← Chapters

ငွေရောင် ဝံပုလွေ မျိုးဆက်

Vol. 21 Ch. 286

ငွေရောင် ဝံပုလွေ မျိုးဆက်

Vol. 21 Ch. 286

အဝေးတစ်နေရာ၌ လင်းမင်သည် ဆင်သားရဲကြီး၏ အပေါ်၌ သုန်မှုန်သော မျက်နှာဖြင့် ရပ်နေခဲ့၏။ သူသည် ဝေ့ဝူယင်နှင့် ကျူးဟိုင်တို့၏ တိုက်ပွဲကို အချိန်မီလေးပင် ရောက်ရှိခြင်း ဖြစ်သည်။

"စစ်ပွဲ… သတ်ဖြတ်ခြင်း… ဒြပ်စင်…"

လင်းမင် မျက်မှောင်ကြုတ်ရင်း လေထုအတွင်း စိမ့်ဝင်နေသည့် ရည်ရွယ်ချက်များကို အကဲဖြတ်ရန် ကြိုးစားလိုက်သည်။

သူသည် ဒြပ်စင် ရည်ရွယ်ချက်နှင့် အတော်ကလေး ရင်းနှီးသူ ဖြစ်သည်။ ဒြပ်စင် ကိုးခုလုံးကို တစ်ခုတည်း အဖြစ် ပေါင်းစည်းကာ မူလ ဒြပ်စင် ရည်ရွယ်ချက်ကို အောင်မြင်ထားသူ တစ်ဦး အနေဖြင့် ဒြပ်စင် အပေါ် သူ့ထက် နားလည်နိုင်သူ မည်သူ ရှိပါမည်နည်း။

ထိုရည်ရွယ်ချက်က သူ ပိုင်ဆိုင်ထားသည့် ရည်ရွယ်ချက်နှင့် နည်းနည်းတော့ ကွာခြားသည်။ ထိုအရာ၌ ရည်ရွယ်ချက် တစ်ခုတည်း မဟုတ်ပဲ အမျိုးမျိုး ကွဲပြားနေသည့် ရည်ရွယ်ချက်များ ပါဝင်နေသလိုလိုပင်။

သူလေကို ခံစားရသည်။ မီးကို ခံစားရသည်။ သစ်သား၊ မြေကြီးနှင့် ရေခဲတို့ကိုလည်း ခံစားရသည်။ သို့သော်လည်း တစ်ချိန်တည်း၌… မူလဒြပ်စင် ရည်ရွယ်ချက်ကိုလည်း   ခံစားရပေသည်။

လင်းမင် စိတ်ရှုပ်ထွေးသွား၏။

"ဒါက ဖြစ်ကတတ်ဆန်း ဖွဲ့စည်းထားတဲ့ မူလ ဒြပ်စင် ရည်ရွယ်ချက်လား… ဒါမှမဟုတ် သူက ကျင့်စဉ် တစ်မျိုးမျိုးနဲ့ ရည်ရွယ်ချက် အချို့ကို အတင်းအကြပ် ပေါင်းစည်းထားတာလား"

ပို၍ တွေးလေလေ၊ သူ ပို၍ သံသယ ဖြစ်လာလေလေ ဖြစ်နေခဲ့၏။ ထိုအရာက အသိပညာ ဗဟုသုတ ချို့တဲ့မှုကြောင့် မဟုတ်ပဲ ရိုးရှင်းစွာပင် သူ၏ အယူအဆများထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။

သူနှင့် ဝေ့ဝူယင် နှစ်ယောက်စလုံးမှာ မူလ ဒြပ်စင် ရည်ရွယ်ချက်ကို နားလည်နိုင်ကြတာခြင်း တူညီသည့်တိုင် ဝေ့ဝူယင်မှာ ဒြပ်စင် ရည်ရွယ်ချက် နှလုံးသား၏ အသေးစိတ် အချက်အလက်များကို ရရှိထားသူ ဖြစ်သည်။ ထိုအရာ၏ အစစ်မှန်ဆုံး စွမ်းအားကို သူ မထုတ်ဖော်နိုင်သေးသည့်တိုင် တုပရန် အတွက်မူ သူ့တွင် နည်းလမ်းများ ရှိပေသည်။

ထို့အပြင် သူ၏ ရည်ရွယ်ချက်က လောက၏ မန်နာများနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နေသည်။ မူလ မိုးကုပ်စက်ဝိုင်း အဆင့်သည် ကြယ်တာရာ အမြုတေ ကြယ်တာရာ အမြုတေ အလွှာ၏ ဗဟုသုတနှင့် အကန့်အသတ်များကို ကျော်လွန်နေသော အဆင့် တစ်ခု ဖြစ်ပေသည်။

(မူလ မိုးကုပ်စက်ဝိုင်း အဆင့်က သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ထက် တစ်ဆင့် မြင့်တဲ့ အဆင့်တစ်ခုပါ… ဒုတိယမြောက် ကပ်ဘေးကို ရင်ဆိုင်ပြီးတဲ့နောက် ကြယ်တာရာ ဝိညာဉ်တွေ အသွင်ပြောင်းပြီး အဲဒီ အဆင့်ကို ရောက်ခဲ့ပါတယ်။)

ကျောက်ဖြာကြီး ထက်ရှိ ပရိသတ်များမှာ ထိုမမြင်နိုင်သည့် တိုက်ပွဲကို ကြည့်ကာ ရင်ခုန်နေကြသည်။ သူတို့သည် ရည်ရွယ်ချက်များကို မမြင်နိုင်ကြသည့်တိုင် အစင်းကြောင်းများ ဖြစ်နေသည့် အလင်း မျက်နှာပြင်များကြောင့် ကြီးမားသော တိုက်ပွဲကြီး တစ်ခု အစပျိုးနေပြီ ဖြစ်ကြောင်း သိရှိလိုက်ကြသည်။

အခြားတစ်ဖက်၌ ကျူးဟိုင်မှာ မမြင်နိုင်သည့် ဖိအားတစ်ခုကို ခံစားနေရသည်။ သူ့ခန္ဓာ အတွင်းရှိ ဆဲလ်များ အားလုံးမှာ ထိုဖိအားကို တုန့်ပြန်သည့်နှယ် ဟိန်းဟောက် နေကြ၏။ သူ၏ တိုက်ပွဲနှင့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်တို့မှာမူ စက္ကန့်နှင့် အမျှ အားနည်း လာနေကြသည်။ ထိတ်လန့်သော ခံစားချက် တစ်ခုက သူ့နှလုံးသားထဲတွင် ပေါ်ထွက်လာလေခဲ့၏။

မမြင်နိုင်သော တိုက်ပွဲကား ဖြစ်ပွားနေခဲ့ပြီ ဖြစ်သည်။ ထိုတိုက်ပွဲမှာ ရည်ရွယ်ချက်နှင့် မန်နာ တိုက်ပွဲ ဖြစ်ပြီး ပြိုင်ဘက်၏ စိတ်ပိုင်း ဆိုင်ရာကို တိုက်ခိုက်ရသော အမျိုးအစား ဖြစ်သည်။

ငွေရောင် ဝံပုလွေ မျိုးဆက်မှ ဆင်းသက်လာသည့် ရှို့ရန် တစ်ယောက် အနေဖြင့် ကျူးဟိုင်မှာ ထိုကဲ့သို့ တိုက်ပွဲမျိုးတွင် ထူးချွန်သူ ဖြစ်သည်။ သူသည် သူ၏ ရိုင်းစိုင်းသည့် အော်ရာနှင့် သတ်ဖြတ်ခြင်း အငွေ့အသက်တို့ကို သုံးကာ ပြိုင်ဘက်ကို ကစဉ့်ကလျား ဖြစ်သွားအောင် ပြုလုပ်နိုင်သူ ဖြစ်သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ ကံမကောင်းစွာပင် ဝေ့ဝူယင်၏ တည်ငြိမ်မှုက တောင်တန်း တစ်ခုလို ခိုင်မာနေခဲ့ပေသည်။

" … "

တစ်မိနစ်မျှ မကြာခင် အတောအတွင်းမှာပင် ကျူးဟိုင်မှာ သူ့ခန္ဓာကိုယ်ကို ကမ္ဘာကြီးက ဝန်းရံထားသလိုပင် ခံစားလိုက်ရ၏။ ထိုအခိုက်၌ လေထု၊ မော်လီကျူး၊ အပူချိန် အားလုံးမှာ သူ့အား ဝိုင်းဝန်း တိုက်ခိုက် နေကြသလိုပင်။

မကြာခင် ဖိအားများကို ခံနိုင်ခြင်း မရှိတော့ပဲ ကျူးဟိုင်၏ နှုတ်ခမ်းများက တွန့်လိမ်သွား၏။ သူက ငါးမန်းသွားစွယ် ကဲ့သို့ ချွန်ထက်သည့် သွားများကို တင်းတင်း ကြိတ်လိုက်၏။

ဝှစ်…

လှောင်အိမ်ထဲမှ ရုန်းထွက်သည့် သားရဲ တစ်ကောင်အလား သူ နောက်သို့ ခုန်ဆုတ်လိုက်သည်။ သူ့ခြေထောက်များက နောက်သို့ မီတာပေါင်း ရာနှင့်ချီကာ လျှောတိုက် ရွေ့လျားသွား၏။

ထိုရုတ်တရက် ဆုတ်ခွာမှုက စုမေ့မှလွဲ၍ များစွာသော လူများကို တုန်လှုပ်သွားစေခဲ့သည်။ ဝေ့ဝူယင်ကမူ ကျူးဟိုင်ကို ကြည့်ကာ အသာအယာ ပြုံးရင်း ခေါင်းခါလိုက်သည်။ ထို့နောက် သူက လက်နှစ်ချောင်း ထောင်ရင်း ကြည်လင်သော အသံဖြင့် ပြောလိုက်၏။

"လှုပ်ရှားမှု နှစ်ခု ကျန်သေးတယ်"

ဝေ့ဝူယင်၏ မူလ ဒြပ်စင် ရည်ရွယ်ချက်မှာ ဒြပ်စင် ကိုးခုကို တစ်ခုတည်း အဖြစ် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းတို့ တစ်ခုချင်းစီက ကျူးဟိုင် ပိုင်ဆိုင်ထားသည့် စစ်ပွဲနှင့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များထက် အားနည်းသည် ဆိုသော်လည်း အတူတကွ ပေါင်းစပ်လိုက်သော အခါတွင်မူ နှိုင်းယှဉ်၍ မရအောင် အစွမ်းထက်လာသည်။

ကျူးဟိုင် တင်းတင်းကြိတ်ထားသော အံကို ဖြေလျှော့လိုက်ရင်း သွေးရောင် မျက်လုံးများဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ပထမ တိုက်ခိုက်မှု၌ သူ ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း သိရှိပြီး ဖြစ်သည်။ တည်ငြိမ်စွာ အသက်ရှူသွင်းလိုက်ရင်း ကိုယ်နေဟန်ထားကို ပြင်ကာ ရပ်လိုက်၏ ချက်ချင်းပင် သူ၏ ချောနောသော အသွင်အပြင်က ပြန်လည် နေရာယူလာသည်။ သို့သော်လည်း သူ၏ သွေးရောင်မျက်လုံးများထဲရှိ ယုံကြည်ချက် အလင်းရောင်ကမူ ယခင်ကလောက် ပြင်းထန်ခြင်း မရှိတော့ချေ။

ဝေဝူယင်၏ ခွန်အားက အမှန်တကယ် နားမလည်နိုင်လောက်သော အဆင့် တစ်ခု၌ ရှိနေသည်။ ရည်ရွယ်ချက်များ  ထိပ်တိုက်တွေ့သည့် အခိုက်အတန့်တွင် သူတို့ အကြား၌ မည်မျှ ကွာခြားချက်များ ရှိသည်ကို သူခံစားခဲ့ရသည်။

"မင်းရဲ့ ရည်ရွယ်ချက်တွေကို ပေါင်းစပ်နိုင်ဖို့ ဝိညာဉ် ဆင်းတုကို ကြားခံအနေနဲ့ သုံးပြီး လေ့ကျင့်ပါ… အဲဒီ ရည်ရွယ်ချက်ကို စိန်ခေါ်ဖို့ ငါ့မှာ နည်းလမ်း မရှိဘူး… မင်းမှာ တိုးတက်ဖို့ နေရာတွေ အများကြီး ကျန်သေးတယ်"

ဝေ့ဝူယင်က မှတ်ချက်ချလိုက်၏။ ကျူးဟိုင်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ထိုစကားလုံးများက သူ့စိတ်ကို နှစ်သိမ့်ကာ ပြင်းထန်သော တိုက်ပွဲဝင် စိတ်ဓာတ်ကို တစ်ဖန်ပြန်လည် ရရှိစေသည်။

ကျူးဟိုင်မှာ နောက်ထပ် လှုပ်ရှားမှု နှစ်ခုကို ဖော်ဆောင်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ သွေးရောင် မျက်လုံးများက ပြင်းထန်စွာ တောက်ပလာကာ သူ၏ အရှိန်အဝါမှာလည်း လှိုင်းတံပိုးများနှယ် တလိပ်လိပ် မြင့်တက်လာ၏။ သူ့နှလုံးခုန်သံများက ပေါက်ကွဲလာကာ အူသံ ခပ်ယဲ့ယဲ့မှာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

နှလုံးသားက စတင် လှုပ်ရှားလာသည်နှင့် အမျှ အမြုတေ အတွင်းရှိ ကြယ်တာရာ ဝိညာဉ်မှာလည်း တုန့်ပြန်လာ၏။ သူ့နောက်ကြောဘက်တွင်မူ နတ်ဘုရား နီးပါး ကြီးကျယ်ခမ်းနားလှသည့် ပုံရိပ်ကြီး တစ်ခုက ဖြည်းညင်းစွာ ပေါ်လာခဲ့တော့သည်။

...

“ဘာလဲ...”

ချက်ခြင်းပင် တုန်လှုပ်မှုနှင့် တိတ်ဆိတ်မှုသည် ကမ္ဘာလောက တစ်ခုလုံးကို ဖုံးလွှမ်းကာ ပျံ့နှံ့သွား၏။ ကျောက်ဖြာကြီးထက်ရှိ ပရိသတ်ပေါင်းများစွာမှာ မျက်လုံးများ ပြူးထွက်ကာ သူတို့ နှလုံးသားများကလည်း အရှိန်ပြင်းစွာ တုန်ရီနေသည်။ သူတို့သည် မျက်လုံးများဖြင့် မြင်တွေ့နေရသည့် အရာက အမှန်တရား ဖြစ်သည်ကို လက်ခံရန် ခက်ခဲနေကြသည်။

သူတို့သာလျှင် မက... ခပ်လှမ်းလှမ်းမှ နေ၍ လေ့လာနေကြသော လူငယ် ပါရမီရှင်များမှာလည်း အလားတူပင်။ သူတို့ထဲမှ အများစုမှာ ပင်ကိုယ်အားဖြင့် မာနကြီးကာ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ကြီးမားသူများ ဖြစ်ကြသော်လည်း ယခုတွင်မူ တစ်ညီတစ်ညွှတ်တည်း အေးခဲနေ၏။

“မ... မဖြစ်နိုင်တာ... ဒီပျက်စီးခြင်း ကြယ်တာရာ နယ်မြေမှာ အဲဒါကို မွေးဖွားဖို့ နည်းလမ်း မရှိဘူး လို့ ဆရာတူ အမလင်းက ပြောဖူးတယ်...”

အမျိုးမျိုးသော ခံစားချက်များဖြင့် လင်းမင် လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

ဟူး... ဟူး...

ပြင်းထန်စွာ တိုက်ခတ်နေသည့် အရှိန်အဝါနှင့် အတူ ကျူးဟိုင်မှာ ခန့်ညားစွာ မတ်တပ် ရပ်နေ၏။ သူ၏ နောက်တွင်မူ သွေးနှင့် သတ်ဖြတ်ခြင်း အငွေ့အသက်တို့ ရစ်သိုင်းနေသည့် ငွေရောင် ဝံပုလွေကြီး တစ်ကောင် တည်ရှိနေသည်။ ၎င်း၏ မျက်လုံးများက ကျူးဟိုင် ကဲ့သို့ပင် ရဲရဲနီနေကာ လောကတစ်ခုလုံးကို ဒေါသတရာဖြင့်သာ ကြည့်နေပုံ ရသည်။

ရာနှင့်ချီသော ဝံပုလွေနှင့် မြေခွေးရိုင်းများမှာ တအီအီ အော်ဟစ်ကြရင်း အမြီးကုပ်ကာ ဝပ်သွားကြ၏။ ထိုပုံရိပ်ကြီးကား ကျူးဟိုင်၏ သွေးမျိုးဆက်နှင့် ကြယ်တာရာ ဝိညာဥ် ကျင့်ကြံခြင်း တို့မှ ဖြစ်တည်လာသည့် ပုံရိပ်ယောင် ငွေရောင် ဝံပုလွေ ဖင်နာပင် ဖြစ်လေတော့သည်။

ဝေ့ဝူယင်၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ ထိုအရာက ကျူးဟိုင်၏ ဝိညာဥ် ဆင်းတုကို ပထမဆုံး အကြိမ် အဖြစ် သူ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ သာမန်လူသားများနှင့် ခြားနားစွာပင် ရှို့ရန်တို့၏ ကျင့်ကြံခြင်း လမ်းစဥ်မှာ ခုန်နေသော နှလုံးသားထဲတွင် အခြေခံသည်။ သူတို့၏ နှလုံးသားများက ထျန်းတျန် သဖွယ် ဖြစ်လေရာ မကြာခဏ ဆိုသလို သူတို့၏ ကြယ်တာရာ ဝိညာဥ်များမှာ သွေးမျိုးဆက်၏ လွှမ်းမိုးခြင်းကို ခံကြရလေ့ ရှိသည်။ ကျူးဟိုင်၏ လမ်းစဥ်က သူကျင့်ကြံနေသည့် ဟင်းလင်းပြင် နဂါးသွေး ဝိညာဥ်နှင့် ဆင်တူပေစည်။

“သခင်... ဂရုစိုက်ပါ...”

ကျူးဟိုင်က သတိပေးလိုက်၏။ ကြောက်မက်ဖွယ် စွမ်းအင်များ ရုတ်ရင်း ကြမ်းကြုတ်စွာ စီးထွက်လာသည်နှင့် အမျှ သူ၏ အောက်ရှိ မြေကြီးက တုန်ရီလာသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ချက်ချင်းပင် မုန်တိုင်း ဗဟိုအချက်အချာသို့ ရောက်နေသည့် အလား အသွင်ပြောင်းလဲသွား၏။ ဖိအားများ ပိုမို များပြားလာသည်နှင့် အမျှ ခြေဗလာနှင့် သူ့ခြေထောက်များက မြေပြင်မှ ကြွတက်လာခဲ့တော့သည်။

ဝေ့ဝူယင်က လေးနက်သော အမူအရာနှင့် ခေါင်းညိတ်လိုက်၏။ ကျူးဟိုင်မှာ သူ့ထက် ကျင့်ကြံခြင်း အဆင့် ပိုမြင့်သည့် အပြင် ကွင်းကိုးခု ဝိညာဥ် ဆင်းတုကိုပါ ပိုင်ဆိုင်ထားသည်။ စစ်ပွဲနှင့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက် နှစ်ခုပါ ပေါင်းထည့်မည် ဆိုပါက ထိုငွေရောင် ဝံပုလွေ၏ မျိုးဆက်၏ တိုက်ခိုက်ရေး စွမ်းအားမှာ အာကာသ ပဲ့တင်သံ အဆင့်များထက်ပင် သာလွန်ကောင်း သာလွန်သွားလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့ တိုက်ခိုက်ရေး သမား တစ်ယောက်နှင့် ရင်ဆိုင်ရမည့် အပေါ် သူ နည်းနည်းမျှ ဂရုမစိုက်ပဲ မနေဝံ့ပါချေ။ သူက ရင်ဆိုင်ရန် အဆင်သင့် အနေအထားကို ပြောင်းလဲလိုက်၏။

လင်းမင်၏ နှလုံးသားက တုန်ရီနေဆဲ ဖြစ်သည်။ သူသည် ကွင်းကိုးကွင်း ဝိညာဥ်ဆင်းတု တစ်ယောက်ကို တွေ့မြင်ရလိမ့်မည်ဟု မျှော်လင့် မထားခဲ့ချေ။ ဆရာတူ အမ၏ ပြောစကား အရဆိုလျှင် ဤကြယ်တာရာ နယ်မြေမှာ ပြိုင်ဘက်ကင်း ပါရမီရှင်များကို မွေးထုတ်ပေးရန် အရည်အချင်း မလုံလောက်ဟု ဆိုသည်။ ကျင့်ကြံခြင်း ရွှေခေတ်၏ ဆိုနိုင်သည့် ထာဝရ ဧကရာဇ်၏ ခေတ်တွင်ပင် အလွန့်အလွန် နည်းပါးသော အရေအတွက်သာ အထွတ်အထိပ် စွမ်းအားများကို ပိုင်ဆိုင်နိုင်ခဲ့သည်။

ဆရာတူ အမ ပြောသည့် အတိုင်း ဆိုလျှင် ကွင်းကိုးကွင်း ဝိညာဥ်ဆင်းတုကို ပိုင်ဆိုင်နိုင်ရန် အတွက် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်၏ အပြည့်အဝ ပံ့ပိုးပေးမှု လိုအပ်သည်။ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် ပေါ်ထွန်းခဲ့သည့် တစ်ဦးတည်းသော သေမျိုး အဂ္ဂိရတ် အာဏာရှင် ထာဝရ ဧကရာဇ်မှာ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ တည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုရှို့ရန်မှာ မည်သည့် နည်းလမ်းဖြင့် ကွင်းကိုးကွင်း ဝိညာဥ်ဆင်းတုကို ဖွဲ့စည်းထားခဲ့သနည်း။

သူ တွေးတောမရ ဖြစ်နေစဥ်မှာပင် ကျူးဟိုင်မှာ စတင် လှုပ်ရှားလာခဲ့တော့၏။

***

All Chapters