ငွေရောင် ဝံပုလွေ မျိုးဆက်
Vol. 21 Ch. 287
ဝှစ်...
ကျူးဟိုင်၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် ပျောက်ကွယ်သွား၏။ ဝေ့ဝူယင့်နှင့် သူ့အကြားရှိ အလွန် ကျဥ်းမြောင်းသော အကွာအဝေး အတွင်းတွင်မူ လျှပ်စီးကြောင်း တစ်ခု လင်းလက်သွားသလိုလို မြင်လိုက်ကြရသည်။
ကျူးဟိုင်ကား အလွန် မြန်ဆန်လွန်းလှသည်။ သို့သော်လည်း ဝေ့ဝူယင်၏ တုန့်ပြန်ပုံကလည်း နှေးကွေးခြင်း မရှိပါချေ။ သူက နောက်ဆုတ်ခြင်း မရှိပဲ လက်သီးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ ၎င်းတွင် မြေကြီး၏ လေးလံမှု၊ သတ္တု၏ ခိုင်မာမှုနှင့် မီး၏ ပေါက်ကွဲမှုတို့ ပါဝင်နေဟန် ရသည်။ ထိုအရာက လက်သီးတစ်ချက်သာ ဖြစ်သည့်တိုင် ပြင်းထန်သော ဒြပ်စင် အင်အားတို့ စိမ့်ဝင်နေပေသည်။
ဝေ့ဝူယင်က လက်သီးကို ညင်သာစွာပင် ရှေ့သို့ ဆန့်ထုတ်လိုက်၏။ အဖြူရောင် အလင်းတစ်ခုက လျှင်မြန်စွာ ကြီးထွားလာကာ စက္ကန့်ဝက် အတွင်းမှာပင် ကမ္ဘာကြီး တစ်ခုလုံးမှာ အဖြူရောင်အဆင်းဖြင့် ရေးခြယ်ခြင်းကို ခံလိုက်ရသည်။
ကျူးဟိုင်၏ မျက်လုံးများက အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ သူသည် လေးလံ၊ သိပ်သည်းပြီး ပေါက်ကွဲနိုင်စွမ်း ရှိသည့် အင်အားတစ်ခုနှင့် ရင်ဆိုင်နေရသလို ခံစားလိုက်ရသည်။ သို့သော်လည်း သူက အနည်းငယ်ပင် တုန့်ဆိုင်းမနေပဲ လက်သည်းများကို ဆန့်ထုတ်လိုက်ရင်း ဝေ့ဝူယင်၏ လက်သီးရှိရာသို့ ဦးတည် ကုတ်ဆွဲလိုက်သည်။ အချိန်နှင့် တစ်ပြေးညီပင် သူ့နောက်ရှိ ငွေရောင် ဝံပုလွေကြီးမှာလည်း အလားတူပင် လိုက်လံ လှုပ်ရှားလိုက်လေတော့၏။
လမ်းခုလတ်တွင်ပင် သူ၏ လက်သည်းနှင့် ဝိညာဥ်ဆင်းတု၏ လက်သည်းတို့မှာ အရွယ်အစား မတူညီသည့်တိုင် ပေါင်းစည်းသွား၏။
လက်သည်းနှင့် လက်သီးတို့ တွေ့ဆုံသွားကြလေရာ...
ဘုန်း...
ထိုသက်ရောက်မှုက ချက်ချင်းပင် ကမ္ဘာပေါ်၌ အပြောင်းအလဲများကို ဖြစ်ပေါ်လာစေခဲ့သစည်။ ပထမဆုံး ထွက်ပေါ်လာသည့် အရာကား ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းလုံးများပင်။
အနီးဆုံး၌ ရှိနေသည့် စုမေ့မှာ ချက်ချင်းပင် ဆေဘာကို ဆွဲထုတ်ကာ ပေါက်ကွဲမှု လှိုင်းလုံးများကို ခုခံလိုက်၏။ တစ်ချိန်တည်း၌ သိချင်စိတ်ဖြင့် အနားသို့ ကပ်ကာလာသော လူများမှာလည်း တူညီသည့် အခြေအနေများ ကြုံတွေ့လိုက်ကြရသည်။ ကံကောင်းထောက်မစွာပင်...
ဝမ်...
ဤကဲ့သို့သော အခြေအနေ အတွက် ကြိုတင်ပြင်ဆင်ထားသည့် မဟာ ဝိညာဥ် စမ်းသပ်ပွဲ ဝင်္ကပါများမှာ အသက်ဝင်လာသည်။ ရောင်စုံအလင်းတန်းများသည် ကောင်းကင်မှ နေ၍ ကျဆင်းလာကာ အန္တရာယ် ရှိနေသည့် ပြိုင်ပွဲဝင်များ၏ ခန္ဓာကိုယ်များကို ဝန်းရံသွားကြ၏။
“ဘုန်း...”
ပြင်းထန်သော အရှိန်အဟုန်နှင့် အတူ ဝေ့ဝူယင်နှင့် ကျူးဟိုင်တို့၏ ခန္ဓာကိုယ်များမှာ နောက်သို့ မိုင်ပေါင်းများစွာ တိုင်အောင် လွင့်စဥ် သွားကြသည်။
ကျူးဟိုင်မှာ မန်နာများကို ထိန်းချုပ်ရင်း ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းလိုက်၏။ သူ၏ လက်သည်းများက စူးရှစွာ တောက်ပနေဆဲ ဖြစ်သည့်တိုင် မသိမသာ တုန်ရီနေသည်။ အကယ်၍ သေချာ အာရုံစိုက်ကာ နားထောင်မည် ဆိုပါက အရိုးများ လှုပ်ရှားနေသည့် အသံသဲ့သဲ့ကို ကြားရလိမ့်မည် ဖြစ်သည်။
“ချီးပဲ... သခင်က လက်သီးတစ်ချက်တည်းနဲ့ ငါ့လက်အရိုးတွေ အကုန်လုံးကို ချိုးပစ်လိုက်တာပဲ”
ကျူးဟိုင် စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်၏။
သူတို့ နှစ်ယောက်၏ တိုက်ပွဲက စက္ကန့်ပိုင်းမျှသာ ကြာခဲ့သည့်တိုင် အလွန် ပြင်းထန်ခဲ့သည်။ ထိုအရာက ရိုးရိုးရှင်းရှင်း လက်သီးနှင့် လက်သည်း ထိပ်တိုက် တွေ့ဆုံမှုသာ ဖြစ်သည့်တိုင် ဖလှယ်မှု နှစ်ခု ပါဝင်နေသည်။ ဖြစ်သည်။ ကြယ်တာရာ အင်အားနှင့် ခန္ဓာကိုယ် စွမ်းအားတို့ပင်။
ကြယ်တာရာ အင်အား အရ သူ ရှုံးနိမ့်ခဲ့သည်။ သူ၏ သွေးမျိုးဆက် အင်အားမှာ ဝေ့ဝူယင်၏ ဆန်းကြယ် ဒြပ်စင် အင်အားနှင့် ထိပ်တိုက်တွေ့ပြီး တစ်က္ကန့်မျှ မကြာမီမှာပဲ လုံးဝ ပြိုကွဲသွားခဲ့သည်။ ထို့နောက်တွင် ဝေ့ဝူယင်က ထိုအင်အားကို ပြန်လည် ရုတ်သိမ်းကာ ခန္ဓာကိုယ်ချင်း ယှဥ်၍ တိုက်ခိုက်ခဲ့သည်။ ထို့နောက် သူ့၏ လက်အရိုးများ အားလုံး ကျိုးကြေသွားခဲ့သည်။
“သခင်...”
တစ်ခဏ အတွင်းမှာပင် ကျူးဟိုင်မှာ ဝေ့ဝူယင် နံဘေးသို့ ရောက်ရှိလာ၏။ ထိုအခိုက်၌ ဝေ့ဝူယင်မှာ တိတ်တဆိတ်ပင် သူ့လက်သီးကို ငုံ့ကြည့်နေသည်။
ကြောက်မက်ဖွယ် ကောင်းသော အက်ကြောင်းများမှာ သူ့လက်သီးထိပ်၌ ရှိနေ၏။ အက်ကြောင်း အချို့ကဆိုလျှင် သူ့လက်မောင်း၊ ပခုံးနှင့် ရင်ဘတ်သို့ ရောက်သည် အထိပင် ကျယ်ပြန့်နေသည်။
“ငါရှုံးသွားတာ မယုံနိုင်သေးဘူး...”
ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးလိုက်သည်။ သူ၏ လက်အောင်း အရိုးများနှင့် နံရိုး တစ်စိတ်တစ်ပိုင်း ပင်လျှင် ကျူးဟိုင်၏ လက်သည်းချက်ကြောင့် ကျိုးကြေသွားခဲ့သည်။ ကျူးဟိုင်၏ ခန္ဓာကိုယ်က ထိုမျှ အစွမ်းထက်လိမ့်မည် ဟုပင် သူ မျှော်လင့် မထားခဲ့ချေ။ သို့ဖြစ်လေရာ သူ မည်ကဲ့သို့ ဖြူရော်စွာ မပြုံးပဲ နေနိုင်ပါမည်နည်း။
သူ၏ နှုတ်ခမ်းထောင့်စွန်းတွင်မူ သွေးစ အချို့က တွဲခိုနေ၏။
“အရှင်ဝေ့...”
စုမေ့မှာ ဝေ့ဝူယင် ဒဏ်ရာ ရသွားကြောင်း သိသည်နှင့် စိုးရိမ်တကြီးနှင့် အနားသို့ ရောက်ချလာသည်။
“ဘာမှ မဖြစ်ဘူး...”
ဝေ့ဝူယင်က နှုတ်ခမ်းမှ သွေးစများကို သုတ်ရင်း ဆိုလိုက်၏။ သစ်သား ဒြပ်စင် အင်အား၏ ပြန်လည် ကုသမှုနှင့် အတူ သူ ဒဏ်ရာများက အလျှင်မြန်ဆုံး အမြန်နှုန်းဖြင့် ပြန်လည် ကောင်းလာနေသည်။ နှုတ်ခမ်းထက်မှ သွေးစများလား... ဘာမှ စိုးရိမ်စရာ မရှိချေ။ အားလုံးက အပေါ်ယံ အရေပြား ဒဏ်ရာလောက်သာ ရရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အခြေခံနှင့် သွေးမျိုးဆက်တို့ အပေါ်တွင် တစ်စုံတစ်ရာ ထိခိုက်မှု မရှိပါချေ။
ကျူးဟိုင်မှာ စုမေ့၏ စူးစူးရဲရဲ အကြည့်နှင့် ရင်ဆိုင်လိုက်ရရာ အနည်းငယ် လန့်ဖျန့်သွား၏။ သူ့စိတ်ထဲတွင်တော့ ဝေ့ဝူယင်၏ ဒဏ်ရာ ကြီးများ သွားမည်လား စိတ်ပူနေမိသည်။
ဝေ့ဝူယင် သူ့အား ကြည့်လိုက်၏။
“ဒါက မင်းအမှား မဟုတ်ပါဘူး”
ကျူးဟိုင် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူ့စိတ်ထဲတွင်တော့ နားမလည်နိုင်သည့် အရာ တစ်ခု ရှိနေဆဲ ဖြစ်သည်။
“သခင် ဘယ်လိုလုပ်ပြီး ရှုံးသွားတာလဲ”
ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်၏။
“မင်းရဲ့ ကြယ်တာရာ အင်အားက ငါ့ကို မယှဥ်နိုင်ဘူး... ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်က ငါ့ထက် အတော်လေး ပိုသန်မာတယ်... ကြယ်တာရာ အင်အားကို ပြန်ရုတ်သိမ်းပြီး မင်းရဲ့ လက်သည်းနဲ့ တိုက်ရိုက် ရင်ဆိုင်လိုက်တဲ့ အခါမှာ ငါ့ခန္ဓာကိုယ် ညာဘက်ခြမ်းက ဘယ်လိုမှ မခုခံနိုင်တော့ဘူး”
သူက အရိုးသားဆုံး အဖြေပေးလိုက်သည်။ ကြယ်တာရာ အင်အား၏ အရည်အသွေးနှင့် ပမာဏ အတိုင်း ဆိုလျှင် ကျူးဟိုင်မှာ ဘယ်တော့မှ သူ့ပြိုင်ဘက် ဖြစ်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ခန္ဓာကိုယ် အင်အားချင်း ယှဥ်လျှင်တော့ သူက မဆိုသလောက် အားနည်းပေသည်။ ကျူးဟိုင်မှာ သူ၏ ခန္ဓာကိုယ် စွမ်းအားကို ကိုးဆ တိုင်တိုင် မြင့်တက်စေနိုင်သည့် ကွင်းကိုးကွင်း ဝိညာဥ် ဆင်းတုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့ဖြစ်ရာ သူမည်ကဲ့သို့ ယှဥ်နိုင်ပါမည်နည်း။
“ကျူးဟိုင်... မင်း ငါ့ကို စိတ်မပျက်စေဘူး”
ဝေ့ဝူယင်က အသိအမှတ်ပြုလိုက်၏။ ထိုစကားလုံးများကြောင့် ကျူးဟိုင်၏ နှလုံးသားက နွေးထွေးသွားသည်။ စုမေ့၏ စူးစူးရဲရဲ အကြည့်များအောက်တွင်ပင် သူက ခိုးကာ ပြုံးဖြစ်အောင် ပြုံးလိုက်သေးသည်။ ဘာပဲဖြစ်ဖြစ် ဝေ့ဝူယင်ထံတွင် သူ့ အရည်အချင်းကို သက်သေပြနိုင်ခဲ့သည် မဟုတ်ပါလား။
“ဟွန့်... အရှင်ဝေ့က လျှော့ပေးထားတာကို အကောင်းထင် မနေနဲ့... သူ့ရဲ့ အဓိက အင်အားက ဆေဘာမှာ ရှိတာ”
စုမေ့က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ ကျူးဟိုင်မှာ မသိချင်ယောင် ဆောင်နေလိုက်သော်လည်း အမှန်တရားကို သူသိပေသည်။
ဝေ့ဝူယင်၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုက ဆေဘာပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည်။ ကံဆိုးစွာပင် သူ ထိုဆေဘာကို ဘယ်တော့မှ စမ်းသပ်ခွင့် ရလိမ့်မည် မဟုတ်ချေ။ ဝေ့ဝူယင်မှာ သူ၏ ဆေဘာကို ရန်သူများအား သတ်ဖြတ်ဖို့ တစ်ခုတည်း အတွက် သုံးပေသည်။
ထိုအခိုက်တွင်ပင် အသံတစ်ခု ထွက်ပေါ်လာ၏။
“ကွင်းကိုးကွင်း ဝိညာဥ် ဆင်းတု... အတော်လေး အထင်ကြီးစရာပဲ”
ထိုအသံက ဝေ့ဝူယင်တို့ သုံးယောက်၏ အာရုံများကို ဖမ်းစားသွား၏။ လူငယ် တစ်ယောက်မှာ ဖြည်းညင်းစွာ လမ်းလျှောက်လာကာ သုန်မှုန်သော မျက်လုံးများဖြင့် ကျူးဟိုင်ကို စစ်ဆေးနေသည်။ သူ၏ မီးခိုးရောင် မျက်ဝန်းများထဲတွင်မူ တိုက်ခိုက်လိုစိတ်များက ကိန်းအောင်းနေ၏။
ကျူးဟိုင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားသည်။ ထိုလူငယ်က မည်သူနည်း။ သူသည် ထိုလူငယ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အန္တရာယ် အငွေ့အသက် အချို့ကို ခံစားနေရသည်။ သူ၏ နှလုံးခုန်သံ ပင်လျှင် အနည်းငယ် မြန်ဆန်လာ၏။
ဝေ့ဝူယင်မှာ ထိုလူငယ်ကို မှတ်မိလိုက်ရာ အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ ချောမောသော မျက်နှာ၊ မီးခိုးရောင် မျက်လုံး၊ ခပ်တိုတို ဆံပင်နှင့် မျက်ခုံးနှစ်ခုကြားရှိ ကိုးရောင်ခြယ် အစက်... သူသည် ထိုလူငယ်ကို အနန္တ ကုန်းမြေတိုက်ကြီးတွင် နှစ်ကြိမ်တိုင်တိုင် ဆုံတွေ့ဖူးသည်။ တစ်ကြိမ်က ရွှေရောင်နို့နှစ်မြို့တွင် ဖြစ်ပြီး ဒုတိယ တစ်ကြိမ်ကတော့ အနန္တဧကရာဇ်ဂိုဏ်း လူရွေးပွဲတွင် ဖြစ်သည်။ ထိုလူငယ်မှာလည်း ကောင်းချီးခံ တစ်ယောက် ဖြစ်ကြောင်း သူ ကျိန်းသေ သိပေသည်။
သူ၏ မှန်းဆထားချက်များ အရဆိုလျှင်... ထိုလူငယ်မှာ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ အမွေအနှစ်ကို လက်ခံ ရရှိထားသူ ဖြစ်သည်။ ထိုလူငယ်၏ ပါရမီရှင့် အလား အလာက ယွမ်လုံရှီ၊ လုံချန်တို့ထက်ပင် သာလွန်ကောင်း သာလွန် နေနိုင်သည်။
“ဒီလူငယ်က...”
ထိုအချိန်တွင်ပင် ဝူယုမှာ အနက်ရောင် လက်စွပ်ထဲမှ နေ၍ ဆက်သွယ်လာ၏။ သူက ထိုချောမောသော လူငယ်ကို လျှော့မတွက်မိစေရန် ဝေ့ဝူယင်အား သတိပေးစကား အနည်းငယ် ပြောဆိုလိုခြင်း ဖြစ်သည်။
“ကျုပ် သိပြီးသားပါ... သူက ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ရဲ့ အမွေခံမလား...”
သူ့စကား မဆုံးခင်မှာပင် ဝေ့ဝူယင်က ဖြတ်ပြောလိုက်၏။
" ... “
ဝူယုမှာ ဝေ့ဝူယင်၏ စကားလုံးများကြောင့် တုန်လှုပ်သွား၏။ ဝေ့ဝူယင်မှာ သိပြီးသား ဖြစ်ရာ သူက ဘာကို ဆက်ပြောရတော့မည်နည်း။
ထိုအခိုက်တွင်ပင် လင်းမင်မှာ ဝေ့ဝူယင်တို့နှင့် စကားပြောရန် လုံလောက်သည့် မနီးမဝေး တစ်နေရာ၌ ရပ်လိုက်သည်။
“မင်းက ထာဝရ မင်းသားလေး ဆိုပြီး နာမည်ကြီးနေတဲ့ ဝေ့ဝူယင် ဖြစ်ရမယ်”
သူက ပြုံးရင်း မေးလိုက်သည်။ သူ၏ လေသံတွင် ဆိုးရွားသည့် ဦးတည်ချက် တစ်စုံတစ်ရာ ပါပုံ မရချေ။ သို့သော်လည်း... သိမ်မွေ့သည့် ဖြစ်တည်မှု တစ်စုံတစ်ရာကိုတော့ သယ်ဆောင်ထား၏။ ထိုဖြစ်တည်မှုကား... အသွေးအသားထဲတွင် စွဲထင်နေသည့် မောက်မာခြင်းပင်။
***