ရောက်ရှိလာကြခြင်း
Vol. 21 Ch. 284
အနန္တ ဧကရာဇ်ဂိုဏ်း၏ ယာယီ တဲနန်း အတွင်း၌....
ချင်းရိုင်၊ ယောင်ကျန်းနှင့် ကျိချန်းကောင်းတို့သည့် တစ်သီးတစ်သန့် ဖြစ်တည်နေသည့် ဝေ့ဝူယင်၏ အလင်းတိုင်ကို ကြည့်နေကြ၏။ ၎င်း၏ အလင်းရောင်က လုံးဝကို ကြီးကျယ်ခမ်နားလှကာ အခြား အလင်းတိုင် အားလုံးထက် သာလွန်ကောင်းမွန်နေသည်။
ယောင်ကျန်းမှာ တစ်ခုခု ရှုံးနိမ့်သွားသလို ခံစားနေရသည်။ သို့သော်... ထိုခံစားချက်က မည်သည့် နေရာမှ ဖြစ်တည်လာမှန်း သူ မသိချေ။
စမ်းသပ်ပွဲတွင် သူ၏ သားဖြစ်သူ ယောင်ဝေ့မှာ အမှတ်ပေါင်း တစ်ရာကျော် စုဆောင်းနိုင်ခဲ့သည်။ ပုံမှန် စံနှုန်း သတ်မှတ်ချက်များ အရ ထိုပမာဏမှာ နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန် တက်လှမ်းရန် အရည်အချင်း ပြည့်မှီသော ပမာဏ ဖြစ်သည်။
သို့သော်လည်း ယခုတွင်မူ မည်သည့် ဂုဏ်ယူမှုကိုမှ သူ မခံစားရ။ ထိုအရာက ကိုယ့်သားသမီးကို ဆင်စီးပြီး မြင်းရံတာ မြင်ချင်သည့် ဖခင်တစ်ယောက်၏ အတ္တ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
တစ်ချိန်တည်း၌ ကျိချန်းကောင်းမှာလည်း တိတ်ဆိတ်နေ၏။ သူ့တပည့်လေး ရှုတောင်းမှာလည်း ယောင်ဝေ့နှင့် ထူးမခြားနားပင် ဖြစ်သည်။
“လောကမှာ အဆိုးရွားဆုံး အရာက ကိုယ့်ရဲ့ တပည့်တွေ၊ သားသမီးတွေကို အခြားလူတွေနဲ့ ခိုင်းနှိုင်းပြီး အပြစ်မြင်တာပဲ... ရှင်တို့ နှစ်ယောက် မျက်လုံးတွေကို ဖွင့်ပြီး သေချာ ကြည့်ကြပါဦး... ဝေ့ဝူယင်နဲ့ အရမ်း အလှမ်းကွာနေတယ် ဆိုရင်တောင် သူတို့က ထိပ်ဆုံး နှစ်ဆယ်ထဲမှာ ပါနေတုန်းပဲလေ”
ချင်းရိုင်မှာ သူတို့ နှစ်ယောက်ကို နှစ်သိမ့်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း အလွန် ကြီးမားလွန်းသော ကွာခြားချက်ကြောင့် သူမ၏ စိတ်များကတော့ တုန်လှုပ်နေဆဲပင်။
မဟာဝိညာဉ် စမ်းသပ်ပွဲမှာ တရားမျှတမှုကို အခြေခံ၍ စနစ်တကျ ဖန်တီးထားသည့် ပြိုင်ပွဲ တစ်ခု ဖြစ်သည်။ လောကပင်လယ် အဆင့်၊ ကောင်းကင် အုပ်စိုးသူ အဆင့်၊ ဝိညာဉ် ဆင်းတု အဆင့်… အားလုံးတွင် တူညီသော အခွင့်အလမ်းနှင့် ရပိုင်ခွင့်များ ရှိသည်။ ထိုကဲ့သို့သော အခြေအနေတွင် ကွာဟမှုက ဒီလောက်ကြီး မခြားနားသင့်ချေ။
လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က ဝေ့ဝူယင် ကမ္ဘာပြား တစ်ခုတွင် နေထိုင်ခဲ့သည် ဆိုသော သတင်းမှာ မှန်များ မှန်ပါ၏လော။ သူ့အသက်၊ သူ့နောက်ခံ၊ သူ လာခဲ့သော နေရာများကို ထည့်သွင်း စဉ်းစားရပါက သူ စွမ်းဆောင်ပြခဲ့သမျှက တကယ့် နှလုံးတုန်စရာ ဖြစ်သည်။
လူအများ အမျိုးမျိုး ခံစားချက်များဖြင့် ကြည့်နေကြစဥ်တွင်...
"ဒါပေမဲ့ အလင်း စမ်းသပ်မှုက ပိုပြီး တောက်ပလေလေ ပိုပြီး အန္တရာယ် များလေလေပဲ… ပါရမီဆိုတာက မြင့်တိုင်းလည်း မကောင်းဘူး"
မူလ အင်ပါယာ သူတော်စင် တစ်ယောက်က ပင့်သက်တစ်ချက် ရှိုက်ရင်း ပြောလိုက်သည်။ သူ၏ စကားက လူများစွာကို လေးနက်သွားစေခဲ့၏။
ဒါက မှန်သည်။ အလင်းစမ်းသပ်မှု၏ နိယာမများ အရ မကြာခင် ကြောက်မက်ဖွယ်ရာ မုန်တိုင်းများ တိုက်ခတ် လာတော့မည် ဖြစ်သည်။ ထာဝရ မင်းသားလေးမှာ ထိုတောက်ပမှုဒဏ်ကို ခံနိုင်ပါမည်လော။
စိုးရိမ်မှု အငွေ့အသက်များက သူတို့၏ မျက်ဝန်းများတွင် ထွက်ပေါ်လာခဲ့လေ၏။
"ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင် အစွမ်းအစရယ်… ရွှေကြယ်အဆင့် သားရဲ သုံးကောင်ရယ်နဲ့ ဆိုရင်… ငါ့မှာ သိပ်နားမလည်တာ တစ်ခု ရှိတယ်… ငါတို့ စိုးရိမ်သင့်တာက ဝေ့ဝူယင်ကိုလား… သူ့ကို ပစ်မှတ်ထားမယ့် လူတွေရဲ့ အသက်ကိုလား"
အခြား တစ်ယောက်က လိမ္မာပါးနပ်စွာဖြင့် ပြန်လည် မေးခွန်းလိုက်သည်။
"..."
ထိုစကားအဆုံး၌ တဲနန်းအတွင်းရှိ စိုးရိမ် ပူပန်မှုများမှာ ဖြည်းညင်းစွာပင် ထိတ်လန့် တုန်လှုပ် ချောက်ချားမှုများ အသွင် ပြောင်းလဲ သွားတော့သည်။
…
အနက်ရောင် ဆံပင်တိုများနှင့် ကြည်လင်သော အနက်ရောင် မျက်လုံးများ ပိုင်ရှင် မိန်းကလေး တစ်ယောက်မှာ ကောင်းကင်တွင် ထိန်ထိန်လင်းနေသည့် မီးခိုးရောင် အလင်းတန်းကို ငေးကြည့်နေ၏။ ထိုအလင်းတန်းနှင့် တောက်ပမှုချင်း ယှဥ်နိုင်မည့် အခြား အလင်းတန်း ကမ္ဘာလောကတွင် မရှိချေ။ ၎င်း၏ အနှိုင်းအဆမဲ့သော ထွန်းလင်းမှုကြောင့် မိုင်ပေါင်းတစ်သောင်းအတွင်း ကောင်းကင်ပင် မီးခိုးရောင် ဖုံးလွှမ်း နေသည်။
“အရှင်ဝေ့...”
မိန်းကလေး၏ လှပသော နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာ၏။ ထိုအရာက အလွန် လှပလွန်းလှရာ တွေ့မြင်ရသည့် ပုရိသပေါင်းများစွာ အရည်ပျော်သွားလောက်သည်။
မိန်းကလေးက တည်ငြိမ်စွာပင် အောက်ရှိ အဇူရာ အကြေးခွံ မြွေကြီး၏ ဦးခေါင်းအား လက်ညိုးဖြင့် ထိလိုက်သည်။ သူမ၏ ရည်မှန်းချက် ပန်းတိုင်ကား ဝေ့ဝူယင်၏ ထိုအလင်းရောင်ကို အမှီလိုက်ရန် ဖြစ်လေတော့၏။
...
အာ... ဝူ....
ရာပေါင်းများစွာသော ခွေးမျိုးရိုး သားရဲများမှာ ကောင်းကင်ကို မျက်နှာချင်းဆိုင်ကာ ဆွဲဆွဲငင်ငင် အူနေကြ၏။ ထိုသားရိုင်း အုပ်ကြီး၏ အလယ်တွင်တွင်မူ ငွေရောင် ဆံနွယ်ရှည်များနှင့် ချောမောသော ကျူးဟိုင် ရပ်နေသည်။ သူ၏ သွေးရောင် မျက်ဝန်းများကမူ ကောင်းကင်တွင် ထွန်းလင်းနေသည့် မီးခိုးရောင် အလင်းတန်းကြီးကို မော့ကြည့်နေခဲ့၏
“သခင်...”
တူညီစွာပင် သူ၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာခဲ့၏။ သို့သော်လည်း စုမေ့နှင့် ခြားနားသည်ကား ထိုအပြုံးတွင် ပြိုင်ဆိုင်လိုစိတ်နှင့် အနိုင်မခံ အရှုံးမပေးလိုစိတ်များ စွဲထင်နေခဲ့ခြင်းပင်။
...
ထိုအချိန် တောအုပ်တစ်ခုထဲ၌ ချောမော ခန့်ညားလှသော လူငယ်လေးတစ်ယောက်မှာ ဘာကိုမှ ဂရုမစိုက်သည့် ပုံစံဖြင့် နှာမောင်း သုံးချောင်းပါ ဆင်သားရဲ တစ်ကောင်ကို စီးနင်းနေသည်။ သူသည် လှံတစ်ချောင်းကို ကိုင်ကာ ဆင်ကြီး၏ ကျောထက်၌ အကျအန ခင်းကျင်းလျှက် လှဲနေခြင်း ဖြစ်သည်။ သူ၏ ကျောက်စိမ်းပြား လေထဲသို့ မြင့်တက်သွားကာ ကောင်းကင်ကို ငွေရောင်ခြယ်လိုက်သော အခိုက်၌ သူက သက်ပြင်းတစ်ချက် ချလိုက်သည်။
သူသည် ရွှေကြယ်အဆင့် သားရဲ တစ်ကောင်ကို ကိုယ်ပိုင် ခွန်အားဖြင့် ဖမ်းဆီးကာ အမှတ်ပေါင်း နှစ်ရာ့ငါးဆယ်ကို စုစည်းနိုင်ခဲ့သည်။ ဝေ့ဝူယင်၏ အလင်းတန်းက ကောင်းကင်တွင် အထွန်းလင်းဆုံး ဆိုလျှင် သူက ဒုတိယ သို့မဟုတ် တတိယတော့ လိုက်သေးသည်။ သို့သော်လည်း သူ၏ တောက်ပမှုကို ဘယ်သူမှ သတိမထားမိကြ။ အားလုံးလိုလိုက ဝေ့ဝူယင်၏ အလင်းတန်းကိုသာ အာရုံစိုက်နေကြပေသည်။
“အိုး...”
ကောင်းကင် တစ်ခုလုံး နီးပါးကို ဖုံးလွှမ်းကာ တောက်ပနေသည့် မီးခိုးရောင် အလင်းတန်းကို မြင်သော အခိုက်၌ သူ့မျက်လုံးများက ပြူးကျယ်သွား၏။ ထိုအရာက သူ့အလင်းတန်းထက် ရှစ်ဆလောက်ပင် ပိုမို ကြီးမားကာ တောက်ပလှသည်။ လေးနက်သော အမူအရာက တစ်ခုက သူ့မျက်ခုံး နှစ်ခုကြားတွင် ပထမဆုံး အကြိမ် အဖြစ် ထွက်ပေါ်လာ၏။
“ဒီလူက ငွေကြယ် အဆင့် သားရဲတွေကို စစ်တပ် တစ်ခုလောက် စုထားတာလားဟ... သူက ဘယ်သူလဲ ငါသိချင်လိုက်တာ”
သူ မျက်မှောင်ကြုတ်ရင်း စဥ်းစားလိုက်၏။ တစ်ခဏ ကြာပြီးနောက် မျက်မှောင်က ပြေသွားကာ ခါတိုင်းလို ပေါ့ပေါ့ပါးပါး အမူအရာက ပြန်လည် နေရာယူသွားသည်။
“ဘာပဲဖြစ်ဖြစ်... အဲဒီလို စွမ်းရည်ကို ပိုင်ဆိုင်ထားက ဘယ်သူလဲ ငါ ကြည့်ကို ကြည့်ရမယ်”
ထို့နောက်တွင် ခြေဦးတည့်ရာ သွားနေသည့် နှာမောင်း သုံးချောင်းနှင့် ဆင်ကဲ့သို့ သားရဲကြီးမှာ မီးခိုးရောင် အလင်းတန်း ထွက်ပေါ်လာရာ နေရာသို့ ဦးတည်လိုက်တော့၏။ သူသွားရာ လမ်းတစ်လျှောက်၌ သစ်ပင်များမှာ ပျက်စီးကုန်ကာ မြေများမှာ ပြိုကျနေခဲ့တော့သည်။
...
အလွန်တရာ တောက်ပနေသည့် မီးခိုးရောင် အလင်းတန်းကြီးကို မော့ကြည့်ရင်း အန္တရာယ်များကို အမှတ်မထင် ဖိတ်ခေါ်မိပြီ ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိလိုက်ပြီ ဖြစ်သည်။ သူ့အတွက် မဟာ ဝိညာဥ် စမ်းသပ်မှုက ယခုမှသာ စတင်လာခဲ့ခြင်း ဖြစ်ပေသည်။
“ဘာပဲဖြစ်ဖြစ်...”
သူ ပခုံးတွန့်လိုက်၏။ သိပ်ကြာကြာ မစောင့်လိုက်ရခင်မှာပင် မြေပြင်မှာ တုန်ရီလာကာ မိုင်ထောင်ပေါင်း များစွာမှ ခြေသံများကို သူ ကြားလိုက်ရသည်။
...
အာ... ဝူး...
ဝေ့ဝူယင်ထံသို့ ပထမဆုံး စျေးဦးဖောက် ရောက်ရှိလာသူကတော့ ခွေးတစ်အုပ်နှင့် ပုံရိပ်တစ်ခုပင်။
ထိုပုံရိပ်ကို ကြည့်ရင်း ဝေ့ဝူယင်၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ ထိုအပြုံးနှင့် တွဲလျှက် ပါလာသည်ကတော့ ခေါင်းကိုက်မှုပင်။
ကျူးဟိုင်သည် ဤနေရာသို့ ပထမဆုံး ရောက်ရှိလာသူ မဟုတ်သော်လည်း ချက်ချင်းပင် ဝေ့ဝူယင်နှင့် မျက်နှာချင်းဆိုင်ရန် တုန့်ဆိုင်း မနေချေ။ တစ်ချိန်တည်း၌ အခြားသော ပြိုင်ပွဲဝင်များမှာမူ မလှမ်းမကမ်းမှာပင် နေ၍ သားရဲ တစ်အုပ်နှင့် ဝေ့ဝူယင်၏ အခြေအနေကို အကဲခတ်နေကြ၏။
မည်သို့ပင် ဆိုစေကာမူ... ဝေ့ဝူယင်မှာ တစ်ယောက်တည်း မဖြစ်နိုင်ချေ။ ဉာဏ်ကောင်းသူ အချို့ကဆိုလျှင် ဝေ့ဝူယင်တွင် သားရဲ စစ်တပ်တစ်ခု သို့မဟုန် ထိပ်တန်း အဆင့် သားရဲကြီးများပင် ရှိလိမ့်မည်ဟုပင် ခန့်မှန်းထားကြသည်။ သူတို့၏ အတွေးများက မမှားသော်လည်း ဝေ့ဝူယင်ကို ရင်ဆိုင်ရန် ယုံကြည်မှု ကင်းမဲ့နေကြောင်းကိုတော့ ထင်ရှားစေပါသည်။
သို့သော်လည်း ကျူးဟိုင်မှာမူ ထိုကဲ့သို့ ထွေလီကာလီ တွေးတောသူ တစ်ယောက် မဟုတ်ပါချေ။ သူက တည်ငြိမ်စွာပင် ခွေးအုပ်ထဲမှ ထွက်လာကာ ဝေ့ဝူယင် အနားသို့ သွားရောက်လိုက်၏။ စက္ကန့်ပိုင်းမျှ အကြာမှာပင် သူနှင့် ဝေ့ဝူယင်တို့ အကြား၌ ငါးပေမျှသာ ကွာဝေးပေတော့သည်။
“သခင်...”
သူက အနိမ့်သံဖြင့် နှုတ်ဆက်လိုက်၏။ ထိုအခိုက်၌ သူ၏ ချောမောလှသော မျက်နှာထက်ရှိ မောက်မာမှုများက ယာယီအားဖြင့် ပျောက်ကွယ်သွားကာ လေးစားမှုများ အစားထိုး နေရာယူလာသည်။ တစ်ချိန်တည်း၌ ဒုက္ခအိုးထဲမှ ငါးကို မျှားရန် စိတ်ရှည်ရှည် စောင့်ဆိုင်းနေကြသူများမှာမူ ထိုအမူအရာနှင့် လေသံတို့ကြောင့် တုန်လှုပ်သွားကြသည်။
ကျူးဟိုင်နောက်မှ ပါလာသည့် သားရဲအုပ်ကို ဝေ့ဝူယင် စူးစမ်းလိုက်၏။ ၎င်းတို့မှာ အရွယ်အစား မျိုးစုံ၊ ပုံစံမျိုးစုံတို့ဖြင့် တည်ရှိနေကြသည့်တိုင် လျစ်လျူရှု၍ မရနိုင်သော အင်အားစု တစ်ခု ဖြစ်သည်။ အထူးသဖြင့် ၎င်းတို့၏ အရေအတွက်က အားသာချက်က အလွန် ကြီးမားလှသည်။ မီးလျှံကျားဖြူပင်လျှင် ထိုခွေးအုပ်နှင့် တိုက်ခိုက်ရပါက ပြတ်သားသော ရလဒ် ထွက်ပေါ်လာမည် မဟုတ်ပဲ ပြင်းထန်သော တိုက်ပွဲ တစ်ခုသာ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင် ကျူးဟိုင်ကို ခေါင်းညိတ်ပြလိုက်၏။ သူသည် ကျူးဟိုင်ကို မဟာ ဝိညာဥ်ပြိုင်ပွဲ၏ အောင်နိုင်သူ ဖြစ်လာစေဖို့ ရည်ရွယ်ထားခဲ့သည်။ ကျူးဟိုင်မှာ ထိုကဲ့သို့ အရည်အချင်းမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သူ၏ ကွင်းကိုးကွင်း ဝိညာဥ်ဆင်းတု တစ်ခုတည်းပင်လျှင် ထိပ်တန်း ပါရမီရှင် ဆိုသော လူများထက် သာလွန်သည်။ ထို့ပိဟန် ကဲ့သို့သော အဂ္ဂိရတ် အင်ပါယာ တစ်ယောက်ပင် အဆုံးစွန်သော ကြိုးစားမှုဖြင့် ကွင်းခြောက်ကွင်းကိုသာ တည်ဆောက် ထားနိုင်ခဲ့သည် မဟုတ်ပါလော။
***