← Chapters

နတ်ဧကရာဇ်နှင့် ရင်ဆိုင်ခြင်း

Vol. 46 Ch. 635

နတ်ဧကရာဇ်နှင့် ရင်ဆိုင်ခြင်း

Vol. 46 Ch. 635

ယဲ့ချန်သည် ဧကရာဇ်မင်၏ခါးပတ်ကို နောက်တစ်ကြိမ်အသက်သွင်းလိုက်ပြီး နတ်သားရဲခုနစ်ကောင်ကို ဆင့်ခေါ်လိုက်သောကြောင့် ဝတ်ရုံနက်နှစ်ယောက်မှာ စိတ်ဓာတ်ကျသွားခဲ့သည်။ သူတို့က ယဲ့ချန်ကို ပထမအကြိမ်တိုက်ခိုက်စဥ်က အလွယ်တကူအနိုင်ယူနိုင်ခဲ့သော်လည်း တစ်ဖက်လူတွင် သူတို့ကြောက်ရွံ့ရသော အသက်စွမ်းအင်များ ရုတ်တရက် ပိုင်ဆိုင်လာသည့်အပြင် ကျင့်ကြံဆင့်ပါ တိုးတက်လာသည်။ မုန်တိုင်းပမာ ကျရောက်နေသော ဓားပျံကိုရှောင်တိမ်းရန် အချိန်မရှိတော့သဖြင့် ထိပ်တိုက်ရင်ဆိုင်နေရပြီး အသက်ပင်ဝဝမရှူနိုင်ခင်မှာပင် အရင်ထက် ပို၍သန်မာသော သားရဲကြီးများ ထွက်ပေါ်လာပြန်သည်။ သူတို့က ဆက်တိုက်ရိုက်နှက်ခံနေရပြီး အရှိန်အဝါများလည်း အားနည်းသွားခဲ့သည်။ သူတို့က ကပ်ပါးအဆင့် ကောင်းကင်နတ်ဆိုးများဖြစ်သော​ကြောင့် လက်ခံကောင်အပေါ် မှီခိုနေရခြင်းဖြစ်ကာ ခွန်အားက အကန့်အသတ်ရှိပေသည်။

"မင်းက ငါတို့ကို ဒီအခြေအနေအထိရောက်အောင် လုပ်ရဲတယ်ပေါ့"

ဝတ်ရုံနက်များက ဒေါသတကြီးကြုံးဝါးလိုက်သောအခါ ရုပ်ခန္ဓာများပေါက်ကွဲသွား၍ ဧရာမအရိပ်ကြီးနှစ်ခု ထွက်ပေါ်လာသည်။ ၎င်းတို့၏ပုံစံမှာ နတ်ပန်းပဲအသွင်​ပြောင်းစဥ်ကနှင့်တူညီပြီး အနက်ရောင်အကြေးခွံများ ပိုင်ဆိုင်ထားသော်လည်း ဦးခေါင်းတစ်လုံးသာရှိ၍ ရုပ်ခန္ဓာမရှိပေ။ သူတို့က အရှိန်အဝါများ မြင့်တက်လာပြီးနောက် တာအိုနတ်အဆင့်သို့ရောက်ရှိသွားကာ ကောင်းကင်တစ်ခွင် အရိပ်မည်းကြီး ဖုံးအုပ်သွားခဲ့သည်။

"ဒါက ကောင်းကင်နတ်ဆိုးတွေရဲ့ ပုံစံအစစ်အမှန်များလား"

ဝတ်ရုံနက်နှစ်ယောက်က တာအိုနတ်အဆင့်ရှိ နတ်ဆိုးများအဖြစ် ​ပေါင်းလဲသွားသောအခါ ယဲ့ချန်က စိုးရိမ်သွားခဲ့သည်။

"ငါတို့ရဲ့ရုပ်သွင်အစစ်အမှန် ထွက်လာပြီဆိုတော့ မင်း ဘယ်ကိုထွက်ပြေးနိုင်ဦးမှာလဲ။ သေစမ်း"

နတ်ဆိုးနှစ်ကောင်က ထက်ရှသော လက်သည်းကြီးများဖန်တီး၍ တိုက်ခိုက်လိုက်သောအခါ ယဲ့ချန်ဆင့်ခေါ်ထားသော နတ်သားရဲများအားလုံး အမှုန့်ဖြစ်သွားကြသည်။ ထို့နောက် လက်သည်းများက ယဲ့ချန်ထံကျဆင်းလာပြီး သူက နေရာတွင်တောင့်တင်းသွားကာ ထွက်ပြေးနိုင်စွမ်း မရှိတော့ပေ။

"ငါတော့ သေပြီ"

ယဲ့ချန်သည် သူ၏လက်ရှိကျင့်ကြံဆင့်အရ တာအိုနတ်အဆင့်ရန်သူကို မယှဥ်နိုင်ကြောင်း နားလည်ထားသည်။ ဤအရာက ကိုယ်ပွားတစ်ခုသာဖြစ်သော်လည်း ဧကရာဇ်မင်၏ခါးပတ်နှင့် မိစ္ဆာဝံပုလွေဆေဘာကို ဆုံးရှုံးရမည်ဖြစ်သောကြောင့် သူက သေရန်မလိုလားပေ။ သူက သေပြီဟုထင်မှတ်ထားသော်လည်း မျှော်စင်၏အဆင့်ခြောက်တစ်ခုလုံး ရုတ်တရက် တုန်ခါလာခဲ့သည်။

"ကောင်းကင်နတ်ဆိုးတွေကများ ရာရာစစ လူသားနယ်မြေကို ကျူးကျော်ရဲတယ်ပေါ့။ သေကြစမ်း"

ရှင်းရွှမ်၏ လေးနက်တည်ကြည်သော အမိန့်သံက သဲကန္တာရအတွင်းမှ ထွက်ပေါ်လာကာ သဲသောင်ပေါ်တွင် ကြောက်မက်ဖွယ်ဝဲကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ ဧရာမနတ်ဆိုးကြီးနှစ်ကောင်မှာ ဝဲအတွင်း စုပ်ယူခံလိုက်ရပြီးနောက် နာကျင်စွာအော်ဟစ်နေရင်း အပိုင်းပိုင်းအစစဖြစ်သည်အထိ ကြိတ်ချေခံလိုက်ရသည်။ သဲဝဲများအတွင်း နတ်ဆိုးများက တစ်ချက်ပင်မခုခံနိုင်ဘဲ သေဆုံးသွားပြီးနောက် ယဲ့ချန်က အကြောင်းအရင်းကို နားလည်လိုက်သည်။ ဤမျှော်စင်က ကြယ်သခင်နှစ်ယောက်၏လက်ရာဖြစ်ပြီး လူသားမျိုးနွယ်ဝင် ရွှမ်အဆင့်ကျင့်ကြံသူများကို ဝင်ရောက်ခွင့်ပြုထားသည်။ ကပ်ပါးနတ်ဆိုးနှစ်ကောင်က ဝတ်ရုံနက်များ၏လူသားခန္ဓာကို အသုံးချ၍ ခိုးဝင်နိုင်ခဲ့သော်လည်း သူ၏ဖိအားပေးမှုကြောင့် အစစ်အမှန်ရုပ်သွင် ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်နတ်ဆိုးအရှိန်အဝါ ထွက်ပေါ်လာသောအခါ ကြယ်သခင်များဖန်တီးထားခဲ့သော အစီအရင်များ အသက်ဝင်လာသဖြင့် တာအိုနတ်အဆင့်မဆိုထားနှင့်၊ စစ်ဧကရာဇ်အဆင့်ပင် သုတ်သင်ခံရပေလိမ့်မည်။

သေခြင်းတရားမှ လက်မတင်ကလေးလွတ်မြောက်လာသောကြောင့် ယဲ့ချန်မှာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ကောင်းကင်နတ်ဆိုးများက အလွန်အစွမ်းထက်ပြီး ယနေ့သူရင်ဆိုင်ခဲ့ရသူများက အဆင့်အနိမ့်ဆုံး စတေးခံများဖြစ်နိုင်သော်လည်း တာအိုနတ်အဆင့်သို့ပင် ရောက်ရှိနေကြသည်။ ကောင်းကင်နတ်ဆိုးတစ်ကောင်မှ သူ့ကို သတိထားမိသွားပြီး သုတ်သင်ရန် ငယ်သားများစေလွှတ်ခဲ့သောကြောင့် အနာဂတ်တွင် သူက သေချာပေါက် ဂရုစိုက်ရပေလိမ့်မည်။ သူက တင်ပျဥ်ခွေထိုင်ချ၍ ကုန်ခမ်းသွားသော စွမ်းအင်များကို ပြန်လည်ကျင့်ကြံပြီးနောက် အဆင့်ခုနစ်၏ဝင်ပေါက်ထံ ပျံသန်းသွားခဲ့သည်။ ကျင့်ကြံဆင့်တိုးတက်လာပြီးနောက် အဆင့်ခုနစ်ကို ကျော်ဖြတ်နိုင်မည်ဟု သူက ယုံကြည်ချက်ရှိလာခဲ့သည်။ လွန်ခဲ့သောနှစ်ထောင်ချီအတွင်း ထိုနေရာသို့ဝင်ရောက်နိုင်ခဲ့သူ အရေအတွက်က လက်တစ်ဆုပ်စာသာရှိသော်လည်း အစွမ်းထက်အမွေအနှစ်များ လက်ခံရရှိခဲ့သောကြောင့် လက်ရှိတွင် နတ်အစေခံများ ဖြစ်နေခဲ့ကြသည်။

တာအိုအိမ်တော်၏ခန်းမတစ်ခုအတွင်း အဖြူရောင်ဝတ်ဆင်ထားသော နတ်ဧကရာဇ်က နတ်ဘုရားရုပ်တုတစ်ခုပမာ အလင်းရောင်များထုတ်ဖော်၍ ပလ္လင်ထက်တွင် ထိုင်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် တိမ်များစုဝေးနေပြီး နတ်ဘုရားတစ်ပါးပမာ ထင်မှတ်ရသည်။ ပလ္လင်ကို ရွှေရောင်ဖီးနစ်ငှက်မွေးများနှင့် အလှဆင်ထားပြီး နတ်ငှက်များတွင် ရွှေငှက်မွေးဖီးနစ်က ဘုရင်ဖြစ်ကာ အကြွင်းမဲ့အာဏာကို ပိုင်စိုးသည်။ ထို့ကြောင့် သူကလည်း တာအိုအိမ်တော်တွင် အကြွင်းမဲ့အာဏာရှင်ဖြစ်ကြောင်း ရည်ညွှန်းလိုခြင်းဖြစ်သည်။

"ယဲ့ချန်ကို ခေါ်လာစမ်း"

နတ်ဧကရာဇ်၏အသံက ခန်းမတလျှောက် ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့သည်။

"အမိန့်တော်အတိုင်းပါ အရှင်"

အစောင့်တစ်ယောက်က ဦးညွှတ်၍ ထွက်ခွာသွားပြီးနောက် ခဏအကြာတွင် ကျစ်ဟွာတော်ဝင်မြို့မှ ယဲ့ချန်ကိုယ်ပွားနှင့်အတူ ပြန်ရောက်လာခဲ့သည်။ ယဲ့ချန်သည် တာအိုအိမ်တော်၏အဓိကခန်းမအတွင်း လေထုကတင်းမာနေသည်ကို သတိထားမိသော်လည်း ကြောက်စိတ်လုံးဝမရှိဘဲ တည်ငြိမ်နေသည်။ နတ်ဧကရာဇ်သည် အဆင့်အတန်းမြင့်၍ အာဏာများစွာရှိသော်လည်း ကောင်းကင်မူလကြယ်တွင် အရာရာကိုစောင့်ကြည့်နေပြီး ပို၍အာဏာရှိသူတစ်​ယောက်အကြောင်း သိထားသဖြင့် သူက ကြောက်လန့်နေရန် မလိုအပ်ပေ။ ထိုလူမှာ ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်ဖြစ်ပေသည်။ ထို့အပြင် သူက ကိုယ်ပွားတစ်ယောက်သာဖြစ်ပြီး နတ်ဧကရာဇ်အနေဖြင့် လက်ရှိတွင် သုံးယောက်လုံးကို ဖမ်းဆီးမထားနိုင်သောကြောင့် သတ်လိုက်လျှင် ပြဿနာမရှိပေ။ ယဲ့ချန်ကို တာအိုအိမ်တော်မှဖမ်းဆီးထားသော်လည်း အကျယ်ချုပ်ချထားခြင်းသာဖြစ်၍ ကြိုးဖြင့် တုပ်နှောင်ထားခြင်း မခံရပေ။

"အရှင်နတ်ဧကရာဇ်ကို တွေ့တာတောင် ဘာကြောင့် ဒူးမထောက်သေးတာလဲ"

အစောင့်များက ဒေါသတကြီး အော်ငေါက်လိုက်ခြင်းဖြစ်သည်။ ယဲ့ချန်ကမူ သူတို့ကိုလျစ်လျူရှု၍ ပလ္လင်ထက်မှ နတ်ဧကရာဇ်ကို အေးစက်စက်စိုက်ကြည့်နေသည်။ ထိုနေရာတွင် အဖြူရောင်အလင်းများ တောက်ပနေသဖြင့် ရုပ်သွင်တစ်ခုသာ မှုန်ဝါးဝါးဖြစ်ပေါ်နေပြီး ထင်ထင်ရှားရှား မြင်နိုင်ခြင်းမရှိပေ။ နတ်ဧကရာဇ်၏အရှိန်အဝါက အစွမ်းထက်ပြီး လူတိုင်းကို ဒူးထောက်ကျသွားစေနိုင်သော်လည်း သူက ကန်ရေပြင်ကဲ့သို့တည်ငြိမ်နေပြီး မည်သူ့ကိုမှဒူးထောက်ရန် မလိုအပ်သော ဘုရင်တစ်ပါး၏စိတ်ထားမျိုး ဖြစ်ပေါ်နေသည်။

"မလိုဘူး။ သူ့ အတွက် ခုံတစ်လုံး ယူပေးလိုက်"

နတ်ဧကရာဇ်၏စကားသံ ထွက်ပေါ်လာကာ အမိန့်ပေးလိုက်သဖြင့် အစောင့်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ထို့နောက် သူတို့က ယဲ့ချန်အတွက် ထိုင်ခုံတစ်လုံးယူလာသောအခါ ယဲ့ချန်က စိတ်အေးလက်အေးဖြင့် တည်ငြိမ်စွာ ထိုင်ချလိုက်သည်။

"နတ်ဧကရာဇ်က ဘာကြောင့် ကျုပ်ကိုတွေ့ချင််တယ်ဆိုတာကို သိပါရစေ။ ပြီးတော့ ကျုပ်က ဘယ်ဥပဒေကိုချိုးဖောက်ခဲ့လို့ တာအိုအိမ်တော်က လူလွှတ်ပြီး ဖမ်းဆီးရတာလဲဆိုတာ သိချင်ပါတယ်"

ယဲ့ချန်က နတ်ဧကရာဇ်ကို မျက်နှာချင်းဆိုင်စိုက်ကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။

"ယဲ့ချန် ယဲ့မျိုးနွယ်မှာ ပါရမီရှင်တွေအများကြီးရှိတဲ့အတွက် လောလောဆယ်မှာ ကောင်းကင်မူလကြယ်ရဲ့ အစွမ်းအထက်ဆုံးမျိုးနွယ်တွေထဲက တစ်ခုဖြစ်လာတယ်။ မျိုးနွယ်ခေါင်းဆောင်ဖြစ်တဲ့မင်းက အမြော်အမြင်ရှိရှိနဲ့ ယဲ့မျိုးနွယ်ဝင်တွေကို ကောင်းကောင်းသင်ကြားပေးဖို့ မျှော်လင့်တယ်။ မင်းအနေနဲ့ မဆင်မခြင်လုပ်လို့ မဖြစ်ဘူး"

နတ်ဧကရာဇ်က တည်ငြိမ်စွာ ဖြေလိုက်သည်။

"ဒါဆိုရင် ယဲ့မျိုးနွယ်ဝင်တွေက ဘယ်လိုမဆင်မခြင်လုပ်ရပ်မျိုးတွေကို လုပ်ခဲ့တယ်ဆိုတာ သိပါရစေ။ မျိုးနွယ်ခေါင်းဆောင်ဖြစ်တဲ့ ကျုပ်ကိုယ်တိုင်တောင် မသိထားပါလား"

ယဲ့ချန်၏အကြည့်များက ချက်ချင်းအေးစက်တင်းမာလာသည်။ နတ်ဧကရာဇ်က ယဲ့မျိုးနွယ်ကို ဖိနှိပ်လိုနေသော်လည်း ကြီးကျယ်မြင့်မြတ်ချင်ယောင်ဆောင်၍ ဆင်​ခြေများပေးနေသည်။ တာအိုအိမ်တော်၏အုပ်ချုပ်သူက အမှန်တကယ်ပင် သူတော်ကောင်းယောင်ဆောင်နေခြင်း ဖြစ်သည်။

"ပထမအချက် မင်းက လင်ယုကိုသွေးထိုးပြီး ဧကရာဇ်လင်းရဲ့တပည့်ကို အသေသတ်ဖို့ကြိုးစားတယ်။ သူ့ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းယူခဲ့တယ်။ ဒုတိယအချက်အနေနဲ့ ယဲ့မျိုးနွယ်ဝင်တွေကို စစ်ဧကရာဇ်တွေအများကြီးဆီပို့ဆောင်ပြီး တပည့်ခံခိုင်းခဲ့တယ်။ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ။ တတိယအချက် မင်းက ရောင်ယွမ်ကို ကျိယွမ်ကြယ်ဆီဝင်ရောက်ဖို့ သွေးဆောင်ခဲ့တယ်။ ငါ့တပည့်နှစ်ယောက်ကလည်း သူမကိုကယ်တင်ဖို့အတွက် ကျိယွမ်ကြယ်ကို အသက်စွန့်လိုက်ပါသွားရတယ်။ စတုတ္ထအချက် လူသားနတ်ဘုရားနယ်မြေမှာ မင်းက တာအိုအိမ်တော်ရဲ့တပည့်တွေကို သတ်ဖြတ်ခဲ့တယ်။ ရှုကျိရှုက ပေါင်းစပ်နှုန်းငါးဆယ်ကျော်သူဖြစ်လို့ အနာဂတ်မှာ စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာပြီး ကောင်းကင်မူလကြယ်အတွက် တိုက်ခိုက်ပေးနိုင်တယ်။ ဒါပေမယ့် မင်းက သူ့ကို သတ်ဖြတ်ခဲ့တယ်။ ဒီလိုရက်စက်မှုမျိုးက သည်းမခံနိုင်စရာပဲ"

နတ်ဧကရာဇ်၏လေသံက တင်းမာနေကာ ယဲ့ချန်ကိုအပြစ်ပေးရန် အကြောင်းရှာနေခဲ့သည်။

"ရယ်စရာကောင်းလှချည်လား ဟား ဟား။ နတ်ဧကရာဇ် မင်းရဲ့အဆင့်အတန်းနဲ့ဆိုရင်တောင်မှ အမှန်ကိုအမှားဖြစ်အောင်၊ ဂျပိုးကိုလိပ်ဖြစ်အောင် ပြောင်းလဲနိုင်မယ် ထင်နေတာလား။ ဧကရာဇ်လင်းရဲ့တပည့်က ငါ့ကို ဆက်တိုက်ပြဿနာရှာနေတဲ့အတွက် ငါက လျစ်လျူရှုမထားနိုင်ဘူး။ လင်ယုက ငါ့မိတ်ဆွေဖြစ်တဲ့အတွက် ငါ့ကိုကူညီတာ ပြဿနာရှိလား။ ငါက ဘာကြောင့် စစ်ဧကရာဇ်တွေကို စည်းရုံးရမှာလဲ။ ဘယ်စစ်ဧကရာဇ်ကရောငါ့ အမိန့်အောက်မှာ ရှိနေပါတယ်ဆိုတာကို မင်းသက်သေပြနိုင်လား။ သူတို့က ယဲ့မျိုးနွယ်ရဲ့မိတ်ဆွေဖြစ်ပြီး အများဆုံးမှ တရားမျှတမှုအတွက် ဝင်ပြောပေးနိုင်ရုံပဲ တတ်နိုင်လိမ့်မယ်။ မင်းက ဒီအချက်ကို အ​ခြေခံပြီး ငါ့ကိုယ်ပိုင်အင်အားစုတစ်ခု တည်ထောင်နေတယ်လို့ စွပ်စွဲရအောင် ဉာဏ်နည်းလှချည်လား။ နောက်တစ်ချက် ရောင်ယွမ်ကရော အကျိုးအကြောင်းမဆင်ခြင်တတ်ဘဲ ငါ့စကားတစ်ခုတည်းကို နားယောင်ပြီး ပြန်လမ်းမရှိတဲ့ ကျိယွမ်ကြယ်ကိုသွားမယ်လို့ ထင်နေတာလား။ သူမက သုံးနှစ်သမီးလား။ နောက်ဆုံးတစ်ချက် ငါ့ကိုအရင်ဆုံးသတ်ဖို့ ကြိုးစားခဲ့တာက ရှုကျိရှုပဲ။ ငါက ကိုယ့်ကိုကိုယ်ကာကွယ်ရုံပဲ။ ဒီအချက်ကရော ဘာမှားနေလို့လဲ။ တာအိုအိမ်တော်ရဲ့ဥပဒေအရဆိုရင် ကောင်းကင်မူလတိုက်ကြီးရဲ့အပြင်မှာ လူသတ်တာကို လုပ်ခွင့်ရှိတယ်လို့ ငါ ထင်တယ်။ ဘယ်လောက်သတ်သတ် ဘယ်ဥပ​​ဒေကိုမှ ချိုးဖောက်တာ မဟုတ်ဘူး"

ယဲ့ချန်သည် နတ်ဧကရာဇ်စွပ်စွဲထားသော အချက်များကို တစ်ခုချင်းချေပနေစဥ် လေသံက တင်းမာနေပြီး မျက်လုံးများက ဓားသွားပမာ ထက်ရှနေသည်။

"မောက်မာလှချည်လား"

"နတ်ဧကရာဇ် မင်းဘာလုပ်ချင်နေတယ်ဆိုတာကို ငါ သိတယ်။ ယဲ့မျိုးနွယ်မှာ စစ်ဧကရာဇ်ဖြစ်လာနိုင်တဲ့ ပါရမီရှင်တွေ အများကြီးရှိနေတယ်။ ကောင်းကင်မူလတိုက်ကြီးရဲ့ဥပဒေအရ မင်းက ငါတို့ကို ဘာမှမလုပ်နိုင်ဘူး။ ဒါကြောင့် ယဲ့မျိုးနွယ်ပြိုကွဲအောင် ကြံစည်ပြီး ယဲ့မျိုးနွယ်ဝင်တွေကို မင်းကိုယ်ကျိုးအတွက် အသုံးချချင်နေတာမလား"

ယဲ့ချန်၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"ယဲ့ချန် မင်းက ဉာဏ်ကောင်းတဲ့လူဆိုတော့ အများကြီးပြောမနေတော့ဘူး။ ရွေးချယ်စရာနှစ်ခု ရှိတယ်။ ငါသတ်တာခံ မလား။ ယဲ့မျိုးနွယ်ကို တာအိုအိမ်တော်ရဲ့ လက်အောက်ခံအဖြစ်ထားပြီး ငါ ထိန်းချုပ်တာကို လက်ခံမလား"

နတ်ဧကရာဇ်ကို တိမ်များဖုံးအုပ်နေသဖြင့် သူ၏မျက်နှာထားကို မည်သူမှအကဲမခတ်နိုင်ပေ။ ထိုအချိန်တွင် သူက ခန်းမအတွင်းရှိ လက်အောက်ငယ်သားအားလုံးကို ထွက်သွားရန် အချက်ပြလိုက်သည်။ ခန်းမတစ်ခုလုံးတွင် ယဲ့ချန်နှင့်သူ နှစ်ယောက်တည်း ကျန်ရစ်သောအခါတွင်မှ သူ၏ရည်ရွယ်ချက်အစစ်အမှန်ကို ပေါ်တင်ထုတ်ပြောလိုက်သည်။

"မင်းကို မေးခွန်းတစ်ခုလောက် မေးပါဦးမယ်။ ဒီကိစ္စကို ရှင်းဟွမ် သိထားလား။ ယဲ့မျိုးနွယ်ကို ဒီလိုလုပ်ဖို့ သူကိုယ်တိုင်စီစဥ်တာဆိုရင်တော့ ငါ ကန့်ကွက်စရာမရှိဘူး။ ဒါပေမယ့် ရှင်းဟွမ်မသိဘူးဆိုရင်တော့ မင်းက ဒီလုပ်ရပ်အတွက် အပြစ်ပေးခံရမှာကို ကြိုတွေးထားသင့်တယ်"

ယဲ့ချန်က တည်တည်ငြိမ်ငြိမ်ဖြင့် နတ်ဧကရာဇ်ကို ပြန်လည်ခြိမ်းခြောက်လိုက်သည်။

"မင်းက ရှင်းဟွမ်နဲ့ ဆက်သွယ်နိုင်တာလား"

နတ်ဧကရာဇ်မှာ ယဲ့ချန်ကို ထွင်းဖောက်မြင်လိုဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ယဲ့ချန်ဘက်တွင် ရှင်းဟွမ်ရှိနေသောကြောင့် အကြောက်အလန့် ကင်းမဲ့နေခြင်းဖြစ်နိုင်သည်။

"ငါက ဘာကြောင့်ပြောရမှာလဲ"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။ သူက ရှင်းဟွမ်တစ်ယောက်နှင့် လုံးဝမဆက်သွယ်ဖူးသော်လည်း ထိုနာမည်ကို အသုံးချ၍ နတ်ဧကရာဇ်ကို ​ခြောက်လှန့်နိုင်ကြောင်း နားလည်ထားသည်။

All Chapters