← Chapters

သိုင်းဝိညာဉ် ပူးကပ်သွားခြင်း

Vol. 54 Ch. 721

သိုင်းဝိညာဉ် ပူးကပ်သွားခြင်း

Vol. 54 Ch. 721

နောက်ဆုံး‌တော့ ချင်မူသည် အားလုံးကို ဦးဆောင်ကာ တောင်ကောင်းကင်မုခ်ဝအပြင် ထွက်လာ၏။ ဖိအားမှာ တမုဟုတ်ချင်း ပျောက်ကွယ်သွားပြီး အားလုံး စိတ်လက်ပေါ့ပါးသွားကြသည်။

“နောင်တော်က ဘယ်ကလဲဗျ” လူသားနှင့် အနီးစပ်ဆုံး တူသည့် လူငယ်တစ်ယောက်က လျှောက်လာပြီး မေးသည်။

“ကျွန်တော်က မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ရဲ့ ဟူပုကွေ့ပါ ... သို့နျိုကမ္ဘာမှာ နောင်တော့်ကို မမြင်ဖူးဘူးလားလို့... စောစောက နောင်တော် ကောင်းကင်ဆရာသခင်နဲ့ စကားပြောနေတာ တွေ့ပါတယ်... အဲဒါကြောင့် ကျွန်တော် စကားလာမပြောရဲခဲ့တာ”

“ချင်မူ ၊ ချင်ဖုန်းကျင့်”

ချင်မူက မျက်လုံးသုံးလုံးနတ်ဘုရားမျိုးနွယ် လူငယ်ကို အကဲခတ်လိုက်သည်။ လူငယ်သည် ခြေလက်များ ကြီးမားပြီး ပခုံးလည်း ကျယ်သည်။ ပခုံးနှင့် ဂုတ်ပိုးကြွက်သားများကလည်း အဖုအထစ်များအဖြစ် တောင့်တင်းနေ၏။ သို့တိုင်အောင် သူ၏လက်မောင်းများမှာ ‌သေးသွယ်ပြီး အချိုးအစားမကျပေ။ လက်ဖျံသို့ ရောက်သည့်အခါ အလွန်တောင့်တင်းတုတ်ခိုင်သွားပြန်ပြီး လက်ကောက်ဝတ်၌မူ ကြွက်သားမရှိဘဲ သွယ်သွားပြန်သည်။

ခါးတွင်လည်း အလားတူပင်။ ကျောပြင်က ကျယ်ပြီး ခါး၌ သိမ်သွားသဖြင့် သူ့ခန္ဓာကိုယ်က တြိဂံသဖွယ် ဖြစ်နေသည်။ ပေါင်ကြွက်သားများက အလွန်တုတ်နေသော်လည်း ဒူးရောက်သည့်အခါ သေးငယ်သွားပြန်၏။ ခြေသလုံးများက ကြီးထွားသော်လည်း ခြေကျင်းဝတ်တွင် သိမ်သွားပြန်သည်။

ဟူပုကွေ့ သူ၏ကြွက်သားများကို လေ့ကျင့်ထားသော ပုံစံမှာ ချင်မူနှင့် မတူပေ။

ချင်မူ၏ ခန္ဓာကိုယ်သည် အချိုးအစားကျ၏။ ဟူပုကွေ့မှာမူ ကြွက်သားများကို ဖု‌ဖောင်းနေအောင် လေ့ကျင့်ထားသဖြင့် သူ့ရုပ်ခန္ဓာက ကြောက်မက်ဖွယ်ရာ ခွန်အားကို တမုဟုတ်ချင်း ထုတ်လွှတ်နိုင်သည်။

အခြားတစ်ဖက်တွင် ချင်မူ၏ ကြွက်သားများက ကျစ်ကျစ်လစ်လစ်သာ ရှိသည်။ ဟူပုကွေ့လို ကြောက်စရာကောင်းလောက်အောင် ဖုထစ်နေသော ကြွက်သားများ မရှိပေ။ ချင်မူ အားထုတ်ချင်လျှင် ကွေးညွတ်နေသော လေးသဖွယ် ပြုမူရ၏။ ခွန်အားကို မထုတ်လွှတ်ခင် ဦးစွာ စုစည်းရဿည်။

ခွန်အား ထုတ်လွှတ်သည့်နေရာတွင် ဟူပုကွေ့က ပိုမြန်သည်။ လျင်သည်။ သူ၏သိုင်းကွက်များက လျှပ်စီးများ ပစ်လွှတ်လိုက်သကဲ့သို့ တခဏအတွင်း အကြိမ်ပေါင်းများစွာ ထိမှန်နိုင်၏။ သို့တိုင်အောင် ခွန်အားတွင်မူ ချင်မူ၏ ကျစ်လစ်သော ကြွက်သားများက ပိုပြင်းထန်သော ခွန်အားကို စုစည်းနိုင်သည်။ နှေးတော့ နှေးသည်။

“ကျွန်တော်က မဟာမြို့ပျက်ကပါ... နောင်တော်တို့၊ အစ်မတော်တို့နဲ့ ပထမဆုံး တွေ့ရတာပါဗျ”

ချင်မူ စပ်စပ်စုစု မေးလိုက်မိသည်။ “ဟူပုကွေ့ ရဲ့ အဓိပ္ပါယ်က ‘ဘာကြောင့်အိမ်မပြန်လဲ’တဲ့... နောင်တော်ဟူရဲ့ နာမည်မှာ ဇာတ်လမ်းတစ်ခုခု ရှိနေတာလား”

ဟူပုကွေ့က အားလုံး၏နောက်မှ လျှောက်နေရင်း အချိန်တစ်ခုအထိ တိတ်ဆိတ်သွားသည်။ “ကျွန်တော့်မိဘတွေက သို့နျိုကမ္ဘာကနေ ထွက်သွားပြီး အပြင်မှာ ကျွန်တော့်ကို မွေးဖွားခဲ့တယ်... သူတို့အပြင်ထွက်လာတဲ့ အကြောင်းရင်းက မျိုးနွယ်ဝင်တွေမှာ ကောင်းကင်တံတားမရှိတဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖို့ပါ... ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး... အိမ်ပြန်ချင်တဲ့ အချိန်ကျတော့ ပြန်လို့မရတော့ဘူးလေ... ပြန်သွားရင်တောင် သူတို့စိတ်က သို့နျိုကမ္ဘာမှာ မရှိနိုင်တော့ဘူး.. အဲဒါကြောင့် ကျွန်တော့်နာမည်ကို ဟူပုကွေ့လို့ ပေးခဲ့တာပါ”

သူက ပြုံးလိုက်သည်။ “ဘာကြောင့် အိမ်မပြန်လဲတဲ့... ကျွန်တော့်မိဘတွေ ဒီနာမည်ပေးခဲ့တဲ့ အကြောင်းရင်းက အိမ်ရှိသေးတယ်ဆိုတဲ့ စိတ်လေး ပျောက်မသွားဖို့ပဲ... ကျွန်တော် သို့နျိုကမ္ဘာဆီ ရောက်လာ‌တော့‌ နောင်တော်၊ အစ်မတော်တွေက ကျွန်တော့်နာမည်ကို လှောင်ခဲ့ကြတယ်လေ... ဒါပေမဲ့ အခုတော့ အစ်ကိုကြီးလို့ ခေါ်နေကြပါပြီ”

ချင်မူ ခေါင်းညိတ်လိုက်မိသည်။ သူလည်း စောစောက မြင်ခဲ့ရသည်။ ဟူပုကွေ့သည် သေခြင်းရှင်ခြင်းအဆင့် သိုင်းသမားများအနက် အသန်မာဆုံးတစ်ယောက် ဖြစ်၏။ တောင်ကောင်းကင်မုခ်ဝတောက်တွင် သူ၏အရပ်က အခြားသူများထက် အနည်းငယ် မြင့်မားခဲ့သည်။

ချင်မူက အားလုံး၏ စိတ်ဓာတ်အားမာန်များကို ပေါင်းစု၍ မပြိုလဲနိုင်သော ခံတပ်အဖြစ် တည်ဆောက်ကာ ‌‌တောင်ကောင်းကင်မုခ်ဝ၏ ဖိအားကို ဟန့်တားလိုက်သည့်အချိန်တွင်လည်း ဟူပုကွေ့က အမြန်ဆုံး အရပ်ပြန်ရှည်လာခဲ့သည်။

သို့နျိုကမ္ဘာတွင် နောက်ကျမှ သိုင်းကျင့်လည်း မည်သို့မျှမဖြစ်ပေ။ အားလုံးက သေခြင်းရှင်ခြင်းအဆင့်၌ ပိတ်မိနေကြသည်မဟုတ်ပါလော။ ယခင်တုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင်လည်း ကောင်းကင်နတ်သိုင်းပညာရှင်များသည် ကောင်းကင်တံတားအဆင့်၌သာ ပိတ်မိနေကြပြီး အဆင့်မတက်နိုင် ဖြစ်ခဲ့ကြ၏။

ဟူပုကွေ့ နောက်ကျမှ ရောက်လာပြီး အစ်ကိုကြီးနေရာ ယူနိုင်ခဲ့ခြင်းမှာ သူ၏ပါရမီနှင့် ဇွဲလုံလံကို သက်သေပြနေသည်။

သူတို့အရှေ့ရှိ လူများက နန်းဆောင်တစ်ခုထံ ရောက်သွားကြချေပြီ။ သို့နျိုကောင်းကင်နန်း‌ဆောင်ဆီသို့ လမ်းသည် အလွန်ထူးခြား၏။ လမ်းက နဂါးသွဲ့ရေကန်၊ နတ်ဘုရားစီရင်ရာစင်မြင့်၊ ကျောက်စိမ်းမြို့တော်နှင့် နတ်ကောင်းကင်ခန်းမတို့ကို ဖြတ်သွားရသည်။

ချင်မူက ဟူပုကွေ့နှင့် သိုင်းဝိညာဉ်ဖွဲ့တည်နည်းအကြောင်း ဆွေးနွေးနေသောကြောင့် နောက်ကျကျန်ခဲ့လေသည်။

ချင်မူမှာ သိုင်းဝိညာဉ်အကြောင်း နားကန်းတစ်လုံးမျှ မသိပေ။ ‘သိုင်းပညာဖြင့် မူလဝိညာဉ်ဖွဲ့တည်ခြင်းက သိုင်းဝိညာဉ်ဖြစ်သည်’ အကြောင်း လယ်သမားအဘိုးအိုဆီမှာ ကြားခဲ့ဖူးသည်။ သိုင်းဝိညာဉ်က လမ်းစဉ်အဆင့်သို့ တက်လှမ်းသွားလျှင် သိုင်းလမ်းစဉ်ဖြစ်မည်။ သိုင်းဝိညာဉ်ကို မည်သို့ဖွဲ့တည်ရမှန်း သူ မသိပေ။

“တကယ်တမ်း သိုင်းဝိညာဉ်က သိုင်းလမ်းစဉ် မူလဝိညာဉ်ပါပဲ”

ဟူပုကွေ့က ချီတုံချတုံ ဖြစ်နေပြီး ပတ်ဝန်းကျင်ကို ဦးစွာအကဲခတ်ပြီးနောက်မှ ခပ်တိုးတိုး ပြောသည်။ “တကယ်တော့ ကျွန်တော်က အပြင်ကနည်းလမ်းတွေနဲ့ သိုင်းဝိညာဉ်ကို ဖွဲ့တည်ထားတာ... သို့နျိုကမ္ဘာမှာ မပြဌာန်းထားပေမယ့် လိုက်နာရတဲ့ စည်းကမ်းတွေ ရှိတယ်... ကျွန်‌တော်တို့အနေနဲ့ အပြင်လောကက ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်တွေ၊ လမ်းစဉ်တွေ သင်ခွင့်မရှိဘူး... ဒါပေမဲ့ ကျွန်တော်က မိဘတွေနဲ့ အပြင်လောကမှာ နေခဲ့ရတုန်းက ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်၊ လမ်းစဉ်တွေ သင်ခဲ့ရတယ်.... ဒီတော့ မူလဝိညာဉ်အပေါ် ကျွန်တော့်ရဲ့ နားလည်မှုက သို့နျိုကမ္ဘာသားတွေနဲ့ နည်းနည်းကွဲတယ်”

ချင်မူ ပို၍ပင် သိချင်သွားပြီး မေးလိုက်သည်။ “သိုင်းလမ်းစဉ် မူလဝိညာဉ်နဲ့ သာမန်မူလဝိညာဉ်က ဘယ်လိုကွာတာလဲ”

“ဘယ်လိုကွာလဲဆို သူတို့က ဝိညာဉ်သန္ဓေသားကို မနှိုးဘဲ သိုင်းဝိညာဉ်ကို အရင်ဖွဲ့တည်ထားတာ”

ဟူပုကွေ့က ပြောသည်။ “ဝိညာဉ်သန္ဓေသားကို မနှိုးဘဲ သိုင်းဝိညာဉ်ကို သံမဏလို မာကြောနေတောင် ကျင့်ရတယ်... သူတို့ငယ်ငယ်တုန်းတုန်းက ကျားရိုင်းတွေ၊ အဆိပ်မြွေတွေနဲ့ တိုက်ခိုက်ပြီး ရေနဂါးတွေကို သတ်ကြရတယ်... သို့နျိုကမ္ဘာမှာ ဒီလိုစမ်းသပ်မှုတွေကို ကျော်လွှားနိုင်တဲ့ လူငယ်များများစားစား မရှိဘူး... ဒါကြောင့် အတော်များများ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကုန်ကြတယ်”

ချင်မူ ထခုန်မိတတ် အံ့အားသင့်သွားသည်။ သူပင်လျှင် ငယ်ငယ်တုန်းက ထိုမျှရက်ရက်စက်စက် မလေ့ကျင့်ခဲ့ရပေ။

ဘိုးဘိုးဘွားဘွားတို့၏ လေ့ကျင့်ရေးများကလည်း အလွန်ရက်စက်သော်လည်း သူ့အသက်ကို ထိပါးသည်အထိ အန္တရာယ်မများပေ။ သို့နျိုကမ္ဘာ၏ လူများကမူ သူတို့၏ကလေးများကို ကျားရိုင်း၊ အဆိပ်မြွေနှင့် ရေနဂါးလို ဆန်းကြယ်သားရဲများဖြင့် တိုက်ခိုက်ခိုင်းသည်တဲ့လော... ကလေး၏ အသက်ကို တန်ဖိုးမထားဘူးလော။

အရှေ့ရှိ နန်းဆောင်ဆီမှ တဂျိန်းဂျိန်း ထစ်ချုန်းမြည်ဟည်းသံများ ထွက်ပေါ်လာသည်။ အသံတို့သည် သိုင်းသမားတစ်ယောက်၏ ခန္ဓာကိုယ်လှုပ်ရှားမှုများမှ ထွက်လာသော မိုးခြိမ်းသံများ ဖြစ်၏။ နန်းဆောင်ထဲ မဝင်ရသေးသော်လည်း ထိုလူ၏ ကြွက်သားများက ရိုက်နှက်ကန်ကျောက်မှုများစွာ ကျော်ဖြတ်ခဲ့ရသဖြင့် သံမဏိလို‌ တောင့်တင်းခိုင်မာနေမည်ဖြစ်ကြောင်း ချင်မူ ကောင်းကောင်းစိတ်ကူးကြည့်နိုင်သည်။

ထိုသိုင်းသမားသည် ချွေးသံရွှဲရွှဲ ကြွက်သားကြီးများဖြင့် ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်နေလိမ့်မည်။

ဟူပုကွေ့က အထူးအဆန်း မဟုတ်သည့်အလား ရှေ့ဆက်လျှောက်သွားသည်။ သူက ပြော၏။ “အတိုင်းအတာတစ်ခုအထိ ကျင့်ကြံပြီးသွားရင် ဝိညာဉ်က ရုပ်ခန္ဓာနဲ့ တစ်သားတည်း ဖြစ်သွားတယ်... သိုင်းဝိညာဉ်မှာ အသွေးအသားနဲ့ ရိုးတွင်းခြင်ဆီ ဖွဲ့တည်ပြီးသွားတဲ့အခါ အဲဒီသိုင်းသမားရဲ့ လှုပ်ရှားမှုတွေ မိုးခြိမ်းသံလို ပြင်းထန်အားကောင်းပြီး လျှပ်စီးလို လျင်မြန်လာတယ်.... သိုင်းလမ်းစဉ် ကောင်းကင်နတ်သိုင်းတွေက သိုင်းသမားရဲ့ စိတ်၊ သိုင်းသမားရဲ့ ခံစားချက်အတိုင်း လိုက်ပါစီးမျောရတယ်.... အဲဒါက သိုင်းဝိညာဉ်ပူးကပ်သွားပြီလို့ ခေါ်တယ်... ဒါဆို ဝိညာဉ်သန္ဓေသားနံရံကို ချိုးဖျက်လို့ရပြီ... ဝိညာဉ်သန္ဓေသား ဖွဲ့တည်လာတဲ့အခါ ချီစွမ်းအင်နဲ့ ရုပ်ခန္ဓာကိုယ်ကို အားဖြည့်ပေးရတယ်.... ကျွန်တော်က မိဘတွေနဲ့ အပြင်မှာ နေခဲ့ရတာဆိုတော့ သို့နျိုနန်းဆောင်ဆီ ပြန်ရောက်တော့ ကျွန်တော့်ဝိညာဉ်သန္ဓေသားက နိုးထနေပြီ... သိုင်းဝိညာဉ်ကို ဖွဲ့တည်ဖို့ အများကြီး ခက်ခဲခဲ့တယ်.. ဒါကြောင့် ကျွန်တော့်‌ညီအစ်ကိုမောင်နှမတွေထက် ပိုကြိုးစားအားထုတ်ခဲ့ရပါတယ်”

သူက ပေါ့ပေါ့ပါးပါး ပြောသွားသော်လည်း ခက်ခဲမှုက အပြင်လူများ တွေးပင်မကြည့်နိုင်လောက်အောင် ဖြစ်သည်။

ချင်မူ အတန်ငယ် တွေးကြည့်မိသည်။  ယခင်တုန်းက သူလည်း ထိုအတိုင်း သိုင်းကျင့်ခဲ့သော်လည်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကြောင့် ဝိညာဉ်သန္ဓေသားအတားအဆီးနံရံကို ချိုးဖျက်နိုင်ခဲ့၍ ထိုလမ်းအား ဆက်မလျှောက်ခဲ့ပေ။

သို့နျိုကမ္ဘာက သိုင်းဝိညာဉ်ပင် ဖွဲ့တည်နိုင်သည်အထိ ထိုလမ်းကို ဆက်လျှောက်ခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူတို့က အပြင်လောကနှင့် မတူကွဲပြားသော လမ်းတစ်လမ်းကို ရွေးချယ်ထားသည်။

“သိုင်းလမ်းစဉ် ကောင်းကင်နတ်သိုင်းတွေက သိုင်းသမားရဲ့ စိတ်၊ သိုင်းသမားရဲ့ ခံစားချက်အတိုင်း လိုက်ပါစီးမျောရတယ်.... အဲဒါက သိုင်းဝိညာဉ်ပူးကပ်သွားပြီလို့ ခေါ်တယ်တဲ့လား”

ချင်မူ သားသတ်သမား၊ အဘိုးကြီးမာ၊ မျက်ကန်းနှင့် ကျန်ရှိသူများဆီမှ သိုင်းကွက်အသားပေးကျင့်စဉ်များ သင်ယူခဲ့ရသည့်အချိန်ကို ပြန်အမှတ်ရလိုက်သည်။ သူ့မှာ သိုင်းဝိညာဉ်ဖွဲ့တည်နိုင်ရန် ခြေတစ်လှမ်းသာ ကွာတော့လေသည်။ ‘သိုင်းပညာဆရာသခင်က ငါ့လက်သီးတွေမှာ ဝိညာဉ်မပါဘူးလို့ ပြောသွားတယ်... တကယ်လည်း မပါဘူးကိုး... အဲဒီတုန်း ငါက သိုင်းဝိညာဉ်ပူးကပ်သွားတဲ့အထိ မကျင့်ကြံခဲ့ဘူး.. အခု ငါ့ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်ကို တစ်သားတည်းဖြစ်အောင် ပေါင်းစည်းထားနိုင်ပေမယ့် သိုင်းသမားတစ်ယောက်ရဲ့ အနှစ်သာရကို ထည့်မတွက်ခဲ့မိဘူး”

သူတို့ နန်းဆောင်ထဲ ဝင်လိုက်သည့်အခါ လူတစ်ယောက် ပျံထွက်လာသည်။ ချင်မူနှင့် ဟူပုကွေ့ ကပျာကယာ ရှောင်လိုက်ရ၏။ ထိုလူမှာ နန်းဆောင်ထဲမှ လွင့်ထွက်သွားပြီး တောင်ကောင်းကင်မုခ်ဝကို ဝင်တိုက်ကာ ပြုတ်ကျသွားသည်။

တောင်ကောင်းကင်မုခ်ဝသည် ပေတစ်ရာမြင့်မားသဖြင့် ထိုလူမှာ တော်တော်နှင့် မြေကြီးပေါ် မရောက်ပေ။ ထို့နောက် ပြုတ်ကျသွားပြီး မလှုပ်တော့။

‘ဒီ‌လောက်သန်မာတဲ့ ရုပ်ခန္ဓာနဲ့ မသေလောက်ပါဘူး‌’

ချင်မူ နန်းဆောင်ထဲသို့ ကြည့်လိုက်သည့်အခါ နန်း‌ဆောင်အတွင်းရှိ ပလ္လင်ရှေ့၌  ရပ်နေသော လယ်သမားတစ်ဦးကို မြင်ရသည်။ လယ်သမား၏ ချီနှင့်‌သွေးက ပင်လယ်လှိုင်းလုံးများ ထကြွနေသကဲ့သို့ သူ့ကို ဝန်းရံထားပြီး ချီနှင့်သွေးများဖြင့် ဖွဲ့တည်နေသော လူရိပ်များကိုလည်း တွေ့ရသည်။ လူရိပ်များက သိုင်းကွက်မျိုးစုံ လေ့ကျင့်နေကြသည်။

ထိုအရိပ်များက သူ၏လက်သီးရိပ်များပင်။

လယ်သမားက မျက်လုံးပိတ်လျက် မလှုပ်မယှက် ရပ်နေသည်။ သူ၏လက်သီးက နန်းဆောင်ထဲ ဝင်ရန် ကြိုးစားနေ‌သော သိုင်းသမားများကို တိုက်ခိုက်နေ၏။

ယင်းက စိတ်တန်ခိုးဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။ သူ၏လက်သီးများ၌ ကိန်းဝပ်နေသော စိတ်တန်ခိုးကား ပြင်းထန်အားကောင်းပြီး ပြိုင်ဘက်ကင်းနေသည်။

‘လက်သီးကို တကယ် ဖွဲ့တည်နေတဲ့အထိ ကျင့်ကြံထားတာက... သိုင်းပညာနဲ့ လမ်းစဉ်အဆင့် ရောက်နေပြီဆိုလိုတာမလား’

ချင်မူ တအံ့တဩ စုတ်သပ်လိုက်မိသည်။ “သူ မျက်လုံးဖွင့်လိုက်ရင် သူ့လက်သီးရဲ့ စိတ်တန်းခိုးက သူ့ခန္ဓာနဲ့ တစ်သားတည်း ပေါင်းစည်းသွားပြီး လက်သီးတစ်ချက်တည်းနဲ့ တစ်ကမ္ဘာလုံး စိစိညက်ညက် ကြေသွားလိမ့်မယ်”

ဤလယ်သမားသည် သာမန်လယ်သမားတစ်ဦးအသွင်သာ ရှိ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် သူ လမ်းလျှောက်သွားလျှင် မည်သူမှ သူ့အား နှစ်ခါကြည့်မည်မဟုတ်ပေ။

သို့တိုင်အောင် သူသည် နတ်ဘုရားစစ်တပ်ကြီး၏ စစ်သူကြီးနှင့် တူနေသည်။ မည်သူမျှ မော်မကြည့်ဝံ့သော အဟန့်အထည်မျိုး သူ့တွင် ရှိသည်။ စစ်မြေပြင်ထက်တွင် အန္တရာယ်များစွာ ကြုံတွေ့ခဲ့ဖူးပြီး လက်ဗလာဖြင့် နတ်ဘုရားပေါင်းများစွာ သတ်ပစ်ခဲ့ကြောင်း သိသာပေါ်လွင်သည်။

ခိုင်ဧကရာဇ်ခေတ်၏ အပျက်အစီးများကြားမှ ထွက်လာခဲ့သော သိုင်းသမားနတ်ဘုရားတို့တွင် သာမန်နတ်ဘုရားများ၌ မရှိသော အရှိန်အဝါမျိုး ရှိနေသည်။

သူသာ အမှန်တကယ် လှုပ်ရှားလျှင် သူ့လက်သီး၏ စိတ်တန်ခိုးဖြင့်ပင် ရှိသမျှလူအားလုံး ပြာကျသွားလိမ့်မည်။

သို့သော် သူက နတ်ဘုရားမျိုးဆက်များကို စမ်းသပ်နေခြင်းသာ ဖြစ်သည့်အတွက် သူ့လက်သီး၏ စိတ်တန်ခိုးက နံရံဆေးရေးပန်းချီထဲရှိ သိုင်းကွက်များကို ကျင့်ကြံနေသည့် လူရိပ်များအသွင် ဖန်ဆင်းထားသည်။ လူရိပ်များသည် သုံးဖက်မြင်အဖြစ် တည်ရှိပြီး အသက်ဝင်နေ၏။

ဤလက်သီးမျိုးက ရုပ်ခန္ဓာ ကောင်းကင်နတ်သိုင်း၏ ဆန်းကြယ်သော သဘောတရားအား အတားအဆီးမရှိ ထုတ်ဖော်ပြသနိုင်သည်။ လက်သီးချက်တိုင်းက သိုင်းလမ်းစဉ်သို့ ဝင်ရောက်သွားသော သေခြင်းရှင်ခြင်းအဆင့် သိုင်းသမားများမှ ထုတ်ဖော်နေသည်နှင့် တူသည်။

ချင်မူ့အတွက် ယခုလို စမ်းသပ်မှုမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ခြင်းဖြစ်သည်။

တောင်ကောင်းကင်မုခ်ဝကို ဖြတ်ကျော်လာနိုင်ခဲ့သော လူငါးဆယ်ကျော်မှာ သူ၏လက်သီးချက်များကို မခုခံနိုင်ပေ။ အတော်များများ စုတ်ပြတ်သပ်ကုန်ကြသည်။

အုန်းခနဲ ပေါက်ကွဲသံကြီး ထပ်မံထွက်ပေါ်လာကာ နောက်တစ်ယောက် လွင့်ထွက်သွားသည်။ သူ့မှာ မလှုပ်နိုင်တော့ပေ။ များစွာမကြာလိုက်ဘဲ မိန်းကလေးတစ်ယောက်လည်း နန်း‌ဆောင်၏ နံရံ၌ ထိုးချိတ်သွားသည်။ နန်းဆောင်တစ်ဆောင်လုံး တသိမ့်သိမ့် တုန်ခါနေတော့သည်။

သို့နျိုကမ္ဘာ၏ ဤသိုင်းသမားအယောက်ငါးဆယ်ကျော်သည် သေခြင်းရှင်ခြင်းအဆင့် ဖြစ်၏။ အားလုံး၏ သိုင်းစွမ်းအားက အတိုင်းထက်အလွန် သန်မာအားကောင်းပြီး သိုင်းပညာတွင် စိတ်ရောကိုယ်ပါ နစ်မြှုပ်ထားခဲ့သည်မှာ များစွာကြာမြင့်ခဲ့ချေပြီ။ တစ်ဦးတစ်ယောက်ချင်းစီ၏ အရည်အချင်းများအား လျှော့တွက်မရသဖြင့် ချင်မူပင် သူတို့အား လေးစားမိသည်။

သိုင်းပညာတစ်ခုတည်းနှင့်မတင်ကဘဲ သူ့တွင် ရှိသမျှ နည်းလမ်း‌ပေါင်းစုံဖြင့် တိုက်ခိုက်လျှင်ပင် သူတို့အား အနိုင်ယူနိုင်မည်မဟုတ်ပေ။ သူက သူတို့အောက် တစ်ဆင့်နိမ့်သည် မဟုတ်ပါလော၏။

သို့သော် ထိုမျှအင်အားကြီးမားသော သိုင်းသမားများမှာ လယ်သမား၏ လက်သီးချက်များကြောင့် လွင့်ထွက်ကုန်ကြသည်။

ဤအဆင့်ကို ကျော်ဖြတ်နိုင်သော အရေအတွက်မှာ ဆယ်ယောက်မှ တစ်ယောက်ပင် မရှိပေ။

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ဤအဆင့်ကို မည်သို့ကျော်ဖြတ်ရမည်နည်း။

ဤအဆင့်က အစသာ ရှိသေးသည်။ နောက်အဆင့်များက သေချာပေါက် ပို၍ခက်ခဲလိမ့်မည်။ သစ်ခုတ်သမား မြောင်းထဲတွင် ပုပ်ပွသွားသည့်အထိ ထားလိုက်ရမည်လား။

သိုင်းဝိညာဉ်ဖြစ်ဖြစ်၊ သိုင်းလမ်းစဉ်ဖြစ်ဖြစ် ဂရုမစိုက်ဘဲ တိုက်ခိုက်လျှင် သူ့အတွက် ဤအဆင့်ကို ဖြတ်ကျော်ရန် မခက်ပေ။ နတ်ကောင်းကင်ခန်းမဆီသို့ပင် တိုက်ခိုက်သွားနိုင်သေးသည်။ သို့သော် ထိုသို့လုပ်လိုက်ပါ ဤစမ်းသပ်မှုက အဓိပ္ပါယ်မဲ့သွားလိမ့်မည်။

“ဖက်တီးနဂါးသာ ပါးရင် သို့နျိုနန်းဆောင်ကနေ ထွက်ပြီး သစ်ခုတ်သမားနဲ့ ထွက်ပြေးသွားလောက်ပြီ”

ချင်မူ မျက်တောင်ပုတ်ခတ်လိုက်မိသည်။ “ဖက်တီးနဂါးက တကယ် ပါးတယ်... ဒါပေမဲ့ သူ့အကြောင်း ငါ သိရသ‌‌လောက်ဆို တောင်ကောင်းကင်မုခ်ဝအပြင်မှာ အိပ်နေလောက်ပြီ”

ဟူပုကွေ့က ရုတ်တရက် ရပ်လိုက်ပြီး သူ၏ချီနှင့်သွေးတို့က ရုတ်တရက် အုံကြွလာသည်။ သူ၏ချီနှင့်သွေးက လူရိပ်အသွင် ဖွဲ့တည်ကာ လယ်သမား၏ လက်သီးဆီ ပြေးဝင်သွား၏  ချီနှင့်သွေးနှစ်ခုမှ ဖွဲ့တည်ထားသော လူရိပ်များ ဝင်တိုက်သွားပြီး နှစ်ယောက်လုံး၏ လက်သီးစိတ်တန်ခိုးကား အလွန်အင်အားကြီးမား၏။

ချင်မူ အံ့အားသင့်သွားသည်။ ဤအဆင့်အထိ ရောက်နေသည်ကို ကြည့်ခြင်းအားဖြင့် ဟူပုကွေ့သည် အမှန်တကယ် ထူးချွန်ပေသည်။

သို့သော် သူက လယ်သမားအောက် အနည်းငယ် နိမ့်ကျနေ၍ မကြာခင် သူ့လက်သီးအရိပ်များမှာ လယ်သမား၏ လက်သီးတစ်ချက်ကြောင့် ပြိုကွဲသွားတော့သည်။

ဟူပုကွေ့က လှုပ်ရှားလိုက်ပြီး သူ၏ရုပ်ခန္ဓာသည် တိုက်ပွဲကွင်းပြင်ထဲ ပြေးဝင်သွား၏။ ရုပ်ခန္ဓာကို လက်နက်သဖွယ် အသုံးချသည့်အခါ သူ၏လက်သီးချက်များ၊ ကန်ချက်များက ထင်ရှားလာသည်။ သူ့ကိုယ်ပေါ်ရှိ ကြွက်သားတိုင်းက တောင်တန်းများကို သယ်ရွှေ့နိုင်သော ခွန်းအားဖြင့် ပေါက်ကွဲထွက်လာပြီး ကြွက်သားတစ်မျှောင်း တုန်ခါသွားတိုင်း မိုးခြိမ်းသံ ထွက်ပေါ်လာတတ်သည်။

လက်သီးဖြင့် ထိုးချလိုက်သည့်အချိန်တွင် သူသည် ရစ်ခွေနေသော နဂါးတစ်ကောင်လို၊ ဝပ်နေသော ကျားတစ်ကောင်လို ထင်ရ၏။ သူ့ဆံပင်များကပင် ချွန်ထက်နေသော ဓားများပမာ ဖြစ်လာသည်။ သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးက လက်နက်ပမာ ပြောင်းလဲသွားချေသည်။

ချင်မူ့ခြေလှမ်းများက ရွေ့လျားနေသော်လည်း နန်းဆောင်ထဲ မဝင်ပေ။ သူ့အကြည့်သည် ဟူပုကွေ့ဆီမှ မခွာ။ သူ၏မျက်လုံးထဲ၌ ဝင်္ကပါအမှတ်အသားများ ဖွဲ့တည်လာပြီး ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ် ထုတ်လွှတ်ခံလိုက်ရသည်။ သူက ဟူပုကွေ့၏ ကြွက်သားလှုပ်ရှားမှုများကို ကြည့်၍ သူ၏ကျင့်စဉ်အား ပိုင်းခြမ်းစိတ်ဖြာနေသည်။

“ခွန်အား ထုတ်လွှတ်နေတာ သူ မဟုတ်ဘူး.. သူ့ဝိညာဉ်ပဲ”

ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံး ပွင့်လာကာ ဟူပုကွေ့၏ ကောင်းကင်ရတနာများနှင့် မူလဝိညာဉ်အား စောင့်ကြည့်နေသည်။ သူ၏မူလဝိညာဉ်က ရုပ်ခန္ဓာနှင့် တစ်သားတည်း ပေါင်းစည်းနေကြောင်း မြင်လိုက်ရ၏။ ဟူပုကွေ့၏ ချီစွမ်းအင်အမျှင်များက နေနှင့်လကို ထိုးဖောက်နေသော နဂါးများသဖွယ် လူးလွန့်လှုပ်ရှားလျက် ဓာတ်ကြီးငါးပါးအား ထိုး‌ဖောက်သွားသည်။ ထို့နောက် ဓာတ်ကြီးငါးပါးဆီမှ ဖြာထွက်လာကာ ကောင်းကင်တစ်လျှောက် လှည့်ပတ်ရစ်သိုင်းနေသည်။ ကောင်းကင်ထဲရှိ ချီစွမ်းအင်သည် တိုင်လုံကြီးပမာ ဝိညာဉ်စင်မြင့်ဆီသို့ ကျဆင်းလာကာ အရပ်ခြောက်မျက်နှာစွမ်းအားကို အသက်သွင်းနေ၏။

သူ၏မူလဝိညာဉ်က အရပ်ခြောက်မျက်နှာမြေပြင်ပေါ်တွင် ရပ်နေသည်။ အရပ်ခြောက်မျက်နှာက အမြစ်များသဖွယ် ယိုတုထဲသို့ ဝင်ရောက်နေသည်။

ဤနည်းဖြင့် သူ၏ချီစွမ်းအင်နှင့် မူလဝိညာဉ်သည် တစ်သားတည်း ဖြစ်သွား၏။

သူ၏ရုပ်ခန္ဓာသည် တုနှိုင်းမဲ့  ပြိုင်ဘက်ကင်းလောက်အောင် အားကောင်းသော ဝိညာဉ်လက်နက်သဖွယ် ဖြစ်လာသည်။

‘သိုင်းဝိညာဉ်ဆိုတာ ဒါကိုး’

ချင်မူ့မျက်လုံးများ အရောင်တောက်သွားပြီး ခန်းမ၏အရှေ့တွင် လက်သီးချက်များ၊ ကန်ချက်များ ထုတ်လွှတ်ကြည့်သည်။ အဘိုးကြီးမာ၏ လက်သီးသိုင်းကွက်များမှ အစပြု၍ သားသတ်သမား၏ ဓားမသိုင်းကွက်၊ မျက်ကန်း၏ လှံသိုင်းကွက်များ၊ ခေါင်းသုံးလုံးလက်ခြောက်ဖက် ကောင်းကင်နတ်သိုင်းများ ထုတ်ကစားကြည့်၏။ နောက်ဆုံးတွင် ရှေးဟောင်းနဂါးကျင့်စဉ်မှ သိုင်းကွက်များကိုလည်း ထုတ်လွှတ်ကြည့်သည်။ သူက သိုင်းကွက်တစ်ကွက်ချင်းစီအား အလေးအနက်ထား ထုတ်ဖော်နေသည်။

ချင်မူသည် စိတ်အာရုံကို ကျင့်ကြံရင်း စိတ်တန်ခိုး ခိုင်မာလာအောင် လုပ်နေ၏။

များစွာမကြာလိုက်ဘဲ ချင်မူ နိုးလာပြီး နန်းဆောင်တစ်ခုလုံး ရှင်းလင်းနေကြောင်း တွေ့လိုက်ရသည်။ သူမှလွဲ၍ မည်သူမှ မရှိတော့ပေ။

နန်းဆောင်တစ်ခုလုံးတွင် သို့နျိုကမ္ဘာ၏ သိုင်းသမားများဆီမှ သွေးကွက်များ ပြည့်နေသည်။

လယ်သမားက ပလ္လင်အရှေ့၌ မျက်လုံးပိတ်လျက် ချင်မူ့ကို မကြည့်ဘဲ ရပ်နေဆဲဖြစ်သည်။

ရုတ်တရက် လယ်သမားက စကားပြောသည်။ “အဆင်သင့်ဖြစ်ပြီလား”

ချင်မူ ခေါင်းညိတ်လိုက်၏။ “ဖြစ်ပြီ”

သူ ရှေ့သို့ လျှောက်သွားသည့်အခါ သူ၏ချီနှင့်သွေးသည် ပေါက်ကွဲသွားကဲ့သို့ ပေါ်ထွက်လာ၏။ တခဏအတွင်း သူ၏ချီနှင့်သွေးအခိုးအငွေ့များ နန်းဆောင်တစ်ခုလုံး ပြည့်နှက်သွားသည်။

လယ်သမားက မျက်လုံးဖွင့်လိုက်ပြီး သူ့မျက်လုံးများက သွေးရောင်တောက်နေသော လျှပ်စီးပမာ လင်းလက်နေ၏။ ထို့နောက် လယ်သမား၏ လက်သီးရိပ်များ ထွက်လာသည်။ သူသည် မလှုပ်မယှက်သာ ရပ်နေသော်လည်း ချင်မူ့အရှေ့တည့်တည့်၌ လူရိပ်တစ်ခု ရှိနေ၏။

ချင်မူက ကျယ်လောင်စွာ ရယ်မောရင်း လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ သူ၏လက်သီးသည် သဏ္ဍာန်မဲ့ဟင်းလင်းပြင်ကို ထိုးခွဲလိုက်သကဲ့သို့ မုခ်ဝကြီးတစ်ခုကို ဖွင့်လိုက်သကဲ့သို့ ဖြစ်သည်။

“ကျုပ် သွေးနဲ့ သိုင်းဝိညာဉ်ကို ဖွဲ့တည်လိုက်ပြီ”

နန်းဆောင်ထဲမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တခဏကြာ‌သော် အားလုံးတိတ်ဆိတ်သွား၏။

ချင်မူက နန်းဆောင်အပြင် ထွက်လာကာ ကောင်းကင်ယံသို့ ကြည့်လိုက်သည်။ သွေးရောင်သက်တံ့တစ်ခုသည် ကောင်းကင်တစ်လျှောက် သွယ်တန်းနေ၏။ ယင်းက သူ၏ သိုင်းလမ်းစဉ် မူလဝိညာဉ်ပင်။

“တိုက်ခိုက်လိုစိတ်အပြည့်နဲ့ ခန္ဓာကိုယ်.... သူက တောက်ပလွန်းလို့ ဘယ်သူမှ မကြည့်နိုင်တဲ့ ခုနစ်စဉ်ကြယ်တွေလိုပဲ”

နန်းဆောင်ထဲတွင် လယ်သမားသည် နေရာတွင်သာ ရပ်နေဆဲဖြစ်ပြီး မျက်လုံးများ ပိတ်ထား၏။ “ခိုင်ဧကရာဇ်ရဲ့ မျိုးဆက်က လူတော်လေးပဲ”

All Chapters