နားလည်မှုအသစ်
Vol. 46 Ch. 634
"သူက နန်းကုန်းဇီ မဟုတ်ဘူးလား"
ယဲ့ချန်က အနည်းငယ် ရှုပ်ထွေးသွားခဲ့သော်လည်း သေချာစွာ အကဲခတ်လိုက်သောအခါ ရှေ့တွင် မတ်တပ်ရပ်နေသူ လူငယ်က နန်းကုန်းဇီနှင့် အလွန်တူသော်လည်း ကွဲပြားမှုအချို့ ရှိနေသည်။ နှာတံသဏ္ဍာန်၊ နှုတ်ခမ်းအနေအထားနှင့် မျက်နှာသွင်ပြင်ချင်း အနည်းငယ်ကွဲပြားသည်။ နန်းကုန်းဇီ၏အရှိန်အဝါက အေးစက်မောက်မာသော်လည်း ဤလူငယ်ထံမှ နွေဦးလေညှင်းကဲ့သို့ စိတ်အေးချမ်းမှုကိုသာ အာရုံခံမိခဲ့သည်။ လူငယ်က ပုံရိပ်ယောင်ဖြစ်နေသောကြောင့် ယဲ့ချန်သည် နန်းကုန်းဇီ၏နောက်ခံကို မသိသော်လည်း တစ်နည်းနည်းဖြင့် ဆက်စပ်နေနိုင်ကြောင်း နားလည်လိုက်သည်။
"မင်းပြောတဲ့ နန်းကုန်းဇီက ဘယ်သူလဲဆိုတာ မသိဘူး။ ငါ့နာမည်က ရှင်းရွှမ်ပါ။ ဒါပေမယ့် မင်း အခုမြင်နေရတာက အစစ်အမှန်လူတစ်ယောက် မဟုတ်ဘူး။ ငါချန်ထားရစ်ခဲ့တဲ့ အတွေးပုံရိပ်တစ်ခုသာ ဖြစ်တယ်"
လူငယ်က ကြင်နာစွာပြုံး၍ သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။ သူက ကျောက်စိမ်းနန်းတော်တွင် ယဲ့ချန်တွေ့ခဲ့ဖူးသော တျန်းယွမ်ကဲ့သို့ ကြယ်သခင်တစ်ပါးဖြစ်ပြီး ဝိညာဥ်ပုံရိပ်တစ်ခု ကြွင်းကျန်ရစ်နေခြင်းဖြစ်သည်။
"စီနီယာ ကျုပ်မှာ မေးခွန်းတွေရှိနေတယ်။ ကျေးဇူးပြုပြီး ဖြေပေးနိုင်မလား"
ယဲ့ချန်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး သူ၏စိတ်အတွင်း မတင်မကျဖြစ်နေသည်ကို မေးနိုင်သော အခွင့်အရေးအား လက်လွှတ်မခံခဲ့ပေ။
"မေးပါ"
ရှင်းရွှမ်က လက်နှစ်ဖက်နောက်ပစ်၍ မတ်တပ်ရပ်နေသဖြင့် ဝတ်ရုံက လေအတိုက်တွင် လူးလွင့်နေသည်။
"အတိတ်တုန်းက ကြယ်သခင်တွေဟာ ဘာကြောင့် ကျိယွမ်ကြယ်ကို ဖုံးကွယ်ထားခဲ့ရတာလဲ။ ကျိယွမ်ကြယ်မှာ လျှို့ဝှက်ချက်တွေ ရှိနေလို့လား"
ယဲ့ချန်သည် သူ၏ကိုယ်ပွားက မီးဝိညာဥ်ကြယ်ပေါ်တွင်ရှိနေစဥ် သိခဲ့ရသမျှကို အာရုံခံနိုင်သဖြင့် ရောင်ယွမ်ပြောသမျှကို သိနေခဲ့သည်။ ထိုကိုယ်ပွားက ကျိယွမ်ကြယ်သို့ ဝင်ရောက်သွားမှသာ အဆက်အသွယ်ပြတ်တောက်သွားပြီး အသက်ရှင်နေဆဲဖြစ်သည်ဟုသာ အာရုံခံနိုင်ခဲ့သည်။
"ဒီမေးခွန်းကိုတော့ ငါ မဖြေပေးနိုင်ဘူး။ စကြဝဠာထဲမှာ အရာရာတိုင်းရဲ့တည်ရှိမှုက သူ့အဓိပ္ပါယ်နဲ့သူ ရှိတယ်။ ရှင်းဟွမ်ဖြစ်စေ၊ ကောင်းကင်နတ်ဆိုးတွေဖြစ်စေ မျိုးနွယ်အားလုံးဟာ စကြဝဠာထဲမှာနေထိုင်ကြပြီး ကိုယ့်မျိုးနွယ်အတွက် တိုက်ခိုက်ကြတယ်။ မျိုးနွယ်တိုင်းက ကိုယ့်ကိုကိုယ်ကာကွယ်ပိုင်ခွင့်ရှိလို့ ဘယ်ဟာက မှားတယ်၊ ဘယ်ဟာက မှန်တယ်ဆိုတာ ခွဲခြားမရဘူး။ ကောင်းကင်နတ်ဆိုးတွေက အသက်ရှင်ဖို့အတွက် ရှင်းဟွမ်တွေကိုစားသလို ငါတို့ကလည်း ရှင်သန်ရေးအတွက် သူတို့ကို တိုက်ခိုက်ရတယ်။ ဘယ်သူ့မှာမှ ရွေးချယ်ပိုင်ခွင့် မရှိဘူး"
ရှင်းရွှမ်သည် ယဲ့ချန်၏မေးခွန်းကို မမျှော်လင့်ထားသဖြင့် အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြီး ခေါင်းတစ်ချက်ယမ်းကာ ပြောလိုက်သည်။
"ဒါဆိုရင် ကျိယွမ်ကြယ်ပေါ်မှာ ငါတို့မျိုးနွယ်တွေနဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်ချက် ရှိနေတာလား"
ယဲ့ချန်က ရှင်းရွှမ်၏စကားများအတွင်း တစ်ခုခုဖုံးကွယ်ထားသည်ဟု ခံစားနေရသော်လည်း အဖြေမထုတ်နိုင်ခဲ့ပေ။ ဤအဖြေကိုရရန်အတွက် သူက ဆက်လက်ရှာဖွေရမည့်ပုံပေါ်သည်။ ကျိယွမ်ကြယ်၏ လျှို့ဝှက်ချက်က ပို၍ထိတ်လန့်အံ့သြဖွယ်ကောင်းလာသည်ဟု သူက ခံစားနေရသည်။ သို့မဟုတ်လျှင် ကြယ်သခင်၁၂ယောက်က များစွာအားထုတ်၍ ၎င်းကို စကြဝဠာအတွင်း ဖုံးကွယ်ထားမည် မဟုတ်ပေ။
"အတိတ်တုန်းက ငါ့မှာ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူးဆိုတာကို နားလည်လို့ လျှို့ဝှက်ကျင့်စဥ်ထောင်ချီကို အခြားကြယ်သခင်တွေဆီကနေ ဝယ်ယူပြီး လူသားနတ်ဘုရားနယ်မြေမှာ ထားရစ်ပေးခဲ့တယ်။ ဒီနေရာက အဆင့်ခြောက်ဖြစ်နေလို့ မင်းအတွက် မသင့်တော်ဘူး။ မင်းသာ အဆင့်ရှစ်နဲ့ကိုးကို တက်နိုင််မယ်ဆိုရင် တစ်ခုခု သေချာပေါက်ရပါလိမ့်မယ်။ သုညပိုင်ရှင်တွေအတွက် သင့်တော်တဲ့ကျင့်စဥ်တွေ ဒီမျှော်စင်ထဲမှာ ရှိတယ်ဆိုပေမယ့် ဆက်သွားနိုင်မသွားနိုင်ကတော့ မင်းရဲ့အရည်အချင်းအပေါ်မှာ မူတည်နေတယ်"
ရှင်းရွှမ်က အဝေးသို့မျှော်ကြည့်နေရင်း ယဲ့ချန်အတွက် မျှော်လင့်ချက်တစ်ခု ပေးလိုက်သည်။ သို့သော် ယဲ့ချန်ကိုယ်တိုင်လည်း ထိုအဆင့်များကိုရောက်နိုင်ရန် မသေချာပေ။ အဆင့်ခြောက်ရှိ သဲကန္တာရအတွင်းမှ ပုံရိပ်ယောင်များကပင် ကြောက်စရာကောင်းလွန်းနေပြီး ကျော်ဖြတ်နိုင်ရန်အတွက် အလွန်ခိုင်မာသော စိတ်ဓာတ်တစ်ခု လိုအပ်သည်။ အမြင့်ဆုံးအဆင့်သုံးဆင့်တွင် ပိုမိုခက်ခဲသော စမ်းသပ်မှုများ စောင့်ကြိုနေပေလိမ့်မည်။
"ဒီပန်းချီထဲမှာ နတ္ထိပိုင်နက်လို့ခေါ်တဲ့ ဘုံတစ်ခုကို ဖုံးကွယ်ထားတယ်။ ငါက သေကာနီးအချိန်ရောက်မှသာ အရာအချို့ကို နားလည်နိုင်ခဲ့တယ်။ ငါက ကောင်းကင်မူလကြယ်ရဲ့ ကြယ်သခင်ဖြစ်ပေမယ့် စကြဝဠာထဲမှာ အစက်အပြောက်လေးတစ်ခုပါပဲ။ ငါတို့က ထာဝရမရှင်သန်နိုင်ဘဲ နောက်ဆုံးမှာ ပျက်စီးသေဆုံးကြရတယ်။ ဘယ်လောက်ပဲရုန်းကန်ပါစေ၊ အမြဲ မရှိခြင်းတရားအောက်မှာ ဖုန်မှုန့်တွေအဖြစ် အဆုံးသတ်ကြရတယ်"
ရှင်းဟွမ်က လေးနက်စွာပြောလိုက်ပြီး အနက်ရောင်လွင်ပြင်ထဲတွင် နတ္ထိတရားသာ ကြီးစိုးနေသောကြောင့် ကြောက်မက်ဖွယ် မရဏစွမ်းအားများ ထွက်ပေါ်လာသည်။ ဤနေရာတွင် ကျင့်ကြံသူတစ်ယောက်က အသက်ရှူရန်ပင် ခက်ခဲနေမည်ဖြစ်ကာ အသက်စွမ်းအားများကို လုံးဝခံစားနိုင်မည်မဟုတ်ပေ။ ယဲ့ချန်သည်လည်း သက်ရောက်မှုခံလိုက်ရသောကြောင့် ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးပေါ်မှ ဝိညာဥ်များစွာသေဆုံးကုန်ပြီး ၎င်းတို့မှာလည်း ကြယ်သေများနှင့် ဆင်တူလာသည်။ ဤကား ရှင်းရွှမ်မသေခင် နားလည်ခဲ့သော ပိုင်နက်သဘောတရားတစ်ခုဖြစ်သောကြောင့် အလွန်ကြောက်စရာကောင်းနေသည်။ ကြယ်သခင်တစ်ယောက်၏ခွန်အားဖြင့် ဆက်လက်ရှင်သန်လိုလျှင် သူက အသက်ကို နည်းလမ်းအချို့ဖြင့် ဆွဲ့ဆန်နိုင်သော်လည်း ဤသဘောတရားကို နားလည်လိုက်သောကြောင့် သေဆုံးမှုကို လက်ခံလိုက်ဟန်တူသည်။ ဆက်လက်ရှင်သန်လိုစိတ်မရှိလျှင် လူသားတစ်ယောက်မဆိုထားနှင့်၊ နတ်ဘုရားများပင် စုတေရသည် မဟုတ်ပါလော။
"ငါ့ကို ဒီပိုင်နက်က အနိုင်ယူသွားလို့ မဖြစ်ဘူး"
ယဲ့ချန်က အံကိုတင်းတင်းကြိတ်ကာ ရုန်းကန်နေသဖြင့် အလွန်နာကျင်နေပြီး တစ်ကိုယ်လုံး ချွေးများစိုရွှဲနေသည်။ သူက မြေပြင်တွင် တင်ပျဥ်ခွေထိုင်ချလိုက်ပြီးနောက် စိတ်ကိုတည်ငြိမ်စေရန် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ဆင်ခြင်လိုက်သည်။ ကြယ်ကိုးလုံးပေါ်တွင် ရာချီသောဝိညာဥ်များ ပြန်လည်မွေးဖွားလာကာ မရဏစွမ်းအားကို တွန်းလှန်လိုက်ကြသည်။ သူ၏ရုပ်ခန္ဓာက သာမန်မျက်လုံးဖြင့်ပင် မြင်နိုင်သော အရှိန်မျိုးနှင့် ညှိုးခြောက်လာကာ ရင်ထဲတွင် သေခြင်းတရားကို လက်ခံလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ၎င်းကိုတွန်းလှန်နေသော ယဲ့ချန်ကို ကြည့်နေရင်း ရှင်းရွှမ်သည် ယဲ့ချန်၏ကိုယ်ထဲတွင် အသက်အားများက နေတစ်စင်းပမာ ထွန်းလင်းလာသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"ငါများ မှားနေပြီလား။ ဒီစကြဝဠာရဲ့အဓိပ္ပါယ်က နတ္ထိတရားမဟုတ်ဘဲ ပြန်လည်ရှင်သန်ခြင်းလား"
ရှင်းရွှမ်က စကားတစ်ခွန်းကို ရေရွတ်လိုက်ရင်း ငေးငိုင်နေခဲ့သည်။
"အဲ့အချိန်တုန်းက စီနီယာဟာ ဘဝသစ်ရဲ့အဓိပ္ပါယ်ကို နားလည်နိုင်ခဲ့ပြီး အသက်ဆက်ရှင်သန်နိုင်ပေမယ့် အေးချမ်းမှုကိုရှာဖွေဖို့ သေခြင်းတရားကို လက်ခံခဲ့တယ်မလား"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"မင်းပြောတာ ဖြစ်နိုင််တယ် လူငယ်လေး။ မင်းက အတော်ထူးချွန်တာပဲ။ ဒီလိုသဘောတရားကိုတောင် အမှန်တကယ် နားလည်နိုင်တယ်"
ရှင်းရွှမ်က ခေါင်းညိတ်၍ တစ်ချက်ပြုံးလိုက်ပြီး မျက်ဝန်းများတွင် ယဲ့ချန်ကိုအသိအမှတ်ပြုသော အရိပ်အယောင်များ ထင်ဟပ်နေသည်။ ထို့နောက် သူက လက်တစ်ဖက်ယမ်းလိုက်သောအခါ အနက်ရောင်လွင်ပြင်က လျင်မြန်စွာပျောက်ကွယ်သွားပြီး ပန်းပေါင်းရာချီဖူးပွင့်နေသော အစိမ်းရောင်လွင်ပြင်တစ်ခုက နေရောင်အောက်တွင် လှပစွာ ထွက်ပေါ်လာသည်။ ယဲ့ချန်၏ခန္ဓာကိုယ်ကလည်း ပြန်လည်ကောင်းမွန်လာပြီးနောက် ပန်းချီအတွင်းမှ ဘန်းခနဲ တွန်းထုတ်ခံလိုက်ရသည်။ ပြန်လည်ကောင်းမွန်နေသည့် ဖြစ်စဥ်အတွင်း ကိုယ်တွင်း၌ စွမ်းအားအသစ်တစ်ခု ထွက်ပေါ်လာသည်ဟု သူက ခံစားနေရသည်။ ထိုစွမ်းအားက တုန်လှုပ်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သောကြောင့် သူ၏ကျင့်ကြံဆင့်ကို မြင့်တက်သွားစေခဲ့ပြီး ကြယ်ကိုးလုံးကို ပြန်လည်ရှင်သန်စေကာ ဝိညာဥ်များစွာ မွေးဖွားလာစေခဲ့သည်။
ယဲ့ချန်က ရွှမ်အဆင့်သုံးသို့ ဆက်တိုက်ချိုးဖျက်နိုင်ခဲ့ပြီးမှသာ အရှိန်က လျော့ကျသွားသည်။ ရှင်းရွှမ်ချန်ထားရစ်ခဲ့သော ပန်းချီကားက အလွန်အစွမ်းထက်ပြီး ကြယ်သခင်တစ်ယောက်၏ အမွေအနှစ်ဖြစ်ရန် ထိုက်တန်ပေသည်။ သူက တင်ပျဥ်ခွေထိုင်နေရာမှ မော့ကြည့်လိုက်သောအခါ တတိယပန်းချီကား၏ ပုံသဏ္ဍာန် ပြောင်းလဲသွားကြောင်း သိလိုက်ရသည်။ အစိမ်းရောင်မြက်ခင်းပြင်အတွင်း ပန်းများဖူးပွင့်နေကာ နေရောင်က နူးနူးညံ့ညံ့ဖြာကျနေသဖြင့် နတ်ဘုံနတ်နန်းတစ်ခုပမာ ထင်မှတ်ရသည်။ ရှင်းရွှမ်သည် နတ္ထိတရားကို နားလည်ဆင်ခြင်နိုင်ခဲ့သည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် သူက ဟင်းလင်းပြင်နတ္ထိတာအို၏ အစိတ်အပိုင်းအချို့ကိုသာ နားလည်နိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် သူက ရှင်းရွှမ်၏သန်မာပြင်းထန်သော အသက်စွမ်းအားကို တတိယပန်းချီထံမှ ခံစားနေရသည်။
"ဒါဆိုရင် ကြယ်သခင်ရှင်းက မသေသေးတာများလား။ ဒါမှမဟုတ် သူက ပြန်လည်ရှင်သန်လာဖို့ နည်းလမ်းအသစ်တစ်ခု တွေ့သွားပြီလား"
ယဲ့ချန်က ဤအတွေးကြောင့် တုန်လှုပ်သွားရသည်။ သို့သော်လည်း ကောင်းကင်မူလကြယ်ရှိ မည်သူမှ ကြယ်သခင်ရှင်း ပျောက်ကွယ်သွားခဲ့သောနေရာကို မသိကြပေ။ နန်းကုန်းဇီအကြောင်း တွေးမိလိုက်သော်လည်း ကွဲပြားမှုများနေသောကြောင့် သူက ခေါင်းယမ်းလိုက်မိသည်။ သို့သော် နောက်တစ်ကြိမ်ပြန်ဆုံလျှင် ဤကိစ္စကို စုံစမ်းရန်အတွက် မှတ်သားထားလိုက်သည်။ သူက လက်ရှိတွင် ဝတ်ရုံနက်နှစ်ယောက်ကို ယှဥ်နိုင်မယှဥ်နိုင် မသေချာသော်လည်း ကျင့်ကြံဆင့်ကို တည်ငြိမ်စေပြီး ဒဏ်ရာများကို လုံးဝပျောက်ကင်းအောင် ကုသလိုက်သည်။ အချိန်တစ်ခုကြာသောအခါ သူ၏မျက်လုံးများက တောက်ပလာကာ မတ်တပ်ထရပ်လိုက်သည်။
"ငါ့လက်ရှိခွန်အားနဲ့ဆိုရင် ဝတ်ရုံနက်နှစ်ယောက်ကို နိုင်လောက်ပါပြီ"
သူက နန်းတော်အတွင်းမှ ထွက်ခွာလာသည်နှင့်တပြိုင်နက် ရန်သူများက အာရုံခံနိုင်ခဲ့ပြီး ဘယ်ညာနှစ်ဖက်မှ ပိတ်ဆို့ထွက်ပေါ်လာကြသည်။
"မင်းက ဒီလောက်မြန်မြန်ထွက်လာတယ်ဆိုမှတော့ သေဖို့ကို လက်ခံလိုက်ပြီထင်တယ်"
"မင်းက လိပ်တစ်ကောင်လိုမျိုး အထဲမှာ အကြာကြီးပုန်းနေမယ်လို့ ထင်ထားတာ မှားသွားပြီ"
ဝတ်ရုံနက်နှစ်ယောက်က နှာခေါင်းရှုံ့၍ လှောင်ပြောင်လိုက်ရင်း ယဲ့ချန်ထံ ပြိုင်တူခုန်ဝင်လာကြသည်။ သူက ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို လည်ပတ်လိုက်သောအခါ ခန္ဓာကိုယ်ပတ်လည်တွင် ကောင်းကင်ဓားပျံတစ်ဒါဇင်ကျော် ချက်ချင်းဖြစ်တည်လာကာ အဆုံးမဲ့သတ်ဖြတ်ခြင်းအရှိန်အဝါ ထွက်ပေါ်လာသည်။
"တစ်ခုခု မှားနေတယ်"
ဝတ်ရုံနက်တစ်ယောက်က ယဲ့ချန်၏အရှိန်အဝါ ပြောင်းလဲနေသည်ကို အာရုံခံမိလိုက်ပြီး အစွမ်းထက်လွန်းနေသဖြင့် ကပ်ပါးကောင်းကင်နတ်ဆိုးပင် ထိတ်လန့်သွားခဲ့သည်။ ကောင်းကင်ဓားပျံများက ဝတ်ရုံနက်များထံ ဦးတည်ပျံသန်းလာသောအခါ သူတို့၏ပုံရိပ်များ ကဝေဝါးသွား၍ ရှောင်တိမ်းချင်ခဲ့ကြသည်။
"ပေါက်ကွဲစမ်း"
ယဲ့ချန်၏အတွေးတစ်ချက်တွင် ဓားပျံများက တစ်ချောင်းပြီးတစ်ချောင်း ပေါက်ကွဲသွား၍ ထွက်ပေါ်လာသော စွမ်းအင်ကြီးက ရန်သူများကို ဝါးမျိုသွားခဲ့သည်။ ရန်သူများက နာကျင်စွာအော်ဟစ်လိုက်ရပြီး ဓားပျံများတွင်ပါဝင်နေသော အသက်စွမ်းအားမှာ နတ်ဆိုးများအကြောက်ဆုံး စွမ်းအင်ဖြစ်နေခဲ့သည်။ သူတို့၏ခန္ဓာကိုယ်ကို သံရည်ပူဖြင့်ပက်လိုက်သကဲ့သို့ နာကျင်သွားကာ ဆက်တိုက်တိုက်စားခံနေရသည်။ ထိုအချိန်တွင် ယဲ့ချန်ကလည်း ကောင်းကင်ဓားပျံများ ဆက်တိုက်ဖန်တီး၍ ရန်သူများထံ မုန်တိုင်းတိုက်ခတ်နေသည့်ပမာ ပစ်လွှတ်ဖောက်ခွဲနေသည်။
"ဘုန်း ဘုန်း ဘုန်း"
ပေါက်ကွဲစွမ်းအင်များက ဝတ်ရုံနက်နှစ်ယောက်ထံ အလုံးအရင်း ဝင်ရောက်သွားကြလေသည်။