← Chapters

စမ်းသပ်ပွဲ စတင်ခြင်း

Vol. 21 Ch. 292

စမ်းသပ်ပွဲ စတင်ခြင်း

Vol. 21 Ch. 292

ဝေ့ဝူယင် လှည့်ကြည့်လိုက်တော့ တောက်ပသော အပြုံး၊ လှပသော မျက်လုံးတို့ဖြင့် သူ့ထံ လျှောက်လာနေသည့် ချင်ချူးမူကို တွေ့လိုက်ရသည်။

သူမ၏ မြစိမ်းရောင် မျက်ဝန်းများမှာ သန့်ရှင်း စင်ကြယ်မှုဖြင့် စွန်းထင်းနေသည်။ ခန္ဓာကိုယ် တစ်ဝိုက်တွင် ဝန်းရံနေသည့် မန်နာများကို ကြည့်ခြင်းဖြင့် သူမမှာ ကျင့်ကြံခြင်း အဆင့်သစ်ကို တက်လှမ်း နိုင်ခဲ့ကြောင်း သိသာလှပေသည်။

"ဟေး…"

ဝေ့ဝူယင် သူမကို တောက်ပသော အပြုံးဖြင့် ကြိုဆိုလိုက်သည်။

"ကျေး…"

ပထမ၌ ကျေးဇူးတင်ပါတယ် ဟူသော စကားလုံးက ယောင်၍ ထွက်သွားတော့မလို ဖြစ်ခဲ့သော်လည်း သူမ ချက်ချင်းပင် ပြန်လည် ထိန်းချုပ်လိုက်သည်။

မိခင် ဖြစ်သူက ဆုံးမခဲ့ဖူးသည်။ စစ်မှန်သော ဆက်ဆံရေး တစ်ခုတွင် သဘာဝ မကျဆုံး စကားလုံးက ကျေးဇူးတင်ပါတယ် ဟူ၍။ ကြည့်ရသည်က ထိုစကားလုံးများမှာ မှန်နေပုံ ရပေသည်။

"ငါ ကြယ်တာရာ အမြုတေ အဆင့်နှစ်ကို ရောက်သွားပြီ…"

သူမက စကားလုံးများကို ပြောင်းလဲလိုက်ရင်း ဂုဏ်ယူစွာ ဆိုလိုက်သည်။

ဝေ့ဝူယင် မျက်ခုံးနှစ်ဖက်ကို ပင့်လိုက်မိ၏။ စိတ်ထဲတွင်တော့ "ငါသိတဲ့ လူတိုင်းက ငါ့ထက် ကျင့်ကြံတာ ပိုမြန်ကြတဲ့ လူတွေချည်းပဲ" ဟူ၍ မြည်တမ်းလိုက်မိသည်။ စုမေ့၊ တရှန်း၊ လုံချန်၊ ယွမ်လုံရှီ၊ ဟန်ရှဲ့၏ အမွေခံ လူငယ်… အားလုံးက သူ့ထက် တိုးတက်မှု မြန်ဆန်ကြသူများချည်းသာ ဖြစ်သည်။ ယခု တစ်ဖန် ထိုအုပ်စုထဲတွင် ချင်ချူးမူပါ ပါဝင် လာခဲ့ပြီ ဖြစ်သည်။

"ဟုတ်ပါပြီ… ဂုဏ်ယူပါတယ်ကွာ…"

သူ၏ စကားလုံးများက အရှုံးကို ဝန်ခံသည့်နှယ်ပင်။ ထိုအရာက ချင်ချူးမူအား ကျေနပ်သွားဟန် ရကာ တောက်ပသော အပြုံး တစ်ခု ဖြစ်ပေါ်လာ၏။ သူမက ရင်ဘတ်ကို အနည်းငယ် ကော့လိုက်၏။

"ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး နားမလည်တာ တစ်ခုခုရှိရင် ငါ့ကို မေးလို့ရတယ်"

ဝေ့ဝူယင်မှာ ကြောင်အအ ဖြစ်သွား၏။

"ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်က အတူတူပဲလေ… ဟုတ်တယ်မလား"

"အာ… ဟုတ်သားပဲ"

ချင်ချူးမူမှာ နည်းနည်း ရှက်သွား၏။ သူမမှာ ဝေ့ဝူယင်ထက် အသက် ငယ်ကာ ကျင့်ကြံခြင်း အမြန်နှုန်း ပိုမြင့်သည် ဆိုသော်လည်း ထိုအရာက သူတို့၏ ခွန်အားများကို ကိုယ်စား မပြုနိုင်ချေ။ မည်သို့ပင် ဆိုစေ… ဝေ့ဝူယင်မှာ ရွှေကြယ်အဆင့် သားရဲ သုံးကောင်ကိုပင် အနိုင်ယူခဲ့သူ ဖြစ်သည်။ ထိုအရာက သူမ ကဲ့သို့ သစ်သား ကျင့်ကြံသူ တစ်ယောက် အစွမ်းကုန် ကြိုးစားလျှင်ပင် မဖြစ်နိုင်သော အရာ ဖြစ်သည်။

ထိုအခိုက်တွင်ပင် အခြား ပုံရိပ် တစ်ခုမှာ ရောက်ရှိလာ၏။ သူ၏ မျက်လုံးများက အနည်းငယ် မှိန်းနေကာ တည်ငြိမ်မှုနှင့် မောက်မာမှုတို့ကို ဖော်ဆောင်ထားသည်။ ချင်ချူးမူနှင့် ဝေ့ဝူယင်တို့ ရင်းရင်းနှီးနှီး စကားပြောနေသည်ကို တွေ့သော အခိုက်၌ သူ၏ ခန္ဓာကိုယ်က မသိမသာ တုန်ရီသွား၏။ ရုတ်ချည်းပင် ပြင်းထန်သော မီးတောက် တစ်ခု ထွက်ပေါ်လာကာ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်တော့သည်။

ဝေ့ဝူယင်မှာ ရန်လိုသော အကြည့်ကို ခံစားမိရာ လာရာ အရပ်ကို လှမ်းကြည့်လိုက်၏။ သူကား လုံချန်ပင်။ သူသည် ကျင့်ကြံခြင်း အခြေခံ မြင့်တက်လာခဲ့ကာ ကောင်းကင် အုပ်စိုးသူ တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ့ပတ်ဝန်းကျင်ရှိ မန်နာများမှာ တည်ငြိမ်နေကာ သူ၏ အသက်ရှူမှု၊  လှုပ်ရှားမှုတို့နှင့် ထပ်တူညီနေသည်။ မူလ မိုးကုပ်စက်ဝိုင်း အဆင့် မန်နာ ထိန်းချုပ်မှုနှင့် ဆင်တူနေသည့် ထိုလက္ခဏာများကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။

"အဲဒါက အင်ပါယာ ကောင်းကင်ချီ နည်းလမ်းရဲ့ ထူးခြားတဲ့ လက္ခဏာ တစ်ခု ဖြစ်ရမယ်… မှတ်တမ်းတွေ အရဆိုရင် အဲဒီ နည်းလမ်းက ကြယ်တာရာ ဝိညာဉ်တွေကို အစစ်အမှန် ဧကရာဇ်တွေလိုမျိုး ထိန်းချုပ်နိုင်အောင် ခွင့်ပြုပေးတယ် တဲ့"

ဝေ့ဝူယင် သူ ဖတ်ဖူးသည့် အချက်အလက် အချို့ကို ပြန်လည် စဉ်းစားလိုက်သည်။ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းမှာ လျှို့ဝှက် ဆန်းကြယ်ကာ ထူးခြားမှုများနှင့် ပြည့်နှက်နေသည့် ကျင့်စဉ် တစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ဝူယုနောက်ပိုင်း မည်သူမျှ မြင့်မားသော အဆင့်ထိ ရောက်အောင် မကျင့်ကြံနိုင်ခဲ့ကြခြင်း ဖြစ်သည်။

မည်သို့ပင် ဆိုစေ… ထိုအရာက ကောင်းမွန်ကာ ကျင့်ကြံရကျိုးနပ်သည့် နည်းလမ်း တစ်ခု ဖြစ်နေဆဲပင်။ ထို့ကြောင့်ပင် သူသည် အာဏာရှင် တစ်ယောက်ကို ထိုနည်းလမ်းအား ကျင့်ကြံစေရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သူတွေးတောနေစဉ်မှာပင် ချင်ချူးမူမှာ လှည့်လာကာ လုံချန်ကို သတိထားမိသွားသည်။ သူမက တစ်ခဏမျှ အေးခဲသွား၏။  စိတ်အတွေးများကို ကြားရန် ခက်ခဲလှသော်လည်း သူမ၏ မျက်လုံးများ ထဲတွင်တော့ တောက်ပမှု တစ်ခု ရှိနေသည်။ စိတ်ထဲမှ ညင်ညင်သာသာ သက်ပြင်းတစ်ချက် ချလိုက်ရင်း သူမက ပြောလိုက်၏။

"ငါ လုံချန်ကို သွားတွေ့လိုက်ဦးမယ်"

သူမ၏ လေသံထဲတွင်တော့ ထူးခြားမှု တစ်ခု တည်ရှိနေသည်။ စုမေ့နှင့် ဝေ့ဝူယင်တို့ ပင်လျှင် ထိုအရာကို သတိထားမိကြ၏။ ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြုံးလိုက်သည်။

"ကောင်းပြီလေ… နောက်မှ ပြန်တွေ့ကြတာပေါ့"

"အင်း…"

သူမက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ယောက်ျားတကာကို ရူးသွပ် သွားစေနိုင်သည့် နူးညံ့သော အပြုံးတစ်ခုကို ချန်ရစ်ရင်း လုံချန်ထံ ပျံသန်းသွားတော့သည်။

ချင်ချူးမူ ခပ်လှမ်းလှမ်းသို့ ရောက်ရှိသွားသည့်နောက် စုမေ့က ဝေ့ဝူယင်ကို ကြည့်လိုက်၏။

"ကျွန်မ သူ့ကို သတ်ပေးရမလား"

ဝေ့ဝူယင်က သူမအား ချက်ချင်း အဖြေ မပေးချေ။ သူက ထောင့်စွန်း တစ်နေရာတွင် ထိုင်နေသည့် အဖြူရောင် ဝတ်စုံနှင့် လူကိုသာ ကြည့်လိုက်သည်။ ရုတ်တရက် အလင်းရောင် ခပ်ဖျော့ဖျော့က သူ၏ ငွေရောင် မျက်ဝန်းများထဲ၌ တောက်ပသွားခဲ့လေ၏။

ထိုအခိုက်တွင်ပင် ထောင်စွန်းရှိ လူမှာ သူ့ခန္ဓာကိုယ်ထက်သို့ ဖိအားတစ်ခု ကျဆင်း လာသလို ခံစားလိုက်ရသည်။ သူက အနည်းငယ် မျက်မှောင်ကြုတ် သွားသော်လည်း မကြာခင် ပြန်လည် တည်ငြိမ်သွားသည်။

သူ့ နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်မူ ပြင်းထန်သော အကြပ်အတည်း ခံစားမှု တစ်ခု ပေါ်လာခဲ့လေ၏။

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ခေါင်းခါလိုက်သည်။

"ဒါက တာ့ရှန်းရဲ့ တိုက်ပွဲပဲ… ငါတို့ ကြားဝင် နှောက်ယှက်စရာ မလိုဘူး"

စုမေ့က ခေါင်းညိတ်လိုက်သည်။ စောနက "သူ့ကို သတ်လိုက်ရ မလား" ဆိုသည့် သူမ၏ စကားလုံးများက လုံချန်ကို ရည်ရွယ်ခြင်း မဟုတ်ချေ။ ရှင်းလင်းစွာပင် ထိုဝတ်ရုံဖြူနှင့် လူကိုသာ ရည်ညွှန်းခြင်း ဖြစ်ပေသည်။

ထို့နောက်တွင်… သတိထားရမည့် လူတစ်ယောက် အဖြစ် ဝေ့ဝူယင် မျှော်လင့်ထားသည့် နောက်ဆုံးသော ပုံရိပ် ရောက်ရှိလာသည်။ ကျူးဟိုင်မှာ မျက်လုံးများကို ဖွင့်ရင်း ထိုပုံရိပ်ကို လှမ်းကြည့် လိုက်၏။

လူငယ်သည် လှံတစ်စင်းကို ကိုင်ဆောင်ထား၏။ ကိုးရောင်ခြယ် အစက်တစ်ခုမှာမူ သူ့ မျက်ခုံး နှစ်ခုကြားတွင် တည်ရှိနေ၏။ မိမိကိုယ်ကို ပြင်းထန်စွာ ယုံကြည်မှု အရှိန်အဝါများက သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသည်။ သူကား ဒြပ်စင် ကောင်းကင်နန်းတော်မှ ပါရမီရှင် လင်းမင်ပင်။

အောင်နိုင်သူကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကား မကြာခင် စတင်တော့မည် ဖြစ်လေတော့သည်။

...

ကြီးကျယ်ခမ်းနားလှသော မဟာ ဝိညာဉ် စမ်းသပ်ပွဲကြီးကို ကြည့်နေကြသည့် များစွာသော လှည်းနေလှေအောင်း မြင်းစောင်းမကျန် ပရိသတ်များမှာ သွေးလည်ပတ်မှုများ ပိုမို မြန်ဆန်လာကာ ရင်များပင် တဒိတ်ဒိတ် ခုန်လာကြသည်။ ဤသည်က သူတို့အားလုံး စောင့်မျှော်နေခဲ့ကြသည့် အခိုက်အတန့်လည်း ဖြစ်ပေသည်။

သုံးလွှာ ကြယ်တာရာ နယ်မြေတွင် ကြယ်တာရာ အမြုတေ အဆင့်များကို တင်းကြပ်စွာ ကန့်သတ်ထားကြရာ ဤကဲ့သို့ တိုက်ပွဲမျိုးကို စစ်ဖြစ်ပွားချိန်များတွင်သာ တွေ့မြင်နိုင်ပေသည်။ သို့သော်လည်း စစ်ဖြစ်နေသော အချိန်များ၌ မည်သူက တိုက်ပွဲများကို ဇိမ်ပြေနပြေ ကြည့်နိုင်ပါမည်နည်း။

ကျောက်ဖျာကြီးထက်ရှိ ယာယီ တဲနန်းများ အတွင်းတွင်မူ… အကြီးအကဲနှင့် ခေါင်းဆောင်များ၏ မျက်လုံးများက ဝေ့ဝူယင်ထံသို့ ကျရောက်နေသည်။ ထာဝရ မင်းသားလေး အဖြစ် ကျော်ကြားသည့် ဤလူငယ်မှာ တိုက်ခိုက်ရေး စမ်းသပ်မှုတွင် စောင့်ကြည့်ချင်စရာ အကောင်းဆုံး ပုဂ္ဂိုလ် ဖြစ်ပေသည်။

သူသည် လွန်ခဲ့သည့် စမ်းသပ်မှု နှစ်ခုတွင်လည်း ပုံစံကောင်းများကို ပြသနိုင်ခဲ့သည်။ သူ၏ တစ်စင်တီမီတာ အချင်းရှိသည့် ကြယ်တာရာ အမြုတေ၊  ရွှေကြယ် အဆင့် သားရဲ သုံးကောင်ကို အနိုင်ယူပုံ… ထို့အပြင် ကျူးဟိုင်နှင့် တိုက်ပွဲ စသည်တို့က အံ့ဩထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။

အချို့ကဆိုလျှင် မဟာ ဝိညာဉ် စမ်းသပ်ပွဲကြီး၏ အောင်နိုင်သူမှာ ပေါ်လွင်နေပြီဟုပင် ပြောကြသည်။ မည်သို့ပင် ဆိုစေ… အလှည့်အပြောင်းများ ဆိုသည်မှာ အချိန်မရွေး ပေါ်လာတတ်သည့် အရာများ ဖြစ်ပေသည်။ တစ်ယောက်ယောက်က ထာဝရ မင်းသားလေးကို အံ့အားသင့်ဖွယ် အနိုင်ယူကာ ဗိုလ်စွဲကောင်း စွဲသွားနိုင်သည်။

ချင်းရိုင်သည် ကျိချန်းကောင်း၊ ယောင်ကျန်းတို့နှင့် အတူ ရပ်နေခဲ့၏။ သူတို့၏ နောက်တွင်တော့ ရှုတောင်း၊ ယောင်ကျန်း အပါအဝင် ပါရမီရှင် တပည့်သားမြေး အချို့ ရှိနေသည်။ လောလောဆယ်တွင် သူတို့၏ အမူအရာများက သိပ်ကောင်း မနေကြချေ။

ဒုတိယမြောက် အလင်းစမ်းသပ်မှုတွင်ပင် ကျူးဟိုင်နှင့် စုမေ့တို့၏ သောင်းကျန်းမှုကြောင့် သူတို့မှာ ဖယ်ထုတ် ခံခဲ့ရသည်။ ဂိုဏ်းသား အချင်းချင်း အပေါ် ထိုမျှ ရက်စက်မှုအား သူတို့ ခံပြင်း နေကြသော်လည်း သက်ပြင်းချရုံမှ လွဲ၍ ဘာတတ်နိုင်မည်နည်း။

လက်စားချေရန်လား… ကံဆိုးစွာပင် ထိုနှစ်ယောက်က ဝေ့ဝူယင်၏ လက်အောက် ငယ်သားများ ဖြစ်နေချေသည်။ ဘာတတ်နိုင်မည်နည်း။ သည်နေရာတွင် ရပ်ရင်း ဝေ့ဝူယင်၏ ပြိုင်ပွဲများကို ကြည့်ကြရုံသာ ရှိပေတော့မည်။

…

ဝမ်… ဝမ်…

တတိယမြောက် စမ်းသပ်မှု စတင်သည်နှင့် ပြိုင်ပွဲဝင် အားလုံး၏ ဝိညာဉ် ကျောက်စိမ်းပြားများမှာ စတင် တုန်ရီလာ၏။ ၎င်း၏ မျက်နှာပြင်ထက်ရှိ မြေပုံ အမှတ်အသားက ပြောင်းလဲသွားကာ စာတန်း အချို့ ပေါ်လာသည်။ ဝေ့ဝူယင် သူ၏ ဝိညာဉ် ကျောက်စိမ်းပြားကို ဆွဲထုတ်ရင်း ကြည့်လိုက်၏။

အနန္တ ဧကရာဇ်ဂိုဏ်း ပြိုင်ပွဲဝင်…

ကောင်းကင် အုပ်စိုးသူ ကျင့်ကြံခြင်း အဆင့်…

ဝိညာဉ် အမှတ် ၃၂၀၅ မှတ်…

ရင်းနှီးပြီးသား ထိုစာတန်း၏ အောက်တွင်မူ စမ်းသပ်ပွဲနှင့် ပတ်သက်သည့် စည်းမျဉ်းများကို ရေးထွင်းထားပေသည်။

ပထမဆုံး အနေဖြင့် ကျင့်ကြံခြင်း အဆင့် တူညီသူ နှစ်ဦး စိန်ခေါ်တိုက်ခိုက်ခဲ့ပါက ရှုံးနိမ့်သူမှာ ဝိညာဉ် အမှတ် ၅၀ ကို အနိုင်ရသူအား ပေးရလိမ့်မည် ဖြစ်သည်။ အကယ်၍ ဝိညာဉ် အမှတ် သုည အထိ ကျဆင်းသွားပါက သူတို့၏ ဝိညာဉ် ကျောက်စိမ်းပြားများ ကျိုးကြေသွားကာ သေသေ၊ ရှင်ရှင် အပြင်လောကကို ပို့လွှတ် ခံရလိမ့်မည် ဖြစ်သည်။

အကယ်၍ ကောင်းကင် အုပ်စိုးသူ တစ်ဦးမှာ လောကပင်လယ် အဆင့်ကို စိန်ခေါ်ချင်ပါက ဝိညာဉ်အမှတ်တစ်ရာ သို့မဟုတ်… သူတို့၏ လက်ကျန် အမှတ်အားလုံးကို ပေးရမည် ဖြစ်သည်။ အကယ်၍ လောက ပင်လယ် အဆင့်မှာ ထိုစိန်ခေါ်မှုကို ငြင်းဆန်ချင်ပါက တူညီသည့် အမှတ်ကိုပင် ပြန်လည် ပေးရမည် ဖြစ်သည်။ အဆင့်နိမ့် ကျင့်ကြံသူများကတော့  မြင့်မားသူများကို ဘာမှ ပေးစရာ မလိုပဲ စိန်ခေါ်နိုင်ပေသည်။

ယင်းကား ကျင့်ကြံခြင်း အဆင့် မြင့်မားသူများနှင့် နိမ့်ပါးသူများ အကြား အားသာချက်၊ အားနည်းချက် မရှိအောင် ရေးဆွဲထားသည့် ပြိုင်ပွဲတစ်ခု ဖြစ်လေတော့သည်။

***

All Chapters