ပထမဆုံးသွားခြင်း
Vol. 21 Ch. 293
ပြိုင်ပွဲအား အောင်နိုင်ရန် နည်းလမ်း သုံးခု ရှိသည်။
၁။ တစ်နာရီကြာ စိန်ခေါ်သူ မရှိ ရပ်တည်နိုင်ခြင်း
၂။ ပြိုင်ပွဲ ဆယ်ပွဲ ဆက်တိုက် နိုင်ခြင်းနှင့်
၃။ ဝိညာဥ် အမှတ် ၁၀၀၀၀ စုဆောင်းနိုင်ခြင်း
တို့ပင်။
၎င်းတို့အား အကဲဖြတ်ရပါက တစ်နာရီကြာ စိန်ခေါ်သူ မရှိနေနိုင်ရန်မှာ မည်သို့မှ မဖြစ်နိုင်ချေ။ တစ်နာရီ ဆိုသော အချိန်မှာ အလွန် ကြာမြင့်သည့် ကာလတစ်ခု ဖြစ်သည်။ ထိုအတွင်း တစ်ယောက် မဟုတ် တစ်ယောက်ကတော့ စိန်ခေါ်လိမ့်မည် ဖြစ်သည်။
ပြိုင်ပွဲ ဆယ်ပွဲ ဆက်တိုက် အနိုင်ယူရန်မှာလည်း လွယ်မယောင်နှင့် ခက်၊ တိမ်ယောင်နှင့် နက်သော ကိစ္စတစ်ရပ် ဖြစ်သည်။ ပြိုင်ပွဲ၌ ပါဝင်သူ အများစုမှာ ပါရမီရှင်များ ဖြစ်ပြီး သူမသာ၊ ကိုယ်မသာ အရည်အချင်း ရှိသူများ ဖြစ်သည်။ အားလုံးကား ဆက်တိုက် အနိုင်ယူရန်က အလွန် ခက်ခဲလှပေသည်။ အကယ်၍ မိမိ၏ ကျင့်ကြံခြင်း အဆင့်တွင် ပြိုင်ဘက်ကင်းလျှင်ပင်… ကျင့်ကြံခြင်း အဆင့် မြင့်မားသူများ လာရောက် စိန်ခေါ်ပါက ရှုံးနိမ့်ဖို့ ရာနှုန်းများလိမ့်မည် ဖြစ်သည်။
တတိယမြော် ဝိညာဉ် ၁၀၀၀၀ ပြည့်အောင် စုဆောင်းခြင်းမှာလည်း ထပ်တူညီစွာပင် ခက်ခဲလှသည်။ သို့သော်လည်း ဝေ့ဝူယင်သည် ဝိညာဉ်အမှတ် ၃၂၀၅ မှတ်ကို ပိုင်ဆိုင်ထားသည်။
ထိုအထဲမှ အမှတ် ၁၅၀၀ မှာ ရွှေကြယ် အဆင့် သားရဲ သုံးကောင်ကို ယဉ်ပါနိုင်ခဲ့ခြင်းကြောင့် ရရှိထားခဲ့ခြင်း ဖြစ်ကာ အခြား အမှတ်များမှာမူ အလင်း စမ်းသပ်ပွဲမှ ရရှိထားခြင်း ဖြစ်သည်။ အကယ်၍ သူသာ စုမေ့နှင့် ကျူးဟိုင်တို့ထံမှ အမှတ်များပါ စုပေါင်းလိုက်ပါက သူ့တွင် ၁၀၀၀၀ ထက်ပင် ကျော်လွန်သွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူထိုကဲ့သို့ လုပ်လိမ့်မည် မဟုတ်ချေ။ စုမေ့နှင့် ကျူးဟိုင်တို့မှာ ပြိုင်ပွဲတွင် ဗိုလ်ဆွဲရန် အလားအလာများကို ပိုင်ဆိုင်ထားသူများ ဖြစ်သည်။ သူတို့နှင့် မျှမျှတတသာ သူယှဉ်ပြိုင်လိုသည်။
ဝမ်… ဝမ်…
ထိုအခိုက်တွင်ပင် တိုက်ခိုက်ရေး စင်မြင့်၏ ထောင့်စွန်းရှိ စိန်ပုံစံ သလင်းကျောက်များမှာ ပြိုးပြိုးပြက်ပြက်သော အလင်းတန်းများကို စတင် ထုတ်လွှတ်လာသည်။ တစ်ချိန်တည်း၌ ကောင်းကင်မှ နေ၍ အသံတစ်ခု ထွက်ပေါ်လာ၏။
"တိုက်ခိုက်ရေး စမ်းသပ်မှု တရားဝင် စတင်ပြီ… လူငယ် ပါရမီရှင်လေးတွေ ရှေ့ကို တက်ပြီး မင်းတို့နဲ့ ရွယ်တူတွေကို ရင်ဆိုင် လိုက်ကြစမ်း… အနာဂတ်ရဲ့ အုပ်စိုးသူတွေ ဖြစ်ကြောင်း ပြလိုက်ကြစမ်း"
ထိုနက်ရှိုင်းသော အသံက လူတိုင်း၏ နှလုံးသားထဲ အထိ စိမ့်ကာ ဝင်ရောက်သွားကာ သွေးသားများကိုပင် ပွက်ပွက်ဆူ လာစေ၏။ ကျူးဟိုင်၏ သွေးရောင် မျက်လုံးများက ထက်ရှမှု အလင်းများဖြင့် ပြည့်နှက်သွားသည်။ ပြင်းထန်သည့် တိုက်ခိုက်မှု ဆန္ဒတို့မှာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဆံချည်တစ်မျှင်စာမျှ မကျန်အောင် သိမ်းပိုက်ထား၏။
ဝေ့ဝူယင်မှာ အနည်းငယ် ပြုံးလိုက်ရင်း နေသွေးနီနီဂိုဏ်းမှ နေ့ရက်များကိုပင် ပြန်လည် သတိရလိုက်သည်။ သူက စုမေ့ဘက်သို့ လှမ်းကြည့်လိုက်ရာ သူမမှာလည်း လွမ်းဆွတ် တမ်းတမှုတို့ဖြင့် လွှမ်းခြုံနေသည်။
ကျူးဟိုင်မှာ ရှေ့ကို တက်၍ စိန်ခေါ်ချင်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်၏ ကြိုတင် မှာကြားထားမှုကြောင့်သာ မဟုတ်ပါက ကြေညာသူ၏ စကားမဆုံးခင်မှာပင် သူ စင်မြင့်ပေါ်ကို ခုန်တက်ပြီးလောက်ပြီ ဖြစ်သည်။
တိုက်ပွဲဝင် အငွေ့အသက်များက ပြိုင်ပွဲ ကွင်းပြင် တစ်ခုလုံးတွင် ပြည့်နှက် နေသည့်တိုင် စက္ကန့်အနည်းငယ် ကြာသည် အထိ မည်သူမျှ စင်ပေါ် တက်မလာကြသေးချေ။ ပထမဆုံး စိန်ခေါ်သူမှာ တစ်နည်းနည်းဖြင့် ဆုံးရှုံး နစ်နာမှုများ ရှိနိုင်ကြောင်း သူတို့ အားလုံး သိထားကြပေသည်။ အကောင်းဆုံးသော ရွေးချယ်မှုက အခြား လူများ၏ အခြေအနေများကို အကဲခတ်ပြီးမှသာ အစီအစဉ်ဆွဲ၍ လှုပ်ရှားခြင်း ဖြစ်သည်။
တစ်မိနစ်မျှ ကြာပြီးနောက်၌… ချိုမြိန်သော အသံလေးတစ်ခုမှာ စတင် ထွက်ပေါ်လာ၏။
"ငါအရင်သွားလိုက်မယ်…"
လူများမှာ စိတ်ဝင်တစားဖြင့် အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။ ထိုအသံလေးက နွေးထွေးသည်။ သဘာဝကျကျနှင့် ချစ်စရာ ကောင်းသည်။ သို့သော်လည်း ထိုအထဲတွင် ခိုင်ကျည်သော စိတ်ဓာတ်တစ်ခု ပါဝင်နေသည်။
အသံပိုင်ရှင်ကား မြစိမ်းရောင် ဆံနွယ်ရှည်၊ မြစိမ်းရောင် မျက်လုံးများ၊ ဖွံ့ထွားသော ရင်သား၊ သေးကျဉ်သော ခါးနှင့် အလွန်တရာ လှပသော အယ်ဗန် မှင်စာ မိန်းမငယ်လေးပင်။ အကယ်၍ သူမသာ ဆန္ဒရှိပါက ထိုအလှတရားကို လက်နက်သဖွယ် အသုံးပြုကာ ကြယ်တာရာ နယ်မြေတွင် စစ်ပွဲ တစ်ပွဲကိုပင် ဖန်တီးနိုင်လိမ့်မည် ဖြစ်သည်။
ဟူး… ဟူး…
သူမမှာ သစ်သား ဒြပ်စင် အင်အားများကို ဝန်းရံရင်း စင်မြင့်ထက်သို့ ပျံဝဲ တက်လာသည်။ ထို့နောက် မြစိမ်းရောင် မျက်ဝန်းများကို ဝှေ့ကာ လူငယ် ပါရမီရှင်များကို ကြည့်လိုက်၏။ ထိုမျက်ဝန်းတို့က ယုံကြည်ချက် ပြင်းထန်စွာဖြင့် "လာပါ" ဟု အားလုံးကို ဖိတ်ခေါ်နေသယောင်ပင်။
ဝမ်… ဝမ်…
ထိုအခိုက်တွင်ပင် စင်မြင့်ထက်ရှိ စိန်ပုံသဏ္ဌာန် သလင်းကျောက်များမှာ လင်းလက်လာကာ စာလုံး အချို့ကို ဖော်ပြလာ၏။
ချင်ချူးမူ…
အနန္တ ဧကရာဇ်ဂိုဏ်း ပြိုင်ပွဲဝင်…
ကောင်းကင်အုပ်စိုးသူ ကျင့်ကြံခြင်း အဆင့်…
ဝိညာဉ် အမှတ်… ၂၀၇
" … "
ရောင်ဝါများ ဖြာထွက်နေသည့် စင်မြင့်ထက်တွင် အလွန် လှပသော မိန်းကလေး တစ်ယောက် ယုံကြည်ချက် ရှိရှိ ရပ်တည်နေချိန်တွင် တိတ်ဆိတ်မှုက ကမ္ဘာတစ်ခုလုံးကို ကူးစက်ပျံ့နှံ့နေသည်။
ချင်ချူးမူ… သူမက မည်သူနည်း။ အမှန်အတိုင်း ဝန်ခံရပါက ထိုနာမည်ကို သူတို့ တစ်ကြိမ် တစ်ခါမှ မကြားဖူးချေ။ ကြည့်ရသလောက် ဆိုလျှင် သူမမှာ အတော်လေး တည်ငြိမ်ကာ ယုံကြည်ချက် မြင့်မားသူ ဖြစ်ရမည်။
သို့သော်လည်း… အမှန်တကယ်အားဖြင့် ချင်ချူးမူမှာ မတည်ငြိမ်နိုင်ပါချေ။ သူမ၏ နှလုံးသား မြင်းရိုင်း တစ်ကောင် ကဲ့သို့ တဒုန်းဒုန်း ခုန်ပေါက်နေကာ စိတ်လှုပ်ရှားမှုက ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံနေသည်။ ဤသည်က သာမန် ပညာ ဖလှယ်သည့် ပြိုင်ပွဲမျိုး မဟုတ်ပါချေ။ အခန့်မသင့်ပါက သေပင် သေသွားနိုင်ပေသည်။
လူအုပ်ထဲကို လှမ်းကြည့်လိုက်သော အခိုက်၌ အမှတ်မထင်ပင်… လုံချန်၏ မျက်ဝန်းများနှင့် ဆုံတွေ့သွားသည်။ သူမကို ကြည့်နေသော ထိုအနက်ရောင် မျက်ဝန်းတို့က စိုးရိမ်ပူပန်မှုများ၊ မရေရာ မသေချာမှုများ ပြည့်နှက်နေ၏။ ယုံကြည်ချက် အရိပ်အငွေ့ တစ်စုံတစ်ရာပင် မရှိ။
ထိုမျှမက… သူက ကျင့်ကြံခြင်း အခြေခံကိုပင် လှည့်ပတ်ကာ လှုပ်ရှားရန် အဆင်သင့် ပြင်ထားသည်။ အကယ်၍ သူမသာ အသက် အန္တရာယ်နှင့် ကြုံတွေ့ရပါက စမ်းသပ်ပွဲ၏ စည်းမျဉ်းများကို ချိုးဖောက်ရန် သူ ဝန်လေးလိမ့်မည် မဟုတ်ကြောင်း ချင်ချူးမူ ယုံကြည်ပေသည်။
မရေရာသော အကြောင်းရင်း တစ်ခုကြောင့် ချင်ချူးမူမှာ စိတ်ဓာတ်ကျလာသလို ခံစား လိုက်ရသည်။
"ငါ စိန်မခေါ်ခဲ့သင့်သေးဘူးလား…"
"ငါ စောင့်ခဲ့သင့်တာလား…"
"ငါက လုံလောက်အောင် မသန်မာဘူးလား…"
အမျိုးမျိုးသော အတွေးများမှာ သူမ၏ ယုံကြည်မှုများကို လှိုင်းဂယက်များ သဖွယ် ရိုက်ခတ်လာ၏။ ထိုအခိုက်တွင်ပင် ဝေ့ဝူယင် ဆိုသော ပုံရိပ်က သူမ၏ စိတ်ထဲ ဖျပ်ခနဲ ပေါ်လွင်လာ၏။ ဘာကြောင့်မှန်း မသိ။ ဝေ့ဝူယင်ကို အရေးတကြီး လိုအပ်သလို သူမ ခံစားလိုက်ရသည်။
သူမ လျှင်မြန်စွာ လူအုပ်ကြားထဲမှ ဝေ့ဝူယင်ကို ရှာဖွေရန် ကြိုးပမ်းလိုက်သည်။ သိပ်ကြာကြာ မရှာလိုက်ရခင်မှာပင် ငွေရောင် မျက်လုံးများနှင့် ချောမောသော မျက်နှာကို သူ တွေ့လိုက်ရ၏။
ဝေ့ဝူယင်က သူမအား ပြုံးရင်း ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
ရုတ်တရက်… ချင်ချူးမူ၏ နှလုံးသား တစ်ခုလုံးမှာ မှန်းဆ၍ မရအောင် နွေးထွေး သွားခဲ့၏။ သူမ စိတ်ထဲရှိ စိုးရိမ် ပူပန်မှု၊ သံသယ အားလုံးမှာ ချက်ချင်းပင် အငွေ့ပျံကာ ပျောက်ကွယ်သွား၏။ သူမ၏ မြစိမ်းရောင် မျက်လုံးများထဲရှိ ယုံကြည်ချက် အလင်းရောင်က ယခင်ကထက် အဆပေါင်း များစွာ ပိုမို အားကောင်းလာခဲ့သည်။
"ဟား… ဟား… ဟား…"
ထိုအခိုက်တွင်ပင် ကျယ်လောင်သော ရယ်မောသံ အချို့ကို သူမ ကြားလိုက်ရ၏။ အသံလာရာသို့ လှမ်းကြည့်လိုက်လေရာ အဖြူရောင် ဝတ်စုံများ ဝတ်ဆင်ထားသည့် လူငယ် တစ်ယောက်မှာ လေးလံ အားကောင်းသော ခြေသံများနှင့် စင်မြင့်ပေါ် ခုန်တက်လာ၏။ သူ၏ အရပ်မှာ သိပ်မမြင့်လှသည့်တိုင် ခန္ဓာကိုယ် တစ်ခုလုံးမှာမူ တုတ်ခိုင်သော ကြွက်သားတို့ဖြင့် ပြည့်နှက်နေသည်။ သူသည် ကတုံးပြောင်ပြောင်နှင့် ဖြစ်ကာ နက်မှောင်သော မျက်လုံးနှင့် မြေကြီး ဒြပ်စင် အရှိန်အဝါများကို ပိုင်ဆိုင်ထားသည်။
"ကျင်းယုဝေ့…"
တစ်ယောက်က ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်၏။ သူ၏ အသံက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ကျင်းယုဝေ့…
ကျင်းယုဝေ့မှာ လင်းမင် ကဲ့သို့ပင် ဒြပ်စင် ကောင်းကင် နန်းတော်၏ ပါရမီရှင် တစ်ဦး ဖြစ်သည်။ သူသည် လူတိုင်း သတိထားရမည့် စာရင်း၌ ပါဝင်ကာ ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် ကြယ်တာရာ အမြုတေ အဆင့်နှစ်ကို တက်လှမ်းထားနိုင်သူ ဖြစ်သည်။
ကျင်းယုဝေ့သည် မဟာမြေကြီး သွေးကြောများ၊ မဟာမြေကြီး ခန္ဓာကိုယ်တို့ဖြင့် မွေးဖွားလာသူ ဖြစ်သည်။ သူသည် မည်သည့် အညစ်အကြေးမှ မရှိပဲ လုံးဝ သန့်စင်သည့် မြေကြီး ကျင့်ကြံသူ ဖြစ်သည်။
"ငါ မင်းအကြောင်းကို ကြားဖူးတယ်…"
ကျင်းယုဝေ့၏ လေးလံသော အသံက လေးလံသော ခြေလှမ်းများနှင့် လိုက်ဖက်ညီစွာပင် ထွက်ပေါ်လာ၏။
"သစ်နွယ် မင်းသမီး… ငါ့ဆရာက မင်းကို အဲ့လို ခေါ်တယ်"
ဝေ့ဝူယင်မှာ ထိုမြင်ကွင်းကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေခဲ့၏။ သူသည် လွန်ခဲ့သည့် လပိုင်းအတွင်း သူမအား အဆင့် ခုနစ်၊ အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်များဖြင့် ပျိုးထောင်ခဲ့သည်။ သူမမှာ သူ့အား စိတ်မပျက်စေခဲ့။ ကောင်းကင် အုပ်စိုးသူ အဆင့်ကို တက်လှမ်းကာ သူမ၏ အရည်အချင်းကို သက်သေပြခဲ့သည်။ သည်တိုက်ပွဲတွင် ချင်ချူးမူ မည်မျှ ပြသနိုင်မည်ကို သူ အမှန်တကယ် စိတ်ဝင်စား နေမိသည်။
ဝမ်… ဝမ်…
ကျင်းယုဝေ့ စင်မြင့်ထက်သို့ ရောက်သည့် အခိုက်တွင်ပင် သလင်းကျောက်များမှာ နောက်တစ်ကြိမ် လင်းလက် တောက်ပလာကြ၏။
ကျင်းယုဝေ့…
ဒြပ်စင် ကောင်းကင်နန်းတော် ပြိုင်ပွဲဝင်
ကောင်းကင် အုပ်စိုးသူ အဆင့်
ဝိညာဉ် အမှတ် ၃၂၄…
***