ရယ်မောသံ
Vol. 21 Ch. 289
ချင်ကူးယွင်က အေးစက်သော လေသံဖြင့် ဆက်ပြောလိုက်၏။
“အမှန်တရားကနေ နောက်ကို ခြေလှမ်း တစ်သောင်းလောက် ဆုတ်ကြည့်မယ် ဆိုရင်တောင် အခြားလူတွေကို မြက်ပင်တွေလို ရှင်းပစ်နေတဲ့ မိန်းကလေးကို မင်းတို့ မတွေ့ကြဘူးလား”
ယာယီတဲနန်း အတွင်းရှိ အကြီးမားဆုံးသော အလင်း မျက်နှာပြင်က စုမေ့ထံသို့ ပြောင်းလဲသွား၏။ ထိုအခိုက်၌ သူမသည် အထွတ်အမြတ် အလင်း နန်းတော်၏ ဝိညာဥ် ဆင်းတုအဆင့် ပါရမီရှင် တစ်ယောက်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
သူမသည် ဝိညာဥ် ဆင်းတုကိုပင် ထုတ်ဖော်ခြင်း မပြုပဲ ဆေဘာနှင့် အမှောင်အလင်း အင်အားတို့ကို သုံး၍ တိုက်ခိုက်နေသည်။ သို့တိုင်အောင် အလင်းနန်းတော်၏ ပါရမီရှင်မှာ နောက်သို့ အဆက်မပြတ် ဆုတ်နေရကာ မကြာခင် ရှုံးနိမ့်သွားတော့သည်။
တစ်ချိန်တည်း၌ အထွတ်အမြတ် အလင်းနန်းတော်မှ လူများစွာမှာလည်း ထိုမြင်ကွင်းကို ကြည့်နေခဲ့ကြ၏။ တူညီသော ခံစားချက် တစ်ခုကမူ သူတို့၏ နှလုံးသား အတွင်း တူညီစွာ နေရာယူနေသည်။
မျှော်လင့်ချက် ကင်းမဲ့ခြင်းပင်...။
...
တစ်ချိန်တည်း၌ အနန္တဧကရာဇ်ဂိုဏ်း၏ တဲနန်းအတွင်းရှိ လူများမှာမူ အံ့သြခြင်း၊ ပျော်ရွှင်ခြင်း၊ ထိတ်လန့်ခြင်းများဖြင့် ထုံမွှမ်းနေသည်။ သူတို့သည် ဝေ့ဝူယင် ကိုင်တွယ်သည့် နည်းလမ်းများကို သိရှိကြပြီးသား ဖြစ်သည်။ သို့သော်လည်း ယခုလောက် ကြမ်းတမ်းလိမ့်မည်ဟု မထင်ထားခဲ့မိသည်ကတော့ အမှန်ပင် ဖြစ်သည်။ အနည်းဆုံး... ဝေ့ဝူယင်မှာ အနန္တကရာဇ်ဂိုဏ်းသားများကိုပင် ချမ်းသာရာ မပေးခဲ့ချေ။
“ဒီတော့ ပြိုင်ပွဲက အဆုံးသတ် သွားပြီပေါ့...”
ချင်းရိုင်က မှတ်ချက်ချလိုက်၏။ အခြားသော အကြီးအကဲများမှာ အလိုအလျောက်ပင် ခေါင်းညိတ် လိုက်မိကြသည်။ ပြောရလျှင် ဝေ့ဝူယင်၏ တစ်စင်တီမီတာခန့် ရှိသော ကြယ်တာရာ အမြုတေ အရွယ်အစားကို မြင်ကတည်းက သူတို့ ရလဒ်ကို ကြိုတင် ခန့်မှန်းနိုင်ခဲ့ကြပြီးသား ဖြစ်သည်။
အဂ္ဂိရတ် အစည်းအရုံး အနေဖြင့် လွန်ခဲ့သည့် ခြောက်လအတွင်း အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပင်လျှင် ဘာအရေးနည်း။ ဝေ့ဝူယင်ဘက်၌ အားဖြည့်ထားသူက ကွင်းကိုးကွင်း ဝိညာဥ် ဆင်းတုကို ပိုင်ဆိုင်ထားသည့် ကျူးဟိုင် ဖြစ်သည်။ ကွင်းတစ်ခုချင်းစီက ဝိညာဥ်ဆင်းတု၏ စွမ်းအားကို နှစ်ဆ တိုးစေနိုင်စွမ်း ရှိသည်။ လက်ပူတိုက်ကာ အဆင့်တက်လှမ်းလာသည့် အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်မှာ သူ့အား မည်သို့မှ ယှဥ်နိုင်လိမ့်မည် မဟုတ်ချေ။
မဟာ ဝိညာဥ် စမ်းသပ်ပွဲက တစ်ဖက်သတ်လို ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ကျူးဟိုင်နှင့် ဝေ့ဝူယင်တို့ ရန်သူများ ဖြစ်ခဲ့လျှင်တော့ ပြိုင်ပွဲက စိတ်လှုပ်ရှားစရာ ဖြစ်ကောင်း ဖြစ်လာပေလိမ့်မည်။ သို့သော်လည်း အနန္တဧကရာဇ်ဂိုဏ်း၏ အကြီးအကဲများ အနေဖြင့် ကျူးဟိုင်၏ နောက်ခံကို သူတို့ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ ထိုငွေရောင် ဝံပုလွေ မျိုးဆက်မှာ ဝေ့ဝူယင် အပေါ် အကြွင်းမဲ့ သစ္စာ စောင့်သိသူ ဖြစ်သည်။ သူတို့ နှစ်ယောက် ရန်သူဖြစ်ရန်က မည်သို့မှ မဖြစ်နိုင်ချေ။
သို့တိုင်အောင် ဝိညာဥ်ဆင်းတုများကို ကလေးနှင့် လူကြီးမခြား အနိုင်ယူနေသည့် အနက်ရောင် ဆံပင်များနှင့် မိန်းကလေးကို သူတို့ ထည့်မတွက်ရသေးချေ၊။
“ဟား ဟား...”
ဝေ့ဝူယင်အား ထောက်ခံသည့်... ပြောရလျှင် သူ့အတွက် များစွာသော အရာများကိုပင် လုပ်ပေးခဲ့ဖူးသည့် အကြီးအကဲ တစ်ယောက်က မထိန်းချုပ် နိုင်တော့ပဲ ထကာ ရယ်မောလိုက်မိသည်။ ထိုရယ်မောသံက သိပ်မကျယ်လောင်သည့်တိုင် လူအုပ်ကြီး အတွက်တော့ ကူးစက်လွယ်သည့် ဗိုင်းရပ်ပိုး တစ်ခုလိုပင်။
“ဟား ဟား ဟား...”
“ဟား ဟား ဟား...”
“ဟား ဟား ဟား...”
စိတ်လှုပ်ရှားမှုများနှင့် ပျော်ရွှင်ခြင်းများ ပြည့်နှက်နေသည့် ရယ်မောသံများက လှိုင်းများများ ကဲ့သို့ ထပ်ဆင့် ထပ်ဆင့် ထပ်ကာ ထွက်ပေါ်လာသည်။ အချို့ အကြီးအကဲများဆိုလျှင် ရယ်ရလွန်းသောကြောင့် တံတွေးများပင် သီးကုန်ကြ၏။
ဟော... ဟော...
ကျိချန်ကောင်းကလည်း အသံသြကြီးဖြင့် ထကာ ရယ်မောလိုက်၏။ ပုံပန်းမကျသည့် ထိုရယ်သံကြီးကြောင့် ဘေးနားရှိ ချင်းရိုင်နှင့် ယောင်ကျန်းတို့မှာလည်း မနေနိုင်တော့။ ချင်းရိုင် ဇာပုဝါ၏ အကာအကွယ်ကို ယူ၍ ခိုးပြုံးနေစဥ်တွင် ယောင်ကျန်းမှာ ပါးစပ်ထဲမှ ခရမ်းရောင် မီးတောက်များ ထွက်သည် အထိ တဟားဟား သဘောကျနေခဲ့တော့သည်။
ကျောက်ဖြာထက်ရှိ အခြား လူများမှာမူ ဝါးလုံးကွဲ ရယ်သံများ ထွက်ပေါ်နေသည့် အနန္တဧကရာဇ်ဂိုဏ်း၏ တဲနန်အား ကြည့်ရင်း ငိုမရမလို၊ လိုက်ရယ်ရမလို ဖြစ်နေခဲ့လေတော့သည်။
...
နာရီပေါင်းများစွာ ကြာပြီးသည့်နောက် စုမေ့နှင့် ကျူးဟိုင်တို့မှာ ဝေ့ဝူယင် ခိုင်းထားသည့် အလုပ်ကို အဆုံးသတ်ခဲ့ကြပြီး ဖြစ်သည်။ ဝေ့ဝူယင်ထံသို့ ပြန်လည် ရောက်ရှိလာချိန်တွင်... သူတို့၏ ခန္ဓာကိုယ်ပေါ်၌ အသေးစား ဒဏ်ရာ အချို့နှင့် ပင်ပန်း နွမ်းနယ်ခြင်း အငွေ့အသက် အချို့သာ ပါရှိလာသည်။ ထိုအချက်က... သူတို့၏ ကျင့်ကြံခြင်း အခြေခံနှင့် ခွန်အားမှာ အခြား ပြိုင်ပွဲဝင်များထက် အဆမတန် သာလွန်ကြောင်း ရှင်းလင်းစွာပင် ဖော်ပြနေသည်။
ထိုအခိုက်၌ ဝေ့ဝူယင်သည် ကျောက်တုံးတစ်ခုထက်၌ ထိုင်ကာ ပန်းသီးတစ်လုံးကို ကိုက်စားနေ၏။ သူက ပလုတ်ပလောင်းနှင့်ပင် မေးလိုက်သည်။
“ဘယ်လောက်လဲ...”
“အကြမ်းဖျဥ်း ခြောက်ဆယ်ရာနှုန်းလောက် ရှိမယ် အရှင်ဝေ့...”
စုမေ့က ဖြေလိုက်၏။ သူမသည် ဆေဘာကို ဆုပ်ကိုင်ထားဆဲ ဖြစ်ကာ မျက်ဝန်းတို့က တိုက်ပွဲဝင်လိုစိတ်များနှင့် ပြည့်နှက်နေဆဲသည်။ သူမက ယခုကဲ့သို့ စိတ်လွတ် ကိုယ်လွတ် မတိုက်ခိုက်ရသည်မှာ အလွန် ကြာမြင့်လှခဲ့ပြီ ဖြစ်သည်။
နေသွေးနီနီဂိုဏ်းတွင် ရှိစဥ်က အချိန်များကိုပင် သူမ ပြန်လည် သတိရလိုက်မိ၏။ သွေးစွန်းသည့် ထိုနေ့ရက်များတွင် သူမသည် အရှင်ဝေ့ နောက်မှ လိုက်ရင်း အဆုံးမဲ့စွာ တိုက်ခိုက်ခဲ့သည်။ လုပ်ကြံမှုများနှင့် ဓားသွားများ အကြားတွင် အသက်ရှင်ရန် ကြိုးစားခဲ့သည်။ သူမ၏ ဆေဘာတွင် သွေးမပေခဲ့သော နေ့ပင် မရှိခဲ့။
ကျူးဟိုင်ကမူ အေးစက်စက်သာ နှာခေါင်းရှုံ့၏။
“သူတို့က အားနည်းလွန်းတယ်...”
ပြိုင်ပွဲဝင်များထဲတွင် ဝိညာဥ်ဆင်းတု အဆင့်ပင်လျှင် သိပ်မပါချေ။ ကောင်းကင် အုပ်စိုးသူများလား... သူတို့က ခွေးတစ်အုပ်ဖြင့်ပင် ကိစ္စပြတ်ပေသည်။
သူသည် ဝိညာဥ် ဆင်းတု အချို့ကို အမဲလိုက်ရန် ကြိုးစားသေးသော်လည်း စုမေ့က ကြောက်စရာ ကောင်းအောင် လျှင်မြန်လွန်းသည်။ သူမက အလင်းတန်း တစ်ခုလို ရောက်ရှိလာကာ တိုက်ကွက် ဆယ်ကွက် မပြည့်ခင်မှာပင် အဆုံးသတ်သွားသည်။
ဝေ့ဝူယင် သူတို့ နှစ်ယောက်ကို ကြည့်ရင်း အလင်းတန်းများ ယခင်ကထက် အဆများစွာ ပိုမို တောက်ပလာကြောင်း သတိထားမိလိုက်သည်။
“မင်းတို့နှစ်ယောက် အလင်းကျောက်တိုင်တွေကို ရှာပြီး စိန်ခေါ်မှုတွေ ကျော်လွှားကြပါလား... ကံကောင်းရင် ထိုက်တန်တဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံရမှာပါ”
သူတို့ သုံးယောက်စလုံး၏ အမှတ်များမှာ နောက်တစ်ဆင့်သို့ ရောက်ရှိရန် လုံလောက်သည်ထက်ပင် ပိုလျှံခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း စမ်းသပ်ပွဲပြီးရန် အချိန်က အတော်လိုသေးသည်။ သည်ကာလများ အတွင်း အလကား ထိုင်နေသည်ထက် ထိုကျောက်တိုင်များကို စိန်ခေါ် ကျော်ဖြတ်နေခြင်းက ပိုမို ပျော်စရာာ ကောင်းပေလိမ့်မည်။
“နားလည်ပါပြီ...”
စုမေ့က ခေါင်းညိတ်လိုက်၏။ ထို့နောက် တုန့်ဆိုင်းခြင်း မရှိပါပဲ သူမ၏ အဇူရာ မြွေကြီးကို ခေါ်ကာ ခြေဦးတည့်ရာ ထွက်သွားတော့သည်။
ကျူးဟိုင်က ဝေ့ဝူယင်ကို ဦးတစ်ချက် ညွှတ်လိုက်၏။ ထွက်သွားရန် ဟန်ပြင်လိုက်ပြီးနောက်မှ သူက တစ်ချက် တုန့်ဆိုင်းသွားကာ ဝေ့ဝူယင်ကို တက်ကြွစွာ ကြည့်လိုက်သည်။
“သခင်... တတိယ စမ်းသပ်မှုမှာ ကျုပ်တို့ ပြန်တွေ့ကြရင် ခွန်အား အပြည့်ကို သုံးမှာလား...”
ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။ ကျူးဟိုင်မှာ ဘာမှ ထပ်၍ စောဒက မတက်ချေ။ ဝေ့ဝူယင်မှာ သူ၏ ဆေဘာကို ရန်သူများအား သတ်ဖြတ်ရန် အတွက်သာ သုံးကြောင်း စုမေ့ထံမှ သူကြားဖူးသည်။
သူက နောက်တစ်ကြိမ် ဦးညွှတ်ရင်း ထွက်ခွာရန် ဟန်ပြင်လိုက်၏။ ထိုစဥ်မှာပင် ဝေ့ဝူယင်၏ အသံက ထွက်ပေါ်လာသည်။
“မင်းနဲ့ တိုက်ခိုက်တုန်းက ငါ စွမ်းအားကို အကုန်မစင် မသုံးခဲ့ဘူး ဆိုတာ မှန်တယ်... ဒါပေမဲ့ ဆေဘာက ငါ့ရဲ့ အစွမ်းအထက်ဆုံး တိုက်ပွဲဝင် စွမ်းအား မဟုတ်ဘူး... အမြင့်ဆုံး သတ်ဖြတ်ခြင်း ခွန်အား ပါနေတယ် ဆိုရုံလောက်ပဲ... တကယ်လို့ ငါသာ မင်း ပြောသလိုမျိုး စွမ်းအား အပြည့်ကို ဖော်ထုတ်ပြီး တိုက်ခိုက်မယ် ဆိုရင် ငါ့ရဲ့ တိုက်ကွက် တစ်ဝက်ကိုတောင် မင်းခုခံနိုင်မှာ မဟုတ်ဘူး”
ခွန်အားအပြည့်... ထိုစကားလုံးက ထင်သလောက် မရိုးရှင်းချေ။ ၎င်းအား လွှမ်းခြုံမိစေရန် အတွက် မူလ မိုးကုပ်စက်ဝိုင်း အဆင့်၊ တစ်စင်တီမီတာ အရွယ်အစား ရှိသည့် ကြယ်တာရာ အမြုတေ လေးခု၊ မူလ ဒြပ်စင် ရည်ရွယ်ချက်နှင့် ဆေဘာ ရည်ရွယ်ချက် နှလုံးသား၊ ဧဒင် အင်အားနှင့် နဂါးအသွင်ပြောင်းခြင်း စွမ်းရည်... အစီအရင်များ၊ တိုက်ခိုက်ရေး နည်းလမ်းများနှင့် ဆေးလုံးများ... အားလုံးကို ထည့်တွက်မှ ရပေလိမ့်မည်။ ထိုခွန်အား အပြည့်ဖြင့် ဆိုလျှင် သူ မဟာ အင်ပါယာ သူတော်စင်များကိုပင် မကြောက်ချေ။ ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချရင်း ဆက်ပြောလိုက်၏။
“ဒါပေမဲ့ မတော်တဆမှု တစ်ခုကြောင့် ငါ ကြီးကြီးမားမား ဒဏ်ရာရထားသေးတယ်... ဒီအတောအတွင်း ခွန်အား အပြည့်ကို ငါသုံးနိုင်ဦးမှာ မဟုတ်ဘူး”
သူအမှန်တရားကို ဖုံးကွယ် မထားပါချေ။ သူ၏ လက်ရှိ ခန္ဓာကိုယ်ထဲတွင် မှိန်ဖျော့နေသည့် သွေးမျိုးဆက် တစ်ခု ရှိနေသည်။ ထိုအရာကပင် သူ့အား စွမ်းအား အပြည့် မဖော်ထုတ်နိုင်အောင် တားမြစ်ထားသည်။
ကျူးဟိုင် ခဏတာမျှ တိတ်ဆိတ်သွား၏။ အဆုံးတွင် သူသည် အခြေအနေကို လုံးလုံးလျားလျား လက်ခံရန် ဆုံးဖြတ်လိုက်ကာ အတွေးအမြင်များကို ပြောင်းလဲလိုက်သည်။ ဝေ့ဝူယင်သည် အပြောအဆိုနှင့် အပြုအမူတို့တွင် အမြဲတမ်း ပြတ်သားကာ ဘယ်တော့မှ လိမ်ညာတတ်သူ မဟုတ်ချေ။ သူက တိုက်ကွက်ကို မခုခံနိုင်ဟု ဆိုလျှင် ထိုအရာက အမှန်တရားသာ ဖြစ်ပေသည်။
ခေါင်းတစ်ချက် ညိတ်ရင်း သူ လေချွန်လိုက်၏။ ထို့နောက် ခွေးမျိုးရိုး သားရိုင်းအုပ်စုကို ဦးခေါင်းရင်း တဖြည်းဖြည်း ထွက်ခွာသွားတော့သည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အမှောင် လေဟာနယ်ထဲတွင် မှိတ်တုပ်မှိတ်တုပ် လင်းလက်နေသည့် အနန္တ ဧကရာဇ်ဂြိုဟ်ဆီသို့ ရွေ့လျားသွား၏။ ထိုအခါ တစ်စုံတစ်ယောက်၏ ပုံရိပ်က သူ့မျက်လုံးထဲ ဖျပ်ခနဲ ပေါ်လာသည်။
“အဘိုးကြီး... ကျုပ်ဘက်ကတော့ အားလုံးရဲ့ မျက်လုံးတွေကို စုစည်းထား ပြီးပြီ... ခင်ဗျားဘက်က တာဝန်ကျေဖို့ပဲ ရှိတော့တယ်... အချိန်ကို ကောင်းကောင်း အသုံးချပါ.. ကျုပ်ကို စိတ်မပျက်စေနဲ့”
ဝေ့ဝူယင် ထိုစကားလုံးများကို တီးတိုး ရေရွတ်နေစဥ်မှာပင် အခြား ဖြစ်ရပ်တစ်ခုမှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပျက်နေခဲ့လေသည်။
...
အနန္တဧကရာဇ်ဂြိုဟ်၏ အဆင့်ရှစ် ကောင်းကင် အလွှာထက်၌ မီးခိုးရောင် ဝတ်ရုံ၊ မီးခိုးရောင် ဆံပင်များနှင့် လူအိုကြီး တစ်ယောက်မှာ လွင့်မြောနေခဲ့လေသည်။ သူသည် နောက်ဆုံး ကောင်းကင်အလွှာကို ဖြတ်သန်းကာ အမှောင်အာကာသ အတွင်းကို ကြည့်နေခဲ့၏။ အဆုံးမဲ့သော အရှိန်အဝါနှင့် စွမ်းအားများမှာမူ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေခဲ့လေသည်။
“ဒီအရိုးအိုကြီးတွေက ဒီခေတ်ကို ပြောင်းပြန်လှန်နိုင်မလား ကြည့်ကြတာပေါ့... သူဌေးလေးရေ... ဘယ်သူထင်ခဲ့မှာလဲ... နေဝင်ချိန် ရောက်ခါနီးမှ ရောင်နီဦးပေါ်လာမယ်လို့”
ထိုစကားလုံးများ အဆုံး၌ ရယ်မောသံများက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ သူ၏ ကိုယ်ရောင် ကိုယ်ဝါက ပို၍ ပို၍ မြင့်တက်လာလေရာ ကောင်းကင်အလွှာတွင် မုန်တိုင်းများပင် ဖြစ်ပေါ်လာခဲ့သည်။
ထိုလူအိုကြီးမှာ ထို့ပိဟန်ပင် ဖြစ်ည်။ ထို့အပြင် ဤသည်က သူ၏ ကြယ်တာရာ ကပ်ဘေး ဖြစ်သည်။
သုံးလွှာ ကြယ်တာရာ နယ်မြေကြီးရှိ မရေမတွက်နိုင်သော ပါရမီရှင်များ၏ အသက်များကို ခေတ်အဆက်ဆက် နှုတ်ယူခဲ့သည့် ဒဏ္ဍာရီလာ အဆင့်ခုနစ် “ကမ္ဘာဦး ကြယ်တာရာ ကပ်ဘေး” ကား ကျဆင်းလာတော့မည် ဖြစ်လေတော့သည်။
***