လက်အောက်ငယ်သား နှစ်ယောက်နှင့်
Vol. 21 Ch. 285
စစ်ပွဲ ရည်ရွယ်ချက် လှိုင်းများဖြင့် တောက်ပနေသည့် ကျူးဟိုင်၏ သွေးရောင် မျက်ဝန်းတို့ကို ကြည့်ရင်း ဝေ့ဝူယင် ပြုံးလိုက်သည်။
“ကျူးဟိုင်... မင်းငါ့ကို စိန်ခေါ်မလို့လား”
“ဟုတ်တယ်...”
ကျူးဟိုင်မှာ ခေါင်းညိတ် တုန့်ပြန်ရန် မတုန့်ဆိုင်းပါချေ။
မှန်သည်။ ဝေ့ဝူယင်မှာ သူ၏ သခင် ဖြစ်သည်။ သူ့အား ကယ်တင်သူ ဖြစ်သည်။ ငွေရောင် ဝံပုလွေ သွေးမျိုးဆက်မှ ဆင်းသက်လာသည့် ရှို့ရန် တစ်ယောက် အနေဖြင့် ဝေ့ဝူယင်အပေါ် သူ အကြွင်းမဲ့ သစ္စာ ရှိပါသည်။
သို့သော်လည်း... ထိုထက် ပိုမို အရေးကြီးသော အရာကား သူ့ ရ့ည်ရွယ်ချက် ဖြစ်သည်။ သူ့ဆန္ဒ ဖြစ်သည်။ သူသည် အသွေးအသားများထဲမှ နေ၍ သခင်၏ အစွယ်များ၊ လက်သည်းများ အဖြစ် သိက္ခာရှိရှိ ရပ်တည်လိုသည်။ လက်သည်းနှင့် အစွယ်များမှာ ခန္ဓာကိုယ်ထက် ပိုမသန်မာလျှင် ဘာအသုံးကျမည်နည်း။ ထိုအတွက် ဝေ့ဝူယင်အား သူ အနိုင်ယူလိုသည်။
ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ သူသည် ကျူးဟိုင်ကို ဘယ်တုန်းကမှ ဒိုင်းကာ တစ်ခု အနေဖြင့် မလိုအပ်ခဲ့။ တိုက်ခိုက်ရန် အစွယ်များ၊ လက်သည်းများ အဖြစ်၊ ရန်သူများ၏ မျက်လုံး၊ နှလုံးသားနှင့် ဝိညာဥ်တို့ကို ဖောက်ထုတ်မည့် လက်နက်များ အဖြစ်သာ လိုအပ်ခြင်း ဖြစ်သည်။ ကျူးဟိုင်၏ ရိုးရှင်းသော အတွေးနှင့် ခံယူချက်တို့ကို သူ နားလည်ပါသည်။
ထို့အပြင် ကျူးဟိုင်၏ လက်ရှိ ခွန်အားကိုလည်း သူ စိတ်ဝင်စား နေမိသည်။ ကျူးဟိုင်သည် သူ့ထက် ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားကာ ကွင်းကိုးကွင်း ဝိညာဥ် ဆင်းတုကိုပင် ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်သည်။ ကျင့်ကြံခြင်း အခြေခံကို အဆင့်ခုနစ်၊ အဆင့်ရှစ် ဆေးလုံးများ သုံး၍ ခိုင်ခိုင်မာမာ တည်ဆောက်ထားသူ ဖြစ်သည်။ နှစ်အနည်းငယ် ရင်းနှီးမြှုပ်နှံမှု အပြီးတွင် ကျူးဟိုင် မည်မျှ အစွမ်းထက်နေကြောင်း သူ သိလိုသည်။
“ငါ့ရဲ့ ဝိညာဥ် အမှတ်တွေကို ရအောင် ယူနိုင်ရင် မင်း ဒီစမ်းသပ်ပွဲမှာ အောင်နိုင်ဖို့ ပိုအခွင့်အလမ်း များသွားမှာ သေချာတယ်”
ဝေ့ဝူယင်က ပြုံးရင်း ပြောလိုက်၏။ သူ့ထံမှ အမှတ်များကို ပထမဆုံး လုယူရန် ကြိုးပမ်းခဲ့သူက သူ့လက်အောက်ငယ်သား တစ်ယောက် ဖြစ်နေခြင်း... တွေးကြည့်လျှင် အနည်းငယ်တော့ ရယ်စရာ ကောင်းသည်။ သို့သော်လည်း မည်ကဲ့သို့ ငြင်းဆန်နိုင်ပါမည်နည်း။ ဝေ့ဝူယင်ထံမှ လက်ခံမည့် အရိပ်အယောင်ကြောင့် ကျူးဟိုင်၏ သွေးရောင် မျက်လုံးများ တောက်ပသွားချိန်မှာပင် ဆေဘာဓားအလင်း တစ်ခုမှာ လေဟာနယ်ကို ချိုးဖျက် ဆင်းသက်လာ၏။
ထိုရောင်စဥ်က သေးငယ်ကာ ပါးလွှားသည်။ သို့သော်လည်း အလွန် အန္တရာယ် များကာ ကျူးဟိုင်ထံ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် တိုးဝင်လာခြင်း ဖြစ်သည်။ ကျူးဟိုင်၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားကာ လှုပ်ရှားလိုက်၏။ လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့်ပင်၏ လက်သည်းများက ရှည်လျားသွားကာ အလင်းတန်းကို ရင်ဆိုင်လိုက်သည်။
ချက်...
လက်သည်းနှင့် ဆေဘာတို့မှာ ထိတွေ့ကာ နောက်သို့ ပြိုင်တူ ဆုတ်သွားကြ၏။ ဆေဘာအလင်း ရောက်ရှိလာရာ ရင်းမြစ်ကို ကြည့်ရင်း အံ့သြမှု အငွေ့အသက် အချို့က ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများထဲဤ ဖြစ်ပေါ်လာသည်။
“သူက ဝိညာဥ်ဆင်းတု အဆင့်ကိုတောင် ရောက်သွားပြီလား..”
သူတို့နှင့် မနီးမဝေး တစ်နေရာတွင်မူ မိန်းမငယ်လေး တစ်ယောက်နှင့် ဧရာမ မြွေကြီး တစ်ကောင် ရှိနေပေသည်။ မြွေကြီး၏ အဇူရာ အကြေးခွံများမှာ လှိုင်းများ သဖွယ်ထနေကာ များပြားလှသည့် ရေဒြပ်စင် စွမ်းအားများကို သယ်ဆောင်ထားသည်။ မိန်းကလေးသည် ဆေဘာတစ်စင်းကို ကိုင်ကာ မြွေကြီး၏ ခေါင်းထက်ရှိ ရွှေကြယ် အမှတ်အသားထက်တွင် ရပ်နေခြင်း ဖြစ်သည်။ သူမ၏ သန့်စင်သော အနက်ရောင် မျက်ဝန်းများ အတွင်းတွင်မူ ဒေါသ အငွေ့အသက် အချို့ ရှိနေခဲ့၏။
“ ... “
သူမက စကားမဆိုချေ။ သို့သော်လည်း သူမ လုပ်ဆောင်ခဲ့သော အပြုအမူက စကားပြောသည်ထက် ပိုသည်။ မိန်းကလေးအား ကြည့်ရင်း ကျူးဟိုင်၏ ချောမောသော မျက်နှာက ဖြည်းညင်းစွာ မျက်မှောင်ကြုတ် သွား၏။
သူမမှာ အရောင်အဝါကို ထိန်းချုပ်မထားရာ ဝိညာဥ်ဆင်းတု ဖြစ်ယောက် ဖြစ်သွားပြီ ဖြစ်ကြောင်း သိသာလှသည်။ ထိုမိန်းကလေး၏ တိုးတက်မှု မြန်ဆန်ပုံကို ကြည့်ရင်း ကျူးဟိုင်မှာ မရှုနိုင် မကယ်နိုင် ဖြစ်ရသည်။ သို့သော် သေချာ ပြန်တွေးရပါက ထိုမိန်းကလေးမှာ ဝေ့ဝူယင်၏ ထောက်ပံ့မှုကို သူ့ထက် အရင် နှစ်ပေါင်းများစွာကတည်းက ရထားခဲ့သူ ဖြစ်သည်။ သူပင်လျှင် ဤမျှ တိုးတက်ပါက စုမေ့မှာ ပြောစရာကပင် မလိုတော့ချေ။
ဝှစ်...
စုမေ့က မြွေထက်မှ ခုန်ဆင်းကာ ကျူးဟိုင်နှင့် ဝေ့ဝူယင်တို့ အကြားသို့ ရောက်ရှိလာ၏။ သူမက ဝေ့ဝူယင်ကို ကျောခိုင်းရင်း ကျူးဟိုင်ကို မျက်နှာမူ လိုက်သည်။
“နင် သခင့်ကို ငါ့လက်က ကာကွယ်ပေးမလို့လား...”
ကျူးဟိုင်က စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်၏။ သူကား ဝေ့ဝူယင်နှင့်သာ တိုက်ခိုက်လိုခြင်း ဖြစ်သည်။ စုမေ့မှာ သူနှင့် ကျင့်ကြံခြင်း အဆင့်တူသည့်တိုင် ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်လိမ့်မည် မဟုတ်ချေ။ ထိုအတွေးကြောင့် သူ့မျက်လုံးများမှ စစ်ပွဲ ရည်ရွယ်ချက်များပင်လျှင် မှိန်ဖျော့ သွားခဲ့လေသည်။
သို့သော်လည်း စုမေ့ထံမှ ထွက်ပေါ်လာသော စကားလုံးများကား...
“မဟုတ်ဘူး.. ငါ နင့်ကို အရှင်ဝေ့လက်က ကာကွယ်ပေးမလို့”
“ ... “ ကျူးဟိုင်
“ ... “ ဝေ့ဝူယင်
ထိုအခိုက်၌ ခွေးသားရိုင်းများက ဆွဲဆွဲငင်ငင် အူနေကြနေကာ အခြားတစ်ဖက်တွင်မူ အေးအေးဆေးဆေး လှဲလျောင်းနေသည့် အဇူရာ အကြေးခွံ မြွေကြီးတစ်ကောင် ရှိနေခဲ့သည်။
"ဝေါင်း…"
အဖြူရောင် မီးလျှံကျားကြီးမှ အိပ်စက်နေရာမှ နိုးလာသည့်နှယ် သမ်းဝေလိုက်ရာ ကျယ်လောင်သော ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာ၏။
ဂီး…
မနီးမဝေး ကောင်းကင် တစ်နေရာတွင်မူ မျက်သုံးလုံး ကျီးကန်း တစ်ကောင်မှာ ဝဲပတ် ပျံသန်းနေသည်။ ကြည်လင်ချမ်းမြလှသော ရေကန်ကြီးမှာ စတင် နောက်လာကာ ဝဲဂယက်များမှာ ကြောက်ဖို့ကောင်းအောင် ထွက်ပေါ်လာခဲ့၏။
အဝေးမှ နေ၍ အခြေအနေကို အကဲခတ် နေကြသည့် ပြိုင်ပွဲဝင်များမှာ ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ဓာတ်များ ကျဆင်းလာနေခဲ့၏။ ထိုကျူးဟိုင်နှင့် စုမေ့တို့မှာ ဝေ့ဝူယင်၏ လက်အောက် ငယ်သားများ ဖြစ်ပြီး အားနည်းခြင်း မရှိသည့် အသီးသီးသော အင်အားများကို ပိုင်ဆိုင် ထားကြသည်။ အကယ်၍ သူတို့သုံးယောက်သာ ပူးပေါင်း လိုက်ပါက မည်ကဲ့သို့ ဖြစ်မည်နည်း။
ကျိန်းသေစွာပင် အခြား ပြိုင်ပွဲဝင် အားလုံးကို အနိုင်ယူနိုင်လိမ့်မည် ဖြစ်သည်။ သူတို့ မသိနိုင်ခဲ့သည့် အရာကား… ဝေ့ဝူယင်၊ ကျူးဟိုင်နှင့် စုမေ့တို့မှာ ပူးပေါင်းရန်ထက် တိုက်ခိုက်ရန်ကိုသာ ဦးတည် နေကြသည် ဆိုခြင်းပင်။
ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်လိုက်၏။
"ကောင်းပြီလေ… တိုက်ခိုက်ကြတာပေါ့"
သူ၏ စကားလုံးများက ကျူးဟိုင်နှင့် စုမေ့ နှစ်ယောက်စလုံးကို အနည်းငယ် တောင့်တင်း သွားစေ၏။ တစ်ခဏ ကြာပြီးနောက် စုမေ့က ညင်သာစွာ သက်ပြင်းချရင်း ဆေဘာကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ သူမသည် ကျူးဟိုင်၏ လမ်းကို တားဆီးခြင်း မပြုတော့ပဲ နောက်သို့ ဆုတ်လိုက်၏။
သူမ၏ စိတ်ထဲတွင်မူ စိုးရိမ် ပူပန်မှု အချို့ ရှိနေခဲ့၏။ အခြားလူငယ်များမှာ ဝေ့ဝူယင်ကို မည်သို့မှ ယှဉ်နိုင်မှာ မဟုတ်သော်လည်း ကျူးဟိုင်မှာမူ ခြားနားသည်။ ထိုငွေရောင် ဝံပုလွေ သွေးမျိုးဆက်မှာ ဝေ့ဝူယင်၏ ကိုယ်တိုင် ပြုစု ပျိုးထောင်မှုကို ရရှိထားကာ ကွင်းကိုးကွင်း ဝိညာဉ် ဆင်းတုကိုပင် တည်ဆောက်ထားနိုင်သူ ဖြစ်သည်။ အကယ်၍ ကျူးဟိုင်သာ သူ၏ ဝှက်ဖဲ အားလုံးကို ထုတ်သုံးလိုက်ပါက ထိုတိုက်ပွဲတွင် အားသာချက်၊ အားနည်းချက်များ ရှိတော့မည် မဟုတ်ချေ။
ဝေ့ဝူယင်မှာ သူမ၏ စိုးရိမ်မှုများကို လျစ်လျူခြင်း မပြုပါချေ။ သူက အနည်းငယ် ပြုံးကာ လက်ကို မြှောက်လိုက်ရင်း လက်မနှင့် လက်သန်းတို့ကို ရုတ်သိမ်းလိုက်သည်။
"လှုပ်ရှားမှု သုံးခုပဲ…"
"ဟုတ်ကဲ့…"
ကျူးဟိုင်က စိတ်လှုပ်ရှားစွာဖြင့် အဖြေပေး လိုက်၏။
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ခေါင်းတစ်ချက် ညိတ်လိုက်သည်။
"ဒါက ဒုတိယမြောက် စမ်းသပ်မှုပဲ ရှိသေးတယ်… အစွမ်းကုန် တိုက်ခိုက်ဖို့ မသင့်တော်သေးဘူး… ဒါပေမဲ့ မင်းဆန္ဒကိုငါ နားလည်တယ်… ဒါကြောင့် မင်းကို အဖော်ပြုပေးမယ်"
အလင်း စမ်းသပ်မှုမှာ ယခုမှသာ စတင်ခြင်း ဖြစ်သည်။ အကယ်၍ သူတို့၏ တိုက်ပွဲက တစ်စုံတစ်ရာ ထိခိုက် ဆုံးရှုံးမှုများကို ဖြစ်စေခဲ့ပါက အခြားလူများမှာ ထိုအရာကို အကျိုးအမြတ် ဝင်ယူသွားလိမ့်မည် ဖြစ်သည်။ သူသည် မည်သူ့ကိုမှ မကြောက်သည့်တိုင် ထိုကဲ့သို့ အဖြစ်မျိုးကို ရင်ဆိုင် ဖြေရှင်းလိုခြင်း မရှိချေ။
"တကယ်လို့ တတိယ အဆင့်မှာ ကံကောင်းပြီး ငါတို့ နှစ်ယောက် ဆုံကြရင်တော့ အစွမ်းကုန် တိုက်ခိုက်ကြတာပေါ့ကွာ"
ယခုတွင်တော့… လှုပ်ရှားမှု သုံးခု
ထိုအရာက အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်ပေသည်။ သူတို့ သိုင်းကွက်သုံးကွက် ဖလှယ်ကြပေတော့မည်။
"ကောင်းပါပြီ ဆရာ…"
ကျုးဟိုင်က လေးစာမှု အရိပ်အငွေ့ အချို့ ပါဝင်သော လေသံဖြင့် ပြောလိုက်၏။
ပတ်ဝန်းကျင်ရှိ သားရဲတို့ ဟိန်းဟောက်သံ၊ အော်ဟစ်သံများက တဖြည်းဖြည်း တိတ်ဆိတ်လာသည်။ မမြင်နိုင်သော်လည်း ခံစားသိရှိနိုင်သည့် ရောင်ဝါတစ်ခုမှာ ပတ်ဝန်းကျင်တစ်ခုလုံး စိမ့်ဝင် ပျံ့နှံ့လာသည်။
ဝံပုလွေများနှင့် ခွေးရိုင်းများသည် ၎င်းတို့၏ သွားများကို ခပ်တင်းတင်း ကြိတ်ကြရင်း တညီတညွတ်တည်း နောက်သို့ ဆုတ်ခွာသွားကြသည်။ ကျူးဟိုင်က သူတို့ကို မည်သည့်အမိန့်မျိုးမှ မပေးသည့်တိုင် သူတို့မှာ ကျောရိုးများမှ နေ၍ အသည်းနှလုံးထဲထိ စိမ့်ဝင်သည့် ကြောက်ရွံ့မှုကို အလိုလို ခံစားလိုက်ရသည်။ ထိုဗီဇကပင် သူတို့အား ဆုတ်ခွာစေခဲ့ခြင်း ဖြစ်သည်။
ရွှေအဆင့် သားရဲများမှာလည်း ငြိမ်သက် နေကြ၏။ သူတို့၏ အာရုံခံစားမှုက ငွေကြယ် အဆင့် သားရဲများထက် ပိုမို ထက်ရှလေရာ ကြိုတင် သတိပေးမှုများကို ရရှိခဲ့ပြီး ဖြစ်သည်။ သူတို့၏ အမွေးများ၊ အကြေးခွံများမှာ မမြင်နိုင်သော ရောင်ဝါနှင့် အတူ ထောင်ထလာကြ၏။
ဝေ့ဝူယင်နှင့် ကျူးဟိုင်တို့မှာ မျက်နှာချင်းဆိုင် ရပ်နေကြ၏။ သူတို့ နှစ်ယောက် အကြားတွင် ငါးပေမျှသာ ကွာခြားပေလိမ့်မည်။ အထင်ကြီးဖွယ်ရာ ရောင်စဉ်တန်းများကို ဖော်ထုတ်ခြင်း မရှိပါပဲ သူတို့၏ ကျင့်ကြံခြင်း အခြေခံများက တိတ်တဆိတ် လှည့်ပတ်နေ၏။ အဆုံးမဲ့သော ရည်ရွယ်ချက် စွမ်းအင်များကတော့ သူတို့ နှစ်ယောက်စလုံးထံမှ စီးထွက်နေသည်။
ကျူးဟိုင်၏ ရည်ရွယ်ချက်မှာ မွေးရာပါ ရက်စက် ကြမ်းကြုတ်မှု၊ သွေးစွန်းမှုတို့ဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်း၌ ဝေ့ဝူယင်၏ ရည်ရွယ်ချက်မှာမူ အရာ အားလုံးကို ခြုံငုံကာ လေ၊ မော်လီကျူး၊ မြေကြီးနှင့် အပင် သက်ရှိ အားလုံးစီ စိမ့်ဝင်နေသည်။
ထိုအချိန်ထိ သူတို့နှစ်ယောက်သည် ခန္ဓာကိုယ် လှုပ်ရှားမှု တစ်စုံတစ်ရာပင် မပြုလုပ်ရသေးချေ။ သို့သော်လည်း သူတို့၏ ရည်ရွယ်ချက်များကတော့ ပေါင်းစပ်ကာ မမြင်နိုင်သော တိုက်ပွဲ တစ်ခု အသွင် ဆောင်နေခဲ့ပြီ ဖြစ်လေတော့သည်။
***