← Chapters

မိန်းမတစ်ယောက်ပါလား

Vol. 85 Ch. 1174

မိန်းမတစ်ယောက်ပါလား

Vol. 85 Ch. 1174

" လက်စသတ်တော့ သစ်သားသံမှိုတစ်ချောင်းကိုး " ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွား၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် သက်ပြင်းချလိုက်သည်။ သူသည် စိတ်ကိုတည်ငြိမ်အောင်မထားနိုင်သေးသလို သူ တစ်ချိန်လုံး မြင်ချင်နေခဲ့သည့် အရာများကို မြင်ခဲ့ရပါသော်လည်း စိတ်ထဲတွင် ဒွိဟဖြစ်သွားရဆဲပင်။

သူသည်... သူ၏ နောက်ကြောင်းရာဇဝင်ကြောင့် ဒွိဟ ဖြစ်သွားရခြင်းဖြစ်၏။

" ငါက သံမှိုတစ်ချောင်းလားဟ " ဝမ်ပေါင်လဲ့မှာ ခေါင်းခဲနေရပြီဖြစ်သည်။ သို့သော် သူသည် ထိုအတွေးများအား ချက်ချင်း ပြန်လည်ချုပ်တည်းလိုက်၏။ ထို့နောက် သူ မကြာသေးမီတုန်းကမြင်ခဲ့ရသည့် ပုံရိပ် တစ်ရာ့ရှစ်ခုမှာ သူ၏ အတွေးထဲ၌ပြန်လည်ပေါ်ပေါက်လာသည်။

" အဲဒီ ပုံရိပ် တစ်ခုချင်းစီတိုင်းက အရမ်းကို လျှို့ဝှက်နက်နဲတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကလည်း ငါ့ရဲ့စိတ်ကူးနဲ့တောင် မှန်းဆလို့ မရနိုင်ဘူး။ ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေထဲမှာ ကမ္ဘာတစ်ခုစီ ရှိနေသေးတယ် " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် တစ်ကိုယ်တည်းရေရွတ်နေ၏။ ထို့နောက် သူသည် ထို ပုံရိပ် တစ်ရာ့ရှစ်ခု၏ အထက်တွင်ရှိနေသည့် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားပြီး တမူးထူးခြားသော ပုံရိပ်ကြီးအား ပြန်လည် မြင်ယောင်ကြည့်လိုက်၏။ ၎င်းမှာ အရာအားလုံးကို ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိနေသည့်အလားပင်။

၎င်းဆီမှ ထွက်ပေါ်နေသည့် ဧကရာဇ်တစ်ပါး၏ အချုပ်အခြာအာဏာပိုင် အငွေ့အသက်များကြောင့် ဝမ်ပေါင်လဲ့မှာ အဖြေတစ်ခုအားစဉ်းစားမိသွားသည်။

" ဧကရာဇ်ကြီး... " သူ၏ မျက်ဝန်းများမှာလည်း ဝင်းလက်တောက်ပသွား၏။ ထို ပုံရိပ်ယောင်ကြီးမှာ ဒဏ္ဍာရီလာ ဧကရာဇ်ကြီး ဖြစ်နေပြီး သနှင့် အခြား ပုံရိပ် တစ်ရာ့ရှစ်ခု ရှိနေသည့်နေရာမှာ အဆုံးမဲ့တာအိုနယ်မြေအစစ် ဖြစ်ရပေမည်။

" ငါ အခုရှိနေတဲ့ ကျောက်ပြားကမ္ဘာက အဲဒီ ဧကရာဇ်ကြီးရဲ့ကိုယ်ပွားတစ်ခု မွေးဖွားလာခဲ့တဲ့ နေရာတစ်ခုပဲ " ဝမ်ပေါင်လဲ့မှာ ထိုအချက်အား သိရှိထားပြီဖြစ်သည်။ အကယ်၍ ရှေးဟောင်းနတ်ဝိဇ္ဇာ၏ ဝိညာဉ်အကြွင်းအကျန် ရောက်ရှိလာမှုနှင့် လော့၏ လက်တစ်ဖက်ဖြင့် ဖန်တီးခဲ့သော အချုပ်အနှောင်ကြီးကြောင့်သာမဟုတ်ပါက သူ ယခု နေထိုင်နေသည့် အဆုံးမဲ့တာအိုနယ်မြေခွဲမှာ ရှေးယခင်ကတည်းက နယ်မြေအစစ်ဆီသို့ ပြန်သွားလောက်ပြီဖြစ်သည်။

လော့၏ လက်ဖြင့် ဖန်တီးခဲ့သော အချုပ်အနှောင်ကြီးကြောင့်လည်း အဆုံးမဲ့တာအိုနယ်မြေခွဲနှင့် ၎င်း၏ နယ်မြေအစစ်ကြားမှ အချိတ်အဆက်မှာလည်း ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အမှောင်ဂိုဏ်းမှာလည်း လော့၏ သံတမန်အဖြစ် ထိုနယ်မြေခွဲအား အဆက်မပြတ် ဖိနှိပ်ချုပ်တည်းနေခဲ့သည်ဖြစ်ရာ ဘဝအသစ်တစ်ခု ပြန်စသွားသည့် အချိန်တိုင်း ထို နယ်မြေထဲရှိ အဆုံးမဲ့တာအိုနယ်မြေ အငွေ့အသက်များမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပြီး အချုပ်အနှောင်ကြီးမှာလည်း ပို၍ အားကောင်းလာရခြင်းဖြစ်သည်။

အကယ်၍ လော့သာ ပြဿနာများနှင့် ကြုံတွေ့ခဲ့ရခြင်း မရှိပါက ကျောက်ပြားကမ္ဘာထဲမှ အဆုံးမဲ့တာအိုနယ်မြေမှာ တန်ခိုးအာဏာ ပြန်လည်ကြီးထွားလာနိုင်မည်မဟုတ်ပေ။ လော့၏ ရည်မှန်းချက်ပန်းတိုင်မှာ ဧကရာဇ်ကြီးအား ပစ်မှတ်ထားရန် မဟုတ်ဘဲ ရှေးဟောင်းနတ်ဝိဇ္ဇာကိုသာ ချုပ်နှောင်ရန် ဖြစ်နေလျှင်တောင် သူ၏ လုပ်ရပ်များကြောင့် နောက်ဆုံးတွင် သူနှင့် ကြောက်မက်ဖွယ်ရာ ဧကရာဇ်ကြီး၏ ကြား၌ ကံကြမ္မာအချိတ်အဆက်များ ပေါ်ပေါက်လာရဆဲပင်။

သူတို့နှစ်ယောက်ထဲတွင် မည်သူကပို၍ အစွမ်းထက်နေမည်ကို ဝမ်ပေါင်လဲ့မှာ အတိအကျ မသိပေ။ သို့သော် သူသည် လော့မှာ သေဆုံးသွားပြီဖြစ်ကြောင်း သိထားပြီးဖြစ်သောကြောင့် သူတို့နှစ်ယောက်အား နှိုင်းယှဉ်နေခြင်းမှာ အကျိုးမရှိကြောင်း နားလည်ထားသည်။ ယခုတွင် သူ သိချင်နေသည့်အရာမှာ ဧကရာဇ်ကြီး၏ နဖူးထဲတွင် စိုက်ဝင်နေသည့် သစ်သားသံမှိုအကြောင်း ဖြစ်ပေသည်။

" အဲဒီ အနက်ရောင် သစ်သားသံမှိုက ဘယ်ကနေ ပေါ်လာတာလဲ။ အဆုံးမဲ့တာအိုနယ်မြေခွဲက ဘာလို့ အဲဒီသံမှိုကို ဆင့်ခေါ်နိုင်စွမ်း ရှိနေရတာလဲ "

ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတော့ကြည့်လိုက်ပြီးနောက် စိတ်ထဲတွင် ခန့်မှန်းလိုက်သည်။

" ဧကရာဇ်ကြီး သူ့ရဲ့ ကိုယ်ပွားတွေအများကြီးကို နေရာအနှံ့ ထုတ်လွှတ်ပြီးတော့ အဲဒီ ကိုယ်ပွားတွေကို တစ်ခုပြီးတစ်ခု ပြန်လည်စုစည်းခဲ့တာ ... သူ့ရဲ့ မျက်ခုံးနှစ်ဖက်ကြားက အနက်ရောင် သစ်သားသံမှိုကို ခုခံတွန်းလှန်နိုင်ဖို့များ ဖြစ်နေမလား။ အဲဒါကြောင့်မလို့ အဆုံးမဲ့တာအိုနယ်မြေခွဲ ဆင့်ခေါ်လိုက်တဲ့အချိန်မှာ အဲဒီ အနက်ရောင် သစ်သားသံမှိုကြီး ပေါ်ပေါက်လာတာ ဖြစ်နေမလား။ သူက အဲဒီနည်းလမ်းနဲ့ သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ ကြိုးစားနေတာများလား " ဝမ်ပေါင်လဲ့မှာ ခေါင်းခဲလာရပြီ ဖြစ်သည်။ သူသိထားသည့် အချက်အလက်များမှာ အနည်းငယ်မျှသာ ရှိနေသေးသောကြောင့် သူသည် သူ၏ ခန့်မှန်းချက်များကို အတည်မပြုနိုင်သေးဘဲ ဖြစ်နေရ၏။

မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့အတွက် လုံလောက်ပေသည်။

သူသည် ဤကမ္ဘာကြီး သို့မဟုတ် ဤစကြာဝဠာကြီး သို့မဟုတ် အဆုံးမဲ့တာအိုနယ်မြေအစစ်ထဲရှိ လျှို့ဝှက်ချက်များအားလုံးကို တဖြည်းဖြည်းနှင့် သိလာရပြီဟု ခံစားနေရ၏။

အကယ်၍ သူ၏ လမ်းစဉ်အတိုင်းသာ ဆက်လျှောက်ကာ သူ၏ တာအိုအား ပြီးပြည့်စုံအောင် လုပ်နိုင်မည်ဆိုပါက တစ်ရက်တွင် သူသည် အမှန်တရားအားလုံးကိုသာမက သူ၏ နောက်ကြောင်းရာဇဝင် အစစ်အမှန်ကိုပါ နားလည်သွားလိမ့်မည်ဟု ယုံကြည်နေသည်။

" ငါ့ရဲ့ နောက်ကြောင်းရာဇဝင်က အရေးကြီးတာမှန်ပေမယ့် ပိုပြီးတော့အရေးကြီးတာက... လက်ရှိဘဝမှာ အသက်ရှင်နေဖို့ပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးလိုက်ပြီးနောက် မျက်ဝန်းများအရောင်တောက်ပသွား၏။ ထို့နောက် သူသည် သူ၏ အတွေးများအားလုံးကို ပြန်လည်ချုပ်တည်းလိုက်ပြီး သူ၏ နတ်ဘုရားဝိညာဉ် ရရှိခဲ့သည့် အကျိုးကျေးဇူးများကို အာရုံခံကြည့်လိုက်သည်။

သူ၏ နတ်ဘုရားဝိညာဉ်မှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ သူ၏ အပြင်ခန္ဓာကိုယ်နည်းတူ ၎င်းအား တစ်ဝက်တစ်ပျက် ကြယ်နယ်မြေအဆင့်ဟုပင် သတ်မှတ်၍ ရနေပြီဖြစ်သည်။ ၎င်းမှာ အဆင့်တစ်ရာအထိ တက်လှမ်းသွားခဲ့သည် မဟုတ်ပါလော။

အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးထဲရှိ အင်အားကြီးအဖွဲ့အစည်း တစ်သောင်းကျော်ထဲတွင်ပင် ထိုကဲ့သို့ တောင့်တင်းခိုင်မာသည့် အခြေခံအုတ်မြစ်အား ပိုင်ဆိုင်ထားသော ကျင့်ကြံသူအရေအတွက်မှာ အလွန်အင်မတန်မှ ရှားပါးပေသည်။

ကဏ္ဍသုံးခုစလုံးတွင် အထွတ်အထိပ်သို့ တက်လှမ်းသွားနိုင်ခဲ့သည့် ကျင့်ကြံသူအရေအတွက်မှာမူ တစ်ယောက်မှ မရှိသေးပေ။

ကဏ္ဍတစ်ခုတည်း၌ အထွတ်အထိပ်သို့ ရောက်သွားလျှင်ပင် ပထမအဆင့် ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်၍ရနေပြီ ဖြစ်သည်။ ကဏ္ဍနှစ်ခုအား အထွတ်အထိပ်အဆင့်သို့ မြှင့်တင်နိုင်သည့် ကျင့်ကြံသူမှာမူ ဇမ္ဗူမှာတစ်လူသာရှိသော အဖြစ်သို့ ရောက်သွားမည်ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သော ကျင့်ကြံသူမျိုး ပေါ်ပေါက်လာသည်ကို အပြင်လူများသာ သိသွားမည်ဆိုပါက အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံး ဖြစ်သွားမည်သာဖြစ်သည်။

ကဏ္ဍသုံးခုစလုံးအား အထွတ်အထိပ်သို့ မြှင့်တင်နိုင်သည့် ဖြစ်ရပ်မှာမူ ဒဏ္ဍာရီများထဲတွင်သာ ရှိပေသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားဝိညာဉ် ထာဝရကြယ် ထိပ်ဆုံးအဆင့်၏ အဆင့်တစ်ရာအထိ တက်လှမ်းသွားပြီဖြစ်ကြောင်း သိလိုက်ရသည်နှင့် အချိန်မရွေးဖောက်ထွက်ကာ စည်းမျဥ်းဥပဒေသ အသစ်များကို ထပ်၍ နားလည်အောင်လုပ်နိုင်လိမ့်မည်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ပို၍ပင် စိတ်တည်ငြိမ်သွားတော့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ များများစားစား တိုးတက်သွားခဲ့ခြင်း မရှိပါသော်လည်း သူ၏ နတ်ဘုရားဝိညာဉ်နှင့် အပြင်ခန္ဓာကိုယ် တိုးတက်မှုများကြောင့် သူ့ဘက်မှ ကျင့်ကြံခြင်းလေ့ကျင့်ရန် အခွင့်အရေးမရလျှင်တောင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ဆယ်နှစ်အတွင်းတွင် အလိုလိုတိုးတက်လာမည်သာဖြစ်ကြောင်း ခံစားနေရသည်။

" ဒါပေမဲ့ နှေးနေတုန်းပဲ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ပေါ်ပေါက်လာပြီး ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။

သူ အရင်ဆုံး မြင်လိုက်ရသည့်အရာမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော အနီရောင်ရုပ်တုကြီး ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ၎င်းအား စိုက်ကြည့်နေလိုက်ပြီးနောက် အမူအရာ အထူးအဆန်းဖြစ်သွား၏။ သူသည် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာပြီး ထို အနီရောင်ဝတ်ရုံနှင့် ငတုံးမလေးအား ကျေးဇူးတင်ရန်လိုအပ်ကြောင်း ခံစားလိုက်ရသည်။ အကယ်၍ သူမသာ ကူညီပေးခဲ့ခြင်းမရှိပါက သူသည် ယခုလို အမှန်တရား အမြောက်အမြားကို ဖော်ထုတ်နိုင်ခဲ့မည်မဟုတ်ပေ။

တစ်ချိန်ထဲမှာပင် သူသည် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး ချန်ရစ်ခဲ့သည့် သစ်သားရုပ်သေးရုပ်များကိုလည်း မြင်လိုက်ရသည်။ ၎င်းတို့အားလုံးမှာ မကြာသေးမီတုန်းက ဘုရားကျောင်းထဲသို့ ဝင်သွားကြခဲ့သည့် အမှောင်ဂိုဏ်းသားများ ဖြစ်ပေသည်။ သို့သော် သူတို့ထဲတွင် အမှောင်ဂိုဏ်းသားအားလုံး ရှိမနေပေ။

ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူ ငါးယောက် ခြောက်ယောက်ခန့်မှာ ပျောက်နေ၏။ သူတို့မှာ သေဆုံးသွားခဲ့ခြင်း ဖြစ်နိုင်သလို အမည်မသိနည်းလမ်းတစ်ခုခုကို အသုံးပြုကာ ဤနေရာထဲမှ ထွက်ပြေးလွတ်မြောက်သွားကြပြီး အခြား အထပ်တစ်ထပ်သို့ ရောက်သွားကြခြင်းလည်း ဖြစ်နိုင်ပေသည်။

တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ် အများစုမှာမူ သစ်သားရုပ်သေးရုပ်များအဖြစ် ပြောင်းလဲသွားကြပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ထို သစ်သားရုပ်သေးရုပ်များမှာ တဖြည်းဖြည်းနှင့် လူသားများအဖြစ် ပြန်လည်ပြောင်းလဲသွားကာ သတိပြန်ရလာတော့မည်ဖြစ်ကြောင်း ခံစားလိုက်ရသည်။

သူသည် သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ ထိုနေရာမှ ထွက်ခွာသွားရန် ပြင်လိုက်ပါသော်လည်း တစ်အောင်ခန့်အကြာတွင် တအံ့တဩ ရေရွတ်မိလိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများအရောင်လက်သွားပြီး တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်များအား ပြန်ကြည့်လိုက်သည်။ ထိုအခါ သူသည် သူ့အား ရန်စခဲ့ဖူးသည့် လူငယ်လေးကို မြင်လိုက်ရသလို သူ၏ ဘေးရှိ မျက်နှာဖုံးနှင့် ကျင့်ကြံသူတစ်ယောက်ကိုလည်း မြင်လိုက်ရ၏။

" သူလည်း ဒီမှာ ပိတ်မိနေတာပဲလား " ဝမ်ပေါင်လဲ့မှာ အနည်းငယ် အံ့အားသင့်သွားရ၏။ ထို မျက်နှာဖုံးနှင့် ကျင့်ကြံသူမှာ အစွမ်းအထက်ဆုံး အမှောင်ကလေးငယ် ဖြစ်နေသည်မဟုတ်ပါလော။ ဝမ်ပေါင်လဲ့ နားလည်ထားသလောက်ဆိုလျှင် ထို မျက်နှာဖုံးနှင့်ကျင့်ကြံသူမှာ ဝှက်ဖဲအချို့ ပိုင်ဆိုင်ထားရမည်ဖြစ်ရာ ဤနေရာ၌ ပိတ်မိနေစရာအကြောင်း မရှိပေ။

ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ အဘယ်ကြောင့်ဆိုသော် သူသည် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်နှစ်ယောက် ပျောက်နေသည်ကို သတိထားမိသွားသောကြောင့်ပင်...

တစ်ယောက်မှာ လိုဏ်ခေါင်းကြီးအား ဖောက်နေခဲ့စဉ်တုန်းက တစ်စုံတစ်ခုအား ကွယ်ဝှက်ထားသည့်ပုံ ပေါက်နေခဲ့သည့် အမျိုးသမီးဖြစ်သည်။

အခြားတစ်ယောက်မှာမူ ဝမ်ပေါင်လဲ့ အထူးတလည် သတိမထားမိခဲ့သော ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ထို့အပြင် သူသည် ပြန်စဉ်းစားကြည့်လိုက်ချိန်တွင် ထို အမှောင်ကလေးငယ်အား သေသေချာချာပင် မမှတ်မိပေ။ သူသည် ထိုကျင့်ကြံသူမှာ သက်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်သည့်အချက်ကိုသာ မှတ်မိနေပြီး အခြားအချက်အလက်များမှာ မှုန်ဝါးဝါးဖြစ်နေ၏။

" ဟင် " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရသည်။ သူသည် တစ်ကိုယ်တည်း ရေရွတ်နေလိုက်ပြီးနောက် ပြန်လည်နိုးထလာတော့မည့် မျက်နှာဖုံးနှင့် သစ်သားရုပ်သေးရုပ်၏ ဘေးသို့ သွားလိုက်၏။ ထို့နောက် သူသည် ထို ရုပ်သေးရုပ်၏ ခန္ဓာကိုယ် အသွေးအသားများအဖြစ် ပြန်လည် ပြောင်းလဲသွားနေသည်ကို ကြည့်ရင်း ထို ကျင့်ကြံသူ၏ မျက်နှာပေါ်မှ မျက်နှာဖုံးအား ဆွဲချွတ်လိုက်သည်။

" မိန်းမတစ်ယောက်ပါလား " ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်သွားရ၏။ သူသည် ပြင်ပလောကထဲ၌ သူ့အား ဖီဆန်ခဲ့ပြီး အမှောင်ဂိုဏ်းသားများ အားလုံး၏ အသိအမှတ်ပြုထောက်ခံချက်အား ရရှိထားသည့် အစွမ်းအထက်ဆုံး အမှောင်ကလေးငယ်မှာ ယောက်ျားတစ်ယောက် မဟုတ်ဘဲ မိန်းမတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

သူမသည်... နူးညံ့သိမ်မွေ့မှု အပြည့်ရှိသော မျက်နှာတစ်ခုကို ပိုင်ဆိုင်ထားသည်။

" မဖြစ်နိုင်တာ။ သူက မိန်းမတစ်ယောက်နဲ့ ရုပ်ချင်းဆင်နေတာများ ဖြစ်နေမလား " ဝမ်ပေါင်လဲ့မှာ သိချင်သောကြောင့် ထို ကျင့်ကြံသူ၏ ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်၏။

ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်အား အနည်းငယ် ရှေ့သို့ကိုင်း၍ သေသေချာချာ ကြည့်ရှုလိုက်သည်။ သူသည် ထို ကျင့်ကြံသူအား လက်ဖြင့် တို့ထိခဲ့ခြင်းမရှိပါသော်လည်း သူမသည် အမှန်တကယ်ပင် အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း သေချာသွားသည်။ အပေါ်ယံ ကြည့်လျှင် သိသာမှု မရှိခြင်းသာ ဖြစ်သည်။

" မဟုတ်သေးပါဘူး... " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားပြီး နှလုံးသားထဲ၌ ခန့်မှန်းချက်မျိုးစုံပေါ်ပေါက်လာ၏။ ဥပမာဆိုလျှင် ထို ကျင့်ကြံသူမှာ ဟန်ပြသာဖြစ်ပြီး အစွမ်းအထက်ဆုံး အမှောင်ကလေးငယ်အစစ်မှာ အခြားတစ်ယောက် ဖြစ်နေနိုင်ပေသည်။

သို့မဟုတ် ထို ကျင့်ကြံသူမှာ သူ အပြင်ဘက်တွင်မြင်ခဲ့ရသည့် ကျင့်ကြံသူမဟုတ်ဘဲ အစားထိုးခံထားရခြင်းလည်း ဖြစ်နိုင်ပေသည်။

သို့မဟုတ် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ နတ်ဘုရားစွမ်းရည်များကြောင့် ဤ နေရာတွင်ရှိနေသည့် ကျင့်ကြံသူအချို့မှာ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်... ဝမ်ပေါင်လဲ့မှာ သူ၏ အတွေးထဲ၌ ထိုကဲ့သို့သော ခန့်မှန်းချက်များ ပေါ်ပေါက်လာသည်နှင့် သူ ဆွဲချွတ်လိုက်သည့် မျက်နှာဖုံးအား ပြန်တပ်ပေးလိုက်၏။ ထို့နောက် သူသည် လှစ်ခနဲလှုပ်ရှားကာ အနီရောင်ဝတ်ရုံနှင့် ရုပ်တုကြီး၏ ရှေ့တွင်ရှိနေသော ဝင်ပေါက်ဆီသို့ ရောက်ရှိသွားသည်။ နောက်ဆုံးတွင် သူသည် သူ၏ နှလုံးသားထဲရှိ ထင်မြင်ချက်များကို ချုပ်တည်းကာ အထဲသို့ဝင်သွားလိုက်တော့သည်။

" အတွေးလွန်နေလို့ အကျိုးမရှိဘူး။ အမှောင်ဧကရာဇ်ရဲ့ ရုပ်ကလာပ်ကို ဂိုဏ်းတူအစ်ကိုကြီးဆီ အမြန်ဆုံး ပြန်ယူသွားပေးဖို့လိုတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် မျက်ဝန်းများ အရောင်တောက်ပသွားပြီး ရုပ်တုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

All Chapters