← Chapters

ငါတို့ ရှုံးသွားပြီ

Vol. 21 Ch. 288

ငါတို့ ရှုံးသွားပြီ

Vol. 21 Ch. 288

ဝေ့ဝူယင်မှာ မျက်မှောင်မကြုတ်သလို အခြား ထူးထူးခြားခြား တုန့်ပြန်ခြင်းလည်း မရှိပါချ။ သူက အေးဆေးစွာပင် ခေါင်းညိတ်ပြလိုက်သည်။

လင်းမင်၏ မျက်လုံးများက ကျူးဟိုင်ထံသို့ ရွေ့လျားသွား၏။

“ကွင်းကိုးကွင်း ဝိညာဥ် ဆင်းတု... ဒါက တကယ့်ကို အောင်မြင်ဖို့ မလွယ်ကူတဲ့ အဆင့်ပဲ”

သူသည် တိုက်ပွဲကို အရှင်းလင်းဆုံး မမြင်တွေ့လိုက်ရသည့်တိုင် ကျူးဟိုင်မှာ ဝေ့ဝူယင်ကို ခွန်အား ဆယ်ပုံတစ်ပုံပင် သုံး၍ မတိုက်ခိုက်ဟု ခံစားနေရသည်။ သူ့အမြင်အရ ‌ကျူးဟိုင်မှာ ဝေ့ဝူယင်ကို စမ်းသပ်ခဲ့ခြင်းမျှသာ ဖြစ်ပေသည်။

“ ... “

ကျူးဟိုင်မှာ လင်းမင်ကို ဘာမှ ပြန်မပြောချေ။ ထို့အစား သူက ဝေ့ဝူယင်ကိုသာ ကြည့်ရင်း မေးလိုက်၏။

“သခင် ကျုပ် သူတို့ကို ‌‌မောင်းထုတ်လိုက်ရမလား”

တစ်ချိန်တည်း၌ စုမေ့မှာလည်း လက်ကို ဓားရိုးပေါ်သို့ တင်ပြီး ဖြစ်သည်။ သူမ၏ မျက်လုံးများက အခြား လူငယ် ပါရမီရှင်များကို စူးစိုက်ကြည့်နေခဲ့၏။ ဝေ့ဝူယင် အမိန့်တစ်ချက် ပေးလိုက်ရုံဖြင့် ထိုလူအားလုံးကို သူမ ငရဲသို့ ပို့ပေးရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် ကောင်းကင်ကို အားတောင့်အားနာဖြင့် မော့ကြည့်လိုက်၏။ မဟာ အင်ပါယာ သူတော်စင်များနှင့် အခြား ခေါင်းဆောင်များမှာ မဟာ ဝိညာဥ် စမ်းသပ်ပွဲကို တရားမျှမှု အရှိဆုံး ဖြစ်စေရန် အချိန်ယူ ပြင်ဆင်ခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ သူတို့ သုံးယောက်သာ ပူးပေါင်းလိုက်ပါက မည်သူက သူတို့ကို ယှဥ်နိုင်တော့မည်နည်း။ ပြောရလျှင် ထိုအရာက အခြား ပြိုင်ပွဲဝင်များ အတွက် တရားမျှတမှု မရှိချေ။ သို့သော်လည်း... ဝေ့ဝူယင်မှာ နူးညံ့သော နှလုံးသား ပိုင်ရှင် မဟုတ်လေရာ အဆုံးသတ်၌ ခေါင်းကိုသာ ညိတ်လိုက်၏။

“ချင်ချူးမူကိုတော့ ဘာမှ မလုပ်နဲ့... နောက်ပြီး ဘယ်သူ့ကိုမှ မသတ်မိရင်တော့ အကောင်းဆုံးပဲ”

ရွှေကြယ်အဆင့် သားရဲသုံးကောင်မှာ အော်ဟစ် ဟိန်းဟောက်လိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်လာကြလေသည်။

ဝေ့ဝူယင်သည် ဤစမ်းသပ်ပွဲကို စုမေ့နှင့် ကျူးဟိုင်တို့အား လေ့ကျင့်‌‌ပေးရန်နှင့် အဂ္ဂိရတ် အစည်းအရုံးနှင့် ပတ်သက်သည့် သူ့အစီအရင်များကို အကောင်အထည် ဖော်ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။ လောင်းကြေးကိစ္စက ဒုတိယ ဦးစားပေးသူ ဖြစ်သည်။ ထို့အပြင် သူသည် လုံချန်ထံမှ ဝူယုကိုလည်း ရယူနိုင်ခဲ့သည်။ ထိုအရာက သူ၏ မူလ အစီအစဥ်တွင် မပါဝင်သည့်တိုင် သူ၏ ဦးစားပေးများကို ပြောင်းလဲ စေခဲ့သည်။

လျစ်လျူခြင်း ခံရသောကြောင့် လင်းမင်မှာ မျက်မှောင်ကြုတ် သွား၏။ သူသည် ကျူးဟိုင် ကဲ့သို့သော ပါရမီရှင် တစ်ယောက်နှင့် ရင်းနှီးမှု ရယူလိုသော်လည်း ရှင်းလင်းစွာပင် သူသည် သူတို့၏ ဦးစားပေး မဟုတ်ခဲ့။ အကယ်၍ ထိုသုံးယောက်မှာ ပြိုင်ပွဲဝင် အားလုံးနှင့် ၎င်းတို့၏ သားရဲများကို ပြိုင်ပွဲမှ ထုတ်ပယ်ပစ်ရန်ပင် ကြံစည်နေကြောင်း လင်းမင်သာ သိခဲ့ပါက သူ၏ အမူအရာက သာ၍ပင် သက်ဝင် လှုပ်ရှား သွားလိုက်သည်။

“သူ့ကိုရော...”

စုမေ့က လင်းမင်ကို ကြည့်ရင်း မေးလိုက်၏။ သူမ၏ ရည်ရွယ်ချက်က ဝိညာဥ် ဆင်းတု အဆင့် ကျင့်ကြံသူများမှာ ရှာဖွေကာ သူတို့အား ရှင်းထုတ်ပစ်ရန် ဖြစ်သည်။ ယခု လင်းမင်မှာ သူတို့၏ ရှေ့တွင် တိုက်ရိုက် ရောက်နေပေသည်။ သူ၏ အလင်းတန်းမှာလည်း သူမ၏ အလင်းတန်းနှင့်ပင် အတူတူလောက် ရှိသည်။

ဝေ့ဝူယင်က လင်းမင်ကို ကြည့်လိုက်၏။

“သူ့ကို ခဏတော့ လျစ်လျူထားလိုက်ဦး...”

သူ၏ စကားလုံးများက လင်းမင်အား မျက်မှောင်ကြုတ် သွားစေခဲ့သည်။ မလိုမကျမှု တစ်ခုက သူ၏ မျက်ခုံး များတွင် ပေါ်လွင်လာ၏။ သို့သော်လည်း သူသည် သူ့ကိုယ်သူ အလွန် ယုံကြည်မှု ရှိရာ ဝေ့ဝူယင်၏ စကားကို အပြုံးဖြင့်သာ ပယ်ချလိုက်သည်။

“ကောင်းပါပြီ...”

ကျူးဟိုင်နှင့် စုမေ့တို့မှာ ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက်တွင် ကိုယ်ရောင်ကိုယ်ဝါများကို ဖော်ထုတ်လိုက်ကြရင်း ခြားနားသည့် အရပ်မျက်နှာ အသီးသီးကို ပျံတက် ထွက်ခွာ သွားခဲ့ကြတော့သည်။ ဝံပုလွေ ခွေးရိုင်းအုပ်နှင့် အဇူရာ မြွေကြီးတို့မှာလည်း အရိပ်များ အလား နောက်မှ လိုက်ပါသွားခဲ့ကြသည်။

တစ်ချိန်တည်း၌ ဝေ့ဝူယင်၏ ရွှေကြယ်အဆင့် သားရဲ သုံးကောင်မှာလည်း မြူးကြွ‌သော အသံများကို ပြုကြရင်း ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများတွင်မူ တူညီသော ရည်ရွယ်ချက် တစ်ခုတည်းသာလျှင် ရှိပေသည်။ ထိုအရာကား သုတ်သင်ခြင်းပင်။

လင်းမင်မှာ ထိုမြင်ကွင်း အားလုံးကို တိတ်တဆိတ်ပင် ကြည့်နေခဲ့သည်။ အထူးသဖြင့် သူ၏ မျက်လုံးများက ကျူးဟိုင်ကြည့်ကာ တဖျပ်ဖျပ် တောက်ပနေ၏။ သူသည် ထိုရှို့ရန်နှင့် လက်ရည်စမ်း တိုက်ခိုက်ချင်နေသော်လည်း အလင်း စမ်းသပ်မှုက အကောင်းဆုံး တိုက်ခိုက်ရေးကွင်း မဟုတ်သေးကြောင်း  နားလည်ပေသည်။ သို့ဖြစ်ရာ သူ တတိယ စမ်းသပ်မှုကို စောင့်ဆိုင်းရပေလိမ့်မည်။

“သူက မင်းလက်အောက်ငယ်သားလား...”

လင်းမင် ဝေ့ဝူယင် ဘက်သို့ လှည့်ကြည့်ရင်း မေးလိုက်၏။

“ဟုတ်တယ်...”

ဝေ့ဝူယင်က ထူးမခြားနား ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုအခိုက်တွင်ပင် ခပ်လှမ်းလှမ်း ကြောက်လန့်တကြား အော်ဟစ်သံများနှင့် နာကျင်သည့် အာမေဋိတ်သံများ ထွက်ပေါ်လာသည်ကို သူတို့ ကြားလိုက်ရ၏။

စက္ကန့်ပိုင်းမျှ အတောအတွင်းမှာပင် များစွာသော ပြိုင်ပွဲဝင်များမှာ ကျူးဟိုင်၊ စုမေ့နှင့် ရွှေကြယ်အဆင့် သားရဲများ၏ ရှင်းထုတ်ခြင်းကို ခံလိုက်ကြရပြီ ဖြစ်သည်။ သားရဲ သုံးကောင်၏ ကျေးဇူးဖြင့် ဝေ့ဝူယင်၏ အလင်းကျောက်တိုင်က ပို၍သာ ထိန်ထိန်လင်းလက် လာခဲ့လေ၏။

“ဟူး...”

လင်းမင်မှာ ဝေ့ဝူယင်၏ အလင်းတိုက်ကို တစ်ချက် ကြည့်ကာ သက်ပြင်းချလိုက်၏။ ထိုအမှတ်များကို သူ လုယူချင်သော်လည်း ကျူးဟိုင်နှင့် ရွှေကြယ်အဆင့် သားရဲသုံးကောင်ကို ပြန်လည် မြင်ယောင်မိသော အခိုက်၌ လက်လျှော့ရန်သာ ဆုံးဖြတ်လိုက်သည်။

“ငါတို့ မကြာခင် ပြန်တွေ့ကြတာပေါ့...”

သူက ရွှေကြယ် အဆင့် သားရဲ၏ ခေါင်းပေါ်ကို ခုန်တက်ရင်း ပြောလိုက်၏။ ထို့နောက် ပျင်းရိပျင်းတွဲပင် သားရဲနှင့် လူမှာ ထွက်ခွာသွားတော့သည်။

“သူက လူထူးဆန်းပဲ...”

ဝေ့ဝူယင်က မှတ်ချက်ပြုလိုက်သည်။ လင်းမင် စကားထဲမှ “မကြာခင်” ဆိုသည်က တတိယ စမ်းသပ်ပွဲကို ရည်ညွှန်းကြောင်း သူသိပေသည်။ တတိယ စမ်းသပ်ပွဲမှာ သားရဲများကို ပါဝင်ရန် ခွင့်ပြုမထားပဲ ပါရမီရှင် အချင်းချင်း မျှတစွာ တိုက်ခိုက်ကြရမည့် တိုက်ပွဲ ဖြစ်ပေသည်။ ကြည့်ရသည်က လင်းမင်မှာ ထိုတိုက်ပွဲတွင် သူနှင့် ကျူးဟိုင် နှစ်ယောက်စလုံးကို ရင်ဆိုင်ရန် အားခဲထားပုံ ပေါ်သည်။

“ဟန်ရှဲ့ရဲ့ အမွေအနှစ်ကို လက်ခံနိုင်တဲ့ သူက ကျိန်းသေ ထိုက်တန်လို့ပဲ”

ဝူယုက ပြောလိုက်၏။

“သူက ခင်ဗျားထက် ပိုပြီး အစွမ်းထက်လား...”

ဝေ့ဝူယင် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

“ဟင့်အင်း... ဒါပေမဲ့ ငါ့ထက် ပိုပြီး ပါရမီရှိတယ်... ပိုပြီး ဆုံးဖြတ်ချက် ပြတ်သားတယ်... ပိုပြီး ဉာဏ်လည်း ကောင်းတယ်... ဒါပေမဲ့ ကံကောင်းတာ တစ်ခုက ငါဟာ ထာဝရ ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို သူတို့ အားလုံးထက် ပိုရခဲ့တာပဲ... ဒါကြောင့်ပဲ အထွတ်အထိပ် နေရာကို ငါ လွယ်လွယ်နဲ့ တက်လှမ်းနိုင်ခဲ့တာ”

ဝူယု၏ အသံက ဂုဏ်ယူမှုနှင့် လွမ်းဆွတ်မှုတို့ကို ဆွဲကိုင်ထား၏။

“ငါ ကပ်ဘေးကြောင့် ခန္ဓာ ပျက်စီးသွားခဲ့တဲ့ အချိန်မှာ သူက ဆက်ပြီး အသက်ရှင်ခဲ့တယ်... ငါ့အထင် သူ ဒီကြယ်တာရာ နယ်မြေကနေ ထွက်သွားပြီး ပိုတောင် အစွမ်းထက် နေလောက်ပြီ... ငါထင်တာသာ မမှားရင် သူ ဒီနေ့အထိ ဆက်ပြီး အသက်ရှင်နေလောက်သေးတယ်”

သူ၏ အသံက ရှုံးနိမ့်မှုကို ဝန်ခံနေသလိုလိုပင်။ သူသည် ထာဝရ ဧကရာဇ်၏ ထောက်ပံ့မှုများကို အများဆုံး ရရှိခဲ့သည်။ ၎င်းတို့၏ အကူအညီဖြင့် ကျင့်ကြံခြင်း အဆင့်များကို တစ်ဆင့်ပြီး တစ်ဆင့် ချိုးဖျက်နိုင်ခဲ့သည်။ သို့သော်လည်း ထာဝရ ဧကရာဇ် မရှိချိန်၌ သူ ဘာဖြစ်သွားသနည်း။ ပထမဆုံး အကြိမ် ကပ်ဘေး ဖြတ်ကျော်ရန် ကြိုးစားစဥ်မှာပင် ကျဆုံးခဲ့ရသည်။ သို့သော်လည်း သူ့ထက် စာလျှင် ဟန်ရှဲ့မှာ ကိုယ့်အား ကိုယ်ကိုးကာ ကိုယ့်လမ်းစဥ်ကို ဖောက်၍ လျှောက်ခဲ့သူ ဖြစ်ပေသည်။

သူတို့ နှစ်ယောက် ရောက်တတ်ရာရာ စကား အေးအေးဆေးဆေး ပြောဆိုနေကြချိန်တွင် ပတ်ဝန်းကျင် လောက တစ်ခုလုံးမှာမူ ဖရိုဖရဲ အော်ဟစ်သံများဖြင့် ဆူညံနေခဲ့တော့သည်။

...

ထိုအချိန် ကျောက်ဖြာကြီးထက်၌ အကြီးအကဲများနှင့် ပရိသတ်များ အပါအဝင် သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးမှာ ကျွင်းနာဂြိုဟ် မျက်နှာပြင်ထက်ရှိ အခြေအနေများကို စိတ်ရှည်စွာပင် စောင့်ကြည့်နေကြသည်။ ဝေ့ဝူယင်နှင့် ကျူးဟိုင်တို့ အကြား ထိပ်တိုက် တွေ့ဆုံမှုက စိတ်ဝင်စားဖွယ်ရာ ကောင်းခဲ့သော်လည်း ရုတ်ချည်း ပြီးဆုံးသွားမှုကမူ သူတို့ကို စိတ်ပျက်စေခဲ့သည်။

လက်ရှိ၌ ကျူးဟိုင်နှင့် စုမေ့တို့မှာ ခွန်အားနှင့် သားရဲ အားသာချက်ကို သုံးကာ များစွာသော ပြိုင်ပွဲဝင်များကို အမှိုက်စွန့်သလို ရှင်းပစ်နေကြသည်။  နောက်ခံ၊ ပါရမီ၊ အလားအလာနှင့် အရည်အသွေး... တစ်ခုတစ်လေကိုမှ သူတို့ ထည့်သွင်း စဥ်းစားကာ ညှာတာခြင်း မပြုပါချေ။

သူတို့ ရှင်းပစ်သည့် အထဲ၌ အနန္တဧကရာဇ်ဂိုဏ်မှ ပြိုင်ပွဲဝင်များပင် ပါဝင်နေသည်။ ရွှေကြယ်အဆင့် သားရဲ လေးကောင်၊ ခွေးမျိုးနွယ် သားရိုင်းတစ်အုပ်တို့ စုပေါင်းထားသော အင်အားက ငှက်ပျောသီးကို အခွံနွှာ စားရသလို လွယ်ကူလှပေသည်။

အဂ္ဂိရတ် အစည်းအရုံး၏ ယာယီတဲနန်း အတွင်း၌... များစွာသော ကျင့်ကြံသူများမှာ မျက်နှာများ မည်းမှောင်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ သူတို့ ဘာကို မျှော်လင့်ရတော့မည်နည်း။

လွန်ခဲ့သည့် ခြောက်လအတွင်း၌ သူတို့သည် ရင်းမြစ် အားလုံးကို ပုံအောကာ အဆင့်ခြောက် ဝိညာဥ်ဆင်းတု တစ်ယောက်ကို‌ မွေးထုတ်နိုင်ခဲ့သည်။ ထိုတစ်ယောက်၏ အားထုတ်မှုဖြင့် ပြိုင်ပွဲ၏ ပထမဆုကို သိမ်းပိုက်ရန် သူတို့ မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း ကံမကောင်းစွာပင် ထိုလူငယ်လေးမှာ မျက်သုံးလုံး ကျီးကန်း၊ အဖြူရောင် မီးလျှံကျားတို့၏ ရှင်းလင်းခြင်းကို ခံခဲ့ရသည်။

“ငါတို့ ရှုံးသွားပြီ...”

အဂ္ဂိရတ် အစည်းအရုံးသခင် ချင်ကူးယွင်က သက်ပြင်းတစ်ချက် ချရင်း ရေရွတ်လိုက်သည်။  တွေဝေခြင်း၊ ဝမ်းနည်းခြင်းနှင့် စိတ်ရှုပ်ထွေးသော ခံစားချက်များမှာ သူ့နှုတ်ခမ်းထက်၌ တွဲခိုနေ၏။

“ဒါပေမဲ့... ငါတို့မှာ အခွင့်အရေး ရှိနေတုန်းပါပဲ”

ငွေရောင် ဆံပင်များနှင့် အဘွားအိုကြီး တစ်ယောက်က နှစ်သိမ့်ရန် ကြိုးစားလိုက်၏။ ပြိုင်ပွဲ၏ စည်းမျဥ်းများ အရ.. အခြားဂိုဏ်း အဖွဲ့အစည်းမှ ပြိုင်ပွဲဝင် တစ်ဦးဦး ပထမဆုကို ရယူနိုင်လျှင် သူတို့ အကြားရှိ လောင်းကြေး ကျိန်ဆိုမှုမှာ ပျက်ပြယ်သွားလိမ့်မည် ဖြစ်သည်။ ထိုအခါ ဝေ့ဝူယင်အား သူတို့ ဘာလောင်းကြေးမှ ပေးစရာ လိုတော့မည် မဟုတ်ချေ။

“ခုထိ အခြားလူ တစ်ယောက်က ပထမဆုကို ရယူနိုင်မယ်လို့‌ တွေးနေတုန်းလား... ဝေ့ဝူယင် ပြိုင်ပွဲက ထွက်သွားရင်တောင် ကွင်းကိုးကွင်း ဝိညာဥ် ဆင်းတု ရှိတဲ့ သူ့လက်အောက်ငယ်သားကို ဘယ်သူ ယှဥ်နိုင်မှာလဲ”

ထိုစိတ်ဓာတ်ကျ‌နေသည့် အသံကား သူတို့ ဘယ်လိုမှ ထင်မှတ်မထားသည့် လူတစ်ယောက်ထံမှ ထွက်ပေါ် လာခဲ့ခြင်းပင် ဖြစ်သည်။ ထိုလူကား အဂ္ဂိရတ် အစည်းအရုံးသခင် ကိုယ်တိုင် ချင်ကူးယွင်ပင်။

***

All Chapters