← Chapters

ရောင်နီအလင်း

Vol. 21 Ch. 282

ရောင်နီအလင်း

Vol. 21 Ch. 282

သားရဲ စမ်းသပ်ပွဲသည် များစွာသော လူငယ်များနှင့် ပါရမီရှင်များ မျှော်လင့် မထားခဲ့သည့် စိန်ခေါ်မှု တစ်ခု ဖြစ်လာခဲ့သည်။ ၎င်းက ရိုးရှင်းသော တိုက်ခိုက်ရေး စွမ်းရည်ထက် ကျော်လွန်ကာ ဉာဏ်ရည်၊ နည်းလမ်းနှင့် ထိုးထွင်းဉာဏ်တို့ကိုပါ စစ်ဆေးသည်။ ထိုအရာက အနန္တ ဧကရာဇ်ဂိုဏ်း ပေါ်ထွန်းခဲ့သော အခြေခံမူများ ပေါ်တွင် အခြေခံပေသည်။

လောကကြီးနှင့် လိုက်လျောညီထွေ နေထိုင်နိုင်ခြင်း စွမ်းရည်…

အခြားအင်အားစုများ၊ ဂိုဏ်းများမှာ ထိုနိယာမနှင့် သဘောတရားကို နှိုက်နှိုက်ချွတ်ချွတ် သင်ကြား ပေးထားခြင်း မရှိလေရာ သူတို့၏ တပည့်များမှာ အခက်အခဲများနှင့် ကြုံတွေ့ရသည်။ အများအပြားမှာ ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရသည်။  ကံမကောင်းသော လူအချို့ဆိုလျှင် သူတို့၏ နောက်ဆုံး ထွက်သက်ကိုပါ ရှူရှိုက်ခဲ့ရသည်။

လိုက်လျောညီထွေ ဖြစ်အောင် အချိန်မီ ပြောင်းလဲနိုင်သော လူများမှာမူ စမ်းသပ်ပွဲ အတွင်း ရှင်သန်ကာ ဆက်လက် ခရီးဆက် နိုင်ခဲ့ကြသည်။ အချို့က အခြားသူများနှင့် အုပ်စုများဖွဲ့ကာ သားရဲများကို အမဲလိုက်ခြင်း၊ ဖမ်းဆီးခြင်း၊ ထိန်းချုပ်ခြင်းတို့ဖြင့် ဝိညာဉ်အမှတ်များ ရရှိအောင် ပြုလုပ်ကြသည်။ အချို့ကတော့ လမ်းစဥ်ကို သက်သေပြရန် အတွက် ကိုယ့်အား ကိုယ်ကိုးကာ အစွမ်းကုန်  တိုက်ခိုက်ခဲ့ကြသည်။

တူညီသော အချက်တစ်ခုကား သူတို့ အားလုံးမှာ ဒုတိယ အကြိမ်မြောက် စမ်းသပ်မှုကို စောင့်မျှော်နေကြခြင်းပင် ဖြစ်သည်။ ထိုစမ်းသပ်မှုတွင် အမြင့်မားဆုံးသော စွမ်းဆောင်ရည်ကို ခင်းကျင်း ပြသနိုင်ရန် သူတို့ မျှော်လင့်နေကြသည်။

အလင်း စမ်းသပ်မှု…

သားရဲ စမ်းသပ်မှုနှင့် ခြားနားစွာပင် ထိုစမ်းသပ်မှုသည် ပြိုင်ပွဲဝင် တစ်ဦးတစ်ယောက်ချင်းစီ၏ တိုက်ခိုက်ရေး စွမ်းအားကို စစ်ဆေးလိမ့်မည် ဖြစ်သည်။ သူတို့ အနေဖြင့် ကျင့်ကြံခြင်း အဆင့် တူညီသူများနှင့် ပိုမို မြင့်မားသူများကို အတားအဆီး မရှိ စိန်ခေါ်နိုင်ပေလိမ့်မည်။ သားရဲစမ်းသပ်ပွဲတွင် ချည်နှောင်ခံထားရသည် ဆိုလျှင် အလင်း စမ်းသပ်ပွဲသို့ အရောက်၌ သူတို့ အားလုံး လွတ်မြောက် သွားပေလိမ့်မည်။

သားရဲ စမ်းသပ်ပွဲ အဆုံးသတ်ရန် နီးကပ်လာသည်နှင့် အမျှ လူငယ်များမှာ နောက်ထပ် စမ်းသပ်ပွဲ အတွက် အဆင်သင့် ဖြစ်အောင် ပြင်ဆင် နေကြတော့သည်။

…

ကျူးဟိုင်မှာ ကျောက်တုံးကြီး တစ်ခုပေါ်တွင် တင်ပျဉ်ချိတ်ကာ ထိုင်နေခဲ့၏။ သူ့အောက်နားတွင်မူ အမျိုးမျိုးသော အရွယ်အစား ရှိသည့် သားရဲများ၏ ခန္ဓာကိုယ်များ ရှိနေခဲ့ပေသည်။ ၎င်းတို့ အားလုံးမှာ ခြေလက် လေးချောင်း ပါရှိသည့် ခွေးနှင့် တူသော သားရဲများ ဖြစ်ကာ နဖူးများ ထက်၌ အဖြူရောင်မှ ငွေရောင် အထိ အမျိုးမျိုး ကွဲပြားသော ကြယ်များ ရှိနေကြပေသည်။

ထိုသားရဲ အားလုံးမှာ တိတ်ဆိတ်နေကာ အသက်ပင် ကျယ်ကျယ် မရှူရဲကြချေ။ သူတို့၏ ပုံစံများက ခေါင်းဆောင်၏ အမိန့်ကို စောင့်မျှော်နေကြသည့် စည်းကမ်း သေဝပ်သော စစ်သားများ အလားပင်။

ကျူးဟိုင် သူ၏ သွေးရောင် မျက်လုံးများကို ပင့်တင်ရင်း ထိုဝံပုလွေများ၊ မြေခွေးများနှင့် တောခွေးများကို ကြည့်လိုက်သည်။ ခပ်ဖိန့်ဖိန့် အပြုံးတစ်ခုမှာ သူ၏ နှုတ်ခမ်းများ ထက်၌ ပေါ်လာခဲ့၏။ ထိုအပြုံးက အရိုင်းဆန်သည့် သူ၏ အလှကို ပိုမို ပေါ်လွင်သွားစေသည်။

"သခင်က ပြိုင်ပွဲမှာ အပြည့်အဝ ပါဝင်နေလား ဒါမှမဟုတ် ဆေးဖော်စပ်ပြီး အချိန်ဖြုန်းနေလား ငါသိချင်မိတယ်…"

ဘဝ၏ အနိမ့်ပါးဆုံး အခိုက်အတန့်တွင် ရောက်ရှိလာခဲ့သည့် ငွေရောင် မျက်လုံးများနှင့်  လူငယ်ကို သူ ပြန်လည် တွေးလိုက်မိ၏။ ထိုလူငယ်သည် သူ့ဘဝကို တဖန် ပြန်လည် မွေးဖွားစေခဲ့သည်။ ယခုအချိန်၌ ထိုလူငယ်၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးရန် အရည်အချင်း ပြည့်မှီခြင်းမှ လွဲ၍ သူ ဘာကိုမှ မလိုချင်တော့။

သူ၏ အစွယ်များ အဖြစ်… သူ၏ လက်သည်းများ အဖြစ်…

…

အနက်ရောင် ချပ်ဝတ်ကို ဝတ်ဆင်ကာ ခါးတွင် ဆေဘာတစ်စင်း လွယ်ထားသည့် မိန်းမပျိုလေး တစ်ဦးသည် အဇူရာ မြွေကြီး တစ်ကောင်၏ အပေါ်၌ ထိုင်ကာ တိတ်တဆိတ် ကျင့်ကြံနေ၏။ အဇူရာ မြွေကြီးမှာ ခန္ဓာကိုယ်ကို ရစ်ခွေ အိပ်စက်နေကာ ရွှေရောင် တလက်လက် တောက်ပနေသာ ကြယ်တစ်စင်းမှာ သူ့ ခေါင်းထက်၌ တည်ရှိနေသည်။

အကယ်၍ ဖူလင်းဟွာသာ ဤကမ္ဘာမြေပြင် ပေါ်တွင် ဆက်လက် တည်ရှိမည် ဆိုပါက ထိုသားရဲကြီးကို ချက်ချင်းပင် မှတ်မိပေလိမ့်မည်။ ပြာအဖြစ် လောင်ကြွမ်းကာ ကြယ်တာရာများ အတွင်း လွင့်ပျံသွားလျှင်ပင် သူမ မှတ်မိပေလိမ့်မည်။ သူမ အသက်အား နှုတ်ယူကာ၊ သူမ ခန္ဓာကိုယ်ကို အစာအဖြစ် သုံးဆောင်ခဲ့သူကို သူမ မည်ကဲ့သို့ မေ့ပါမည်နည်း။

အကယ်၍ သူမ သေရွာမှ ပြန်ရှင်လာကာ စုမေ့ ထိုသားရဲကြီးကို ယဉ်ပါးစေနိုင်ခဲ့ကြောင်း သိခဲ့ပါက သွေးအန်၍ နောက်တစ်ကြိမ် ပြန်လည် သေဆုံးသွားလိမ့်မည် ဖြစ်သည်။

စုမေ့က မျက်တောင်များကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ အနက်ရောင် မျက်ဝန်းတစ်စုံ ပေါ်လွင်လာသည်။ ထိုမျက်ဝန်းတို့မှ ထွက်ပေါ်နေသော ဝိညာဉ် အလင်းရောင်မှာ ဆည်းဆာကို ရောင်ပြန်ဟပ်သည့် အလား သဘာဝနှင့် ထပ်တူကျကာ အလှပဆုံး ထင်ပေါ်နေသည်။

သူမ၏ နောက်တွင်မူ… မဟူရာ ကြယ်တစ်ပွင့်မှာ ခပ်ဖျော့ဖျော့ လင်းလက် နေ၏။ ထိုမဟူရာ ကြယ်မှာ အာရုံခံစားမှုများကို ဝါးမြိုကာ ကမ္ဘာအနှံ့ စိမ့်ဝင်နေသည့် အလား အဆုံးမဲ့ တောက်ပသည့် အနက်ရောက် အလင်းများကို ထုတ်လွှတ်နေသည်။ အကယ်၍ ကျူးဟိုင်သာ ဤနေရာတွင် ရှိနေပါက ကျိန်းသေ တုန်လှုပ် သွားလိမ့်မည် ဖြစ်သည်။

ထိုအရာကား ဝိညာဉ် ဆင်းတုပင်…။ သို့သော် သာမန် ဝိညာဉ်ဆင်းတု တစ်ခုထက် ပိုမိုသည်ကား ကွင်းကိုးကွင်းက ၎င်းကို ဝန်းရံ တည်ရှိနေခြင်းပင် ဖြစ်လေသည်။

တလက်လက် တောက်ပနေသော အနက်ရောင် မျက်ဝန်းများဖြင့် စုမေ့ မိုးကုပ်စက်ဝိုင်းဆီ လှမ်းကြည့် လိုက်၏။ သူမအား ကြည့်ရသည်က တစ်ယောက်တည်းသာ ကြားနိုင်သည့် ကျိန်ဆိုမှုမျိုးဖြင့် စကားပြောနေပုံ ရလေသည်။

…

အလွန်တရာ ကြီးမားလှသော သစ်ပင်ကြီး တစ်ခုထက်၌…

အရပ် ရှစ်ပေနီးနီးခန့် ရှိမည့် ခရမ်းရောင် အသည်းအရေ ပိုင်ရှင် နတ်ဆိုး မိန်းကလေး တစ်ယောက် ရှိနေသည်။ သူမသည် ခန္ဓာကိုယ် အချိုးအစားကို ပေါ်လွင်စေသည့် ခပ်ကြပ်ကြပ် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ လက်တွင် လှံတစ်စင်းကို ကိုင်ဆောင်ထားသည်။

ပြင်းထန်သော တိုက်ပွဲဝင် ဆန္ဒတို့ ပျော်ဝင်နေသည့် သူမ၏ ရွှေအိုရောင် မျက်လုံးများမှာ အရှေ့ရှိ ကမ္ဘာကြီးကို ဖြန့်ကျက် ကြည့်ရှုနေသည်။ သူမတွင် မည်သည့် လက်အောက်ငယ်သား တစ်ယောက်မျှ မရှိသလို အမိန့်နာခံရန် အသင့် စောင့်ဆိုင်းနေသည့် သားရဲများလည်း မရှိချေ။ သစ်ပင်အောက် တစ်နေရာတွင် ပြင်းပြသော နတ်ဆိုးစွမ်းအားတို့ဖြင့် ချည်နှောင်ခြင်း ခံထားရသည့် ငွေကြယ် အဆင့် သားရဲ တစ်ကောင်သာ ရှိနေပေသည်။

ထိုသားရဲမှာ နောက်တစ်ဆင့်သို့ ဝင်ရောက်ရန် သူမအတွက် လက်မှတ်လည်း ဖြစ်ပေသည်။ အခြားလူများ ကဲ့သို့ပင် ကောင်းကင်ကို မော့ကြည့်လိုက်မိသော အခိုက်၌ ချောမောသော ပုံရိပ် တစ်ခုက သူမ စိတ်ထဲ ပေါ်လာခဲ့၏။

"နင် ဒီစမ်းသပ်ပွဲကို ဖြတ်ကျော်နိုင်ရမယ်"

သူမက တီးတိုး ရေရွတ်လိုက်လေ၏။

…

"ဒီပြိုင်ပွဲကို ကိုယ်ရည်သွေးဖို့ နည်းလမ်း တစ်ခု အနေနဲ့ သဘောထား ဆိုပဲ… ဟွန့်… ဒီသားရဲတွေက ဘာအသုံးမှလည်း မကျဘူး"

အနက်ရောင် ဆံပင်တိုတို၊ မီးခိုးရောင် မျက်လုံးများနှင့် မျက်ခုံး နှစ်ခုကြားတွင် ကိုးရောင်ခြယ် အစက်တစ်စက် ရှိသည့် လူငယ်လေး တစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။

ထိုအခိုက်၌ သူသည် လှံကို လှည့်ကာ ကစားရင်း နှာမောင်းသုံးချောင်း ပါသော ဆင်သဏ္ဌာန် သားရဲကြီးပေါ်၌ ရပ်နေခြင်း ဖြစ်သည်။ ထိုသားရဲကြီးမှာ သတိမေ့မြောနေသည့်တိုင် ရွှေရောင် တောက်ပနေသော ကြယ်တစ်စင်းမှာမူ သူ့ နဖူးထက်တွင် နေရာယူနေသည်။

သားရဲကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ သေလုမြောပါး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။ သူ အသက် ဆက်လက် ရှင်သန်နိုင်သည့် တစ်ခုတည်းသော အကြောင်းရင်းကား သူ့ခန္ဓာကိုယ် အတွင်း အဆက်မပြတ် ဝင်ရောက်နေသည့် မူလဒြပ်စင် အင်အားကြောင့်ပင် ဖြစ်သည်။

လင်းမင်က လှံအား လှည့်ပတ် ကစားခြင်းကို ပျင်းရိလာဟန်နှင့် ရပ်တန့်လိုက်၏။

"ဂိုဏ်းကြီး ငါးဂိုဏ်းမှာ ငါ့ကို စိန်ခေါ်နိုင်တဲ့လူ ရှိမလား သိချင်လိုက်တာ… ဒါပေမဲ့ အသက် ကန့်သတ်ချက် အရ သိပ်မမျှော်လင့်ရဲဘူး… လောကပင်လယ် အဆင့်နဲ့ ဝိညာဉ် ဆင်းတုတွေကို ယှဉ်နိုင်တယ် ဆိုတဲ့ ဝေ့ဝူယင် တစ်ယောက်ပဲ လောက်လောက်လားလား ရှိမယ်… ဒါပေမဲ့ သူက ငါ့ထက် အသက်ပိုကြီးပြီး ကျင့်ကြံခြင်း အဆင့် နိမ့်နေတာ တော်တော်ဆိုးတာပဲ"

လူငယ်က ဤကြယ်တာရာ နယ်မြေတွင် ပြိုင်ဘက် တစ်ယောက် ရှာဖွေရတာ အလွန် ခက်ခဲလွန်းသည့် အလား ဖြူရော်စွာ ပြုံးလိုက်၏။

သူသည် ကိုယ့်ကိုယ်ကို အလွန် ယုံကြည်မှု ရှိသည်။ ထိုယုံကြည်မှုဖြင့်ပင် သူ မရေမတွက်နိုင်သော စိန်ခေါ်မှုများကို ကျော်လွားနိုင်ခဲ့သည်။ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အပြင်ဘက် မိုးကုပ်စက်ဝိုင်းဆီကို ရွက်လွှင့်ရန် ရည်ရွယ်ထားသူ တစ်ယောက် အတွက် 'ပါရမီရှင်' ဆိုသော အသုံးအနှုန်းက အခြားလူများ ယုံကြည်ထားသည်ထက် အဆပေါင်းများစွာ ပိုမိုပေသည်။

…

သားရဲ စမ်းသပ်ပွဲ ဆိုသော ကန့်လန်ကာကား ပြည်ဖုံးကားချရန် အချိန်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။ မိုးကောင်းကင်၌ ရောင်နီပျိုတို့ သမ်းလာခဲ့၏။

လူငယ်များ၏ မျက်ဝန်းတွင်မူ… စိတ်အား ထက်သန်မှုနှင့် မျှော်လင့်ချက် အရိပ်အယောင်တို့က တလက်လက် တောက်ပ နေခဲ့၏။ သူတို့ မျှော်လင့် စောင့်စားခဲ့ရသည့် အလင်း စမ်းသပ်မှုကား ရောက်ရှိလာပေတော့မည်။

***

All Chapters