ပထမဆုံး စိန်ခေါ်ပွဲ
Vol. 21 Ch. 294
“ကျုပ် ကျင်းယုဝေ့ စိန်ခေါ်တယ်...”
ကျင်းယုဝေ့က ကောင်းကင်တွင် ပေါ်နေသည့် သူ၏ အချက်အလက်များကို မော့ကြည့်ရင်း ကြေညာလိုက်၏။ သူ၏ အသံက လေးနက်သော ယုံကြည်ချက်များနှင့် ပြည့်နှက်နေသည်။
ဝမ်... ဝမ်...
ရုတ်ချည်းပင် သလင်းကျောက် လေးခုမှ အလင်းတန်းများမှာ တစ်ခုနှင့် တစ်ခု ချိတ်ဆက်သွားကာ နံရံလေး ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းက အပေါ်တွင်လည်း အလုံးပိတ် အမိုးခုံး တစ်ခု ဖြစ်ပေါ်လာ၏။ ထိုနံရံများနှင့် ခေါင်မိုးများမှာ တောက်ပနေသော သလင်းကျောက်များ သဖွယ် တည်ရှိနေကာ အတွင်းဘက်မှ အပြင်ကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း အပြင်ဘက်ကမူ အတွင်းဘက်ကို ဖောက်ကာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
“ငါ နင့်ကို ကြောက်လိမ့်မယ်လို့ နင်ထင်လား...”
ကျင်းယုဝေ့က ချင်ချူးမူကို ကြည့်ကာ မေးလိုက်သည်။ ခြိမ်းခြောက်မှုနှင့် လှောင်ပြောင်မှု အငွေ့အသက် အချို့က သူ့အသံတွင် ပါဝင်နေသည်။ သူသည် မတိုက်ခိုက်ခြင် စကားလုံးများနှင့် ပြိုင်ဘက်၏ စိတ်ဓာတ် ပျက်ပြားသွားအောင် အရင်ဆုံး ကြိုးစားလိုက်ခြင်း ဖြစ်သည်။
“နင်ကြောက်လာမှာပါ...”
ချင်ချူးမူ၏ မျက်လုံးများက ထက်ရှနေ၏။ သူ၏ စကားလုံးများကလည်း ရှင်းလင်းကာ ပြတ်သား လှပေသည်။ ထိုထက် ပိုမို ပြတ်သားသည်က သူမ၏ လှုပ်ရှားမှုများပင်။
“အနန္တ အသက်မြက် ကျင့်စဥ်... ပန်းတစ်ပွင့် မွေးဖွားခြင်း
“ဟူး... ဟူး...”
အလင်းတန်းများမှာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ခြုံငုံကာ တောက်ပလာကာ မြစိမ်းရောင် သစ်သား အင်အားများက လှိုင်းလုံးများ အလား စီးထွက်လာ၏။ မျက်တောင် တစ်ခပ်စာမျှ မကြာသေးသည့် ထိုအတောအတွင်း သူမမှာ ကျင်းယုဝေ့ကို အနီးကပ် တိုက်ခိုက်နိုင်သည့် အကွာအဝေး တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။
ကျင်းယုဝေ့မှာ ထင်မှတ်မထားသည့် ထိုလှုပ်ရှားမှုကြောင့် တုန်လှုပ်သွား၏။ သူ၏ စိတ်အာရုံက ရှုပ်ထွေးသွားကာ အမူအရာမှာ အရုပ်ဆိုးသွားသည်။ ချင်ချူးမူမှာ လှုပ်ရှားမှု တစ်ခုတည်းဖြင့် သူ၏ ဝိညာဥ်နှင့် ခန္ဓာ နှစ်ခု စလုံးကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
“ဝှစ်...”
ချင်ချူးမူက လက်နှစ်ဖက်မှာ သူ၏ ရင်ဘတ်ဆီ ရောက်ရှိလာ၏။ သူမ၏ လက်ချောင်းများ ထိပ်တွင်မူ မြစိမ်းရောင် အလင်းတစ်ချို့က တောက်ပနေသည်။
ကျင်းယုဝေ့မှာ ထိတ်လန့်တုန်လှုပ်နေသည့်တိုင် အလွန် အစွမ်းထက်နေဆဲ ဖြစ်သည်။ သူက တိုက်ရိုက် အဆန်ဆုံး နည်းလမ်းဖြင့် တုန့်ပြန်လိုက်သည်။ ကမ္ဘာမြေကြီးကို တုန်လှုပ်စေသည့် ခပ်အုပ်အုပ် အော်သံအား ထုတ်လွှတ်လိုက်ရင်း သူက မဟာမြေကြီး အင်အားများကို ဖောက်ခွဲလိုက်သည်။
“ဘုန်း...”
ရုတ်ချည်းပင် စင်မြင့်ထက်၌ မီးတောင်ပေါက်ကွဲသကဲ့သို့ ကြောက်စရာ ကောင်းသော ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာ၏။ သို့သော်လည်း ချင်ချူးမူက သူမ၏ လှုပ်ရှားမှုကို မရပ်တန့်ချေ။ သူမ၏ မျက်လုံးများက ကြည်လင်နေကာ မည်သည့် တုန့်ဆိုင်းမှု အရိပ်အယောင်မှ သူမ၏ မျက်နှာထက်၌ ရှိမနေခဲ့ချေ။ သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးက ရိုင်းစိုင်းသော ခြေလှမ်းများနှင့် အတူ မြေကြီးလှိုင်းလုံးများထဲသို့ ဝင်ရောက်သွားသည်။
ဘုန်း... ဘုန်း...
ပြင်းထန်သော တိုက်ခိုက်သံများမှာ ဆက်တက် ထွက်ပေါ်လာသည်။ မြစိမ်းရောင် သစ်သား အင်အားနှင့် အဝါရောင် မြေကြီးစွမ်းအားများမှာ ရောထွေး ယှက်နွယ်နေကြ၏။
ဘုန်း...
သိပ်ကြာကြာ မစောင့်လိုက်ရခင်မှာပင် ပုံရိပ် တစ်ခုမှာ နောက်သို့ လွင့်ပျံထွက်ပေါ်လာ၏။ လှပစွာ ပျံဝဲနေသည့် မြစိမ်းရောင် ဆံပင်များကို ကြည့်ရင်း ထိုပုံရိပ်မှာ ချင်ချူးမူ ဖြစ်ကြောင်း အားလုံး သိလိုက်ကြပေသည်။
ဟူး... ဟူး...
ချင်ချူးမူမှာ အရိပ်တစ်ခု ကဲ့သို့ နောက်ပြန် လွင့်စဥ်လာသည်။ သလင်းကျောက် အလင်း နံရံနှင့် မထိတွေ့ခင်မှာပင် အစိမ်းရောင် သစ်သား စွမ်းအင်များက သူမ၏ ခန္ဓာကိုယ် ပတ်လည်တွင် ရစ်ပတ်လာကာ ကြမ်းပြင်ပေါ် ညင်သာစွာကျဆင်းသွားသည်။
“သူ ရှုံးသွားတာတော့ မဟုတ်ဘူး မလား...”
လူများမှာ စိတ်လှုပ်ရှားစွာဖြင့် သူမကို ကြည့်လိုက်ကြ၏။ သူမမှာ မားမားမတ်မတ်ပင် ရပ်နေဆဲ ဖြစ်ပြီး မျက်လုံးများမှာလည်း ယခင်ကလို ညို့ဓာတ် အပြည့်ဖြင့် တောက်ပနေဆဲ ဖြစ်သည်။ သို့သော်လည်း သူမ၏ နှာသီးဝတွင် နှုတ်ခမ်းထောင့်စွန်းတွင်မူ အစိမ်းရောင် သွေးစ အချို့ ရှိနေ၏။ သူမမှာ ဒဏ်ရာ ရသွားပုံ ပေါ်သော်လည်း အလွန်တရာ တည်ငြိမ်နေဆဲ ဖြစ်သည်။
လူတိုင်းမှာ တစ်ခဏမျှ နားမလည်နိုင်အောင် ဖြစ်သွားကြ၏။ ထိုမိန်းကလေးမှာ ရှုံးနိမ့်သွားသည်လား။ မဖြစ်နိုင်ချေ။ သူမ၏ တည်ငြိမ်မှုက အတော်လေး ထူးဆန်းနေသည်။
“အား...”
သူတို့ ဝေခွဲမရ ဖြစ်နေကြစဥ်မှာပင် အလွန် ကျယ်လောင်သော အော်ဟစ်သံ တစ်ခုမှာ တိုက်ခိုက်ရေး စက်မြင့် တစ်ခုလုံးကို ဖုံးလွှမ်းလျှက် ထွက်ပေါ်လာခဲ့တော့၏။
....
"..."
ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်မှုမှာ ကွင်းပြင်တစ်ခုလုံးကို လွှမ်းမိုးကာ သိမ်းပိုက် စိုးမိုးထား၏။ များစွာသော လူများမှာ အံ့သြ ထိတ်လန့်နေသော မျက်လုံးများဖြင့် စင်မြင့်ထက်၌ ရပ်နေသည့် ပုံရိပ်တစ်ခုကို ငေးကြည့်နေကြသည်။ ဟူးကျင်းဝေ့မှ လွဲ၍ မည်သူ ရှိပါမည်နည်း။
အား...
ကျင်းယုဝေ့မှာ နာနာကျင်ကျင် အော်ဟစ်ရင်း နှလုံးသား ရှိသည့် နေရာကို လက်ဖြင့် ဆုပ်ကိုင်ရန် ကြိုးပမ်းနေပုံရသည်။ သို့တိုင်အောင် သွေးများက သူ့လက်များကြားမှ တရဟော စီးထွက်နေ၏။ သူ့အောက်ရှိ ကြမ်းပြင်ပင်လျှင် ဝါလွင်သော သွေးများဖြင့် ရွှဲရွှဲနစ် နေခဲ့ပြီ ဖြစ်လေသည်။
လူများမှာ စိတ်ရှုပ်ထွေးလာကြ၏။ သူတို့ နှစ်ယောက် တိုက်ပွဲ စတင်သည်က စက္ကန့်ပိုင်းမျှသာ ကြာမြင့်သေးသည်။ စက္ကန့်ပိုင်း... တကယ့်ကို စက္ကန့်ပိုင်းမျှသာ...။
ကျင်းယုဝေ့ ကဲ့သို့သော နာမည်ကျော် ပါရမီရှင် တစ်ယောက်မှာ အဘယ်ကြောင့် ထိုစက္ကန့်ပိုင်း အတွင်းမှာပင် ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားရသနည်း။ ထို့အပြင် သူ့အား အနိုင်တိုက်ခဲ့သူက ကျင့်ကြံခြင်း အဆင့် မဟားတရား ကွာဟနေသူ မဟုတ်ပါချေ။ သူ့ကဲ့သို့ပင် ကောင်းကင် အုပ်စိုးသူ တစ်ယောက်သာ ဖြစ်သည်။ မည်သည့် အရာများ ဖြစ်ပွားနေသနည်း။
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ထူးထူးခြားခြား လင်းလက်လာကာ အလင်းရောင်များဖြင့် တောက်ပသွားသည်။
“သူက ရက်စက်တယ်... ပြတ်သားတယ်...”
စုမေ့က ရှားရှားပါးပါး အပြုံးကလေးနှင့် မှတ်ချက်ချလိုက်သည်။ မည်သူ့ကိုမှ ဂရုမစိုက်တတ်သောကျူးဟိုင်ပင်လျှင် ချင်ချူးမူကို စိတ်ဝင်စားသော မျက်လုံးများနှင့် ကြည့်နေခဲ့၏။
ချင်ချူးမူ အင်္ကျီလက်စကို သုံးရင်း နှုတ်ခမ်းထက်ရှိ သွေးများကို သုတ်လိုက်၏။ သူမ၏ ပုံစံက စစ်မြေပြင်တွင် ရပ်တန့်နေသည့် ကြီးကျယ် ခမ်းနားသော စစ်သူရဲ တစ်ဦး အလားပင်။
“နင်... နင်...”
ကျင်းယုဝေ့က လှုပ်ရှားရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူ မတတ်နိုင်ချေ။ သူ၏ အသက်ရှူသံများမှာ ပိုမို လေးပင်လာကာ ရင်ဘတ်မှာ တင်းကြပ်လာ၏။
ချင်ချူးမူ သူ့အား နောက်တစ်ကြိမ် မတိုက်ခိုက်ချေ။ သူမက ကြယ်တာရာ အင်အားကို အနိမ့်ဆုံး အဆင့်တွင်သာ ထိန်းထားရင်း ကျင်းယုဝေ့ကို ကြည့်လိုက်၏။ ထို့နောက် သူမက လက်ညိုးကို ဆန့်ထုတ်ရင်း ကျင်းယုဝေ့ထံ ညွှန်လိုက်သည်။
ဝှစ်... ဝှစ်...
သူမ၏ လက်ချောင်းထိပ် လက်သည်းအကြားမှ မြစိမ်းရောင် အလင်းမျှင်လေး တစ်ခု ထွက်ပေါ်လာကာ ကျင်းယုဝေ့ထံ တိုးဝင်သွားသည်။
“အား...”
ကျင်းယုဝေ့မှာ အလွန် နာကျင်စွာ အော်ဟစ်ရင်း ဒူးထောက်ကျလုနီးပါးပင် ဖြစ်သွားခဲ့၏။ သူက ကြယ်တာရာ အင်အားကို လှည့်ပတ်ကာ ထိုနာကျင်မှုကို ကျော်လွှားရန် ကြိုးစားလိုက်သော်လည်း အလုပ်မဖြစ်သည်ကို တွေ့လိုက်ရသည်။ ချင်ချူးမူ မည်သည့် ပညာရပ်အား အသုံးချနေသည်ကို မသိသည့်တိုင် ထိုအရာက မခံမရပ်နိုင်အောင် နာကျင်လှပေသည်။
“နင်ငါ့ကို ဘာလုပ်လိုက်တာလဲ...”
ကျင်းယုဝေ့ ဒေါသတကြီး အော်ဟစ်လိုက်၏။ သူသည် ဖြစ်နိုင်လျှင် ချက်ချင်း ထကာ ချင်ချူးမူကို အမှုန့်ချေချင် နေခဲ့ပြီ ဖြစ်သော်လည်း တစ်ချက် လှုပ်လိုက်ရင်း အရိုးခိုက်မတတ် နာကျင်မှုက သူ့ကို နှိပ်စက်နေသည်။ ထိုအခိုက်၌ သူသည် ဒုက္ခိတ ဖြစ်နေသလိုပင် ခံစားနေရ၏။
“ ... “
ချင်ချူးမူက သူ့အား ပြန်မဖြေချေ။ မိမိ၏ ကျင့်စဥ် သို့မဟုတ် နည်းလမ်း အကြောင်းကို အိတ်သွန်ဖာမှောက် ထုတ်ဖော် ပြောဆိုခြင်းမှာ အရူးတို့၏ အကျင့်သာ ဖြစ်ပေသည်။
ကံကောင်းစွာပင် အချို့လူများမှာမူ အခြေအနေကို သဘောပေါက်ရန် အတွက် သူမ၏ အဖြေကို မလိုအပ်ကြချေ။ ဥပမာ ဆိုရသော် ဝေ့ဝူယင်ပင်။
“သောက မျိုးစေ့... ဘယ်လောက် ရက်စက်လိုက်လဲ”
သူက လျှာကို ကိုက်လိုက်မိ၏။ အသက်မြက် သစ်သား အမတေ အပါအဝင် ဒြပ်စင်ကိုးမျိုးစလုံးကို ကျင့်ကြံထားသူ တစ်ဦး အနေဖြင့် သူ မည်ကဲ့သို့ ထိုအရာကို မသိပဲ နေပါမည်နည်း။
သောကမျိုးစေ့မှာ ကပ်ပါးကောင်နှင့် တူသည့် အသက်မြက်အမျိုးအစား သစ်သား ကျင့်စဥ် တစ်ခု ဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်၏ အသက်အင်အားကို မြေသြဇာ အနေဖြင့် သုံးကာ နှလုံးထဲ ဝင်ရောက်၍ အဆုံးမဲ့ ကြီးထွားနိုင်စွမ်း ရှိသည်။ ခန္ဓာကိုယ် အတွင်းရှိအသက်အင်အားများ အားလုံး ကုန်ဆုံးသွားသော အခိုက်မှာ ၎င်း၏ ကြီးထွားမှုက ရပ်တန့်သွားလိမ့်မည် ဖြစ်သည်။
***