အလင်းကျောက်တိုင်
Vol. 21 Ch. 283
သားရဲစမ်းသပ်ပွဲ၏ အဆုံးသတ်သို့ ရောက်ရှိခဲ့ပြီးနောက် မဟာဝိညာဥ် စမ်းသပ်ပွဲကြီး၏ နောက်ထပ် တစ်ဆင့် ဖြစ်သော အလင်းစမ်းသပ်မှုမှာ စတင်တော့မည် ဖြစ်သည်။
အကြီးအကဲများနှင့် ပရိသတ်များမှာ ထိုစမ်းသပ်မှုအား ကြည့်ရှုရန် ရင်ခုန်နေကြကာ လူငယ် ပါရမီရှင်များမှာလည်း သူတို့၏ စွမ်းအား အပြည့်အဝကို ဖော်ထုတ်နိုင်မည့် ထိုစမ်းသပ်ပွဲအတွက် ရင်ခုန်နေကြသည်။ ပထမ စမ်းသပ်မှုမှာ ရက်စက်ကြမ်းကြုတ်ပြီး ထင်မှတ်မထားသည့် ဆုံးရှုံးမှုများအား ယူဆောင်လာခဲ့သည့်တိုင် တရားမျှတမှုကို မီးမောင်းထိုးပြခဲ့သည်။
ပြိုင်ပွဲဝင်များထဲမှ မြောက်များစွာမှာ အဆုံးသတ်တွင် သရဖူကို မရနိုင်ကြောင်း သူတို့ သိပါသည်။ သူတို့သည် စမ်းသပ်ပွဲကို မီးစာသဖွယ် အသုံးပြုကာ ကျင့်ကြံခြင်း၏ အခက်အခဲများကို ကျော်လွှားလိုခြင်းသာ ဖြစ်သည်။ သားရဲစမ်းသပ်ပွဲသည် သူတို့အား လောကြီးတွင် ရှင်သန်နေထိုင်နိုင်ရန် ခွန်အားတစ်ခုတည်းဖြင့် မလုံလောက်ကြောင်း သင်ကြားပေးခဲ့သည်။ ဉာဏ်ရည်ဉာဏ်သွေး၊ ဗျူဟာနှင့် သတ္တိတို့မှာလည်း ခွန်အားထက် မလျေ့ာသော နည်းလမ်းများဖြင့် အသုံးဝင်သည်။
အလင်း စမ်းသပ်မှုမှာ ပထမ စမ်းသပ်မှုနှင့် ကွာခြားစွာပင် ကြိုတင် သတိပေးမှု တစ်စုံတစ်ရာ မရှိပါပဲ ရုတ်ချည်း စတင်ခဲ့သည်။ ပြိုင်ပွဲကွင်းပြင် ပြောင်းလဲခြင်း မရှိ။ ပါဝင်ယှဥ်ပြိုင်သူများကို တည်နေရာ ပြောင်းလဲခြင်း မရှိ။ ကျင့်ကြံသူများ တစ်ယောက်နှင့် တစ်ယောက် မတိုက်ခိုက်ရ ဆိုသည့် စည်းမျဥ်း တစ်ခုကိုသာ ဖယ်ရှားပေးခဲ့သည်။ ကျင့်ကြံခြင်း အဆင့် မြင့်မားသူများက နိမ့်ပါးသူများကို စိန်မခေါ်ရ ဆိုသည့် ပေါ့ပေါ့ပါးပါး တားမြစ်ချက် တစ်ခုသာ ရှိတော့သည်။
ဤစမ်းသပ်ပွဲတွင် ပါဝင် ယှဥ်ပြိုင်သူများမှာ သူတို့ ထိန်းချုပ်ထားသည့် သားရဲများကို အကန့်အသတ် မရှိ အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။ သူတို့ အနေဖြင့် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပေသည်။ အခြား သားရဲများကို သတ်မိလျှင်ပင် ဝိညာဥ် အမှတ်များ လျော့နည်းလိမ့်မည် မဟုတ်တော့။
ဝိညာဥ် အမှတ်...
ဝိညာဥ် အမှတ်များမှာ ပြိုင်ပွဲဝင် အားလုံး၏ ပန်းတိုင် ဖြစ်သည်။ အမှတ်တစ်မှတ် ဆုံးရှုံးခြင်းက ပင်လျှင် သရဖူ လုပွဲတွင် များစွာသော အားနည်းချက်များကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။
ဂြိုဟ်တစ်ခုလုံးတွင် နေရာ တစ်သောင်း ရှိသည်။ ထိုနေရာ တစ်သောင်းတွင် မှိန်ဖျော့ဖျော့ဖြင့် နိမ့်ပါးစွာ တည်ဆောက်ထားသော အလင်းတိုင်များမှ... မိုးကောင်ကင် တိမ်တိုက်များ အထိ ထိုးဖောက် ဝင်ရောက်အောင် တည်ဆောက်ထားသည့် အလင်းတိုင်များ အထိ အမျိုးမျိုး ပါဝင်နေသည်။ ထိုတိုင်တစ်ခုချင်းစီမှာ ဝိညာဥ် အမှတ်များကို ရယူရန် အခွင့်အရေးများပင် ဖြစ်သည်။
အလင်းကျောက်တိုင်များကို ပါဝင်နေသည့် စမ်းသပ်မှုများ အလိုက် သုံးမျိုးသုံးစား ခွဲခြားထားသည်။ ချိပ်စည်း ဝင်္ကပါများ၊ တိုက်ခိုက်ရေး အစီအရင်များနှင့် လျှို့ဝှက် ကပ်ဘေးများ ဟူ၍။ ထို့အပြင် အလင်းကျောက်တိုင် တစ်ခုချင်းစီကို “ပုံသေ တည်နေရာများ” နှင့် “ပုံရှင် တည်ရှိနေရာများ” ဟူ၍ အမျိုးအစား နှစ်ခု ထပ်ခွဲထားသေးသည်။
ပုံသေ တည်ရှိနေရာများ...
ပုံသေ တည်ရှိနေရာများမှာ ခက်ခဲမှုနှင့် ဆုလာဘ် ပြောင်းလဲမှု မရှိသည့် အလင်းကျောက်တိုင်များ ဖြစ်သည်။ ထိုကျောက်တိုင်များ အတွင်းရှိ ဝင်္ကပါများမှာ ကျင့်ကြံခြင်း အဆင့် မြင့်မားသူနှင့် နိမ့်ပါးသူ... မည်သူမဆို တူညီသည့် ဆုလာဘ်နှင့် ခက်ခဲမှုများ ပေးမည် ဖြစ်သည်။ ထို့ကြောင့်ပင် ကျင့်ကြံခြင်း အဆင့် မြင့်မားသူများမှာ နိမ့်ပါးသူများထက် ပိုမို လွယ်ကူစွာဖြင့် ထိုကျောက်တိုင်များမှ ဝိညာဥ်အမှတ်များကို စုဆောင်းနိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ပုံရှင် တည်နေရာများမှာမူ ကျင့်ကြံခြင်း အဆင့် မြင့်မားသူများ အတွက် ပိုမို ခက်ခဲလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားလာသည်နှင့် အမျှ ရရှိနိုင်သည့် ဝိညာဥ် အမှတ်မှာ လျော့နည်းသွားလိမ့်မည် ဖြစ်သောကြောင့်ပင်။
ဥပမာ... ကြယ်တာရာ အမြုတေ အဆင့်တစ် တစ်ယောက်နှင့် အဆင့်လေး တစ်ယောက်မှာ တူညီသော ခက်ခဲမှု အဆင့်ရှိသည့် စမ်းသပ်မှု တစ်ခုကို ရင်ဆိုင်သည် ဆိုပါစို့...။ ကြယ်တာရာ အမြုတေ အဆင့်တစ် ကျင့်ကြံသူ အမှတ် တစ်ထောင် ရရှိချိန်တွင် အဆင့်လေးမှာမူ တစ်မှတ်မျှသာ စုဆောင်းနိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ပြိုင်ပွဲဝင်များ၏ အသက် အန္တရာယ်ကို ခြိမ်းခြောက်လိမ့်မည်က ထိုအလင်း ကျောက်တိုင်များ မဟုတ်ပါချေ။ အခြားပြိုင်ပွဲဝင်များသာ ဖြစ်ပေသည်။
ဒုတိယမြောက် အလင်း စမ်းသပ်မှုတွင် သားရဲ စမ်းသပ်မှုက ကဲ့သို့ တင်းကြပ်သော စည်းမျဥ်းများ မရှိချေ။ ပြိုင်ပွဲဝင်များမှာ ကိုယ်ပိုင် ဆက်လက် ရှင်သန်မှု အတွက် အခြားလူများ၏ ဝိညာဥ်အမှတ်များကို လုယူကြရပေလိမ့်မည်။ ထို့ကြောင့်ပင် ကျင့်ကြံခြင်း အဆင့် တူညီသူများ အကြား၌ အသေအကြေ တိုက်ပွဲများ ဖြစ်ပေါ်မည်မှာ မလွဲမသွေပင်။
အစစ်အမှန် စစ်ပွဲကား ယခုမှာသာ စတင်ပေလိမ့်မည်။
...
ရေနှင့် သစ်သားစွမ်းအင်များ ပေါင်းစပ်ကာ စိမ်းလန်းစိုပြေနေသည့် ရေကန်ကြီး တစ်ခု၏ ကမ်းစပ်တွင် ဝေ့ဝူယင်သည် နဖူးပေါ် လက်တင်ရင်း ငြိမ့်ငြိမ့်ညောင်းညောင်း လှဲလျောင်းနေသည်။ သူ၏ မျက်လုံးများက မိုးကောင်းကင်ကို မျက်နှာမူကာ တိတ်တဆိတ် မှိတ်ထားခဲ့၏။
အကယ်၍ တစ်စုံတစ်ယောက်မှာ နောက်သို့ ခြေလှမ်းတစ်သောင်း ဆုတ်လိုက်လျှင်ပင် ဝေ့ဝူယင် နံဘေးရှိ တောင်ဖြူ အသေးစား တစ်လုံးလို အရာကြီးကို သတိထားမိလိမ့်မည် ဖြစ်သည်။ အမွေးအမျှင်များ ပေါက်ရောက်နေသည့် ထိုအရာကြီးမှာ အသက်ရှူနေပုံ ပေါ်သည်။ ကောင်းကင်တွင်မူ... အတောင်ပံများ ပါရှိသည့် အနက်ရောင် သက်ရှိတစ်ကောင်မှာ ဝိုင်းပတ် ပျံဝဲနေသည်။ ရေကန်ကြီး၏ အလွန် နက်ရှိုင်းသော တစ်နေရာတွင်မူ... အရိပ်တစ်ခုမှာ လွင့်ပျံနေ၏။
ဝေ့ဝူယင်၏ လည်ပင်းတွင်တော့ ကြိုးဖြင့်ဆက် ချည်ထားသည့် အရာ ဝတ္ထုလေး နှစ်ခုမှာ တန်းလန်း ကျနေ၏။ တစ်ခုက လခြမ်းပုံစံလေး ဖြစ်ကာ တစ်ခုမှာ အနက်ရောင် လက်စွပ်လေးပင်။ အနက်ရောင် လက်စွပ်လေးမှာ ဖျပ်ခနဲ လင်းလက်သွား၏။ ဝေ့ဝူယင်သည် ဝူယုနှင့် ဆက်သွယ်ရမည့် နည်းလမ်းကို ကျင့်သားရပြီး ဖြစ်သည်။ သာမန် ဝိညာဥ် ဆက်သွယ်ရေး နည်းလမ်းများနှင့် ခြားနားစွာပင်... ဝူယု၏ နည်းလမ်းက စိတ်ထဲသို့ တိုက်ရိုက် ဆက်သွယ်ခြင်း ဖြစ်သည်။ ၎င်းက နူးညံ့သော စိတ်ပိုင်းဆိုင်ရာနှင့် ဆက်နွယ်နေလေရာ ရှာဖွေတွေ့ရှိရန် အလွန် ခက်ခဲလှသည်။
ဤကဲ့သို့ဆိုလျှင် ဝေ့ဝူယင်မှာ မည်ကဲ့သို့ ဝူယု၏ တည်ရှိမှုကို သတိထားမိသွားရသနည်း။ ရိုးရှင်စွာပင် အဂ္ဂိရတ် ဧဒင် ဝိညာဥ်ကြောင့် ဖြစ်သည်။ ဧဒင် ဝိညာဥ်သည် စိတ်တာအိုနှင့် လေးနက်စွာ ဆက်စပ်နေလေရာ အလွန် နူးညံ့သော အပြောင်းအလဲများကို မြင်နိုင်စွမ်းရှိအောင် ကူညီပေးနိုင်သည်။
ပထမ၌ ဝေ့ဝူယင်သည် ဝူယုနှင့် ထိုကဲ့သို့ ဆက်ဆံရခြင်း အပေါ် ကသိကအောက် ဖြစ်ခဲ့ရသည်။ ယင်းက တစ်စုံတစ်ယောက် သူ၏ စိတ်ကို လွှမ်းမိုးကာ အတွေးတစ်ခု စိုက်ထားသလိုပင်။ ထိုနည်းလမ်းနှင့် အသားကျရန် သူ အချိန် အတန်ကြာ ယူခဲ့ရသည်။
“ငါ မင်းကို မေးမယ်လို့ စဥ်းစားထားတာ ကြာပြီ... မင်း ဘာလို့ ဒီစမ်းသပ်ပွဲကို ဝင်ပြိုင်ရတာလဲ”
ဝူယုက မေးလာ၏။ မဟာ ဝိညာဥ် စမ်းသပ်ပွဲ (ယခင်... အနန္တဧကရာဇ် စမ်းသပ်ပွဲ) မှာ မီးနှင့် ကစားခြင်း ဟု ခေါင်းစဥ် တပ်သင့်အောင် ရေးဆွဲထားသည့် ပြိုင်ပွဲ တစ်ခု ဖြစ်သော်လည်း ဝေ့ဝူယင်၏ ခွန်အားနှင့် စွမ်းရည်တို့နှင့် ယှဥ်ပါက အဆမတန် နိမ့်ပါးလွန်းသည်။ ထိုပြိုင်ပွဲတွင် ချီးမြှင့်မည့် ဆုလာဘ်များထဲမှ တစ်ခုကိုပင် သူ ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။
အခြားဆုလာဘ်များလား... ဝေ့ဝူယင်သာ အလိုရှိလျှင် အဆင့်ရှစ် ဆေးလုံးများဖြင့် လွယ်ကူစွာ လဲလှယ်၍ ရသည်။ နိုင်နိုင်ရှုံးရှုံး ဤစမ်းသပ်ပွဲက သူ့အတွက် ဘာဆိုဘာမှ အရေးမပါချေ။
ဝူယုမှာ ဝေ့ဝူယင် သက်သက် အချိန်ဖြုန်း နေသလို ခံစားရ၏။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ ထိုလူငယ်လေးမှာ အေးအေးဆေးဆေး အနားယူသည်။ အိပ်သည်။ ချင်ချူးမူနှင့် ဟာသများ ပြောသည်။ မူလ ဒြပ်စင် ရည်ရွယ်ချက်ကို တီကောင်မြွေလေးနှင့် စမ်းသပ်သည်။ တစ်ခါတစ်ရံ သူ့ကိုပင် အံ့သြမှင်သက်စေသည့် ဆေးများအား ထဖော်စပ်သည်။
ဝူယုမှာ ဝေ့ဝူယင်ကို ကြည့်လေ ကြည့်လေ နားမလည်နိုင်လေ ဖြစ်နေခဲ့ရသည်။ ထိုလူငယ်မှာ သူ့ခေါင်းပေါ်တွင် အချိန် အကန့်အသတ် တစ်ခု ရှိသည်ကိုပင် သတိထားမိဟန် မရချေ။
ဝူယု၏ မေးခွန်းကြောင့် ဝေ့ဝူယင်မှာ အနည်းငယ် လှုပ်ရှားလာ၏။ သူ၏ မျက်ခွံများကတော့ အေးအေးဆေးဆေး မှိတ်ထားဆဲပင်။
“အနာဂတ် အတွက်...”
သူဖြေသမျှက ထိုမျှသာ...။
“ ... “
ဝူယုမှာ နားမလည်နိုင်ချေ။ သူ ထပ်မံ မေးခွန်းထုတ်ရန် ဟန်ပြင်လိုက်စဥ်မှာပင် အလင်း စမ်းသပ်မှုမှာ စတင် လာခဲ့တော့၏။
ဝမ်... ဝမ်... ဝမ်...
ဝေ့ဝူယင်၏ ကျောက်စိမ်းပြားလေးမှာ အလင်းရောင်များကို စတင် ထုတ်လွှတ်လာ၏။ ထိုအလင်းရောင်များက တစ်ခဏအတွင်း တောက်ပလာကာ သူ့တစ်ကိုယ်လုံးကိုပင် ဖုံးလွှမ်းသွားတော့သည်။
နောက်ဆုံး၌ ဝေ့ဝူယင်၏ မျက်လုံးများမှာ ဖြည်းညင်းစွာ ပွင့်လာခဲ့၏။ ထိုအခါ သူ၏ မျက်လုံးများမှာ ဂြိုဟ်ဝင်္ကပါ စတင် အသက်ဝင်လာသည်ကို တွေ့လိုက်ရသည်။ စက္ကန့်ပိုင်းမျှ အတွင်းမှာပင်... အနက်ရောင်၊ မီးခိုးရောင်၊ ငွေရောင်နှင့် ရွှေရောင် ဟူသော အလင်းတန်းများစွာမှာ လှပစွာပင် ကောင်းကင်သို့ မြင့်တက် လာကြတော့သည်။
ဝေ့ဝူယင်၏ အလင်းတန်းမှာ ကောင်းကင် အုပ်စိုးသူ ဟူသော အဆင့်အတန်းကို ကိုယ်စားပြုကာ မီးခိုးရောင် ဖြစ်သည်။ သို့သော်လည်း ထိူအလင်းတန်းမှာ အလွန်တရာ တောက်ပလှလေရာ မိုင်ထောင်ပေါင်းများစွာ အကွာအဝေးမှပင် တွေ့မြင် နိုင်ပေသည်။
တင်စားပြောရပါက... ၎င်းမှာ ပိုးစုန်းကြူးများ အကြား ထွန်းလင်းနေသော ကောင်းကင်မှ လမင်းကြီး တစ်စင်းလိုပင်။ သို့သော်လည်း... မီးခိုးရောင် အလင်းတန်း တစ်ခုက အဘယ်ကြောင့် ဤမျှ ကြီးကျယ် ခမ်းနားနေရသနည်း။ အကြောင်းရင်းကား ရှင်းလင်းစွာပင် ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် ဝိညာဥ် အမှတ်များကို ကိုယ်စားပြုနေသောကြောင့်ပင်။
အနန္တ ဧကရာဇ်ဂိုဏ်း ပြိုင်ပွဲဝင်...
ကောင်းကင် အုပ်စိုးသူ အဆင့်...
ဝိညာဥ် အမှတ်... ၁၅၀၀
“နေရာတစ်သောင်းက ရှာဖွေဖို့ ခက်ခဲလိမ့်မယ်...ပြိုင်ပွဲစည်းမျဥ်းအရ ဝိညာဥ်မှတ်တွေ ရဖို့ အလွယ်ဆုံး နည်းလမ်းက တစ်ယောက်ဆီက တစ်ယောက်လုတာပဲ”
ဝေ့ဝူယင် ခေါင်းအား ခါလိုက်၏။ သူ၏ မျက်လုံးများကမူ အလွန် ဝေးကွာသော မိုးကုပ်စက်ဝိုင်းဆီသို့ ဦးတည် ရွေ့လျားသွားသည်။ ကြည့်ရသည်က သူ၏ အနားယူ အပန်းဖြေရာ နေ့ရက်များကား ကုန်ဆုံးတော့မည့်ပုံ ရလေသည်။
...
“ဒီတော့ စပြီတော့...”
ထိုအချိန် ကျော်ကဖြာထက်ရှိ များစွာသော လူများမှာ အောက်ရှိ ကမ္ဘာကြီး တစ်ခုလုံး ပြောင်းလဲသွားကြောင်း သတိထားလိုက်မိကြ၏။
အစိမ်းရောင် သစ်တောများ၊ မြက်ခင်းပြင်များ၊ ကြည်လင် ရွှန်းမြသော ရေကန်များဖြင့် စိမ်းလန်း စိုပြည်သည့် ကျွင်းနာဂြိုဟ်၏ ရင်သပ်ဖွယ် ရှုမြင်ကွင်းများမှာ ရုတ်ချည်းပင် အဖြူရောင်၊ မီးခိုးရောင်၊ ငွေရောင်၊ ရွှေရောင် ဟူသော ပြိုးပြိုးပြက်ပြက် အလင်းရောင် တို့ဖြင့် ပြည့်နှက်သွားသည်။ ၎င်းတို့သည် အဆုံးမဲ့ ကောင်းကင် ကျောက်တိုင်ကြီးများ ကဲ့သို့ ကောင်းကင်သို့ မြင့်လာကာ အချို့ဆိုလျှင် သူတို့ တည်ရှိရာ ကျောက်ဖြာကြီးကိုပင် ကျော်လွန်သွားသည်။
အလင်းကျောက်တိုင် တစ်ခုချင်းစီမှာ သားရဲ စမ်းသပ်ပွဲတွင် ရှင်သန်ခဲ့သည့် ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီကို ကိုယ်စားပြုသည်။ သူတို့သည် ဒုတိယမြောက် စမ်းသပ်ပွဲ အတွက် အရည်အချင်း ပြည့်မှီကာ အစစ်အမှန် ပါရမီများကို လောကကြီးသို့ ချပြရတော့မည် ဖြစ်သည်။
ကိုယ်တိုင်ကိုယ်ကျ ပြိုင်ပွဲဝင်မည့် လူများ မဆိုမထားနှင့်...။ အကြောင်း အမျိုးမျိုးကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် လူငယ်များနှင့် ကျင့်ကြံခြင်း လောကမှ ရှေးဟောင်း မွန်းစတားကြီးများ ပင်လျှင် အလင်း မျက်နှာပြင်များမှ တစ်ဆင့် စောင့်ကြည့်ရင်း အသက်ရှူ မွမ်းကြပ်လာနေခဲ့ကြ၏။
***