသွား၏။
“ဟုတ်တယ်...”
ဝေ့ဝူယင် ထူးမခြားနားသော လေသံဖြင့် ပြန်ပြောလိုက်သည်။ ဝူယုမှာ ရှေးဟောင်းခေတ်များ ကတည်းက နာမည် ကျော်ကြားခဲ့သည့် ပညာရှင် တစ်ပါး ဖြစ်ပြီး အနန္တဧကရာဇ်ဂိုဏ်းကြီးကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ ပထမဆုံး အကြိမ် တွေ့ဆုံချိန်၌ ဝေ့ဝူယင် သူ့ကို သေးစားမှု အပြည့်ဖြင့် ဆက်ဆံခဲ့သည်။ ယခုအချိန်တွင်လည်း လေးစားမှု အချို့ ရှိဆဲ ဖြစ်သည့်တိုင် သူ့ကိုယ်သူ ထပ်မံ နှိမ့်ချရန် လိုအပ်သည် ဟု မခံစားရတော့။
***