ကြယ်တံခွန်လို လျင်မြန်လှပေသော
Vol. 54 Ch. 722
ချင်မူ၏ ချီနှင့်သွေးများက သက်တံ့တစ်စင်းပမာ သူနှင့်အတူ လွင့်မျောနေသည်။ ချင်မူသည် သိုင်းပညာဖြင့်သာ လမ်းစဉ်အဆင့်သို့ တက်လှမ်းနေရုံ မဟုတ်ပေ။ ထိုသို့တက်လှမ်းခဲ့ပါက သို့နျိုကမ္ဘာသားတို့နှင့် မခြားနားတော့ဘဲ နေလိမ့်မည်။
ချင်မူအနေဖြင့် သို့နျိုကမ္ဘာသားလို ကောင်းကင်တံတားဟင်းလင်းပြင်ကို ကျော်၍ ကောင်းကင်နတ်ဘုံသို့ တိုက်ရိုက်ပျံတက်ရန် နည်းလမ်းရှာစရာမလို။ သူ၏ကောင်းကင်တံတားက အကောင်းအတိုင်း ရှိနေသည်။
သို့နျိုကမ္ဘာသားတို့သည် ကောင်းကင်နတ်ဘုံသို့ တိုက်ရိုက်ပျံတက်လိုသည့် စိတ်ကြောင့် သိုင်းပညာဖြင့် သိုင်းဝိညာဉ်ကို ဖွဲ့တည်ရ၏။ ချင်မူကမူ ကမ္ဘာတစ်ခုလုံးကို ပြုပြင်ပြောင်းလဲချင်ပြီး လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းတို့အား တိုးတက်စေလိုသည်။ သို့ဖြစ်၍ သူ၏စိတ်ဓာတ်အားမာန်သည် သိုင်းလမ်းစဉ်တစ်ခုတည်းကိုသာ မရှေ့ရှု၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြုပြင်ပြောင်းလဲလိုသည့် စိတ်ဇောအဟုန်ဖြင့်လည်း ချိတ်ဆက်နေ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်သည် အဟောင်းကို စွန့်ပယ်၍ အသစ်ကို ကြိုဆို၏။ ပြုပြင်ပြောင်းလဲမှုက ပွက်ပွက်ဆူနေသော ဆီပမာ၊ လွင်ပြင်တစ်လျှောက် တောက်လောင်နေသော တောမီးပမာ အရှိန်အပြည့်ပါသည်။
ထိုကဲ့သို့ ပြုပြင်ပြောင်းလဲလိုသော စိတ်ဓာတ်အားမာန်ဖြင့် သိုင်းလမ်းစဉ်ကို လျှောက်လှမ်းလျှင် သိုင်းလမ်းစဉ်သည် အဘယ်မျှအတိုင်းအတာအထိ တိုးတက်သွားလိမ့်မည်နည်း။
ချင်မူက သိုင်းသမားတို့၏ စိတ်ဓာတ်အားမာန်ကို နှလုံးသွင်း၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စိတ်ဓာတ်အားမာန်အဖြစ် ပြောင်းလဲကာ သူ၏သိုင်းဝိညာဉ်ကို ဖွဲ့တည်လိုက်ခြင်းဖြစ်သည်။
သူ ဒုတိယနန်းဆောင်သို့ ရောက်သည့်အခါ နန်းဆောင်အရှေ့တွင် ထိခိုက်ဒဏ်ရာရထားသော နတ်ဘုရားမျိုးဆက်များအား တွေ့မြင်ရသည်။ နန်းဆောင်စောင့် နတ်ဘုရားကြောင့် ဒဏ်ရာရထားကြခြင်း ဖြစ်လိမ့်မည်။
ချင်မူ နန်းဆောင်ထဲ ဝင်လိုက်ရာတွင် နန်းဆောင်အတွင်း၌ လယ်သူမတစ်ယောက် ရှိနေသည်။ ဟူပုကွေ့ကိုတော့ မတွေ့ရသေးပေ။
“သိုင်းလမ်းစဉ်ရဲ့ စိတ်ဓာတ်အားမာန်ကို နှလုံးသွင်းဖို့ ငါ ဘယ်နှရက်တောင် အချိန်ယူခဲ့မိတာပါလိမ့်” ချင်မူ ကြမ်းပြင်ရှိ သွေးကွက်များကို ကြည့်လိုက်သော်လည်း သွေးကွက်များမှာ ခြောက်နေချေပြီ။
“သစ်ခုတ်သမားရဲ့ တပည့်၊ ပထမခန်းမကို ဖြတ်ကျော်ဖို့ မင်း အချိန်ဆယ်ရက် ယူခဲ့ရတယ်”
ကျစ်လစ်သန်မာသော လယ်သူမက အပြုံးတစ်ခုဖြင့် ပြောသည်။ “ငါ့အစွမ်းအစတွေက သူ့ထက် သာတယ်... ငါ့စမ်းသပ်မှုကို ကျော်ဖြတ်ဖို့ မင်း အချိန်ဘယ်လောက်ယူမယ် တွေးထားလဲ”
ချင်မူ တောက်ပစွာ ပြုံးပြလိုက်၏။ “တစ်ဆယ်....”
လယ်သူမက မျက်မှောင်ကြုတ်ကာ ပြော၏။ “နင်က ရည်မှန်းချက် တော်တော်ကြီးသားပဲ”
“ကိုး၊ ရှစ်၊ ခုနစ်....”
နတ်ဘုရားစီရင်ရာစင်မြင့်အထက်တွင် သွေးရောင်လေစီးကြောင်းနှစ်ခုသည် သွေးရောင်လေဆင်နှာမောင်းနှစ်လုံးပမာ လည်နေ၏။ ဟူပုကွေ့က နတ်ဘုရားစီရင်ရာစင်မြင့်သို့ ရောက်နေပြီဖြစ်ပြီး တောင်ကောင်းကင်မုခ်ဝကို သူနှင့်အတူ ဖြတ်ကျော်လာခဲ့သော လူအယောက်ငါးဆယ်အနက် နှစ်ယောက်သာ ကျန်တော့သည်။
နတ်ဘုရားစီရင်ရာစင်မြင့်၌ စောင့်ရှောက်နေသော နတ်ဘုရားမရှိပေ။
နတ်ဘုရားစီရင်ရာစင်မြင့်သည် မယှဉ်သာအောင် ခက်ခဲလှသော စမ်းသပ်မှုဖြစ်၏။ ပြီးခဲ့သော နှစ်နှစ်သောင်းအတွင်း ဤစင်မြင့်ထက်တွင် စီရင်သုတ်သင်ခံခဲ့ရသော သို့နျိုကမ္ဘာ၏ သိုင်းသမားများ မရေမတွက်နိုင်အောင် ရှိခဲ့သည်။
အမှန်တွင် စင်မြင့်၏စွမ်းအားမှာ အစစ်အမှန်ပင် မဟုတ်သေးပေ။ သိုင်းပညာကောင်းကင်ဆရာသခင်က နတ်ဘုရားစီရင်ရာစင်မြင့်၏ စွမ်းအားကို သေခြင်းရှင်ခြင်းအဆင့်သို့ လျှော့ချပေးထား၏။
သို့တိုင်အောင် စင်မြင့်မှာ သေနှုန်းအမြင့်ဆုံးသော စမ်းသပ်မှု ဖြစ်နေသေးသည်။
“ယုံကြည်ချက် ရှိကြလား”
ဟူပုကွေ့က စိတ်အခြေအနေကို ပြင်ဆင်ကာ အလေးအနက် မေးသည်။ “ညီလေးလု၊ ညီမလေးစစ် မင်းတို့ ယုံကြည်ချက်မရှိရင် ပြန်ကြတော့... ပြန်သွားရင် နောင်နှစ်ငါးရာလောက်တော့ အသက်ရှင်နိုင်သေးတယ်... အသက်ရှင်နေရတာက သေရတာထက် ပိုကောင်းတယ်”
သူ၏ဆရာတူညီမက ခေါင်းယမ်း၏။ “ဒီနေ့အတွက် ကျွန်မတစ်ဘဝလုံး ကျင့်ကြံအားထုတ်လာခဲ့တာပါ အစ်ကိုကြီးဟူ... ဒီစမ်းသပ်မှုကို မဖြေခင် ကျွန်မ လက်ထပ်ပြီး ကျန်းကျန်းမာမာရှိတဲ့ ကလေးနှစ်ယောက်လည်း မွေးထားပြီးပါပြီ... မျိုးဆက်ချန်ခဲ့ချင်တဲ့ ဆန္ဒတစ်ခုတော့ ပြည့်သွားပြီမလို့ အခု ဒုတိယဆန္ဒ ပြည့်အောင် လုပ်ချင်ပါတယ်... ဒီတစ်ခေါက် မအောင်မြင်ရင် ကျွန်မ အသေခံလိုက်မယ်”
ဆရာတူညီက ပြုံးလိုက်သည်။ “ကျွန်တော်လည်း လက်ထပ်ပြီး ကလေးယူထားပြီးပါပြီ... ကျွန်တော့်ဘိုးဘေးတွေရဲ့ မျိုးရိုးနဲ့ သွေးဆက် ဆက်လက်တည်မြဲနေလိမ့်မယ်... ကျွန်တော့်မှာ နောင်တရစရာလည်း မရှိပါဘူး သေဖို့ အဆင်သင့်ပဲ... ကျွန်တော်တို့မျိုးနွယ်တွေအတွက် အနာဂတ်ကို ရှာပေးချင်တယ်... ကျွန်တော်တို့မျိုးဆက်တွေအတွက် မျှော်လင့်ချက်ရှိစေချင်တယ်... ကျွန်တော့်အသွေးအသားတွေ နောင်တစ်ချိန် နတ်ဘုရားဖြစ်ရမယ်”
“မင်းတို့နှစ်ယောက်..... အရင်ဆုံး ဒဏ်ရာတွေကို ကုပြီး ထိပ်ဆုံးအခြေအနေ ပြန်ရောက်အောင် လုပ်ကြ... နတ်ဘုရားစီရင်ရာစင်မြင့်က ငါ့အတွက် ကိစ္စမရှိပေမယ့် မင်းတို့နှစ်ယောက်ကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်း ငါ့မှာ မရှိဘူး”
ဟူပုကွေ့က သက်ပြင်းချ၍ နောက်ရှိ နဂါးသွဲ့အဆောင်ဆီသို့ လှည့်ကြည့်လိုက်သည်။
“နောင်တော်ချင် အခြေအနေ ဘယ်လိုရှိလဲမသိဘူး”
သူက ခပ်တိုးတိုး ပြောနေသည်။ “ဆယ်ရက်ကြာပြီ... သူ သိုင်းတွေကျင့်နေပေမယ့် သိုင်းလမ်းစဉ်နဲ့ပတ်သက်ပြီး သိပ်မသိသေးတာ သိသာတယ်... သိုင်းဝိညာဉ်ကို နှိုးပြီး သိုင်းဝိညာဉ်ပူးကပ်နိုင်အောင် လုပ်နိုင်ရဲ့လား မသိဘူး”
“သိုင်းဝိညာဉ်ပူးကပ်အောင် လုပ်ဖို့က အဲဒီလောက် လွယ်ကူပါ့မလား အစ်ကိုကြီးဟူရယ်”
ဆရာတူညီမက ပြောသည်။ “ကျွန်မဆို သိုင်းဝိညာဉ်ပူးကပ်နိုင်အောင် ဆယ့်တစ်နှစ်အရွယ်လေးနဲ့ သားရဲတစ်သောင်းတောအုပ်ဆီ သွားပြီး... တောရိုင်းဝံပုလွေတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်.... တစ်ကောင်ထဲတောင် မဟုတ်ဘူးနော်... အုပ်လိုက်ကြီး... အသားတွေ ရစရာမရှိတောင် စုတ်ပြတ်ပြီး တစ်နေ့လုံး၊ တစ်ညလုံး မနားမနေ တိုက်ခိုက်ခဲ့ရတာ... တိုက်ခိုက်ရလွန်းလို့ နာကျင်ရမှန်းတောင် မသိတော့ဘူး... အသက်ရှင်နေသေးလားလည်း မခံစားရတော့ဘူး... ဒါပေမဲ့ အဲဒီအချိန်မှာပဲ သိုင်းဝိညာဉ်ကို ခံစားမိလိုက်လို့ ဝံပုလွေဘုရင်ကို သတ်ပြီး ဝံပုလွေသိုက်ထဲက ထွက်လာနိုင်ခဲ့တယ်”
ဆရာတူညီကလည်း ပြောသည်။ “ကျွန်တော်ဆိုလည်း ဆယ့်သုံးနှစ်အရွယ် ယောက်ျားလေးတွေ၊ မိန်းကလေးတွေနဲ့အတူ ရှော့နျန်မိစ္ဆာကမ္ဘာထဲ ပို့ခံခဲ့ရတယ်... လူအယောက်တစ်ရာကျော်မှာ သုံးယောက်ပဲ ရှင်တယ်... ကျွန်တော်က အဲဒီသုံးယောက်ထဲက တစ်ယောက်ပဲ... အဲဒီနှစ်မှ ကျွန်တော်လည်း သိုင်းဝိညာဉ်နိုးထလာခဲ့တာ..... နောင်တော်ချင်ရဲ့ အချိန်က တိုလွန်းတယ်... ငယ်လည်း ငယ်သေးတော့ သိုင်းဝိညာဉ်ကို မနိုးလောက်ဘူး ထင်တာပဲ... ကျွန်တော်တို့ စင်မြင့်ပေါ် တက်ရအောင်လေ”
ဟူပုကွေ့ ခေါင်းညိတ်လိုက်သည်။
ဆရာတူညီမက ချီနှင့်သွေးကို ထိန်းညှိပြီး ထိပ်ဆုံးအခြေအနေသို့ ပြန်လည်တွန်းပို့ကာ နတ်ဘုရားစီရင်ရာစင်မြင့်ထံ ဦးစွာတက်သွားသည်။ သူမက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ခဏလေး၊ ကျွန်မ ဓားမကို အရင်စမ်းလိုက်ဦးမယ်... ကျွန်မရဲ့ သိုင်းလမ်းစဉ် မူလဝိညာဉ်က နတ်ဘုရားစီရင်ရာစင်မြင့်ဆီက ဓားမချက်တစ်ချက်လောက် ခုခံနိုင်မလား ကြည့်ချင်မိတယ်”
သူမ နတ်ဘုရားစီရင်ရာစင်မြင့်အပေါ်တွင် ရပ်လိုက်သည်နှင့် လေစီးကြောင်းနှစ်ကြောင်းက ကြက်ခြေခတ်ကာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး သူမလည်ပင်းကို လှည့်ဝှက်ပျံဝဲနေကြသည်။ သူမမှာ မည်မျှခုခံရှောင်တိမ်းစေကာမူ သွေးတန်းနှစ်တန်းအား မရှောင်နိုင်သလို၊ ပြန်လည်း မတိုက်ခိုက်နိုင်ပေ။
ထိုအချိန်မှာပဲ နဂါးသွဲ့ရေကန်အရှေ့ရှိ နန်းဆောင်တစ်ခု ဝုန်းခနဲ တုန်ခါသွားပြီး ဖုန်များ တထောင်းထောင်း ထကုန်သည်။
ဟူပုကွေ့သည် နတ်ဘုရားစီရင်ရာစင်မြင့်အား ကြည့်နေရာမှ တစ်စုံတစ်ခု ခံစားလိုက်ရသဖြင့် နောက်လှည့်ကြည့်လိုက်၏။ နန်းဆောင်တစ်ခု၏ အနောက်တံခါး လွင့်ထွက်သွားပြီး ချီနှင့်သွေးတန်းတစ်တန်းက နောက်နန်းဆောင်ထဲ ပြေးဝင်သွားသည်ကို မြင်လိုက်ရသည်။
“နောင်တော်ချင်များလား”
ဟူပုကွေ့ အံ့အားသင့်သွားသည်။ နတ်ဘုရားစီရင်ရာစင်မြင့်ဆီသို့ သူ ပြန်မလှည့်နိုင်ခင်ပင် ဒုတိယနန်းဆောင်၏ အနောက်တံခါးမှာ စိစိညက်ညက် ကြေသွားပြီး ချီနှင့်သွေးတန်းက တတိယနန်းဆောင်ဆီ ဆက်လက်ဝင်ရောက်သွားသည်။
“မြန်လိုက်တာ”
ဟူပုကွေ့ ရင်ထဲ တုန်လှုပ်နေစဉ် တတိယနန်းဆောင်၏ အနောက်တံခါးလည်း ပွင့်ထွက်သွား၏။ ဟူပုကွေ့၏ တတိယမျက်လုံး ပွင့်လာပြီး တံခါးပေါက်ကွဲသွားသည့်အချိန် အခြေအနေအား မြင်သွားသည်။
သူသည် မျက်လုံးသုံးလုံးနတ်ဘုရားမျိုးနွယ် ဖြစ်ပြီး မျက်လုံးသုံးလုံးနတ်ဘုရားမျိုးဆက်၏ တတိယမျက်လုံးက သဘာဝနတ်မျက်လုံး ဖြစ်သည်။ သဘာဝနတ်မျက်လုံးသည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် အစွမ်းထက်ပြီး မြေအောက်ကမ္ဘာသို့ ငုံ့ကြည့်နိုင်သလို၊ ရွှမ်တုဆီသို့ပင် ထိုးဖောက်မြင်နိုင်၏။
တံခါးပေါက်ကွဲသွားသည့်အချိန်တွင် ချင်မူ၏ ပျံသန်းနေသော ပုံရိပ်အား သူ တမုဟုတ်ချင်း မြင်လိုက်ရသည်။
ချင်မူက သားကောင်ကို သုတ်ချီနေသော သိမ်းငှက်တစ်ကောင်ပမာ လယ်သမားတစ်ယောက်၏ ရင်ဘတ်ကို ခြေတစ်ဖက်ဖြင့် နင်းလျက် ရှိနေသည်။
ဘုန်း
ချင်မူသည် လယ်သမားကို မြေပြင်ပေါ် နင်းချလိုက်သဖြင့် ပြင်းထန်အားကောင်းသော အားလှိုင်းများ အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။
‘သူ နင်းထားတာ ဆရာဦးလေးကူပဲ’
ဟူပုကွေ့၏အမူအရာ တစ်မျိုးတစ်မည် ဖြစ်သွားသည်။ ‘ဆရာဦးလေးကူက လက်သီးစိတ်တန်ခိုးနဲ့ တိုက်ခိုက်ရတာ မကြိုက်ဘူး.... ကိုယ်တိုင်တိုက်ခိုက်တာ များတယ်... သူ ငါတို့ကို တိုက်ခိုက်ခဲ့တုန်း သူ့ရဲ့ကောင်းကင်နတ်ဘုံနဲ့ ကောင်းကင်တံတားအဆင့်ကို ချိတ်ပိတ်ထားခဲ့တာ... ဒါပေမဲ့ ကြည့်ရတ သူ့ပြိုင်ဘက်နဲ့ တွေ့သွားတဲ့ပုံပဲ....’
ဆရာဦးလေးကူအကြောင်း တွေးမိသည်နှင့် သူ့အရိုးများ ပြန်နာလာသည်။ ဆရာဦးလေးကူ၏ စမ်းသပ်မှုက အရက်စက်ဆုံး ဖြစ်၍ ဟူပုကွေ့မှာ ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရ၏။
သို့တိုင်အောင် ချင်မူက ဆရာဦးလေးကူကို ကန်ထုတ်ပြီး တက်နင်းနိုင်ခဲ့သည်။
“မြန်ချက်”
ဟူပုကွေ့နှင့် ဆရာတူညီတို့ အံ့ဩမဆုံး ဖြစ်နေတော့သည်။ ချင်မူ၏အရှိန်အဟုန်သည် အသော့ပြေးနေသော မြင်းတစ်ကောင်လို လျင်မြန်၏။ သူက နန်းဆောင်များစွာကို ထိုးဖောက်ကာ နဂါးသွဲ့အဆောင်ထိ ရောက်လာသည်။
နဂါးသွဲ့အဆောင်စောင့် လယ်သမားသည် အင်အားပိုကြီးသလို သိုင်းအဆင့်လည်း ပိုမြင့်၏။ သိုင်းအဆင့်မြင့်မားလေလေ၊ ပါရမီ မြင့်မားလေလေ ဖြစ်ကာ မည်မျှကြိုးစားအားထုတ်ထားကြောင်း သက်သေထူ၏။ သို့သော် ချင်မူ့အရှိန်က နည်းနည်းမျှ လျော့ကျမသွား... နန်းဆောင်တိုင်းကို အံ့အားသင့်ဖွယ်ရာ အမြန်နှုန်းဖြင့် ဆက်လက်ထိုးဖောက်လာသည်။
“သူ သိုင်းလမ်းစဉ်ကို နားလည်သွားတာလား”
ဟူပုကွေ့နှင့် ဆရာတူညီ တွေးနေသည့်အချိန် ချင်မူက နောက်ဆုံးနန်းဆောင်၏ ပျက်စီးနေသော တံခါးထဲမှ အလျင်အမြန် ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။ သူ့အနောက်ရှိ ချီနှင့်သွေးတန်းသည် ကောင်းကင်တစ်လျှောက် သွယ်တန်းနေပြီး သူ့ခြေထောက်များက ကျောက်စိမ်းရေကန်အပေါ် ဆင်းသက်လိုက်၏။ သူက ရေလှိုင်းများကို နင်းရင်း နတ်ဘုရားစီရင်ရာစင်မြင့်ဆီ ပြေးလာသည်။
နတ်ဘုရားစီရင်ရာစင်မြင့်သည် မြင့်မားလှ၏။ စင်မြင့်ဆိုသော စာလုံးပါသော်လည်း လှေကားထစ်များစွာ ရှိသည့် ကျောက်စိမ်းတောင်တစ်လုံးနှင့် ပိုတူသည်။
သူတို့မှာ ချင်မူ့ခန္ဓာကိုယ်ကို မမြင်ရတော့ပေ။ သွေးရောင်အတန်းတစ်တန်းသာ ကောင်းကင်ကို ဖြတ်၍ ပျံသန်းနေသည်ကို မြင်ရသည်။ ၎င်းက အံ့အားသင့်ဖွယ်ရာ အမြန်နှုန်းဖြင့် တောင်ထိပ်သို့ တည့်တည့်လာနေ၏။
“ကျွန်မ ဆက်မတောင့်ခံနိုင်တော့ဘူး”
ရုတ်တရက် နတ်ဘုရားစင်မြင့်အပေါ်မှ ဆရာတူညီမ၏အသံ ထွက်လာ၍ ဟူပုကွေ့ စင်မြင့်ဆီသို့ ကပျာကယာ လှည့်ကြည့်လိုက်သည်။ ဆရာတူညီမက သူတို့ဘက် လှည့်ပြီး တောက်ပစွာ ပြုံးပြလေသည်။ “အစ်ကိုကြီးဟူ၊ အစ်ကိုကြီးလု... နောင်ဘဝမှာ တွေ့မယ်...”
သွေးရောင်အလင်းတန်းက သူမ၏လည်ပင်းကို ဝိုက်၍ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်အား ခေါင်းဖြတ်လိုက်ချေပြီ။
ဟူပုကွေ့နှင့် ဆရာတူညီမှာ စိတ်မကောင်းဖြစ်သွားကြ၏။ “ညီမလေး၊ ကောင်းကောင်းမွန်မွန် သွားပါ...”
ထိုအခိုက်အတန့်တွင် လူရိပ်တစ်ခုက သူတို့ဘေးမှ ဖြတ်သွား၍ လေပြင်းကြောင့် သူတို့၏အဝတ်အစားများ လှုပ်ခတ်သွားသည်။
ထိုလူရိပ်က ချင်မူအပြင် တခြားမဟုတ်ပေ။ သူက နတ်ဘုရားစီရင်ရာစင်မြင့်အပေါ် တန်းတက်သွားပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ရုတ်ခြည်းဆိုသလို အမှောင်ထုသည် နတ်ဘုရားစီရင်ရာစင်မြင့်အား လွှမ်းခြုံသွားကာ မြေပြင်၌ ယိုတု ထွက်ပေါ်လာ၏။ လောလောဆယ်တွင် မိန်းကလေး၏ ခေါင်းပြတ်နေသော မူလဝိညာဉ်မှာ ယိုတုထဲသို့ လွင့်မျောနေချေသည်။
ချင်မူ၏လက်ချောင်းများက နိမ့်ချည်မြင့်ချည် ရွေ့လျားနေပြီး သူ၏လက်ချောင်းထိပ်များမှ ထူးဆန်းသော သင်္ကေတအမှတ်သားများ ထွက်လာသည်။ ၎င်းတို့က ယိုတုစာလုံးများအသွင် ဖွဲ့တည်ကာ မိန်းကလေး၏ လည်ပင်းအား လှည့်ပတ်ပျံသန်းနေသည်။
ယိုတုသင်္ကေတများမှ ဖွဲ့တည်လာသော စာလုံးများက ထူးဆန်းသည့်အပြင် နားလည်ရခက်၏။ သင်္ကေတများသည် မိန်းကလေး၏ လည်ပင်းပေါ် ခတ်နှိပ်လိုက်၏။ တစ်ချိန်တည်းမှာပင် မူလဝိညာဉ်၏ခေါင်းလည်း ပျံသန်းလာကာ ခေါင်းပြတ်မူလဝိညာဉ်နှင့် ပြန်ဆက်သွားသည်။
နတ်ဘုရားစီရင်ရာစင်မြင့်အပေါ်သို့ လဲကျတော့မည် သူမ၏ရုပ်ခန္ဓာမှာလည်း လဲမကျတော့ပေ။ လည်ပင်းမှ စီးကျလာသော သွေးတို့ကို သွေးရောင်အလင်းတန်းက စုပ်ယူရန် လုပ်ခဲ့သော်လည်း သွေးတို့သည် စီးကျလာခြင်း မရှိတော့။
ထိုတခဏမှာ အချိန်ရပ်တန့်သွားသကဲ့သို့ အလွန်ကြာရှည်နေသယောင် ထင်ရသည်။
ချင်မူ့လည်ပင်းသားများ လူးလွန့်လှုပ်ရှားလာပြီး နောက်ခေါင်းနှစ်လုံး ထွက်လာသည်။ ချိုင်းအောက်မှ လက်လေးဖက်လည်း ထွက်လာပြီး လက်တစ်ဖက်စီတိုင်းက မှော်အစီအရင်တစ်ခုစီ ထုတ်လွှတ်နေ၏။ မိန်းကလေး၏ခေါင်းပြတ်မှာ ဖန်ဆင်းသင်္ကေတစက်ကွင်းများ၏ သယ်ဆောင်မှုနှင့်အတူ လည်ပင်းဆီ ပျံသန်းလာသည်။
ဝှမ်
သင်္ကေတများ၏ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေမှုက ပိုမိုအားကောင်းလာကာ အလင်းတန်းများ ဖြာထွက်လာသဖြင့် စင်အောက်ရှိ ဟူပုကွေ့တို့နှစ်ယောက်လုံး အခြေအနေကို သဲသဲကွဲကွဲ မမြင်ရတော့ပေ။ ခေါင်းသုံးလုံး လက်လေးဖက်နှင့် ချင်မူက စင်မြင့်ထက်၌ ရပ်နေပြီး လက်အား အသာအယာ မြှောက်လိုက်သည်ကိုသာ မြင်တွေ့ရသည်။ ထို့နောက် စင်မြင့်ပေါ်ရှိ ယိုတု ပျောက်ကွယ်သွားသလို၊ လဲကျနေသော မိန်းကလေးလည်း ရပ်တန့်သွားသည်။ အချိန်နောက်ပြန်ရွေ့လျားသွားသကဲ့သို့ သူမ၏ ကိုယ်ဟန်အနေအထားက ရပ်နေသောပုံစံ ပြန်ဖြစ်သွား၏။
အလင်းရောင် ပြန့်ကြဲသွားသည့်အခါ ချင်မူက မိန်းကလေးအား နတ်ဘုရားစီရင်ရာစင်မြင့်၏ အပြင်သို့ တွန်းထုတ်လိုက်သည်။
နတ်ဘုရားစီရင်ရာစင်မြင့်အပေါ်တွင် သွေးရောင်အလင်းတန်းများသည် ပစ်မှတ်ကို လွတ်သွားသဖြင့် ဒေါသထွက်သွားကြပြီး ချင်မူ့လည်ပင်းဆီသို့ ဝိုက်ဖြတ်ကြသည်။
“နတ်ဘုရားစီရင်ရာဓားမလား... ငါ့မှာလည်း တစ်လက်ရှိတယ်”
ချင်မူ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “အဲဒီဓားမတောင် ငါ့ကို မသတ်နိုင်ရင် မင်းတို့လို လေစီးကြောင်းနှစ်ကြောင်းက ငါ့ကို ဘာလုပ်နိုင်မှာလဲ”
ချင်မူ၏ ချီနှင့်သွေးများသည် နဂါးကြီးတစ်ကောင်ပမာ လူးလွန့်ရွေ့လျားသွား၏။ ရှေးဟောင်းနဂါးသံရှစ်ချက် မြည်လာကာ နဂါးတွန်သံများ အဆက်မပြတ် ပဲ့တင်ထပ်လာသည်။ ၎င်းတို့က နတ်ဘုရားစီရင်ရာဓားမမှ ဖွဲ့တည်ထားသော လေစီးကြောင်းနှစ်ကြောင်းအား တွန်းထုတ်လိုက်လေသည်။
ချင်မူ လက်မြှောက်၍ လက်ချောင်းများဖြင့် ခပ်ဆတ်ဆတ် တို့ထိလိုက်သည်။ တရွှပ်ရွှပ်မြည်သံများနှင့်အတူ လေစီးကြောင်းနှစ်ကြောင်းမှာ လွင့်ထွက်သွားတော့သည်။
ချင်မူက နတ်ဘုရားစီရင်ရာစင်မြင့်ကို ဖြတ်ကျော်လိုက်ပြီး ထိုအခါမှ လေစီးကြောင်းနှစ်ကြောင်းမှာ လက်လျှော့သွား၏။
ဟူပုကွေ့ တအံ့တဩ အော်လိုက်မိသည်။ “နောင်တော်ချင်၊ နောင်တော်က ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းကို ကျင့်ပြီး သိုင်းဝိညာဉ် ဖွဲ့တည်ပြီးသွားတာလား... ဘယ်လိုလုပ်ပြီး အဲဒီလောက် မြန်နေတာလဲ.. ဆယ်ရက်ပဲ ရှိသေးတာမဟုတ်လား..”
ချင်မူက နတ်ဘုရားစီရင်ရာစင်မြင့်၏ တစ်ဖက်ခြမ်းတွင် ရပ်ကာ ရှက်ကိုးရှက်ကန်းဖြင့် နှိမ့်ချစွာ ပြန်ဖြေသည်။ “အမှန်တိုင်း ပြောရရင် ကျွန်တော်က လောကသခင်ခန္ဓာဆိုတော့ သင်လွယ်တတ်လွယ်ပါတယ်... ငယ်ငယ်ကတည်းက ဒီအတိုင်းပါပဲ... ကျွန်တော် နှေးရင် ကျွန်တော့်အဘိုးအဘွားတွေက လောကသခင်ခန္ဓာဖြစ်ပြီး ရှက်စရာကောင်းတယ်လို့ ဆူတတ်ကြပါတယ်... ဆယ်ရက်ဆိုတာ နှေးလွန်းနေပါပြီ...”
၎
င
၎
၎